24 Nov 2014

မလေးရှားက မြန်မာ အလုပ်သမားတွေ အတွက် သက်တမ်းတိုး ပေးဖို့ တောင်းဆို


 
မလေးရှားကို ရောက်နေတဲ့ မြန်မာ အလုပ် သမားတွေကို နိုင်ငံကူး လက်မှတ် ထုတ်ပေး ရေးနဲ့ အလုပ် လုပ်ခွင့် လက်မှတ် ထုတ်ပေးရေး အတွက် မလေးရှား အစိုးရ အနေနဲ့ နောက်ထပ် ၆ လ သက်တမ်း တိုးပြီး လုပ်ဆောင် ပေးဖို့ အတွက် မြန်မာ အစိုးရ ဘက်က စာပေးပို့ လိုက်ပါတယ်။


နှစ်နိုင်ငံ အစိုးရရဲ့ သဘော တူညီချက်နဲ့ မလေးရှားမှာ ရှိနေတဲ့ အထောက် အထားမဲ့ မြန်မာ အလုပ် သမားတွေကို နိုင်ငံကူး လက်မှတ် ထုတ်ပေးရေး လုပ်ငန်းနဲ့ နိုင်ငံကူး လက်မှတ် သက်တမ်း ကုန်နေသူ တွေကို သက်တမ်း တိုးပေး တာကို မြန်မာ သံရုံးမှာ လုပ်ပေး နေတာပါ။


နောက်ပြီး အလုပ် လုပ်ခွင့် ရဖို့ အလုပ် သမားတွေ မှတ်ပုံတင် ရတဲ့ ကာလ အတွက်လည်း အခုနှစ် ဒီဇင်ဘာလ ကုန် အထိ သတ်မှတ်ထား တာ ဖြစ်တဲ့ အတွက် မှတ်ပုံတင် လုပ်ငန်း တွေကို နောက်ထပ် ၆ လ တိုးပေး ဖို့ကို အလုပ် သမား၊ အလုပ် အကိုင်နဲ့ လူမှု ဖူလုံရေး ဝန်ကြီး ဦးအေးမြင့်က မလေးရှား ပြည်ထဲရေး ဝန်ကြီးကို စာပို့ထား တာ ဖြစ်ပါတယ်။


အလုပ် လုပ်ခွင့် လက်မှတ်ကိုလည်း တပြိုင်တည်း ထုတ်ပေးဖို့ တောင်းဆို ထားတယ်လို့ အလုပ် သမား၊ အလုပ် အကိုင်နဲ့ လူမှု ဖူလုံရေး ဝန်ကြီးဌာန ဒုတိယ ဝန်ကြီး ဦးထင်အောင်က ဘီဘီစီကို အတည်ပြု ပြောကြား ပါတယ်။


မလေးရှားမှာ မြန်မာ အလုပ် သမား သိန်းချီ ရှိမယ်လို့ ခန့်မှန်း ပြောနေ ပေမယ့် ၃ သောင်း လောက်ပဲ မှတ်ပုံတင် သေးတာ ဖြစ်တဲ့အတွက် အခု အစီ အစဉ် ကို အယုံ အကြည် နည်းလို့ ဖြစ်တယ်လို့ ဆိုပါတယ်။


လူ တစ်ယောက်ကို မလေးငွေ ၄ ထောင်ကျော် အထိ ယူပြီး ကြားပွဲစား တွေက ငွေလိမ်တာ ရှိသလို၊ ပတ်စပို့ရပြီး အလုပ်လုပ်ခွင့် လက်မှတ် မရှိလို့ အဖမ်းခံ ရတာတွေလည်း ရှိတာကြောင့် အခုလို အယုံ အကြည် နည်းပြီး မလုပ်တာ ဖြစ်တယ်လို့ အလုပ် သမား တွေက ပြောကြ ပါတယ်။


ဘီဘီစီ (မြန်မာပိုင်း)

0 comments:

Post a Comment