21 Apr 2013

နားထဲမှာ နားဖာချေး ဘာကြောင့်ရှိရသလဲ


" နားထဲမှာ နားဖာချေး ဘာကြောင့်ရှိရသလဲ "

ကျွန်မတို့ရဲ့ နားတွေမှာ အပြင်နား၊ အလယ်နားနဲ့ အတွင်းနားဆိုပြီး အပိုင်းသုံးပိုင်း ရှိတဲ့အနက် အပြင်နားရဲ့ ပြွန်မှာ နားဖာချေးတွေကို ထုတ်လုပ်ပေးနေတဲ့ အထူးဂလင်းပေါင်း ၄၀၀၀ ကျော် တည်ရှိနေပါတယ်။ နားဖာချေးဟာ စေးကပ်ကပ်နိုင်တာကြောင့် ဖုန်မှုန့်၊ အညစ်အကြေး၊ ပိုးမွှားနဲ့ တခြားအရာတွေ နားအတွင်း မ၀င်ရောက်နိုင်အောင် ကာကွယ်ပေးပါတယ်။

အစာဝါးစားတဲ့အခါနဲ့ စကားပြောတဲ့ အခါမျိုးမှာ မျက်နှာရှိ ကြွက်သားလှုပ်ရှားရတာကြောင့် နားပြွန်ရဲ့ မျက်နှာပြင်တွေကပါ လှုပ်ရှားလာကာ နားဖာချေး အဟောင်းတွေဟာ နားအပြင်ကို အလိုလို ထွက်ရှိလာကြပါတယ်။ နားဖာချေးကို မကြာခဏ တုတ်နဲ့ဖြစ်စေ၊ နားဖာကလော်တံနဲ့ဖြစ်စေ ကလော်နေတာဟာ မကောင်းပါဘူး။ ဘာကြောင့်လဲဆိုတော့ နားဖာချေးတွေကို နားစည်ဆီ တွန်းပို့သလိုဖြစ်ကာ နားထိခိုက်စေတာကြောင့်ပါ။ နားနာကျင်ကာ နားလေးတဲ့အထိ ဖြစ်တတ်ပါတယ်။ နားဟာ သူ့အလိုလို သန့်ရှင်းပေးလေ့ရှိတာကြောင့် နားကျပ်တံနဲ့ အချိန်မှန် ကျပ်ပေးစရာ မလိုပါဘူး။ နားဖာချေးတွေ အပြင်ကို ထွက်နေမှသာ ဖယ်ရှားပေးတာ ကောင်းပါတယ်။ ဟိုးအတွင်းထဲအထိ နားဖာကလော်စရာ မလိုပါဘူး။

တချို့လူတွေမှာတော့ နားဖာချေးတွေက လိုတာထက် ပိုထွက်နေတတ်ပြီး နားပိတ်ဆို့မှုတွေဖြစ်ကာ အကြားအာရုံကို ထိခိုက်စေပါတယ်။ ဒီလိုမျိုးဖြစ်ရင်တော့ နား၊ နှာခေါင်း၊ လည်ချောင်း အထူးကုဆရာဝန်တွေထံမှာ ပြသပြီး ပိတ်နေတဲ့ နားဖာချေးတွေကို ဖယ်ရှားပေးဖို့ လိုပါတယ်။

[Good Health, No.421, Page.7 မှ ပြန်လည်ကူးယူဖော်ပြပါသည်။]
MTHN(UNIM) ref; by စာအုပ်စာပေ ဒို့ မိတ်ဆွေ

Ref: www.facebook.com