4 May 2014

Google က Rangespan ကုမ္ပဏီကိုဝယ်ယူလိုက်ပြီ


Google က အင်တာနက်ဈေးကွက်စီးပွားရေးစနစ်လုပ်ဆောင်သည့် Rangespan ကိုဝယ်ယူလိုက်ပြီဖြစ်ကြောင်းသိရသည်။

ယင်း ကုမ္ပဏီကို Amazon ကိုတည်ထောင်သည့်သူဌေးများစုပေါင်းကာ တည်ထောင်ထားသောကုမ္ပဏီတစ်ခုဖြစ်ပြီး Users တွေထံကို ကုန် ပစ္စည်းတွေလက်လီရောင်းချနိုင်ဖို့ရည်ရွယ်ချက်ဖြင့်တည်ထောင်ထား သည်ဟုသိရသည်။

Rangespan က “ Google နှင့်ပူးပေါင်းလုပ်ကိုင်ရသည့်အတွက် အလွန်ပင်ဝမ်းသာမိကြောင်း ၊ မိမိတို့၏အလုပ်ကိုအရင်ကထက်ပိုမို လုပ်ဆောင်နိုင်မည်ဖြစ် ကြောင်း “ ပြောဆိုခဲ့သည်။

Rangespan ဟာ Matt Henderson နှင့် Ryan Regan နှစ်ဦးတို့က ၂၀၁၁ခုနှစ်တွင်စတင်တည် ထောင်ခဲ့ခြင်းဖြစ်ပြီး Mr.Henderson ဟာ Amazon ၏ Merchant Serivec Director အဖြစ်UK တွင်တာဝန် ထမ်းဆောင်ခဲ့ဖူးသူဖြစ်ပြီး Mr.Regan ကတော့ Amazon ၏ Managing Director အဖြစ် ၈နှစ်ကြာအလုပ်လုပ်ခဲ့သူဖြစ်သည်။

Ref :BBC
Wai Phyo Aung (TSJ Team)
TechSpace Journal


ဘက်တီးရီးယားများက မျက်ကပ်မှန် သန့်စင်ဆေးရည်၌ ပြဌာန်းထားသည့်အချိန်ထက် ပို၍ကြာကြာ အသက်ရှင်နိုင်


UK   မှ တရားဝင်အစိုးရထုတ် ပြန်ကြေညာချက်များအရ အင်္ဂလန်၌ နှစ်စဉ် microbial keratitis   ဟုခေါ်သည့်  မျက်ကြည်လွှာတွင် အနာဖြစ်ပြီး အမြင်အာရုံဆုံးရှုံးသည့် ဝေဒနာရှင်ပေါင်း ၆၀၀၀ခန့် ကြုံတွေ့ရကြောင်း သိရသည်။ လီဗာပူးတွင် ကျင်းပသည့် ပိုးမွှားဗေဒနှစ်ပတ်လည်အစည်းအဝေး၌ ယင်းကဲ့သို့ ဖြစ်ပွားရသည့် အဓိကအကြောင်းမှာ မျက်ကပ်မှန်မှတစ်ဆင့် ကူးစက်ခြင်း ဖြစ်ပြီး မျက်ကပ်မှန်သန့်စင်ဆေးရည်အား ယဉ်ပါးနေသော ပိုးမွှားအသစ်များ ထွက်ပေါ်နေကြောင်း ပြောကြားခဲ့သည်။ University of Liverpool  မှ သုတေသီများက Keratitis က ဖြစ်စေသော Pseudomonas aeruginosa   အမျိုးအစား ကိုးမျိုးအား  ပုံမှန်သုံးနေကျ မျက်ကပ်မှန်သန့်စင်ဆေးရည်၌ ဆယ်မိနစ် စိမ်ထားရာ အများစုမှာ  ဆယ်မိနစ်အတွင်း သေသွားသော်လည်း P.aeruginosa 39016 အမျိုးအစားမှာ သေဆုံးခြင်းမရှိဘဲ လေးနာရီကြာထိ ဆက်လက်ရှင်သန်နေကြောင်း တွေ့ခဲ့ရသည်။ အင်္ဂလန်၌ မျက်ကပ်မှန်သုံးစွဲသူ သုံးသန်းကျော်ရှိပြီး သင့်လျော်သည့် မျက်ကပ်မှန်ဆေးရည် ရရှိရန် လေ့လာမှုများ ဆက်လုပ်သွား မည်ဟု လေ့လာသူများက ပြောကြားခဲ့သည်။

အပိန်လေး
ref: Medindia
Health Updates Journal



Hepatitis A, B, C, D, E, G အသဲရောင်ရောဂါများ


ဆရာခင်ဗျာ ကျနော်လွန်ခဲ့တဲ့ ခြောက်လခန့်က အတော်ကိုနာမကျန်း ဖြစ်ပါတယ်။ ဒါနဲ့ ဆေးကုသစစ်ဆေးတဲ့အခါ အသည်းရောင်တယ် (Mild Hepatitis)လို့ သိရပါတယ်။ အရက်သောက်လွန်လို့ ဖြစ်တာလို့ပြောပါတယ်။ ဒီအပြင် အသည်းအင်ဇိုင်း LFT စစ်တော့ အာလုံးက ပုံမှန်ပါပဲ။ ခုအရက်လုံးဝ မသောက်တာ ၆ လ လောက်ရှိပါပြီ။ ဒီနေ့ Ultrasound ပြန်ရိုက်ကြည့်တော့ Chronic Hepatitis ပြတယ်။ အသည်းရောင်တာ အရက်မသောက်ဘဲ နေလို့ ပြန်မကောင်းနိုင်ဘူးလားဆရာ။ အသည်းအတွက် ဆေးဝါးများ ကူစရာလိုသေးလား သိချင်ပါတယ်ဆရာ။ ပြန်ကောင်းအောင် အချိန်ဘယ်လောက်ကြာ စောင့်ရမလဲဆိုတာသိချင်ပါတယ်။ အသက် ၂၇ နှစ်ပါ။

အသဲရောင်စေသည့် (ဗိုင်းရပ်စ်) ပိုး ၆ မျိုးရှိသည်။ A, B, C, D, E, G တို့ဖြစ်ကြသည်။ (ဗိုင်းရပ်စ်) ပိုးမှ ကူးသည့် အခြား ရောဂါများမှာ အအေးမိခြင်း၊ ခွေးရူးပြန်ခြင်း၊ အချို့သော ကင်ဆာရောဂါများ၊ ဦးနှောက် အမြှေးပါး ရောင်ခြင်း၊ ရေယုံ၊ ဝက်သက်ရောဂါ၊ တုပ်ကွေး၊ ရေကြောက် တို့ဖြစ်ကြသည်။

အသဲ၏အလုပ်များ
1. အစာထဲက အဆီ၊ ဆီတို့ကို အစာခြေပေးသည်၊
2. အား (အင်နာဂျီ) ကို သိုလှောင်ထားသည်၊
3. အဆိပ်အတောက်ကို ဖယ်ရှားပစ်သည်၊
4. (ဘိုင်းလ်) အစာခြေရည် ထုတ်ပေးသည်၊
5. ကိုလက်စထရော၊ သွေးခဲစေသည့် ပစ္စည်းများ၊ ပရိုတင်းများ ထုတ်လုပ်ပေးသည်။

စမ်းသပ်ခြင်း
1. အသား (မျက်လုံး၊ လက်သည်း၊ အရေပြား၊ ဆီး) ဝါခြင်း၊
2. အသဲကြီးခြင်း၊
3. အသဲနေရာက နာခြင်း၊
4. LFT အသဲလုပ်ငန်းများအား စစ်သောအခါ (ဘီလီရူဗင်) များနေသည်။

Hepatitis A အသဲရောင် အေ = Viral Hepatitis/Infectious Hepatitis
• ကူးစက်ရောဂါဖြစ်သည်။
• (ဗိုင်းရပ်စ်) ပိုးများမှ ကူးသည်။
• အသေအပျောက်ရှိသည်။
• ဇူလိုင်၊ သြဂုတ်၊ စက်တင်္ဘဘာ (၃) လ အထူး ဂရုစိုက်ပါ။

