23 Sept 2014

အင်္ဂလိပ်စာနှင့် အနာဂါတ် မြန်မာ့ပညာရေး ဘယ်လို စခန်းသွားမလဲ

 
 
ယနေ့ မြန်မာ့ပညာရေး ပြုပြင်ပြောင်းလဲ မှုများ ဆောင် ရွက်ရန် ပြင်ဆင် နေချိန်၌ ပညာရေးအတွက် အထူး အရေးကြီး လှသည်ဟု နားလည် ခံယူမိပါသဖြင့် ဤ ဆောင်းပါးအား တင်ပြအပ်ပါသည်။

အခြေခံ ပညာအထက်တန်း အဆင့်တွင် သင်္ချာ၊ ဓာတု၊ ရူပ နှင့် ဇီဝဗေဒ ဘာသာရပ်များကို အင်္ဂလိပ်စာ ဘာသာကို အသုံးပြု၍ သင်ကြားလျှက်ရှိနေပါသည်။ ဤနေရာတွင် အရေးတကြီး စဉ်းစား ဆွေးနွေးရန်မှာ အဆိုပါဘာသာရပ်များကို မိခင် မြန်မာဘာသာ ဖြင့် သင်ကြားခြင်းနှင့် အင်္ဂလိပ်ဘာသာဖြင့် သင်ကြားခြင်း မည်သည်က ပိုမိုသင့်လျှော်သနည်း၊ ပိုမိုထိရောက်သနည်း ဆိုသည်ပင်ဖြစ်ပါသည်။ ယခင်တစ်ခေတ်က အဆိုပါ ဘာသာရပ်များကို မြန်မာဘာသာဖြင့် သင်ကြားခဲ့ဘူးသည်မှာ အားလုံးအသိပင်ဖြစ်ပါသည်။ အခြေခံ ပညာအထက်တန်း အဆင့်တွင် သင်္ချာ၊ ဓာတု၊ ရူပ နှင့် ဇီဝဗေဒ ဘာသာရပ် များကို မြန်မာလိုသင်ကြားခြင်းဖြင့် သင်ကြားခြင်းနှင့် သင်ယူတတ်မြောက်မှုကို စစ်ဆေးခြင်းတွင် ပိုမိုထိရောက်မှု ရှိပါမည်ဟု ယုံကြည်မိပါသဖြင့် ဤဆောင်းပါးအား တင်ပြရခြင်းဖြစ်ပါသည်။


ဤနေရာတွင် လက်ရှိ ကျွန်တော်တို့ မြန်မာနိုင်ငံသားများ၏ အင်္ဂလိပ်စာ တတ်မြောက်မှု အနေအထားကို တစ်ပြိုင်နက် ထည့်သွင်းစဉ်းစာရန်မှာ အင်မတန် အရေးကြီးလှပါသည်။ ယနေ့ခေတ် ကျောင်းသား၊ ကျောင်းသူ အများစုသာမက ဆရာဆရာမအချို့ပင်လျှင် အင်္ဂလိပ်စာနှင့်ပတ်သက်၍ အားနည်းနေသည်ကို ငြင်းမရအောင် တွေ့မြင်နိုင်ပါသည်။ ယနေ့ ကျောင်းသား၊ ကျောင်းသူအများစုသည် သူငယ်တန်း(grade 1)မှ တက္ကသိုလ် ဝင်တန်း (grade 11) ထိ ၁၁နှစ်တိုင်တိုင် အင်္ဂလိပ်စာအား သင်ယူခဲ့ကြသော်လည်း 4 skills ဟုခေါ်သော ရေး(writing)၊ ဖတ်(reading)၊ ပြော(speaking)၊ နားထောင် (listening) နိုင်စွမ်းများသည် အလွန်ပင်စိတ်ပျက်ဖွယ် ဖြစ်နေပါ သည်။ တက္ကသိုလ်ဝင်တန်း အောင်မြင်ပြီးသူများသာမက အချို့သောဘွဲ့ရများပင်လျှင် အရေးတွင်လည်း လက် မရှိသူကဲ့သို၊ အဖတ်တွင်လည်း မျက်မမြင်တစ်ဦးပမာ၊ အပြောတွင် လည်း ခံတွင်းမဲ့သို့်၊ နားထောင်မှုတွင်လည်း နားပင်းသူတစ်ဦးပမာ ဖြစ်နေပေသည်။ ဤသို့ဖြစ်နေရခြင်းမှာလည်း သင်ယူသူ၏ ချို့ယွင်းမှုလော၊ သင်ကြားသူ၏ ချို့ယွင်းမှုလော၊ သင်ယူသူနှင့် သင်ကြားသူကြားမှ သင်ရိုးညွှန်းတမ်း၊ သင်ရိုးမာတိကာ၊ သင်နည်းပို့ချချက် ချို့ယွင်းမှုလော၊ တစ်ခုခုမှားနေသည်မှာတော့ အသေအချာပင် ဖြစ်ပေသည်။


