10 Sept 2014

ခေါင်းတလားထဲ တရားမှတ်ရင်း ပျံလွန်တော်မူမယ့် ဆရာတော်


 
ထိုင်းနိုင်ငံမှာ ဟိုးလေး တကြော်ဖြစ်နေတဲ့ သတင်းတပုဒ်ဖြစ်ပါတယ်။ ထိုင်းနိုင်ငံက နာမည်ကြီး ဗုဒ္ဓဘာသာ ဘုန်းတော်ကြီး တပါးရဲ့ စိတ်ဝင်စားဖွယ် ကိစ္စပါ။


သက်တော် ၆၅ နှစ်ရှိပြီ ဖြစ်တဲ့ ဘုန်းတော်ကြီး Luang Pu Pim လို့ ကျော်ကြားတဲ့ ဆရာတော် Phra Khru Weruwan Chantarungsi ဟာ စက်တင်ဘာလ ၉ ရက်နေ့ အင်္ဂါနေ့ညမှာ အသက်ရှုပေါက်ဖောက်ထား တဲ့ ခေါင်း တလားထဲ ၀င်ကာ တရား ရှု မှတ်ပွားများရင်း ဘ၀နတ်ထံ ပျံလွန်တော်မူမယ်လို့ သူ့နောက်လိုက် ရဟန်း တော်များနဲ့ သာဝကတွေ ကို အမိန့် ရှိထားပါတယ်။ 


အခု ကြာသပတေးနေ့ နေ့လယ်ပိုင်း ကျရင် ခေါင်းတလားထဲ တရားရှုမှတ်ပွားများရင်း သူ သေဆုံးမှု ရှိ၊ မရှိ ကို တပည့်သာဝကတွေက စစ်ဆေးကြဖို့လည်း မိန့်မှာထားတယ်လို့ ဆိုပါတယ်။ 


သေဆုံး ဖို့ ခေါင်းတလားကို ကျောင်းဝန်းက ကွက်လပ်တခုမှာ ထားပေးဖို့လည်း မိန့်တော်မူပါတယ်လို့ ဘန်ကောက်ပို့စ်သတင်းတပုဒ်မှာ ရေးထားပါတယ်။ 


 ဒီသတင်းကြောင့် ဆရာတော် Luang Pu Pim ကို လေးစားကြည်ညိုကြတဲ့ တပည့် ဒကာ၊ ဒကာမတွေ လည်း အင်္ဂါနေ့မနက်ကတည်းက လက်ရှိဆရာတော်သတင်းသုံးတဲ့ ဘုန်းကြီးကျောင်းမှာ လာရောက် ခဲ့ကြတယ်။ 


ပြီးတော့ ဆရာတော်ကို လာရောက်ဖူးမျှော်သူတွေက တဦးချင်းစီ နောက်ဆုံး ရှိခိုးကန်တော့ကြပါတယ်။ လာရောက်ဖူးမျှော်သူတော်တော်များများကလည်း ကြာသပတေးနေ့ နေ့လယ်ထိ ဘုန်းတော်ကြီးကျောင်း မှာပဲ ဆရာတော်ရဲ့ ပျံလွန်တော်မှုမယ့် ကိစ္စကို စောင့်စားကြည့်ရှုဖို့ အစီအစဉ်တွေ ရှိကြတယ်လို့ သိရပါ တယ်။ 


ဆရာတော်ထံကလည်း အင်္ဂါနေ့ နေ့လယ်ပိုင်းထိ သူ့ရဲ့ နောက်ဆုံးတရားဒေသနာတွေကို ဟောပြောခဲ့ပါ တယ်။ အဲဒီနေ့က ဆရာတော်ဟာ အထူးသဖြင့်တော့ တောတောင်ထဲမှာ ဘ၀နဲ့ပတ်သက်ပြီး ဘယ်လို ကျင့်ကြံတဲ့ ကိစ္စ ကို အများဆုံး ဟောပြောခဲ့ပြီး လူဆိုတာ သေမျိုးဖြစ်တာကြောင့် ဘ၀ရဲ့ အနှစ်သာရ ဟာ ဘာတွေဆို တာကို ဟောပြာခဲ့တယ်လို့ဆိုပါတယ်။ 


 ဒီကိစ္စနဲ့ပတ်သက်ပြီး ဆရာတော်က ဒါဟာ မိမိကိုယ်မိမိသေကြောင်းကြံတဲ့ ကိစ္စမဟုတ်ကြောင်း၊ သူ့အနေ နဲ့ သေဖို့ အချိန်ကျရောက်နေခဲ့ပြီဖြစ်တယ်လို့ မိန့်ကြားခဲ့တယ်လို့ သိရပါတယ်။ 


ဆရာတော်က တပည့်သာဝကတွေကို မှာကြားတာကလည်း သတိ တရား လက်ကိုင်ထားဖို့နဲ့ ပညာဥာဏ် ဆိုက်အောင် ကြိုးစားကြဖို့လည်း မှာကြားတယ်လို့ သိရပါတယ်။ 


