10 Feb 2012

Android အသုံးပြုသူငါးသန်းခန့်သည် အန္တရာယ်ရှိသည့် app များကို download ပြုလုပ်နေဟုဆို





Android Market တွင်ရရှိနိုင်သည့် app 13 ခု၌ Android.Counterclank ဟုခေါ်သော Trojan horse ဗိုင်းရပ်စ်တစ်မျိုးကိုတွေ့ရှိရကြောင်း လုံခြုံရေးကုမ္ပဏီတစ်ခုက သတိပေးပြောကြားခဲ့သည်။ အဆိုပါ malware သည် မိုဘိုင်းဖုန်းများမှ အရေးကြီးသည့်အချက်အလက်များကို စုဆောင်းရယူနိုင်ပြီး

ယင်း malware ကို Android အသုံးပြုသူတစ်သန်းမှ ငါးသန်းခန့်အထိက ရင်ဆိုင်နေရပြီဖြစ်ကြောင်း Symantec ၏ အဆိုအရသိရသည်။ ၎င်း malware သည် ယခုနှစ်အတွင်းဖြစ်ပွားခဲ့သည့် တိုက်ခိုက်မှုများတွင် အကြီးမားဆုံးဖြစ်ပြီး တချို့သော app များကို Android Market ၏စာရင်းမှ ဖယ်ရှားပေးခဲ့ပြီးဖြစ်ကာ အကယ်၍ Android အသုံးပြုသူများအနေဖြင့် အန္တရာယ်ရှိသော app များကို download ပြုလုပ်ထားမိပါက အလျင်အမြန်ပြန်လည် uninstall ပြုလုပ်သင့်ကြောင်း သတိပေးထားသည်။ အဆိုပါ app 13 ခုမှာ iApps7 Inc ၏ CounterElite Force, Counter Strike Ground Force, Counter Strike Hit Enemy, Heart Live Wallpaper, Hit Counter Terrorist, Stripper Touch girl, Orge Games ၏ Balloon Game, Deal Or Be Millionaire, Wild Man, redmicapps ၏ Pretty Women lingerie puzzle, Sexy Girls Photo Game, Sexy Girls Puzzle နှင့် Sexy Women Puzzle တို့ဖြစ်ကြသည်။ ၂၀၁၂ နှစ်ဆန်းပိုင်းမှစတင်၍ Android malware များ၏အန္တရာယ်မှာ မြင့်တက်လာခဲ့ပြီး အသုံးပြုသူများအနေဖြင့် နာမည်ဂုဏ်သတင်းကောင်းရှိသည့် publisher များ၏ app များကိုသာ ရွေးချယ်ပြီး download ပြုလုပ်သင့်ကြောင်းသိရသည်။

Ref:http://www.myanmarinternetjournal.com

အွန်လိုင်းမှတစ်ဆင့် နိုင်ငံခြားသို့ တရားဝင်ဖုန်းခေါ်ဆိုနိုင်ပြီ





ဖေဖော်ဝါရီလ ၇ ရက်နေ့မှစတင်ပြီး အွန်လိုင်းအသုံးပြု၍ နိုင်ငံခြားသို့ တရားဝင်ဖုန်းခေါ်နိုင်တော့မည်ဟု အစီအစဉ်ကို အကောင်အထည်ဖော်ဆောင်ခဲ့သည့် ရတနာပုံဝက်ဘ်ပေါ်တယ်မှ စီမံကိန်းမန်နေဂျာ ဦးအောင်စံမြတ်ကပြောသည်။ Y Talk အမည်ရှိ အဆိုပါအင်တာနက်ဖုန်းဝန်ဆောင်မှုကို မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းနှင့် ရတနာပုံတယ်လီပို့ကုမ္ပဏီတို့က ပူးပေါင်းဆောင်ရွက်ခဲ့ခြင်းဖြစ်ပြီး