ရောဂါလက္ခဏာများ
• အားနည်းခြင်း ခံစားရသည်၊
• မစားချင်၊ မသောက်ချင် ဖြစ်လာသည်၊
• ဖျား၊ ချမ်း၊ ခေါင်းကိုက်၊ ပျို့၊ အန်၊
• အသား (မျက်လုံး၊ လက်သည်း၊ အရေပြား၊ ဆီး) ဝါလာသည်။ Jaundice ဟုခေါ်သည်။
• ဖြစ်စေသော အခြားရောဂါ အများအပြားလဲ ရှိသည်။
• အသဲရောင်သဖြင့် ရင်ဘတ်ညာဘက်အောက်ပိုင်းနေရာ သို့မဟုတ် ဝမ်းဗိုက်ညာဘက် အထက်ပိုင်းနေရာ၊ သို့မဟုတ် ရင်ခေါင်းနေရာက နာလာသည်။

ကာကွယ်ပုံ
• ပါးစပ်ထဲဝင်သည့် (ရေ၊ နို့၊ ဖျော်ရည်) တို့ကို ပွက်သွားအောင် ကြို၍သောက်ပါ။ ရေသန့်ဆေး (Chlorine tablet) ထည့်၍ သုံးပါ။ ပွက်သွားအောင် ကြိုမထားသောရေနှင့် ရေသန့်ဆေး ထည့်မထားသောရော၊ ရေသန့်ပုလင်းကရေ မဟုတ်ပါက မသောက်ပါနှင့်၊
• (အစားအစာ) တို့ကို ပွက်အောင်ပြုတ်၊ ကျော်၊ ပေါင်း၊ ချက်ထားသည့်အစာကို ပူနွေးနေစဉ် စားပါ။ ချက်ပြုတ်ပြီးပါက ယင်ကောင် မနားစေရန် ဖုံးအုပ်ထားပါ။ ယင်ကောင်၏ ခြေထောက်၌ ပိုးကပ်ပါလာနိုင်သည်။ အပြင်းစာ၊ အပြင်ဆိုင်က ရောင်းသည့် အစာများကို သန့်-မသန့် စစ်ဆေးပြီးမှ စားပါ။ ဖြစ်နိုင်လျှင် မစားပါနှင့်။ ရောဂါရှိသူ ချက်ပြုတ်ကျော်လှော် ဆေးကြောသည်မှ ကူးစက်နိုင်သည်။
• Hepatitis A အသဲရောင်အသားဝါရောဂါ A ကာကွယ်ဆေး သည် 95% ထိရောက်သည်။

အခြားနည်းများ
• ရေလောင်း အိမ်သာကိုသာ သုံးပါ။ မရှိပါက ယင်လုံအိမ်သာ သုံးပါ။
• ဆီးဝမ်းသွားပြီးတိုင်း ဆပ်ပြာနှင့် လက်ဆေးပါ။
• အသီးအနှံများကို မစားမီ ရေသန့်သန့်ဖြင့် ဆေးပါ။ ဆားရေဖြင့် ဆေးက ပိုကောင်းသည်။

ကုသခြင်း
• အနားယူပါ၊
• ရေ၊ အရည်များများသောက်ပါ။
• လိုအပ်ပါက သွေးထဲ သွင်းပေးပါ၊
• အဆီ၊ ဆီ လျှော့စားပါ၊
• အရက်၊ မူးယစ်ဆေး၊ ဆေးလိပ်၊ ပြင်းသည့် ဆေးဝါးများ ရှောင်ပါ။
• အသဲအားဆေး သောက်ပါ၊ ထိုးပါ၊

Hepatitis B Hepatitis B virus (HBV)
• ဗိုင်းရပ်စ်ပိုးကြောင့် ဖြစ်သည့် ကူးစက်ရောဂါအပြင်းစားဖြစ်သည်။
• အသဲကင်ဆာ၊ အသည်းခြောက် ရောဂါနှင့်၊ အသဲအလုပ် မလုပ်တော့ခြင်းတို့ကို ဆက်ဖြစ်စေနိုင်သည်။
• HIV ကဲ့သို့ သွေး-ဆေးထိုးအပ် မှတဆင့်၎င်း၊ ကိုယ်ကထွက်သော အရည်များက၄င်း၊ မိခင်က ကလေးသို့၎င်း၊ လိင်ဆက်ဆံခြင်းမှ၎င်း ကူးစက်နိုင်သည်။
• သို့သော် HIV ထက် အဆ ၁ဝဝ ပို၍ ကူးစေသည်။
• အချို့မှာ လက္ခဏာများ ဆိုးစေကာမူ ပျောက်ကင်း သွားသည်။
• ကလေးများဖြစ်လျှင် ပိုဆိုးနိုင်သည်။ ၆ လ အောက် ရက်တိုနှင့် ၆ လအထက် နာတာရှည် ၂ မျိုးဖြစ်နိုင်သည်။
• Signs and symptoms ရောဂါလက္ခဏာများ လက္ခဏာ မပေါ်ဘဲ ပိုးရှိနေတတ်သည်။
• ပိုးဝင်ပြီး တလခွဲအကြာ လက္ခဏာများ ပေါ်မည်။
• အစားပျက်ခြင်း၊ ပျို့အန်ခြင်း၊ အားယုတ်ခြင်း၊
• ဗိုက် အသဲနေရာနာခြင်း၊ ဆီးအရောင် ရင့်ခြင်း၊ အသားဝါခြင်း၊ အဆစ်နာခြင်း၊
• Hepatitis B surface antigen (HBsAg), Antibody to hepatitis B surface antigen (anti-HBs), Antibody to hepatitis B core antigen (anti-HBc) တို့ကို စမ်းသပ်ခြင်းဖြင့် ရောဂါပိုးရှိ-မရှိ သိနိုင်သည်။
• ပိုးနှင့်တွေ့သည်ဟု သံသယရှိပါက Hepatitis B immune globulin within 24 hours နှင့် Hepatitis B vaccine x 3 doses ဆေးထိုးရမည်။
• Interferon, Lamivudine (Epivir-HBV), Adefovir dipivoxil (Hepsera), Entecavir (Baraclude) ဆေးများပေးနိုင်သည်။
• Liver transplantation အသဲအစားထိုးခြင်း လုပ်နိုင်သည်။

Hepatitis C
• (စီ) ပိုးသည် လက္ခဏာမပေါ်ဘဲ ပိုးရှိနေတတ်သည်။
• Hepatitis C virus (HCV) ဗိုင်းရပ်စ်ပိုးကြောင့် ဖြစ်သည့် ကူးစက် ရောဂါ အပြင်းစား ဖြစ်သည်။
• ဥပမာ အသဲကင်ဆာ၊ အသည်းခြောက်ရောဂါနှင့် အသဲအလုပ် မလုပ်တော့ခြင်း တို့ကို ဆက်ဖြစ် စေနိုင်သည်။
• လိင်မှတဆင့် မကူးစက်၊ ဆေးထိုးအပ်ကတဆင့် ကူးစက်သည်။
• မိခင်မှ ကလေး ကူးသည်။
• ကာကွယ်ဆေး မရှိသေး။
• အစားပျက်ခြင်း၊ ပျို့-အန်ခြင်း၊ အနည်းငယ် အားယုတ်ခြင်း၊
• ဗိုက် အသဲနေရာ နာခြင်း၊ ဆီးအရောင်ရင့်ခြင်း၊ အသားဝါခြင်း၊ အဆစ်နာခြင်း၊ တုပ်ကွေးလိုဖြစ်ခြင်း၊
• သွေးစစ်၍ သိနိုင်သည်။
• အချို့က ပျောက်သွားနိုင်သည်။ အချို့က နာတာရှည်ဖြစ်မည်။
• Weekly injections of a drug called pegylated Interferon alfa combined with Ribavirin (Rebetol) BD ဆေးများ ပေးနိုင်သည်။
• အသဲ အစားထိုးခြင်း လုပ်နိုင်သည်။

Hepatitis D
• (HDV) သည် လိင်-သွေးမှတဆင့် ကူးသည်။
• (B) ပိုးရှိနေမှ (D) ပိုးကူးသည်။
• အစားပျက်ခြင်း၊ ပျို့-အန်ခြင်း၊ အားယုတ်ခြင်း၊
• ဗိုက် အသဲနေရာ နာခြင်း၊
• ဆီးအရောင်ရင့်ခြင်း၊ အသားဝါခြင်း၊ အဆစ်နာခြင်း၊
• (B) ပိုး ကာကွယ်ဆေး ထိုးသင့်သည်။
• Interferon-alfa ဆေးပေးခြင်း၊
• အသဲအစားထိုးခြင်း လုပ်ပေးနိုင်သည်။

Hepatitis E
• နာတာရှည်မဖြစ်၊
• (A) ကဲ့သို့ အစား-ရေကတဆင့် ကူးစက်သည်။
• ကိုယ်ဝန်ဆောင်တွေမှာ ၁ဝ-၂ဝ% ဖြစ်တတ်သည်။

