23 Apr 2014

ကျောင်းဖွင့်ချိန်တွင် ကျူရှင်ထားမည့်မိဘများ စဉ်းစားစေချင်



မကြာမီကာလတွင် နွေရာသီ ကျောင်းပိတ်ရက်ပြီးလို့ ကျောင်းဖွင့်ချိန်ကို ရောက်တော့ မည်ဖြစ်ရာ မိဘများက သားသမီးများကို ပိုပြီးတော်စေချင်၊ တတ်စေချင်လို့ အပြင်ကျူရှင်တွေကို အားကိုးပြီး ထား တော့မယ်ဆိုရင် ကျွန်မလို မဖြစ်စေချင်၊ မခံစားစေချင်လို့ ကျူရှင်ထားမမှားဖို့ ကိုယ်ချင်းစာလို့ ရေးသား တင်ပြလိုက်ပါသည်။

ကျွန်မကတော့ ရန်ကုန်တိုင်းဒေသကြီး ပဲခူးမြစ်ကူးတံတား တစ်ဖက်ကမ်းမှ မြို့ငယ်ကလေးတစ်ခု က ကျောင်းသားမိဘ တစ်ဦးပေါ့ရှင်။ ကျွန်မတို့က ဇနီးမောင်နှံနှစ်ဦး စီးပွားရှာနေရလို့ ကြော်ငြာကောင်းပြီး စိတ်ချရတဲ့ ကျူရှင်ဘော်ဒါကျောင်းတစ်ခုကို ယုံကြည်အားကိုးလို့ နဝမတန်းမှစ၍ ထားခဲ့ပြီး ဒသမတန်း ကိုလည်း အဲဒီကျူရှင်မှာပဲ ညဘော်ဒါ ယုံကြည်အားကိုးလို့ ထားခဲ့ပါတယ်။ ဒါပေမယ့် ဒသမတန်း တစ်နှစ်ကျလို့ (ဒုတိယနှစ်) ဒသမတန်းကိုလည်း ကျောင်းဝင်ကြေးများများပေးရပြီး အဲဒီကျူရှင်မှာပဲ ပြန် ထားခဲ့ပါတယ်။ ကြော်ငြာကလည်း ကောင်းတာကိုး၊ တော်တဲ့လူကို ဂုဏ်ထူးတွေထွက်ရမယ်။ ညံ့တဲ့လူတွေကို လက်တွဲခေါ်မယ်၊ Guide ဆရာမကလည်း အားကိုးရတယ်ဆိုပြီး ထားခဲ့ပါတယ်။ 
 
Guide တွေကလည်း ဆေးကျောင်းနဲ့ ရေကြောင်းသိပ္ပံက ဆရာ၊ ဆရာမတွေ၊ Guide တွေကောင်း တယ်ဆိုတော့ အားကိုးမိတာပေါ့။ တကယ်တော့ Guide ဆရာ၊ ဆရာမကောင်းတွေက ကျောင်းဖွင့်ပြီး ကျူရှင်ဆရာ (ပိုင်ရှင်) နဲ့စကားများလို့ ရှစ်ဦးတောင် ထွက်ကုန်ကျပြန်တယ်။ ပြန်ခေါ်ထားတဲ့ ဆရာ၊ ဆရာမတွေလည်း ဝါရင့်တွေလည်းမဟုတ်၊၊ အသင်အပြကလည်း နားမလည်၊ ဒါပေမယ့် ဖြစ်အောင် လုပ်ပေးပါမယ်လို့ ကျောင်းသားတွေကို ကတိပေးလို့ အားကိုးမိပြန်ရော၊ တကယ်စာသင်တဲ့ ဆရာကြီး ဆရာမကြီးတွေက သူ့အချိန်နဲ့သူစာသင်ပြီး ပြန်ကြတာပေါ့၊ တကယ်အနီးကပ် Revision ကလည်း Guide ဆရာ၊ ဆရာမတွေကို အားကိုးလို့နေခဲ့ရတာပေါ့။ ဒီလိုနဲ့ပဲ ကျွန်မကလေးက ဒသမတန်းဖြေဆိုဖို့ သုံးရက်အလိုမှာ လွယ်အိတ်ထဲမှာ ရည်းစားစာတွေ့လို့ဆိုပြီး ကျွန်မကိုညဘက်မှာခေါ်ပြီး ကလေးကို အိမ်မှာခေါ်ထားဖို့ပြောပြီး ပြန်အပ်လိုက်ပါတယ်။