ဒါနဲ့ပဲ အင်္ဂါနေ့ ညနေ ၆ နာရီက ဆရာတော် Luang Pu Pim ရဲ့ ကျောင်းဆောင်ထဲက ခေါင်းတလားကို အပြင်ကို ထုတ်ယူလာခဲ့ကြပါတယ်။ လာရောက်ဖူးမျှော်ကြသူ ဒကာ ဒကာမတွေကိုလည်း ထိုင်းစံတော်ချိန် ညနေ ၆ နာရီခွဲမှာ ပြန်ကြဖို့ ဆရာတော်ရဲ့ တပည့်သာဝကတွေက ပြောဆိုကြတယ်လို့ ဆိုတယ်။ 

 
ဘုန်းကြီးကျောင်း ဂေါပကတွေက ပြောတာမှာတော့ ဆရာတော်ဟာ ည ၉ နာရီလောက်က ကျောင်းပြင်မှာ ထားတဲ့ ခေါင်းတလားထဲကို ၀င်ပြီးလဲလျောင်းလိုက်တယ်လို့ ဆိုပါတယ်။ 


ဆရာတော်အနေနဲ့ တရားရှုမှတ်ပွားများနိုင်ဖို့ လေပေါက်ဖောက်ထားတဲ့ ခေါင်းတလားထဲ ၀င်ရောက်သွားတဲ့ ကိစ္စနဲ့ပတ်သက်ပြီး သတင်းမှာ အခြားအတည်ပြုချက်တော့မရဘူးလို့ ရေးထားပါတယ်။ 


ဒီကနေ့ ဗုဒ္ဓဟူးနေ့ မနက်ရောက်တော့လည်း ဆရာတော်ကို လာရောက်ဖူးမျှော်လိုသူတွေ၊ စူးစမ်းလိုသူတွေ နဲ့ ဘုန်းကြီးကျောင်းမှာ စည်ကားနေပါတယ်တဲ့။ တော်တော်များများကလည်း ပြန်သွားကြပြီး ကြာသပတေး နေ့ ကျရင် လာကြည့်မယ်လို့ ဆိုသူတွေလည်းရှိပါတယ်တဲ့။ 


ဆရာတော် Luang Pu Pim ရဲ့ လုပ်ဆောင်မှုနဲ့ပတ်သက်ပြီး အငြင်းအခုန်တွေလည်းဖြစ်နေတယ်လို့ ဘန်ကောက်ပို့စ်က ရေးပါတယ်။ ဒါကတော့ ဒီလိုလုပ်ရပ်ဟာ ဗုဒ္ဓ ကျမ်းဂန်၊ ဗုဒ္ဓအဆုံးအမနဲ့ မလျော်ညီ ဘူးလို့ ဝေဖန်သူတွေလည်း ရှိပါတယ် တဲ့။ 


ဒီကိစ္စကို ဆရာတော်ရဲ့ တပည့်သာဝကတွေကတော့ ပယ်ချတယ်လို့ ဆိုပါတယ်။ 


ဆရာတော်ဟာ နှစ်ပေါင်းများစွာ တရားကျင့်ကြံနေခဲ့တာဖြစ်ပြီး တပည့်သာဝကတွေကလည်း ဆရာတော် ကို အလွန်ယုံကြည်ပြီး ကြည်ညိုလေးစားကြပါတယ်။ 


ဆရာတော်ရဲ့ သမီးဖြစ်သူ အသက် ၄၁ နှစ်အရွယ် Chanakarn Srisombat က ပြောတာမှာတော့ သူတို့ မိသားစုဟာ ဖခင်ရဲ့ သေဆုံးမှုနဲ့ပတ်သက်ပြီး လွန်ခဲ့တဲ့ ၁၀ ကျော်ကတည်းက ပြင်ဆင်ခဲ့ဖူးတယ်လို့ ဆိုထား ပါတယ်။ 


အဲဒီတုန်းက ဆရာတော်ဟာ ဘုန်းကြီးကျောင်းနားက ဂူ တခုထဲမှာ ဖျားနားခဲ့ပြီး တကြိမ် သေဆုံးခဲ့ဖူးကာ ထူးထူးဆန်းဆန်း အသက်ပြန်ရှင်ခဲ့တာဖြစ်တယ်လို့ ဆရာတော်ရဲ့ သမီးဖြစ်သူကပြောပါတယ်။ 
အဲဒီတုန်းက သူ့အနေနဲ့ Weruwan ဘုန်းကြီးကျောင်းဆောက်လုပ်ကာသာသနာ ပြုဖို့ အသက်ပြန်ရှင်ခဲ့တာ လို့ ဖခင်ဖြစ်သူက ပြောခဲ့တဲ့အကြောင်း၊ အခုတဖန် ဆရာတော်ရဲ့ မွေးနေ့ဖြစ်တဲ့ ၂၀၁၄ ခုနှစ် စက်တင်ဘာ လ ၉ ရက်နေ့မှာ တဖန် ပြန်လည် သေဆုံးရမှာဖြစ်တယ်ဆိုတာလည်း ဖခင်ဖြစ်သူက မှာကြားခဲ့တယ်လို့ သမီးဖြစ်သူက ဆိုထားပါတယ်။ 


ဧရာဝတီ

0 comments:

Post a Comment