အသဲရောင်ရောဂါများ၏ ကူးစက်ပုံများ၊
• (A) နှင့် (E) တို့သည် (စအို) မှ ထွက်၍ (ပါးစပ်) သို့ ဝင်သည့် လမ်းကြောင်းက ကူးစက်သည်။
• (B) သည် အတူနေခြင်း၊ လိင်လမ်းကြောင်း၊ သွေး၊ ဆေးထိုးအပ်၊ ကလေးအား မိခင်တို့မှတဆင့် ကူးသည်။
• (C) သည် ဆေးထိုးအပ်မှ ကူးသည်ကများသည်။
• (D) သည် ထိတွေ့ခြင်းနှင့် ဆေးထိုးအပ်တို့မှ ကူးသည်။ (B) ရှိနေလျှင် ဖြစ်တတ်သည်။
• (စအို) မှထွက်၍ (ပါးစပ်) သို့ဝင်သည့် လမ်းကြောင်းက ကူးစက်သည့် အခြားရောဂါများမှာ ဝမ်းပျက်ခြင်း၊
ဝမ်းကိုက်ခြင်း၊ ကာလဝမ်းရောဂါ၊ အူရောင်ငန်းဖျားခေါ် တိုက်ဖွိုက် (Typhoid) ရောဂါ တို့ဖြစ်ကြသည်။

B ပိုးအတွက် သွေးစစ်လျှင် အောက်ပါတို့ကိုစစ်သည်။
• HBsAg = ရောဂါပိုးဝင်နေပြီ။ အစပိုင်းမှာသာတွေ့ရသည်။ ၆ လကျော်အထိတွေ့နေရလျှင် အသဲမှာ နာတာရှည်ဖြစ်နေပြီ။
• Anti-HBs = ကာကွယ်ဆေးထိုးပြီးသူ၊ HBsAg မရှိတော့ဘဲ၊ Anti-HBs ရှိနေသူသည် နလံထလာသူ။ သူများကိုမကူး။ ခံနိုင်ရည်ရှိသွားပြီ။
• Anti-HBc = HBsAg တွေ့ပြီးနောက် ရှိလာသည်။ သူ့ချည်းမတွေ့။ Acute hepatitis B ဘီပိုးဝင်နေတာ မကြာသေး။ ၃-၆ လ ကြာအထိ ရှိနိုင်။ ပိုလည်းကြာနိုင်။ နာတာရှည်ဖြစ်နေရာက ပြန်ထလာလျှင်လည်း တွေ့နိုင်။
• HBeAg = HBsAg တွေ့ပြီးနောက်တွေ့ရ။ ၃ လမကတွေ့ရလျှင် chronic hepatitis B နာတာရှည်ဟုထင်နိုင်။

ကုသခြင်း
• အရက်၊ မူးယစ်ဆေး၊ ဆေးလိပ်၊ ပြင်းသည့် ဆေးဝါးများ ရှောင်ပါ။
• အသဲအားဆေး သောက်ပါ၊ ထိုးပါ၊
• (B) ပိုးနှင့် ထိတွေ့ရပါက Hepatitis B immune globulin injection ကို ၁၄ ရက်အတွင်း ထိုးပါ။ Hepatitis B ကာကွယ်ဆေး ၃ ခါ ထိုးပါ။
• (C ) ဖြစ်လျှင် (A) ၂ ခါ၊ (B) ၃ ခါ ကာကွယ်ဆေးများ ထိုးပါ။
• (C) အတွက် Pegylated Interferon and Ribavirin ဆေးပေးရသည်။

ဒေါက်တာတင့်ဆွေ
၃-၅-၂ဝ၁၄


အသက်ပါနုတ်ယူနေသော သေမင်းအပူဒဏ်



 အပူချိန် ၄၂ ဒီဂရီ စင်တီဂရိတ်အောက်တွင် ဦးမျိုးချစ် တစ်ယောက် ချွေးတဒီးဒီး ကျနေသော်လည်း ဝမ်းရေးအတွက် ဆိုက်ကားကို အားတင်းနင်းနေရသည်။ သို့သော် သူတောင့်မခံနိုင်တော့။ ထိုအပူချိန်အောက်တွင် ချွေးထွက်လွန်ပြီး မူးလဲရာမှ မန္တလေး ဆေးရုံကြီးသို့ ရောက်ခဲ့ရသည်။

အသက် ၅၄ နှစ်အရွယ် ရှိပြီဖြစ်သော ဦးမျိုးချစ်ကို မန္တလေး ပြည်သူ့ဆေးရုံကြီး အရေးပေါ် လူနာဌာနသို့ မိတ်ဆွေ အပေါင်းအသင်းများက လိုက်လံ ပို့ဆောင်ပေးခဲ့ကြခြင်း ဖြစ်သည်။

ဆေးရုံသို့ ရောက်ချိန် ၁၀၄ ဒီဂရီ စင်တီဂရိတ်အထိ ကိုယ်အပူချိန် ရှိနေသော ဦးမျိုးချစ်ကို အပူချိန် ကျသွားစေရန် ရေခဲရေများ ထပ်ကာထပ်ကာ လောင်းချိုးပေးခဲ့ရသည်။

မန္တလေး ပြည်သူ့ဆေးရုံကြီးသို့ အပူလျှပ် (Heat Stroke) ဖြင့် ရောက်ရှိလာသော လူနာများကို ကိုယ်အပူချိန်အလိုက် ရေခဲရေ စိမ်ထားသည့် အဝတ်များဖြင့် ပတ်ပေးခြင်း၊ ဆေးပုလင်း ချိတ်ကာ ဆေးသွင်းပေးခြင်း၊ ရေခဲရေများ လောင်းချိုးပေးခြင်း၊ ရေခဲစိမ်ထားသည့် ဇလုံထဲသို့ ခေတ္တမျှနေစေခြင်းများ ပြုလုပ်ပေးလျက် ရှိသည်။
“နေပူထဲထွက်ရင် အပူလျှပ်မယ်လို့ ကြေညာထား ပေမယ့်လည်း ဝမ်းစာအတွက် မလုပ်မဖြစ် လုပ်ရတာပါပဲ၊ ဖြစ်မှ ဖြစ်ရောပဲ ဒီလိုမှ မလုပ်ရင်လည်း ဘာနဲ့စားကြမလဲ” ဟု ဦးမျိုးချစ်က မျက်လွှာကို အောက်ချကာ ဝမ်းနည်းသည့် အသံဖြင့် ပြောဆိုသည်။

ဧပြီလ ၂၁ ရက်နေ့မှစ၍ မန္တလေးမြို့ အပူချိန်သည် ၄၂ ဒသမ ၂ ဒီဂရီ စင်တီဂရိတ်သို့ ရောက်ရှိလာသည့်အတွက် နေပူထဲတွင် လုပ်ကိုင် စားသောက်သည့် နေ့စားဝန်ထမ်းများ၊ အသက်ကြီးရွယ်အိုများ၊ အရက်သောက်သူ အများစုသည် အပူဒဏ်ကြောင့် အပူလျှပ်ဝေဒနာ (Heat Stroke) ဖြစ်ပွားပြီး မန္တလေး ပြည်သူ့ဆေးရုံကြီးသို့ ယင်းနေ့မှ စတင်ကာ ညနေ ၆ နာရီ ၃၀ မိနစ် အချိန်နောက်ပိုင်းတွင် ရောက်ရှိလာတတ်ကြသည်။

မန္တလေးတိုင်းဒေသကြီးတွင် နေ့အပူချိန်မှာ တဖြည်းဖြည်း တိုးလာပြီး အပူဒဏ်ကြောင့် ချွေးထွက်လွန်ကာ ခန္ဓာကိုယ် အတွင်းရှိ ရေနှင့် ဓာတ်ဆားဆုံးရှုံးမှု များပြားခြင်းကြောင့် မိတ်နှင့် ယားယံဖုများ ထွက်ခြင်း၊ ပင်ပန်းနွမ်းနယ်ခြင်း၊ မူးမော်ခြင်း၊ ကြွက်တက်ခြင်း၊ ချွေးခြောက်ပြီး ကိုယ်အပူချိန် တက်ခြင်း၊ သတိလစ်ခြင်းတို့အပြင် အသက်အန္တရာယ် အခြေအနေ စိုးရိမ်ဖွယ်အထိ ဖြစ်နိုင်ကြောင်း မန္တလေး ပြည်သူ့ဆေးရုံကြီးမှ အထွေထွေရောဂါကု ဆရာဝန်တစ်ဦးက ပြောကြားသည်။