ဤသို့သော လက်ရှိအခြေအနေများကို မျက်ကွယ်ပြု၍ အထက်ဖော်ပြပါ အခြေခံပညာအထက်တန်း အဆင့် သင်္ချာ၊ ဓာတု၊ ရူပ နှင့် ဇီဝဗေဒ ဘာသာရပ်များကို အင်္ဂလိပ်စာ ဘာသာအား သင်ကြားရေးမီဒီယာအဖြစ် ဆက်လက် အသုံးပြု သင်ကြားရန်မှာ အကျိုးထက် အပြစ်သာ များနေသည်ကို တွေ့ရှိနေရပါသည်။


ဘာသာစကားတံတိုင်း (language barrier) ခြားနေသောကြောင့် ဟိုမှာဘက်တွင် ဘာတွေရှိနေမှန်းကို မမြင်နိုင်၊ မတွေ့နိုင် ဖြစ်နေကြရသည်။ အင်္ဂလိပ်စာတည်းဟူသော ဘာသာစကား မြစ်ကြီးခြားနေသဖြင့် ဟိုဘက်ကမ်းမှ ရူပဗေဒ၊ ဓာတုဗေဒ၊ ဇီဝဗေဒ အစရှိသည့် ပန်းအလှတောမှ ပန်းကလေးများ၏ အလှအပနှင့် မွှေးရနံ့တို့ကို မတွေ့ထိ မခံစားကြရ ဖြစ်နေပါသည်။ ယနေ့ ကျောင်းသား၊ ကျောင်းသူ အများစုအတွက် သက်ဆိုင်ရာ ပညာရပ် သဘောတရားကို နားမလည်နိုင်ခြင်းထက် အင်္ဂလိပ်စာကို မဖတ်နိုင်ခြင်းကြောင့် လေ့လာမှု မထိရောက်ခြင်းနှင့် စာမေးပွဲဖြေဆိုရာတွင် မိမိ နားလည်ထားသည်ကို အင်္ဂလိပ်ဘာသာဖြင့် ပြန်လည်ဖြေဆိုတင်ပြနိုင်မှု ခက်ခဲနေ ရခြင်း တို့ကြောင့် ပညာရပ် သဘောတရား များကို နားလည်သဘောပေါက်သည့်တိုင် စာမေးပွဲဖြေဆိုရာတွင် အခက်အခဲနှင့် ရင်ဆိုင်နေကြရကာ စာမေးပွဲ ကျရှုံးသည် အထိ ဆိုးကျိုးများ ကြုံတွေ့နေရပေသည်။ ဘာသာရပ် အား နားလည်တတ်ကျွမ်းမှုကို စစ်ဆေးရာတွင် (parrot learning) ဟုခေါ်ဆိုနေကြသော ကြက်တူရွေး နှုတ်တိုက် အာဂုံဆောင် သင်ကြား၊ သင်ယူမှုများသည်သာ စာမေးပွဲအောင်ရာ အောင်ကြောင်း နည်းလမ်းကောင်း ဖြစ်နေ ရခြင်းမှာ အနာဂါတ် မြန်မာ့ပညာရေး၏ အဓိက ကုစားရမည့် အရေးကြီး ပြဿနာတစ်ရပ်ဖြစ်ပါသည်။


