15 Nov 2011

ဦးကျော်သူ နှင့် ဇနီး ဒေါ်မြင့်မြင့်ခင်ဖေ တို့အား ဒေါက်တာဘွဲ့ ချီးမြှင့်

ပြည်သူ့ဂုဏ်ရည်ဆုရှင်တစ်ဦးဖြစ်သော နာရေးကူညီမှုအသင်း(ရန်ကုန်) ဥက္ကဋ္ဌ ဦးကျော်သူ နှင့် ဇနီးဖြစ်သူ ဒေါ်မြင့်မြင့်ခင်ဖေ တို့ အား
ရန်ကုန်မြို့  ဧမာနွေလ နှစ်ခြင်းခရစ်ယာန်ဘုရားရှိခိုးကျောင်းမှ Doctor of Humane Social Services ဘွဲ့ နှင့်
Master of Humane Social Services ဘွဲ့ အသီးသီး ချီးမြှင့်ပေးအပ်ခဲ့သည်။

နိုဝင်ဘာလ ၁၃ ရက်နေ့  ညနေက ပြုလုပ်သော
ရန်ကုန်မြို့  ကျောက်တံတားမြို့ နယ် အမှတ် ၄၁၁၊ မဟာဗန္ဓုလလမ်းရှိ
ဧမာနွေလ နှစ်ခြင်းခရစ်ယာန် ဘုရားရှိခိုးကျောင်း၏ ၂၁ နှစ်မြောက်
မဟာဓမ္မသဘင်ပွဲတွင် ယင်းသို့  လူမှုရေးဆိုင်ရာ ဘွဲ့ တံဆိပ်များ
ချီးပေးအပ်ခဲ့ခြင်းဖြစ်သည်။
ယင်းအခမ်းအနားတွင် ဦးကျော်သူ (ခ) ဦးကျော်ဝင်း အား
Doctor of Humane Social Services (D.H.S.S) ဘွဲ့ ၊
ဒေါ်မြင့်မြင့်ခင်ဖေ (ခ) ဒေါ်ရွှေဇီးကွက်အား Master of Humane
Social Services (M.H.S.S) ဘွဲ့ တံဆိပ် ချီးမြှင့်ခဲ့ပြီး သိက္ခာတော်ရ
သင်းအုပ်ဆရာတော်ကြီး Rev. Dr. Paul F. Johns က ပေးအပ်ခဲ့သည်။
ထို့ ပြင် ဆရာမကြီး ဒေါ်မေမေခင်အား Doctor of Divinity (D.D)
ဘွဲ့ ပေးအပ်ခဲ့ပြီး ဒေါ်မော်မော် (စာရေးဆရာမ လမင်းအိမ်)၊ ဒေါ် Peggy Gyaw၊ ဒေါ် Rowena Hein တို့အား
Master of Humane Social Services (M.H.S.S) ဘွဲ့ များ ချီးမြှင့်ပေးအပ်ခဲ့သည်။
ဦးကျော်သူအား D.H.S.S ဘွဲ့  ချီးမြှင့်ရခြင်းအကြောင်းနှင့်ပတ်သက်၍ ဧမာနွေလ နှစ်ခြင်းအသင်းတော်၏
သိက္ခာတော်ရဆရာတော်ကြီး ပေါလ်အက်ဖ် ဂျွန်စ် က “ဦးကျော်သူကို ဖာသာတို့က ဂုဏ်ထူးဆောင်ဘွဲ့  ပေးအပ်ရတဲ့ အကြောင်းရင်းက
ဘာလဲဆိုရင် ဦးကျော်သူက လူမှုရေးလည်းလုပ်တယ်။ လူမျိုးမရွေး၊ ဘာသာမရွေး ကူညီမစတတ်တဲ့လူပုဂ္ဂိုလ်ဖြစ်တဲ့အတွက်ကြောင့်
ဦးကျော်သူကို ပေးအပ်ရတာ ဖြစ်ပါတယ်။ သမ္မာကျမ်းစာထဲမှာ ဘုရားသခင်က လူတွေရဲ့ မျက်ရည်သုတ်ပေးတယ်တဲ့။ အဲဒီတော့
လူတွေရဲ့ မျက်ရည်ကိုသုတ်ပေးတဲ့လူတွေ အကုန်လုံးက ဘုရားသခင်ရဲ့အလုပ်ကို လုပ်တာနဲ့  အတူတူပါပဲ။ သေခြင်းတရား တွေ့မှပဲ
လူတွေက မျက်ရည်ကျတာ များတယ်လေ။ ဦးကျော်သူက အဲဒီလိုလူတွေကို မျက်ရည်သုတ်ပေးတာက တကြောင်း၊ ဆင်းရဲချမ်းသာမရွေး
မှန်အခေါင်းလေးနဲ့ အသုဘပို့ ပေးတယ်လေ။ ဘုရားသခင် လုပ်တဲ့အလုပ် ကိုကျော်သူက လုပ်တယ်။ ဒါကြောင့် ဘုရားသခင်အလိုတော်ရ
ဒီဘွဲ့ ကိုချီးမြှင့်ပေးခြင်း ဖြစ်တယ်” ဟု ပြောကြားခဲ့သည်။