“Heat Stroke ဆိုတာက နေ့အပူချိန် များနေတဲ့အချိန်မှာ ချက်ချင်းဖြစ်တာ မဟုတ်ဘူး။ လူကတော့ Heat Stroke ဖြစ်တာမသိဘူး။ ညနေပိုင်းကျမှ မူးလဲတာတွေ၊ အဲဒီလိုမျိုးဖြစ်ပြီး ရောက်လာကြတာ” ဟု မန္တလေးဆေးရုံကြီးမှ ဆေးနှင့် လူမှုဆက်ဆံရေး အရာရှိ ဦးမင်းလွင်က ပြောကြားသည်။

မန္တလေးမြို့ အပူချိန်သည် ဧပြီလ ၂၁ ရက်နေ့မှ ၂၄ ရက်အထိ အပူချိန် ၄၂ ဒသမ ၂ ဒီဂရီစင်တီဂရိတ် ဝန်းကျင်တွင် ရှိနေသဖြင့် အပူဒဏ်ကြောင့် ဆေးရုံ ရောက်ရှိသူများ၊ သေဆုံးမှုများ ဖြစ်ပွားခဲ့သည်။

မန္တလေးတိုင်းဒေသကြီးအတွင်း မြို့နယ် ၂၈ မြို့နယ်တွင် အပူဒဏ်ကြောင့် ဧပြီလ ၂၁ ရက်နေ့မှ ၂၆ ရက်နေ့အထိ ဆေးရုံတက် ကုသသူ ၆၅ ဦးရှိပြီး သေဆုံးသူ ခုနစ်ဦးရှိပြီ ဖြစ်ကြောင်း မန္တလေးတိုင်းဒေသကြီး တိုင်းကျန်းမာရေး ဦးစီးဌာနထံမှ စုံစမ်းသိရသည်။

မန္တလေး ပြည်သူ့ဆေးရုံကြီးတွင် ဧပြီလ ၂၁ ရက်နေ့မှ ၂၈ ရက်နေ့အထိ အပူလျှပ်လူနာ ၅၂ ဦး ရောက်ရှိလာပြီး အရက်ကြောင့် သေဆုံးသူတစ်ဦး၊ အပူဒဏ်ကြောင့် သေးဆုံးသူသုံးဦး ရှိကြောင်း မန္တလေး ပြည်သူ့ဆေးရုံကြီး မှတ်တမ်းအရ သိရသည်။

မန္တလေးမြို့ရှိ ပုဂ္ဂလိကဆေးခန်း များတွင်လည်း အပူဒဏ်ကြောင့် မျက်စိနာခြင်း၊ အသံဝင်ခြင်း၊ လည်ချောင်း ယားယံခြင်း၊ အရေပြားများ ယားယံခြင်း၊ မူးမော်ခြင်း၊ ချွေးထွက်လွန်ခြင်း တို့ကြောင့် ရောက်ရှိလာသည့် လူနာအများအပြား ရှိကြောင်း မန္တလေးမြို့ရှိ ပုဂ္ဂလိက အထွေထွေရောဂါကု ဆေးခန်းများထံမှ စုံစမ်းသိရှိရသည်။
“အရက်သမားတွေ၊ နေပူထဲမှာ အလုပ်လုပ်တဲ့သူတွေ၊ ကုန်ထမ်းသမားတွေ၊ ဆိုင်ကယ် ကယ်ရီသမားတွေ၊ အသက်ကြီးတဲ့ သူတွေဆိုရင် ဒီအပူဒဏ်ကို မခံနိုင်ကြဘူး။ ဆေးခန်းကို အပူကြောင့် တစ်နေ့ ၁၀ ယောက်လောက် လာပြကြတယ်။ နေပူထဲထွက်ရင် အကာအကွယ်တွေနဲ့ ထွက်သင့်ပါတယ်” ဟု ချမ်းအေးသာစံ မြို့နယ်ရှိ အေးဆေးခန်းမှ အထွေထွေရောဂါကု ဆရာဝန် ဒေါက်တာ စိုင်းထွန်းအောင်က ပြောကြားသည်။

နေ့အပူချိန် မြင့်မားနေချိန်တွင် ရေတွင်း တူးသမားများအတွက် အလွန် အန္တရာယ်များသည့် အနေအထားဖြစ်ပြီး အပူပြင်းပြင်း အောက်တွင် ခန္ဓာကိုယ် ရေစိုနေ၍ ရေခဲရေ မသောက်ရဲဘဲ ဓာတ်ဆားရေ သောက်နေရကြောင်း မန္တလေးမြို့ပေါ်တွင် ရေတွင်းတူးလုပ်ငန်း လုပ်ကိုင်သည့် ဦးမြဆောင်က ပြောဆိုသည်။

အိမ်ခြေမဲ့ သွားလာနေထိုင်သူ အများစုသည်လည်း အပူဒဏ်ကြောင့် အစာရေစာ ပြတ်လပ်ခြင်း၊ အရက်သေစာ အလွန်အကျွံ သောက်စား မူးယစ်ခြင်းကြောင့် သေဆုံးရခြင်းတို့ ဖြစ်ပွားကြောင်းလည်း မန္တလေးတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံး မှတ်တမ်းအရ သိသည်။

ဧပြီလ ၂၄ ရက်နေ့တွင် မန္တလေးမြို့၏ နေ့အပူချိန်မှာ ၄၂ ဒသမ ၀ ဒီဂရီ စင်တီဂရိတ် ရှိနေသည်။ ယင်းနေ့တွင် စဥ့်ကူးမြို့နယ် ကျောက်ငနွားကျေးရွာ အရှေ့ဘက် ၁ မိုင် ၄ ဖာလုံအကွာ ကျောက်ငနွား-မကွေး လူသွားလမ်းအနီး တောစပ်တွင် အသက် ၅၀ နှစ်အရွယ် အမျိုးသားတစ်ဦး ပုပ်ပွနေသည့် အလောင်းကို တွေ့ရှိခဲ့ပြီး သေဆုံးနေသည့် အလောင်းဘေးတွင် အရက်ပုလင်းခွံ တစ်လုံးကို တွေ့ရှိခဲ့ကြောင်း အဆိုပါရုံးမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။
“အရက်သမားတွေက နေပူလည်း အရက်သောက်တာ မလျှော့ဘူး၊ သောက်တာပဲ၊ ဦးနှောက်သွေးကြော ပြတ်ပြီး ဆုံးသွားတာ” ဟု ၎င်းကဆိုသည်။

မန္တလေးတိုင်းဒေသကြီး အတွင်းတွင် ဧပြီလ ၂၁ ရက်နေ့မှ ၂၅ ရက်နေ့အထိ အရက်ကြောင့် ၁၃ ဦး သေဆုံးခဲ့ကြောင်း မန္တလေးတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံး မှတ်တမ်းအရ သိရသည်။

အပူကြောင့်  လူများဆေးရုံ ရောက်ရှိမှု၊ သေဆုံးမှုများ ဖြစ်ပွားနေသဖြင့် နံနက် ၁၀ နာရီမှ ညနေ ၅ နာရီ အသွားအလာ ဆင်ခြင်ခြင်း၊ နေ့ခင်းအချိန်တွင် အရက်သောက်ရန် ရှောင်ကြဉ်ရန်၊ ချွေးထွက် လွန်ပါက ကိုယ်တွင်းရှိ ရေနှင့် ဓာတ်ဆား ဆုံးရှုံးမှုကို ပြန်လည် ဖြည့်တင်းနိုင်ရေး ဓာတ်ဆားရည် သောက်ရန်၊ ကိုယ်အပူချိန် တက်ပါက ရေအေးဖတ် နိုင်နိုင်တိုက်ခြင်း၊ ဆီးချိုရောဂါ၊ နှလုံးရောဂါ၊ သွေးတိုးရောဂါ အခံရှိသူများ၊ ကလေးသူငယ်များနှင့် သက်ကြီးရွယ်အိုများ အနေနှင့် နေ့လယ်နေ့ခင်းတွင် အရိပ်ရ၍ လေဝင်လေထွက် ကောင်းသော နေရာမျိုးတွင် နားနေခြင်း၊ အပူဒဏ်ကြောင့် ပင်ပန်းနွမ်းနယ်ခြင်း၊ ကိုယ်အပူချိန်တက်ခြင်း၊ သတိလစ်ခြင်းနှင့် အတက်ရောဂါ ဖြစ်လျှင် ဆေးရုံ အရောက်နောက်ကျပါက အသက်ဆုံးရှုံးနိုင်သဖြင့် ဆေးရုံသို့ အမြန်ဆုံး သွားရောက်သင့်ကြောင်း ကျန်းမာရေး ဝန်ကြီးဌာနက အပူဒဏ် ကာကွယ်ရေးနှင့် ပတ်သက်၍ ထုတ်ပြန် ကြေညာထားသည်။