ထို့ကြောင့် လက်ရှိ အင်္ဂလိပ်စာသင်ကြားမှု၊ သင်ယူမှုပုံစံများ၏ အားနည်းချက်များကို စနစ်တကျ လေ့လာ၍ ပြန်လည်ပြင်ဆင် ပြဋ္ဌာန်းမှုများ မလွဲမသွေ ဆောင်ရွက်သင့်ပါသည်။ ပိုမိုကောင်းမွန်သော သင်ကြား၊ သင်ယူမှု များဖြင့် ကျွန်ုပ်တို့၏ အင်္ဂလိပ်စာ တတ်မြောက်မှု (ရေး၊ ဖတ်၊ ပြော၊ နားထောင်) စွမ်းရည်ကို အရှိန်အဟုန်မြှင့်တင် ဆောင်ရွက် ရမည်ဖြစ်ပါသည်။ ထို့အတူ ရူပ၊ ဓာတု၊ ဇီဝ အစရှိသော ဘာသာရပ်များကိုလည်း သင်ကြားသူနှင့် သင်ယူသူတို့၏ မိခင် ဘာသာစကားအား သင်ကြာရေး ဘာသာစကား(teaching media)အဖြစ် အသုံးပြု သင်ကြားသင့်သည် ဆိုသည်ကို အဓိက လေ့လာသုံးသပ်၊ အဖြေရှာကြရမည့် အရေးကြီး ကိစ္စတစ်ရပ်ပင် ဖြစ်ပါသည်။


ကျောင်းသင်ခန်းစာများကို သင်ကြားရာတွင် အင်္ဂလိပ်ဘာသာဖြင့် သင်ကြားသည်ဟု ဆိုရာတွင်လည်း ပို့ချသူက အင်္ဂလိပ်လိုချည်း ပြောဆိုရှင်းလင်း၍ ကျောင်းသားကျောင်းသူများကလည်း အင်္ဂလိပ်လို တိုက်ရိုက်မှတ်သား သင်ယူခြင်း မဟုတ်မူဘဲ အင်္ဂလိပ်လိုရေးထားသော သင်ရိုးကို ဆရာက မြန်မာဘာသာသို့ ပြန်ဆိုရှင်းပြ နေရခြင်း သာဖြစ်ပေသည်။ ဤသို့ ဘာသာပြန်ဆိုရာတွင် ဆရာတစ်ဦးချင်းစီ၏ အရည်အသွေးနှင့် လေ့လာလိုက်စားမှု ပေါ်တွင် သင်ကြားလိုသော ဘာသာရပ်၏ ကံကြမ္မာမှာ မူတည်၍နေလေသည်။ မိခင်ဘာသာစကားကိုသာ သင်ကြားရေး ဘာသာစကားအဖြစ် အသုံးပြုပါက ယခုကဲ့သို့ ဘာသာပြန်ရန် အချိန်ပေးနေစရာပင် မလိုပါပေ။ ထို့အပြင် ဆရာ၊ ဆရာမမှ ကောင်းမွန် ပြည်စုံစွာ ဘာသာပြန်ဆို သင်ကြားနိုင်ပါက အကြောင်း မဟုတ်နိုင် သော် လည်း သက်ဆိုင်ရာ ပညာရပ်ဆိုင်ရာဝေါဟာရ (terminology)များကို မှားယွင်းစွာ ဘာသာပြန်ဆို သင်ကြားပါက ဘာသာရပ်၏ သဘောတရား အနှစ်သာရကို ပျက်စီးစေနိုင်သောကြောင့် အလွန်ပင် အန္တရာယ်များလှပါသည်။