ပြည်တွင်း၌အသုံးပြုနေသည့် တရားမဝင် အင်တာနက်ဖုန်းလိုင်းခေါ်ဆိုမှုများဖြစ်သည့် Skype , Pfingo နှင့် တခြားသောအင်တာနက်ဖုန်းဝန်ဆောင်မှုများကို ပပျောက်စေရန် ရည်ရွယ်ထားရှိကြောင်း သိရသည်။ “ဈေးက အရမ်းသက်သာ တယ်။ တစ်မိနစ်ကို ၁၅၀ ကျပ်၊ ဒါမှမဟုတ်အများဆုံး ၃၅၀ ကျပ်ပဲကျမှာပါ။ နိုင်ငံအလိုက်တော့ခွဲထားတယ်။ တစ်ကမ္ဘာလုံးက နိုင်ငံတွေကို ဖုန်းခေါ်လို့ရတယ်” ဟု ဦးအောင်စံမြတ်ကဆိုသည်။ အင်တာနက်အသုံးပြု၍ နိုင်ငံခြားသို့ တရားဝင်ဖုန်းခေါ်ဆိုလိုပါက ကိုယ်ပိုင် ID နံပါတ်တစ်ခုရှိရန်လိုအပ်ကြောင်း၊ အဆိုပါ ID နံပါတ်ကို ငွေကျပ်တစ်သောင်းဖြင့် ရောင်းချပေးသွားမည်ဖြစ်ပြီး အင်တာနက်ဖုန်းခေါ်ဆိုမှုအတွက် ကျသင့်ငွေများကိုမှု ကြိုတင်ငွေဖြည့်ကတ်များမှတစ်ဆင့် ကောက်ခံသွားမည်ဖြစ်ကြောင်း သိရသည်။ ကြိုတင်ငွေဖြည့်ကတ်များကို FEC 10 တန်၊ FEC 30 တန်နှင့် FEC 50 တန်ဟူ၍ သုံးမျိုးသတ်မှတ်ရောင်းချသွားမည်ဖြစ်ပြီး ကြိုတင်ငွေဖြည့်ကတ်များကို အင်တာနက်ဆိုင်များနှင့် တခြားသော ဈေးဝယ်စင်တာများ၌ ဝယ်ယူရရှိနိုင်စေရန် ဆောင်ရွက်ပေးသွားမည်ဟု ဦးအောင်စံမြတ်ကပြောသည်။ http://voip.yatanarpon.com.mm မှတစ်ဆင့် နိုင်ငံခြားသို့ ဖုန်းခေါ်ဆိုနိုင်မည့်အစီအစဉ်ကို လက်ရှိကာလ၌ ID နံပါတ်ထည့်သွင်းထားသော အများပြည်သူသုံး အင်တာနက်ဆိုင်များတွင်သာ အသုံးပြုနိုင်မည်ဖြစ်ပြီး ကိုယ်ပိုင်အနေဖြင့် အသုံးပြုခြင်းကိုမူ ခွင့်ပြုပေးသွားမည်မဟုတ်သေးကြောင်း၊ အင်တာနက်လိုင်းနှေးကွေးနေသော်လည်း Y Talk ၏ အင်တာနက်ဖုန်းခေါ်ဆိုမှုမှာ ကြည်လင်ပြတ်သားစွာ ကောင်းမွန်နေမည်ဖြစ်ကြောင်း ရတနာပုံဝက်ဘ်ပေါ်တယ်မှ ပရောဂျက်မန်နေဂျာ ဦးအောင်သန်းစိုးကပြောသည်။ “ကျွန်တော်တို့အနေနဲ့က PAC (အများပြည်သူသုံးအင်တာနက်ဆိုင်) လိုင်စင်ရှိတဲ့ဆိုင် အကုန်လုံးမှာလိုက်ပြီးတော့ ဆော့ဖ်ဝဲလ်ထဲသွင်းပေးဖို့ အစီအစဉ်ရှိပါတယ်။ PAC က ရန်ကုန်မှာဆိုရင် ၃၀၀ ကျော်လောက်ရှိပြီး တစ်နိုင်ငံလုံးမှာဆိုရင် ၇၀၀ ဝန်းကျင်လောက်အထိကို ရှိပါတယ်” ဟု ဦးအောင်သန်းစိုးကဆိုသည်။
 
Ref:  http://www.myanmarinternetjournal.com