မန္တလေး ပြည်သူ့ဆေးရုံကြီးတွင်လည်း ၂၀၁၀ ပြည့်နှစ်တွင် ဖြစ်ပွားခဲ့သော Heat Stroke ကဲ့သို့ ဖြစ်ပွားခဲ့လျှင် ကုသပေးနိုင်ရန် ကြိုတင် ပြင်ဆင်ထားကြောင်း၊ ဆေးဝါးများ စုဆောင်းထားခြင်း၊ ဝန်ထမ်း အင်အားများ တိုးမြှင့်ထားခြင်း၊ လူမှုကူညီရေး အသင်းများနှင့် ချိတ်ဆက်ထားခြင်း၊ မန္တလေးမြို့ပေါ်ရှိ ရေခဲစက်များမှလည်း ရေခဲအခမဲ့ ကူညီပေးခြင်းများ ပြုလုပ်ထားကြောင်း မန္တလေး ပြည်သူ့ဆေးရုံကြီး ဆေးနှင့် လူမှုဆက်ဆံရေး အရာရှိ ဦးမင်းလွင်က ပြောကြားသည်။

မန္တလေးတိုင်းဒေသကြီးတွင် ပြီးခဲ့သည့် ၂၀၁၀ ပြည့်နှစ် Heat Stroke ဖြစ်ပွားသည့် အချိန်တွင် တစ်နေ့လျှင် လူ ၂၀၀ နီးပါး သေဆုံးခြင်း၊ တောင်မြင့် သုသာန် မီးသင်္ဂြိုဟ်စက်တွင် အလောင်းများ များပြားသည့်အတွက် ခေါင်းတိုင် ကျိုးကျသည်အထိ ဖြစ်ပွားခဲ့ကြောင်း စိမ်းရောင်စို Activities မှ အတွင်းရေးမှူး ဦးမောင်မောင်ဦးက ပြောကြားသည်။
“မန္တလေးတိုင်းထဲမှာ အပူဒဏ် ကာကွယ်ရေးစခန်းတွေ ဖွင့်ထားတယ်။ ဆေးဂျူတီတွေ ချထားတယ်” ဟု တိုင်းကျန်းမာရေး ဦးစီးဌာမှ တာဝန်ရှိသူတစ်ဦးက ဆိုသည်။

မန္တလေးတွင် ဧပြီလ ၃၀ ရက်နေ့ နေ့အပူချိန်မှာ ၃၈ ဒသမ ၀ ဒီဂရီတင်တီ ဂရိတ်ရှိသည်ဟု ထုတ်ပြန်ချက်များအရ သိရသည်။

မြန်မာနိုင်ငံတွင် ထိုကဲ့သို့ အပူချိန် လွန်ကဲမှုကဲ့သို့ ရာသီဥတု ပြောင်းလဲမှုများ တစ်နှစ်ထက်တစ်နှစ် သိသာဆိုးရွားစွာ ခံစားလာရပြီ ဖြစ်သည်။ ထိုဆိုးကျိုးများအတွက် ကုသရန် နည်းလမ်းများ ရှိသည်။
“အခုဖြစ်မှ သစ်ပင်စိုက်လို့ရတာ မဟုတ်ဘူး၊ အပူပိုင်း မိုးနည်းရပ်ဝန်း ဒေသအတွက် သစ်ပင်စိုက်တာ အကောင်းဆုံးပါပဲ။ ရေတိုအပိုင်းနဲ့ ရေရှည်အပိုင်း ဆိုပြီး နှစ်ပိုင်းရှိပါတယ်၊ ရေတိုအပိုင်းကတော့ အခုကျန်းမာရေး ဝန်ကြီးဌာနရဲ့ အပူဒဏ် သတိပေး ကြေညာချက်တွေပါ။ ရေရှည် အနေနဲ့ကတော့ သစ်ပင်စိုက်တာ အကောင်းဆုံးပါပဲ၊ မိုးလေဝသကနေ နောင်အတွက် ထုတ်ပြန်တဲ့ သတင်းတွေက ကောင်းတာတစ်ခုမှ မပါဘူး၊ အဲဒါတွေကြောင့် အရိပ်ရသစ်ပင်တွေ စိုက်သင့်တယ်” ဟု ၂၀၁၀ ပြည့်နှစ်မှ ၂၀၁၃ ခုနှစ်အထိ မန္တလေးတိုင်းဒေသကြီးနှင့် ရှမ်းပြည်နယ်တို့တွင် အပင်ပေါင်း သုံးသောင်းကျော် စိုက်ပျိုးခဲ့သည့် စိမ်းရောင်စို Activities အတွင်းရေးမှူး ဦးမောင်မောင်ဦးက ပြောကြားသည်။

နိုင်ငံတကာတွင် တောအုပ်များ၊ သစ်တောများကို စနစ်တကျ ထိန်းသိမ်းထားရှိခြင်းဖြင့် ရာသီဥတုဒဏ်ကို ကာကွယ်မှုများ လုပ်ဆောင်နေပြီး မြန်မာနိုင်ငံ အနေနှင့် တိုင်းဒေသကြီး အသီးသီးအလိုက် လုပ်ဆောင်သင့်ကြောင်း၊ NGO များမှလည်း ပူးပေါင်း ဆောင်ရွက် လုပ်ဆောင်သင့်ကြောင်း၊ အစိုးရအဖွဲ့ အနေနှင့် ဖြစ်လာမှ ပြုလုပ်ခြင်းထက် မဖြစ်ခင်မှ ကြိုတင်ကာကွယ် ပြုလုပ်သင့်ကြောင်း စိမ်းရောင်စို Activities မှ အတွင်းရေးမှူးက ထပ်မံပြောကြားသည်။
မြန်မာနိုင်ငံ ဒေသအချို့တွင် စံချိန်သစ် တင်သည်အထိ အပူချိန် မြင့်တက်မှုများလည်း ဖြစ်ပေါ်နေပြီး ကလေး၊ မုံရွာ၊ ရွှေဘို အပါအဝင် ဒေသအချို့တွင်လည်း အပူလျှပ် ဝေဒနာကြောင့် ဆေးရုံတက် ကုသရသည်များ ရှိသကဲ့သို့ ရောဂါအခံ ရှိနေသော အပူဒဏ် မခံနိုင်သော သက်ကြီးရွယ်အိုအချို့ သေဆုံးသည့် ဖြစ်စဉ်များလည်း ရှိနေသည်။

လူ့အသက်ကိုပါ ချွေယူနေပြီ ဖြစ်သော ရာသီဥတု ပြောင်းလဲမှုများ မြန်မာနိုင်ငံတွင် ကြုံတွေ့လာရပြီဖြစ်ရာ ယင်းနှင့်ပတ်သက်၍ စိမ်းရောင်စို Activities အတွင်းရေးမှူး ဦးမောင်မောင်ဦး က အောက်ပါအတိုင်း ပြောဆိုသည်။
“ရာသီဥတု ပိုပူလာရခြင်းက မြို့ပြကို အလွန်အကျွံ ချဲ့ထွင်ခြင်းပဲ။ မြို့ပြကို ချဲ့ထွင်မယ်ဆိုရင် သစ်ပင်တွေခုတ်မယ်၊ သစ်ပင်တွေ မရှိတော့တဲ့အတွက် ရာသီဥတုက ပိုပြီးပူလာမယ်။ ပိုက်ဆံရှိတဲ့ သူတွေ အတွက်ကတော့ အပူဒဏ်ကို ကာကွယ်ဖို့ အဲယားကွန်း၊ ပန်ကာတွေနဲ့ နေလို့ရတယ်။ အခြေခံ လူတန်းစားတွေ၊ နေရောင်ခြည်အောက်မှာ အလုပ်လုပ်ဖို့ ငြင်းဆန်လို့ မရတဲ့ လူတွေအတွက်ကတော့ မြို့ပြ ချဲ့ထွင်လာခြင်းရဲ့ အကျိုးဆက်ကို ခံစားရတာပါ”

The Voice Weekly

Written by  ဖြိုးဖြိုးဇော်


Samsung ကုမ္ပဏီမှ Apple ကုမ္ပဏီသို့ နစ်နာကြေး အမေရိကန်ဒေါ်လာ ၁၁၉.၆ မီလျံ ပေးဆောင်ရန် တရားရုံး စီရင်ချက်ချ