မည်သို့ပင်ဆိုစေ လက်ရှိအခြေအနေတွင် စာသင်သား အများစုမှာ သင်ကြားလိုသော တစ်ဘက်ကမ်း ဘာသာရပ် ဆီကို မရောက်မီမှာပင် အင်္ဂလိပ်စာ မြစ်ထဲ မျောပါနေကြပါသည်။ ထိုမျောပါသွားကြကုန်သော စာသင်သားများကို မည်သို့ ဆယ်ယူကြမည်နည်း။ အင်မတန် အရေးကြီးလှသော ကိစ္စတစ်ရပ်ပင် ဖြစ်ပါသည်။ ဤတံတိုင်းကို ကျော်နိုင်မှ ဖြစ်ပါမည်။ ဤမြစ်ကို ကူးနိုင်မှ ရပါမည်။


ဤသို့ဆိုရာတွင် ပညာရပ်အများစုကို စတင် ထုတ်ဝေ ဖြန့်ချိမှု အများစုမှာ အင်္ဂလိပ်စာပေဖြင့်သာ ဖြစ်ကြသည်ကို အားလုံးအသိပင်ဖြစ်ပါသည်။ သို့သော် ကျွန်ုပ်တို့ မြန်မာနိုင်ငံအဖို့ ထိုသို့သော ပညာရပ်များကို အင်္ဂလိပ်ဘာသာဖြင့် တိုက်ရိုက် ဖတ်ရှုလေ့လာရန်အတွက် လေ့လာသူ ကျောင်းသားထု အများစုမှာ လက်ရှိ အင်္ဂလိပ်စာ တတ်ကျွမ်းမှု အနေ အထားအရ အခက်အခဲနှင့်သာ ကြုံတွေ့နေရဦးမည်မှာ အမှန်ပင်ဖြစ်ပေသည်။ ထို့ကြောင့် ကမ္ဘာ့ပညာရပ် များကို ကျွမ်းကျင် ပညာရှင်များမှ တာဝန်ယူ၍ မြန်မာမှုပြုရန်၊ မြန်မာဘာသာသို့ပြန်ဆိုရန်သာ ဖြစ်ပါတော့သည်။ တစ်ချိန်တည်း တွင်လည်း အင်္ဂလိပ်စာ တိုးတက်ရေးအတွက် လိုအပ်သည်များကို ပြင်ဆင်၍ သင်ကြားပို့ချမှု နည်းလမ်းကောင်းများကို ကြံဆ အသုံးပြုရန်မှာ အလွန်ပင် အရေးကြီးလှပါသည်။


မြန်မာဘာသာဦးစာပေး အင်္ဂလိပ်ရောပြွမ်းနည်းဖြင့် သင်ကြားခြင်း(သို့မဟုတ်) မြန်မာ၊ အင်္ဂလိပ် နှစ်ဘာသာ ပူးတွဲ၍ သင်ကြားပြီး မိမိနှစ်သက် ကျွမ်းကျင်ရာဘာသာစကားဖြင့် ဖြေဆိုစေခြင်းသည် သင်ကြား၊ သင်ယူမှုကို ပိုမိုထိရောက်မည်ဟု ယုံကြည်ရပါသည်။ မြန်မာဘာသာ (သို့မဟုတ်) နှစ်ဘာသာရောပြွမ်း အသုံးပြုသင်ကြား ခြင်းဖြင့် အောက်ပါ အကျိုး ကျေးဇူးများ ရရှိနိုင်လိမ့်မည်ဟု ယူဆလျှက် တင်ပြလိုက်ပါသည်။


(၁) ယခင် မြန်မာဘာသာဖြင့် သင်ကြားစဉ်က ပြဋ္ဌာန်းစာအုပ်များကို ပြန်လည်သုံးသပ် လေ့လာရာတွင် ယခု လက်ရှိအင်္ဂလိပ်ဘာသာဖြင့် ပြဋ္ဌာန်းစာအုပ်များထက် သင်ရိုးများ ပိုမိုပြည့်စုံထိရောက်စွာ ဖော်ပြနိုင်ကြောင်း တွေ့ရှိရခြင်း။ (ဥပမာ - အခြေပြု ရူပဗေဒ၊ အခြေပြု ဓာတုဗေဒ)