ဒေါ်မြင့်မြင့်ခင်ဖေ (ခ) ဒေါ်ရွှေဇီးကွက်အား M.H.S.S ဘွဲ့ ချီးမြှင့်ခြင်းနှင့် ပတ်သက်၍လည်း “ခင်ပွန်းဖြစ်သူနှင့်အတူ
လူမှုရေးလုပ်ငန်းများကို ‘မောင်တထမ်း မယ်တရွက်’ တက်တက်ကြွကြွ ဆောင်ရွက်ပေးသည့်အတွက် ချီးမြှင့်ရခြင်းဖြစ်တယ်”
ဟု ပြောကြားခဲ့သည်။
ဦးကျော်သူက ကျေးဇူးတင်စကား ပြန်လည်ပြောကြားရာတွင် “ယခုကဲ့သို့  ချီးမြှင့်ခံရခြင်းအတွက် အံ့သြ၀မ်းသာမိပါကြောင်း၊
အံ့သြရခြင်းမှာ မိမိတို့ ဗုဒ္ဓဘာသာမှ ယခုကဲ့သို့  ချီးမြှင့်ခံရခြင်းမရှိဘဲ မိမိတို့နှင့် ဘာသာမတူသော ခရစ်ယာန်အဖွဲ့ မှ
ချီးမြှင့်ပေးသည့်အတွက် အံ့သြရခြင်းဖြစ်ကြောင်း၊ ယခုကဲ့သို့ မိမိ ဤဘွဲ့ အားရရှိခြင်းမှာ မိမိတို့ နာရေးကူညီမှုအသင်း(ရန်ကုန်) အသင်းသူ
အသင်းသားများ၏ ပေးဆပ်မှုများ၊ အလှူရှင်များ၏ လှူဒါန်းမှုများနှင့် ပါဝင်ပတ်သက်ကြောင်း၊ နိုင်ငံတော်အစိုးရအား မိမိတို့ တဖက်တလမ်း
လူမှုရေးကူညီမှုများဖြင့် ပံ့ပိုးပေးခဲ့သလို၊ တိုင်းရင်းသားဒေသ နယ်စပ်ဒေသများရှိ စစ်ပွဲများကိုလည်း အမြန်ဆုံးရပ်ဆိုင်းခွင့် ရရှိကာ
ယုံကြည်ချက်ကြောင့် အကျဉ်းကျနေသော နိုင်ငံရေးသမားများအားလုံး လွတ်ငြိမ်းခွင့်ရရှိစေရန် ဘုရားသခင်မှ ကောင်းချီးပေးပါစေ”
ဟူ၍ ပြောကြားခဲ့သည်။

ဒေါ်မြင့်မြင့်ခင်ဖေ ကလည်း “ယခုကဲ့သို့  ဘွဲ့ ချီးမြှင့်ခံရသည့်အတွက် များစွာ ၀မ်းမြောက်မိပါတယ်။ မိမိတို့ လို ဘာသာခြားကို
မုဒိတာထားနိုင်တဲ့ ဆရာတော်ကြီးတွေကို ကျမ ကျေးဇူးအများကြီးတင်ပါတယ်။ ယခုကဲ့သို့ အသိအမှတ်ပြု ဂုဏ်ပြုချီးမြှင့်ခြင်းသည်
နိုင်ငံတော်တွင် အထူးလိုအပ်နေသော တိုင်းရင်းသား စည်းလုံးညီညွတ်ရေးမှာ ဘာသာတွေကွဲပြားနေခြင်း၊ လူမျိုးများကွဲပြားနေခြင်းကို
အမြန်ဆုံး စည်းလုံးညီညွတ်မှုကိုရနိုင်မယ့် ပြယုဂ်လေးတစ်ခုဖြစ်ပါစေလို့  ကျမ ဆုတောင်းပေးပါတယ်” ဟု ပြောကြားခဲ့သည်။
ထို့နောက် ဧမာနွေလဘုရားကျောင်းရှိ ဆရာတော်ကြီးများက ကောင်းချီးပေးခြင်း၊ ငြိမ်းချမ်းရေးဖယောင်းတိုင် နှင့် မွေးနေ့
အထူးဖယောင်းတိုင်များ ထွန်းညှိဆုတောင်းခြင်း၊ ပရိသတ်များက ဓမ္မသီချင်းများ သီဆိုခြင်း၊ တေးသံရှင် ဖြူဖြူကျော်သိန်းနှင့်
UBS အဖွဲ့ က ဓမ္မတေးများ သီဆိုဖျော်ဖြေခြင်းများ ပြုလုပ်ခဲ့ကြသည်။  


မှ
ကူးယူတင်ပြပါသည်.......