မူပိုင်ခွင့် နှစ်ခုအားချိုးဖောက်မှုဖြင့် Samsung သည် Apple သို့ နစ်နာကြေး အမေရိကန်ဒေါ်လာ ၁၁၉.၆ မီလျံ ပေးဆောင်ရန်အတွက် အမေရိကန်
တရားရုံးမှ အမိန့် ချမှတ်ခဲ့သည်။

ကာလီဖိုးနီးယား ဂျူရီမှ နည်းပညာ ကုမ္ပဏီကြီး နှစ်ခုပါဝင် ပတ်သက်နေသည့် နောက်ဆုံး တရားစီရင်မှုများနှင့် ပတ်သက်ပြီး ၎င်းစီရင်ချက်ကို
ဆန်ဂျိုဆေးရှိ ဗဟိုတရားရုံးသို့ သောကြာနေ့တွင် ပေးပို့ခဲ့ခြင်း ဖြစ်သည်။

လနှင့်ချီ ကြာမြင့်ခဲ့သော တရားစွဲဆိုမှုတွင် Apple မှ ရရှိထားသော စမတ်ဖုန်း အင်္ဂါရပ်အချို့၏ မူပိုင်ခွင့်ကို Samsung မှ ဖောက်ဖျက်နေကြောင်း စွပ်စွဲ
ပြောဆိုမှုများ ပြုလုပ်ခဲ့သည်။ ၎င်းရုံးမှပင် Apple သည် Samsung ၏ မူပိုင်ခွင့်ကို ချိုးဖောက်ခဲ့ကြောင်း တွေ့ရှိခဲ့ပြီး နစ်နာကြေးအတွက် အမေရိကန်ဒေါ်လာ
၁၅၈၀၀၀ ကို ပေးဆောင်ရန် စီရင်ချက် ချခဲ့သည်။

Apple ကုမ္ပဏီသည် “Slight to Unlock” စသည့် လုပ်ဆောင်မှုမျိုး ပါဝင်သော ၎င်း၏ မူပိုင်ခွင့် ၅ ခုအား Samsung မှ ဖောက်ဖျက်ခြင်းအတွက် နစ်နာကြေး
အမေရိကန်ဒေါ်လာ ၂.၂ ဘီလျံကို တောင်းဆိုထားခဲ့သည်။ မည်ကဲ့သို့မျှ မှားယွင်းလုပ်ဆောင်မှုမျိုး မရှိခဲ့ကြောင်း Samsung မှ ငြင်းပယ်ထားပြီး ၎င်းမူပိုင်ခွင့်
ရရှိထားသည့် ကင်မရာ အသုံးပြုမှု၊ ဗွီဒီယို ထုတ်လွှင့်မှုများနှင့် ဆက်နွယ်၍ Apple မှ ချိုးဖောက်ခဲ့ကြောင်း ပြန်လည် စွပ်စွဲထားပြီး နစ်နာကြေး အမေရိကန်
ဒေါ်လာ ၆ မီလျံကို တောင်းဆိုထားသည်။

“ ပုံမှန် စံနှုန်းတွေအရဆိုရင် စီရင်ချက် ပမာဏဟာ များပြားလွန်းပေမဲ့လည်း ဒီရလဒ်ဟာ Apple ရဲ့ အောင်မြင်မှုလို့တော့ ပြောဖို့ ခက်ပါတယ် ” ဟု Samsung
ပေးဆောင်ရမည့် လျော်ကြေးနှင့် ပတ်သက်ပြီး စန်တာကလဲရာ တက္ကသိုလ်မှ ဥပဒေ ပါမောက္ခ ဘရိုင်ယန်လဗ်မှ ပြောဆိုခဲ့သည်။ ၎င်းပမာဏသည် Apple မှ
တောင်းဆိုထားသည့် နစ်နာကြေး၏ ၁၀ ရာခိုင်နှုန်းအောက်ပင် လျော့နည်းပြီး တရားစွဲဆိုမှု ကုန်ကျစရိတ် ပမာဏကိုပင် ကျော်ဖြတ်ရန် မလွယ်ကူကြောင်းလည်း
ပြောဆိုသွားခဲ့သည်။

Apple ကုမ္ပဏီနှင့် Samsung ကုမ္ပဏီတို့သည် နိုင်ငံပေါင်းများစွာတွင် မူပိုင်ခွင့်များနှင့် ပတ်သက်ပြီး နှစ်အနည်းငယ်ခန့်ကတည်းက အပြန်အလှန် တရားစွဲဆို
မှုများကို ပြုလုပ်လျက် ရှိသည်။ လွန်ခဲ့သော နှစ်နှစ်ခန့်ကလည်း Samsung မှ Apple သို့ နည်းပညာ အသုံးပြုမှု နစ်နာကြေး အမေရိကန်ဒေါ်လာ ၉၃၀ မီလျံကို
ပေးဆောင်ရန် သီးခြား တရားရုံးမှ ချမှတ်ခဲ့သေးသည်။ ၎င်းစီရင်ချက်အား Samsung မှ ယနေ့ထက်တိုင် ဆက်လက် တိုက်ခိုက်လျက် ရှိသည်။

Ref: BBC

The Myanma Age


သီချင်းစာသားတွေ ခိုးယူမှုနဲ့ အပြုံလိုက် တရားစွဲဆိုခံလိုက်ရတဲ့ နာမည်ကြီးကြီးများ



သီဟနိုင် on 2014-05-03 12:08  

ခင်ဗျားသာ နာမည်ကြီးကြီး တစ်ယောက်ဖြစ်ခဲ့မယ်ဆိုရင် လူထုရဲ့စိတ်ဝင်စားမှု ခံနေရခြင်းဟာ အဓိပ္ပါယ်မရှိတဲ့ အရာတွေ အများကြီး ဖြစ်လာနိုင်ပါတယ်။ ဒီနေ့ဖြစ်သွားတဲ့ Beyonce နဲ့ Jay Z တို့ရဲ့ အမှုလိုပေါ့။ လူတစ်ယောက်က သံတိုင်တွေရဲ့နောက်မှာ ကျရောက်နေတုန်း သူ့ရဲ့ သီချင်းစားသားတွေကို Jay Z နဲ့ Beyonce တို့က ခိုးယူပါတယ်လို့ တရားစွဲပြီး ကန်ဒေါ်လာ သန်း ၂ထောင်အတွက် လို့သိရပါတယ်။

ကယ်လီဖိုးနီးယားပြည်နယ် အကျဉ်းထောင် Corcoranမှာ လက်ရှိအချုပ်ကျနေတဲ့ Richard Dupreeဟာ ဧပြီ ၂၁ရက်နေ့က ခရိုင်တရားရုံးမှာ  Beyonce နဲ့ Jay Z တို့စုံတွဲ၊ Chris Brown, Kanye West နဲ့ Rihanna တို့ကို တရားစွဲဆိုမှုတစ်ရပ် ပြုခဲ့ပါတယ်။

Richard Dupree ရဲ့ ပြောကြားချက်အရ Jay Z နဲ့ Beyonce တို့ဟာ CIA, FBI နဲ့ ပြည်တွင်းလုံခြုံရေး တို့နဲ့ပေါင်းပြီး သူနဲ့ သူ့ရဲ့ သီချင်းတွေကို ထောက်လှမ်းစုံစမ်းနေခဲ့ကြောင်းနဲ့ Chris Brown, Kanye West, Rihanna တို့ဟာ ယင်းကိစ္စမှာ ပူးပေါင်းကြံစည်သူတွေ အဖြစ်ပါဝင်ကြောင်း သိရပါတယ်။

Richard Dupreeဟာ ကန်ဒေါ်လာ သန်း ၂၀၀၀ ကိုလိုချင်တဲ့အပြင်၊ သူ့ကို ထောင်ကနေချက်ခြင်း လွှတ်ပေးဖို့ကိုလည်း အလိုရှိနေပါတယ်။

ဒီအဖြစ်အပျက် တစ်ခုလုံးဟာ ရူးကြောင်ကြောင်နိုင်သလောက် Jay Zဟာလည်း တရားစွဲဆိုခံရမှုတွေနဲ့ စိမ်းသူတစ်ယောက် မဟုတ်တော့ပါဘူး။