(၂) ယခု အင်္ဂလိပ်စာဖြင့် သင်ကြားနေသော သင်ရိုးများသည် ဘာသာစကား အကန့်အသတ်ကြောင့် အချို့သော ရှင်းလင်းချက်များ၊ ဥပမာများ၊ ပုံစံတွက်များအား ချန်လှပ်လျှော့ချ ထားသည့်အတွက် ပြည့်စုံမှု အားနည်းခြင်း။


(၃) မြန်မာဘာသာဖြင့် ပြဋ္ဌာန်းသင်ကြားပါက ဘာသာစကား အခက်အခဲ မရှိတော့သဖြင့် သင်ကြားပို့ချသူများက သင်ကြားလိုသော သဘောတရားများကို ပိုမိုထိရောက်စွာ ချဲ့ထွင်ရှင်းလင်းနိုင်သဖြင့် စာသင်သားများ ဘာသာရပ် ကို ပိုမိုနားလည်သဘောပေါက်ကာ စာသင်ကြားမှု ပိုမိုအောင်မြင်ခြင်း။


(၄) အင်္ဂလိပ်ဘာသာဖြင့် ပြဋ္ဌာန်းသင်ကြားနေရာတွင် လက်ရှိသင်ကြားသူ (နိုင်ငံတစ်ဝှမ်း လုံးမှ) ဆရာ၊ ဆရာမ အချို့မှာ အင်္ဂလိပ်စာ အားနည်းခဲ့ပါက သင်ကြားရေးတွင် အခက်အခဲ ဖြစ်ရုံသာမက ဘာသာပြန်မှားခြင်း ကြောင့် ဆိုလိုရင်းကို ပေါ်လွင်အောင် သင်ကြားနိုင်မှု မပြုနိုင်ခြင်းနှင့် သင်ကြားလိုသော သဘောတရား (concept)များ လွဲမှားနိုင်သဖြင့် အလွန် အန္တရာယ်ကြီးခြင်း။ (ဤနေရာတွင် ကျွန်တော်၏အဆိုကို သဘောမတူပါက နိုင်ငံ အဝှမ်းမှ သင်ယူသူ နှင့် သင်ကြားပေးသူ ဆရာဆရာများသည် အင်္ဂလိပ်ဘာသာ စကားဖြင့် စာစီစာကုံး(essay) ကောင်းကောင်းတစ်ပုဒ် လက်တမ်း ရေးနိုင်ကြောင်း၊ နေ့စဉ်ထုတ် အင်္ဂလိပ်ဘာသာ သတင်းစာတစ်စောင်ကို အဓိပ္ပါယ်ပြည့်စုံမှန်ကန်စွာ ဘာသာ ပြန်ဆိုရေးသားနိုင်ကြောင်း သက်သေပြ၍ ကျွန်တော့်တင်ပြမှုအား ကန့်ကွက် ကြပါရန်)


(၅) မြန်မာဘာသာဖြင့် ပြဋ္ဌာန်းသင်ကြားပါက လေ့လာသူ စာသင်သားများအနေဖြင့် မိခင်ဘာသာစကား ဖြစ်သောကြောင့် စာသင်သားများကိုယ်တိုင်၏ စိတ်ဝင်စားမှု ပိုမိုရရှိနိုင်ခြင်း၊ သက်တောင့်သက်သာဖြင့် လေ့လာ ဖတ်မှတ်၍ လွယ်ကူစွာ သင်ယူတတ်မြောက်နိုင်သောကြောင့် သင်ယူလေ့လာမှု ပိုမိုထိရောက်ခြင်း၊ ကိုယ်တိုင် လေ့လာနိုင်မှု (self-study) ဆောင်ရွက်နိုင်သဖြင့် ကျောင်းချိန်ပြင်ပ၌ ကျူရှင်ယူရန် မလိုအပ်တော့ခြင်း။ (ကျူရှင် ပြဿနာကို တစ်စိတ်တစ်ပိုင်း ဖြေရှင်းပြီးဖြစ်)