ကလေးက စိတ်မကောင်းစွာနဲ့ စာမကျက်နိုင်၊ မိဘဖြစ်တဲ့ကျွန်မလည်း မစားနိုင်၊ မအိပ်နိုင်ပေါ့။ အဲဒါ ကြောင့်သုံးနှစ်တောင်ထားခဲ့တဲ့ ကျူရှင်ပိုင်ရှင်ရဲ့ဇနီး (လက်ရှိအစိုးရကျောင်းက မူလတန်းကျောင်း ဆရာမ) ကိုတောင်းပန်ပြီး ကျွန်မကလေးကိုစာသင်ခွင့် ညအိပ်ဘော်ဒါအဖြစ် ပြန်တက်ခွင့်ပေး ဖို့ တောင်းပန်ပြီးကျူရှင်ကို ပြန်လွှတ်ခဲ့ပါတယ်။ ဒါပေမယ့်မနက်ဖြန်စာမေးပွဲဖြေမယ့် ကလေး ည ၉ နာရီမှ ဘော်ဒါမှာ ညအိပ်လက်မခံကြောင်းပြောပြီး ပိုင်ရှင်ကထပ်မံ မောင်းထုတ်ပြန်လွှတ်ခဲ့ပြန်တယ်။ ဒါ ကြောင့်ကျွန်မသားလည်း အရှက်ရ၊ ဝမ်းနည်းပြီး စိတ်ထိခိုက်စွာနဲ့ ပြန်လာခဲ့ရပါတယ်။

ဒါကြောင့် ကျူရှင်တွေနာမည်ကြီးတယ်၊ ဆရာကောင်းတွေ Guide ဆရာအကောင်းစားတွေ ဆိုပြီး ကြော်ငြာကောင်းတိုင်း လုံးဝယုံကြည်မထားသင့်ပါ။ အပြင်ကျူရှင်တွေမှာ တချို့ကျူရှင်ဆရာတွေ က ငွေပဲအဓိကထားသူရှိပါတယ်။ အောင်ချက်နှုန်းတွေ ကောင်းတယ်ဆိုပြီး ယုံကြည်အားကိုးပြီးမှ ညှာတာ စိတ်၊ အနစ်နာခံစိတ်မထားသူတွေလည်း ရှိပါတယ်။ သူ့ကျူရှင်ကျောင်းရဲ့ အောင်ချက်ရာခိုင်နှုန်းကို သာအဓိကထားပြီး စာမလိုက်နိုင်တဲ့ ကျောင်းသားဆိုရင်တော့ အောင်ချက်နှုန်းတွေကျမှာစိုးလို့ စည်း ကမ်းတို့၊ အပြစ်တို့ကို ကိုင်ထားတတ်ပါတယ်။

နိုင်ငံတော်အစိုးရက ဖွင့်ထားတဲ့ကျောင်းက ဆရာ၊ ဆရာမတွေဆိုရင် ကျောင်းမလာနိုင်တဲ့ ကလေး တောင်အိမ်ကို အမှာစာတွေပေး၊ အတင်းပြန်လိုက်ခေါ်တယ်လေ၊ တကယ့်ဆရာ၊ ဆရာမအစစ်တွေ ကိုး၊ အခုအပြင်ကျူရှင်အချို့ကတော့ စေတနာမရှိ၊ မေတ္တာမရှိ၊ အနစ်နာခံခြင်းမရှိဘဲ ကိုယ်ကျိုးကိုသာ ကြည့်ပြီး စာမေးပွဲဖြေဖို့ တစ်ရက်အလိုတောင် မညှာပါဘူး။ အဲဒါကြောင့် ကျူရှင်တွေထားမယ်ဆိုရင် စုံစမ်း၊ မေးမြန်း၊ လေ့လာပြီး ယုံကြည်အားကိုးရတဲ့ ဆရာစိတ်ရှိတဲ့၊ စေတနာ ရှိတဲ့ကျူရှင်တွေနဲ့ အစိုးရ ကျောင်းတွေမှာသာ အပ်နှံသင့်ကြောင်း ကျောင်းသားမိခင် တစ်ဦးရဲ့ ရင်တွင်းစကားသံကိုလည်း ဖော်ပြ လိုက်ပါတယ်။

ကြေးမုံသတင်းစာ
ဧပြီလ(၂၁) ရက်၊ ၂၀၁၄ ခုနှစ်



0 comments:

Post a Comment