Ref:theboombox.com
Trend Myanmar


နစ်မြုပ်သွားသော ကူးတို့သင်္ဘောမှ ရုပ်အလောင်းများ ဆယ်ယူမှုဆိုင်းငံ့


ဆိုးလ် မေ ၃

တောင်ကိုရီးယားနိုင်ငံ၏ ကမ်းလွန်ပင်လယ်ပြင်၌ လွန်ခဲ့သည့်လက နစ်မြုပ်သွားသော ကူးတို့ သင်္ဘော အတွင်းမှ ရုပ်အလောင်းများ ဆယ်ယူသူသည့်လ့်လုပုပ်င်ငန်းကို လှိုင်းလေပြင်းထန်မှုကြောင့် ဆိုင်းငံ့ထား လိုက်ရ ကြောင်း ကမ်းရိုးတန်း စောင့်တပ်ဖွဲ့ ပြောရေးဆိုခွင့်ရှိသူတစ်ဦးကမေ ၃ရက် တွင် ပြောကြား သည်။

ကျောင်းသူ၊ ကျောင်းသားအများစုလိုက်ပါလာခဲ့သော ကူးတို့သင်္ဘောနစ်မြုပ်ခဲ့ပြီးနောက် ၁၇ရက်အကြာတွင် ရုပ်အလောင်းများဆယ်ယူသည့်လုပ်ငန်းကို ဆိုင်းငံ့ထားလိုက်ရခြင်းဖြစ်သည်။

ယင်းသင်္ဘောနစ်မြုပ်မှုတွင်၂၂၈ ဦးသေဆုံးပြီး ၇၄ ဦးပျောက်ဆုံးနေကြောင်း အစိုးရတာဝန်ရှိသူများက အတည်ပြုပြောကြားသည်။ ပျောက်ဆုံး နေသူ အများအပြားကိုရှာဖွေတွေ့ရှိရန် လွယ်ကူမည်မဟုတ်ဟုဆိုသည်။

မေ ၂ ရက်ညနှင့် မေ ၃ရက် နံနက်အစောပိုင်းတို့က လှိုင်းလေပြင်းထန်နေ မှုကြောင့်ရှာဖွေရေးအဖွဲ့ဝင် ရေငုပ်သမားများ
ရေငုပ်နိုင်ခြင်း မရှိကြောင်း၊ ရေစီးသန်ခြင်း၊ လေပြင်းတိုက်ခတ်နေခြင်း

တို့ကြောင့် ရေငုပ် သမားများ စောင့်ဆိုင်းနေကြရကြောင်း ကမ်းရိုးတန်းစောင့် တပ်ဖွဲ့ပြောရေးဆိုခွင့်ရှိသူ ကိုမြောင်ဆွတ်က သတင်းထောက် များအား ပြောကြားသည်။

ရှာဖွေရေးလုပ်ငန်းတွင် ရေငုပ်သမား၁၀၀ ကျော်ပါဝင်ပြီး ၎င်းတို့သည် အသက်ဘေး အန္တရာယ်ကြီးမား သောအခြေအနေ တွင် လုပ်ကိုင်ကြရကြောင်း၊ ရေမျက်နှာပြင်အောက်မီတာ ၄၀ အနက် ပင်လယ်ကြမ်းပြင်ပေါ် တွင်ကူးတို့သင်္ဘောမှာ တစောင်းအနေအထားဖြင့်နစ်မြုပ်နေကြောင်း ၎င်းကပြောကြားသည်။

ရိုက်တာ။

MOI Webportal Myanmar


သံပုရာရည်ကို တစ်နေ့တစ်ခွက် သောက်သင့်ပါတယ်

Photo: သံပုရာရည်ကို တစ်နေ့တစ်ခွက် သောက်သင့်ပါတယ်

တစ်ခွက်လောက် ဆိုရင်တော့ အဆ်င်ပြေပါတယ်။ တစ်ခွက်ထက် ပိုသောက်ရင်တော့ မကောင်းပါဘူး။
သံပုရာရည်ဟာ အမောပြေစေပြီး ခန္ဓာကိုယ် အလေးချိန်ကိုလည်း လျော့ကျပေးနိုင်ပါတယ်။ အစာကြေညက်မူ အတွက် အထောက် အကူပြုစေပြီး အသားအရေကို ကြည်လင်စေလို့ မှီဝဲသင့်ပါတယ်။
ဒါ့အပြင် အသည်းကို သန့်စင်ပေးနိုင် ပါတယ်။ သံပရာသီးမှာ ဗီတာမင်စီများစွာ ပါဝင်ပါတယ်။ အန္တရာယ်ပေးနိုင်တဲ့ အဆိပ်တွေကို ဖယ်ရှားပေးနိုင်ပြီး အမူးအမောကို ပြေစေနိုင်ပါတယ်။ရေဓာတ်ခန်းခြောက်မူ အတွက်လည်း ကောင်းမွန်စေ ပါတယ်။
ကျော်လင်းနိုင်

သံပုရာရည်ကို တစ်နေ့တစ်ခွက် သောက်သင့်ပါတယ်

တစ်ခွက်လောက် ဆိုရင်တော့ အဆ်င်ပြေပါတယ်။ တစ်ခွက်ထက် ပိုသောက်ရင်တော့ မကောင်းပါဘူး။
သံပုရာရည်ဟာ အမောပြေစေပြီး ခန္ဓာကိုယ် အလေးချိန်ကိုလည်း လျော့ကျပေးနိုင်ပါတယ်။ အစာကြေညက်မူ အတွက် အထောက် အကူပြုစေပြီး အသားအရေကို ကြည်လင်စေလို့ မှီဝဲသင့်ပါတယ်။
ဒါ့အပြင် အသည်းကို သန့်စင်ပေးနိုင် ပါတယ်။ သံပရာသီးမှာ ဗီတာမင်စီများစွာ ပါဝင်ပါတယ်။ အန္တရာယ်ပေးနိုင်တဲ့ အဆိပ်တွေကို ဖယ်ရှားပေးနိုင်ပြီး အမူးအမောကို ပြေစေနိုင်ပါတယ်။ရေဓာတ်ခန်းခြောက်မူ အတွက်လည်း ကောင်းမွန်စေ ပါတယ်။

ကျော်လင်းနိုင်


မြန်မာ့ဆေးဖက်ဝင် တရုတ်စံကား ပင်

        

Item Name ------- Pagoda Tree ၊ WhiteYellow Plumeria (တရုတ်စံကား)
Category ---------- Raw Material
Botany Term ----- Plumeria acutifolia Poir
Species Family --- Apocynaceae

အလွန် အေးမြ သော တောင်ပေါ် ဒေသ မှ အပ မြန်မာ နိုင်ငံ နေရာ အနှံ့ အပြား တွင် ပေါက် ရောက်သည်။ သဘာဝ အလျောက် ပေါက်ရောက် သည်။

အပင်

အပင် ငယ်မျိုး ဖြစ်သည်။ အမြင့် ပေ ၂၀ ထိ မြင့်သည်။ အကိုင်း များတွင် နို့နှစ် ရောင် အစေး ထွက်သည့် အခေါက် ရှိသည်။အကိုင်း များ အောက် ခြေ မှ စ၍ ဖြာထွက်သည်။ အခေါက် မွဲပြာ ရောင် ရှိ၍ ချောမွတ် သော်လည်း အပွေး ရှိ၏ ။

အရွက်

အရွက် များ အကိုင်း ထိပ် တွင် စု၍ ပတ်လည် ထွက် သည်။ အလျား ၁ ပေ ခန့် ထိရှည် သည်။ ရွက်ပြား ချောသည်။ ရွက်ရင်း သိမ်၍ ရွက်ထိပ် တွင် ချွန်သည်။ ရွက်နား ညီသည်။ ရွက်ညှာ ရှည်၍ အလယ်တွင် မြောင်း တိမ် သို့မဟုတ် အစင်းကြောင်း ပါသည်။

အပွင့်

အချင်း ၂ လက်မ ခန့် ရှိသည် ။ပွင့်ဖတ် ၅ ခု ပါရှိ သည်။ အနံ့ မွှေးကြိုင် သည် ။အလယ် တွင် အ၀ါနု ရောင် ၊ အစိမ်းရောင် ၊ ပန်းရောင် ၊ အမွေးနု ကလေးများ ရှိသည် ။ အပြင် ဘက်တွင် ပန်းရောင် သမ်းနေ တတ်သည်။ ကဆုန်လ၊ နယုန်လ များတွင် ပွင့်သည်။

အသီး

ဦးချို သဏ္ဍာန် ရှိသော အသီး တောင့် ဖြစ်သည်။ နှစ်ခုတွဲ သီးသည်။ အလျား ၈ လက်မ ခန့် ရှိသည်။ တွဲလောင်း ကျနေသော အညှာတွင် အတွဲ လိုက်သီး သည် ။ အစေ့ကို တွေ့ရ ခဲသည်။ ၀ါခေါင် ၊ တော်သလင်း တွင် သီးသည်။