(၆) မိခင်ဘာသာစကားသာဖြစ်ပါက သက်ဆိုင်ရာ ဘာသာရပ်ကို လေ့လာရာ၌ ပိုမိုရှင်းလင်းလွယ်ကူ သော ကြောင့် သင်ယူတတ်မြောက်မှုကို စစ်ဆေးရာတွင် စာသင်သားများမှ အလွတ်ကျက်မှတ်ရန် မလိုအပ် တော့သဖြင့် မိမိတို့ တတ်သိနားလည်ထား သည်များကို လွယ်ကူစွာ ပြန်လည်ဖြေဆိုတင်ပြနိုင်ခြင်း။ (parrot learning ဟုခေါ်ဆိုနေကြသော ကြက်တူရွေး နှုတ်တိုက် အာဂုံဆောင်သင်ကြား၊ သင်ယူမှုကို ဖယ်ရှားနိုင်)


(၇) အချို့သောပုဂ္ဂိုလ်များက အင်္ဂလိပ်ဘာသာဖြင့် ပြဋ္ဌာန်းသင်ကြားမှု မပြုပါက ကမ္ဘာနှင့် ရင်ပေါင်တန်း မလိုက်နိုင် ဟုဆိုကာ အင်္ဂလိပ်ဘာသာဖြင့်သာ သင်ကြားရန် ဆန္ဒရှိကြပါသော်လည်း အကျိုးထက် အပြစ် ကသာ များခဲ့သည် ကို လက်ရှိ ပညာရေးက သက်သေပြလျှက်ရှိခြင်း။ (သင်ကြားသူ၊ သင်ယူသူ နှစ်ဘက်လုံး၏ အင်္ဂလိပ်စာ အားနည်းခြင်းကြောင့် သင်ကြားလိုသော ဘာသာရပ်လည်း မတတ်၊ အင်္ဂလိပ်စာလည်း မတိုးတက်)


(၈) နိုင်ငံအများစုတွင်လည်း မိခင်ဘာသာာစကားဖြင့်သာ သင်ကြားနေသည်ကို တွေ့ရှိရပြီး အင်္ဂလိပ်ဘာသာဖြင့် မသင်ကြားသော်လည်း ပညာရေး အဆင့်အတန်း နိမ့်ကြမှု လုံးဝမရှိသည်ကို နှိုင်းယှဉ်သုံးသပ် ကြည့်နိုင်ခြင်း။ ဥပမာ(ဂျပန်၊ တရုတ်၊ ကိုရီးယား၊ ရုရှား၊ ပြင်သစ်၊ ဂျာမဏီ၊ အီတလီ၊ စပိန်....)


