2 Dec 2014

လိပ်ကျွန်းလူသတ်မှု စွပ်စွဲခံမြန်မာ၂ ဦးကို ဒီဇင်ဘာ ၄ ရက် စွဲချက်တင်မည်


 
ထိုင်းတောင်ပိုင်း လိပ်ကျွန်းလူသတ်မှုနဲ့ စွပ်စွဲ ဖမ်းဆီးခံနေရတဲ့ မြန်မာအလုပ်သမား ကိုဇော်လင်းနဲ့ ကိုဝင်းဇော်ထွန်းတို့ ၂ ဦးကို ကော်ဆမွီ ခရိုင်တရားရုံးက ဒီဇင်ဘာလ ၂ ရက် ညနေပိုင်းမှာ ဆဌမအကြိမ် ရမန်ယူပြီး ချုပ်ရက် ထပ်တိုးလိုက်တယ်လို့ တရားရုံးကို သွားရောက်ခဲ့တဲ့ မြန်မာသံရုံးအထူးအဖွဲ့ဝင် ဦးထူးချစ်က ဒီဗွီဘီကို ပြောပါတယ်။


Koa Toa“ဒီနေ့ နေ့ခင်း ၁ နာရီခွဲမှာ ကော့ဆမွီခရိုင် တရားရုံးမှာ ရုံးထုတ်ပါတယ်။ ရုံးထုတ်တဲ့ခါ အစိုးရရှေ့နေဘက်က နောက်ထပ် ၆ ကြိမ်မြောက် ရမန်ယူသွားပါတယ်ခင်ဗျ။ ရမန်ယူတာက အမှုကို တရားစွဲတဲ့အခါမှာ သူတို့ဘက်က အချက်အလက်တွေ မပြည့်စုံတာရယ်၊ ထပ်ဖြည့်ချင်တဲ့ သဘောတွေ တွေ့ရပါတယ်။ သူတို့က ဒီဇင်ဘာ ၃ ရက်နေ့ကစပြီး ဒီဇင်ဘာ ၁၄ ရက်နေ့တွေ အတွင်း ရုံးတင်မယ်လို့ ပြောပါတယ်။”


နောက်ထပ် သက်သေ ၂၀ ဦးကို မေးမြန်းလို့ မပြီးသေးတာနဲ့ နိုင်ငံခြားသား သက်သေတစ်ဦးမှ ရောက်မလာသေးတာကြောင့် နောက်ထပ် ချုပ်ရက်တိုးရကြောင်း အစိုးရရှေ့နေဘက်က ဖြေဆိုခဲ့ တယ်လို့ လည်း ဦးထူးချစ်က ပြောပါတယ်။


တရားစွဲဖို့ ပြင်ဆင်နေတဲ့ကာလအတွင်း မြန်မာသံရုံးအထူးအဖွဲ့နဲ့ ထိုင်းရှေ့နေများ ကောင်စီဘက်ကလည်း စွပ်စွဲခံရသူ ၂ ဦး ထောင်အပြင်ကနေ တရားရင်ဆိုင်ခွင့်ရဖို့ အာမခံရရေး ထပ်မံလျှောက်ထားဖို့ရှိပြီး အာမခံငွေ ဘတ်ငွေ ၂ သန်းကိုလည်း သံရုံးက အသင့် ထုတ်ထားပေးထားလို့ ခုရက်ပိုင်းအတွင်း အမြန်ဆုံးအာမခံ လျှောက်ထားမယ်လို့ ဆိုပါတယ်။


ဒီကနေ့ တရားရုံးထုတ်မှုကို သွားရောက်ကြားနာခဲ့သူတွေထဲမှာ ထိုင်းမြန်မာသံရုံးအထူးအဖွဲ့က ကိုယ်စားလှယ် ၃ ဦး၊ စွပ်စွဲခံရသူဘက်က ချေပပေးမယ့် ထိုင်းရှေ့နေကောင်စီအဖွဲ့ဝင် ၂ ဦး၊ ရခိုင်အမျိုးသားကွန်ရက်နဲ့ ကော်ဆမွီခရိုင်မှာရှိတဲ့ ရခိုင်လူမှုရေးအသင်း ကိုယ်စားလှယ်တွေပါ စုစုပေါင်း ၁၃ ဦး ပါဝင်ပါတယ်။


မြန်မာလူငယ် ၂ ဦးဟာ စိတ်ဓာတ်ကျဆင်းတဲ့ လက္ခဏာ မတွေ့ရဘဲ အကျဉ်းစခန်းမှာ ကိုယ်လက်လှုပ်ရှားအားကစားတွေ လုပ်ခွင့်ရတယ်လို့သိရပါတယ်။


ထိုင်းသတင်းတွေမှာတော့ လိပ်ကျွန်းလူသတ်မှုနဲ့ ပတ်သက်တဲ့ အမှုတွဲကို ကော့ဆမွီခရိုင် အစိုးရရှေ့နေကောင်စီအနေနဲ့ ထိုင်းရဲတပ်ဖွဲ့က လက်ခံရရှိပြီဖြစ်ပြီး၊ လူသက်သေရော၊ မှုခင်းဆေးသိပ္ပံဆိုင်ရာအထောက်အထားတွေပါ ပြည့်စုံပြီဖြစ်လို့ ဒီဇင်ဘာလ ၄ ရက်နေ့ တရားရုံးမှာ စွဲချက်တင်မယ်လို့ အမှတ် ၈ တိုင်းဒေသ ရှေ့နေချုပ် နိုင်းထ၀ပ်ချိုင်း ဆိုင်ကျောက် ရဲ့ အပြောကို ကိုးကား ဖော်ပြထားပါတယ်။


  နန်းမြနဒီ (ဒီဗွီဘီ)

0 comments:

Post a Comment