ဤနေရာ၌ မြန်မာဘာသာ သက်သက်ဖြင့် သင်ကြားခြင်းနှင့် အင်္ဂလိပ်ဘာသာသက်သက်ဖြင့် သင်ကြားခြင်းခြင်းတွင် အားနည်းချက် အားသာချက် ရှိနေသည်ကိုလည်း လေ့လာတွေ့ရှိရပါသည်။ အရာရာကို မြန်မာမှုပြုခြင်း၏ အပြစ်ကိုလည်း ရင်ဆိုင်ကြရပါဦးမည်။ ဥပမာ ရူပဗေဒဘာသာရပ်၌ quantity ကို “မတ္တာ”၊ atom ကို အဏုမြူ၊ atom ကို ထပ်မံခွဲစိတ်သောအခါ ရရှိသော အမှုန်ကို “ပရမာ ဏုမြူ”၊ integrate ဆိုသည့် သင်္ချာဝေါဟာရကို “သမူဟ” စသဖြင့် မြန်မာလို ပြန်ခြင်း၊ မြန်မာမှု ပြုခြင်းကြောင့် မူလအဓိပ္ပါယ် လည်းမပေါ် မြန်မာအဓိပ္ပါယ်လည်း နားမလည် ဖြစ်ရပေမည်။ ထို့ကြောင့် အချို့သော စကားရပ်များကိုမူ ဘာသာပြန်ဆိုခြင်း မပြုဘဲ တိုက်ရိုက်ယူ မွေးစားရပေလိမ့်မည်။ (ဥပမာ ကား(car)၊ မော်တော်ဆိုင်ကယ်(motor cycle)၊ ရေဒီယို (radio)၊ ကွန်ပျူတာ (computer) ...)။ ဆိုလိုသည်မှာ ကားကို မြန်မာမှု ပြုခြင်းထက် ကားဆိုသည်မှာ မည်သည့်အရာ ဖြစ်ကြောင်း သင်ယူသူ နားလည်နိုင်ရန် ကားပေါ်သို့သာ ခေါ်ဆောင်၍ ကား၏ သွင်ပြင်လက္ခဏာနှင့် လုပ်ဆောင်ချက်များကို ရှင်းလင်းရပေမည်။ ထို့အတူ ရူပဗေဒဘာသာရပ်၌ transistor ကို ဘာသာပြန်နေမည့်အစား ၎င်း၏တည်ဆောက်ပုံနှင့် လုပ်ဆောင်ချက်ကိုသာ ပေါ်လွင်အောင် ရှင်းလင်းသင်ပြရပေမည်။ အခြားအခြားသော ဘာသာရပ်အသီးသီးရှိ မွေးစား စကားလုံးများကိုလည်း အဓိပ္ပါယ် နားလည်ပေါ်လွင်စေရန် မည်သို့ ချဉ်းကပ်မည် ဆိုသည်ကသာ အရေးတကြီး စဉ်းစားရမည့် အချက်ပင် ဖြစ်ပါသည်။


ထို့ကြောင့် အထက်ပါအချက်များကို ထောက်ချင့်၍ သက်ဆိုင်ရာ ဘာသာရပ် အသီးသီးကို သင်ကြားမှုနှင့် စစ်ဆေးမေးမြန်းမှုတွင် မြန်မာဘာသာ သက်သက်နှင့် သင်ကြား၊ စစ်ဆေးမည် (သို့မဟုတ်) နှစ်ဘာသာ ရောပြွမ်း (မြန်မာစာ ဦးစားပေး၊ မွေးစား စကားလုံးများရောလျှက် နှစ်ဘာသာပေါင်းစပ်) သင်ကြား၊ စစ်ဆေးမည် (သို့မဟုတ်) မြန်မာဘာသာနှင့် အင်္ဂလိပ်ဘာသာ ယှဉ်လျှက် (Bilingual)ဖြင့် သင်ကြား၊ စစ်ဆေးမည် (သို့မဟုတ်) လက်ရှိ အတိုင်းပင် အင်္ဂလိပ်ဘာသာ သက်သက်ဖြင့် သင်ကြား၊ စစ်ဆေးမည်ဆိုသည်ကို နိုင်ငံနှင့်အဝှမ်း သင်ကြားပို့ချသူ ဆရာ၊ ဆရာမများနှင့် သင်ယူသူ ကျောင်းသား၊ကျောင်းသူများ၏ သဘောထားဆန္ဒများကို သုတေသန စစ်တမ်းများ ကောက်ယူကာ လေ့လာဆန်းစစ် မှုများအပေါ် အခြေခံ၍ လက်တွေ့ရလဒ်များဖြင့် အဖြေရှာကြရမည်မှာ အသေ အချာပင် ဖြစ်သည်ဟု ယုံကြည်မိပါကြောင်း တင်ပြလိုက်ရပါသည်။


ဇော်မျိုးလှိုင်
ရူပဗေဒဌာန - ဒဂုံတက္ကသိုလ် မောက္ခပညာရေး မဂ္ဂဇင်း


0 comments:

Post a Comment