အသုံးဝင်ပုံ

အစေး ၊ အပွင့် ၊ အရွက်။

အာနိသင်

မြန်မာ ဆေးကျမ်း များ အလို အရ တရုတ် စံကား သည် စပ်၊ ခါး ၊ ဖန်သော အရသာ ရှိ၍ ပူသော သတ္တိ ရှိ၏ ။ ဆီး ၊ ၀မ်း ကို ရွှင် စေသည်။ သလိပ် လေကို ကြေစေသည်။ နူနာ ၊ အနာပေါက် ၊ ၀မ်းဗိုက် ရောဂါ တို့ကို ပျောက်ကင်း စေနိုင်သည်။

အစေးအသုံးပြုပုံ

၁ ။ တရုတ် စံကား ပင်၏ အခေါက် နှင့် အကိုင်း မှ ထွက်သော နို့နှစ် ရောင် အစေးကို ၀မ်းနုတ် ဆေး အဖြစ် သုံးသည်။
၂။ တရုတ် စံကား ပင်မှ ထွက်သော နို့နှစ် ရောင် အစေး သည် ၀မ်းဗိုက် ရောင် ရောဂါ ၊ ၀မ်းဗိုက် ထိုးအောင့် ရောဂါ ကို ပျောက်ကင်း စေ၏

အပွင့် အရွက်အသုံးပြုပုံ

၁ ။ တရုတ် စံကား ရွက်ကို စားခြင်း ဖြင့် လည်းကောင်း ၊ အပွင့် ကို ပြုတ်တို့ ခြင်းဖြင့် လည်းကောင်း ၊ မန်ကျည်း ရည်နှင့် ပြုတ်၍ သနပ် လက်သုပ် လုပ်စား ခြင်းဖြင့် လည်းကောင်း ဆီးဝမ်းကို ရွှင်စေ၍ သလိပ် လေကို ကြေစေသည်။

Credit > မြန်မာ့ဆေးဖက်ဝင်အပင်များ


နှစ်ခါ မရှုံးပါစေနဲ့

          

------------
ကိုယ့်ကို သူများက အပြစ်ပြောလာ၊ ကဲ့ရဲ့ ရှုတ်ချလာ၊ တိုက်ခိုက်နှောက်ယှက်လာတဲ့အခါ အဲဒီအရာတွေအပေါ်မှာ လိုက်ခံစားပြီး တုန်လှုပ်ခြောက်ခြားမှုတွေ မဖြစ်ပါစေနဲ့။ ဖြစ်သွားရင် တိုက်ခိုက်သူတွေရဲ့  တိုက်ပွဲမှာ ကိုယ်ကကျရှုံးသွားတာပါပဲ။ သူတို့က ကိုယ့်ကိုအဲဒီလိုဖြစ်အောင် တမင်လုပ်နေတာဖြစ်တဲ့အတွက် ကိုယ်ကပါသွားရင် သူတို့အနိုင်ရသွားမှာဖြစ်ပြီး ကိုယ်ကတော့ ကိုယ့်ရဲ့ခံနိုင်ရည်ရှိမှုလည်းရှုံး၊ သူတို့တိုက်ပွဲမှာလည်း ရှုံးသွားတာဖြစ်တဲ့အတွက် နှစ်ခါရှုံးသွားတော့တာပါ။

တိုက်ခိုက်တဲ...့သူဆိုတာကတော့ သူ့အလုပ်သူလုပ်မှာပါပဲ။ ကိုယ့်ဘက်ကတော့ ဘယ်လိုပဲတိုက်တိုက် ခံနိုင်ရည်ရှိအောင် နေလိုက်ဖို့ပဲ ဖြစ်ပါတယ်။ ဘယ်လိုအာရုံ၊ ဘယ်လိုကြုံကြုံ ကိုယ့်ဘက်က လက်ခံမှဖြစ်တာပါ။ လက်မခံရင် ဘာမှမဖြစ်ပါဘူး။ ဆိုပါစို့။ တိုက်ခိုက်သူက စကားနဲ့တိုက်ခိုက်တဲ့အပေါ်မှာ ကိုယ်ကလိုက်ခံစားမိရင် ဒါဟာ ကိုယ်ကလက်ခံလိုက်တဲ့ သဘောပါပဲ။ လက်ခံရင် လက်ခံတဲ့သူကအရှုံး၊ ပြီးတော့ အဲဒီအာရုံအပေါ်မှာ ထပ်ပြီးခံစားနေမယ်ဆိုရင်လည်း နောက်ထပ်တစ်ခါ ထပ်ရှုံးတော့တာပေါ့။

ဒါကြောင့် ဘဝမှာ အခါခါ မရှုံးမိစေဖို့ ကြုံလာသမျှ အာရုံတွေမှာ လိုက်ပြီးမခံစားမိပါစေနဲ့၊ အကျိုးမရှိတဲ့ အရာတွေအပေါ်မှာ ဘယ်သူက ဘယ်လိုပေးပေး၊ ဘယ်လိုတိုက်ခိုက်တိုက်ခိုက် ကိုယ့်ဘက်ကတော့ လက်မခံမိပါစေနဲ့၊ မယူမိပါစေနဲ့။ ယူမိရင် အပူမိတတ်ပြီး အပူမိရင် အတူညှိဖို့လည်း မဖြစ်တော့တာကို သတိပြုဆင်ခြင်လို့ အရှိတရားကို အသိတရားနဲ့ ညှိကြဖို့ပဲ ဖြစ်ပါတယ်။

မေတ္တာဖြင့်
မနာပဒါယီ အရှင်ဝိစိတ္တ


အူမကြီး ရောင်ရမ်းမှု ဖြစ်စေသည့် အကြောင်းများ


 
 - ပါမောက္ခ ဦးအေးမွန် (ခွဲစိတ်ဆရာဝန်ကြီး) -

အူမကြီးရောင်ရမ်းတာက အဖြစ်များပါတယ်။ ဆေးရုံ၊ ဆေးခန်းတွေမှာ အမြဲတွေ့နေရပါတယ်။ လူနာတွေက အူမကြီး ရောင်ရမ်းမှု ဖြစ်ရင် အထူးကု ဆရာဝန်နဲ့ လာပြလေ့ရှိပါတယ်။ အူမကြီး ရောင်ရမ်းမှု ဖြစ်စေတဲ့ အကြောင်း အများကြီး ရှိပါတယ်။ အဖြစ်အများဆုံး အကြောင်းကတော့.....

ပိုးမွှား၊ ဘက်တီးရီးယား၊ ဗိုင်းရပ်စ်နဲ့ ကပ်ပါးပိုး (Parasite) တွေကြောင့် ဖြစ်တတ်ပါတယ်။

အစားအသောက်ဟာ မသန့်ရှင်းတဲ့ အစားအသောက် ဖြစ်ရင်၊ အပူအစပ်စာ စားမိရင်၊ ပိုးပါဝင်ရင် အူမကြီး ရောင်ရမ်းတတ်ပါတယ်။ အထူးသဖြင့် တချို့လူတွေမှာ အသုပ်၊ အချဉ်နဲ့ အစပ်စာတွေ စားမိရင် ဖြစ်တတ်ပါတယ်။

တချို့ဓါတ်ပစ္စည်း (Chemical) တွေနဲ့ မတည့်တာမျိုးပါ။

ကိုယ်နဲ့ မတည့်တဲ့ ဓါတ်ပစ္စည်းပါတဲ့ အစာတွေကို စားမိရင် အူမကြီးရောင်တတ်ပါတယ်။ တချို့လူတွေမှာ ပင်လယ်စာကို စားမိရင် ပင်လယ်စာနဲ့ မတည့်တာကြောင့် ဝမ်းပျက်တာနဲ့ အော့အန်တာတွေ ဖြစ်တတ်သလိုမျိုးပါပဲ။

တချို့လူတွေကျတော့ အသက်ကြီးလာတဲ့အခါ သွေးကြောကျဉ်းပြီး သွေးမဝတာကြောင့် အူရောင်တတ်ပါတယ်။

ဒါကို Ischaemic Colitis လို့ ခေါ်ပါတယ်။ ဒီရောဂါ အမျိုးအစားက နိုင်ငံခြားသားတွေမှာ အဖြစ်များပါတယ်။ အသက်ကြီးလာတဲ့အခါ နှလုံးသွေးကြောကျဉ်း ရောဂါရှိသူတွေမှာလည်း အဖြစ်များပါတယ်။

အူမကြီးရောင်တာက မျိုးရိုးဗီဇနဲ့လည်း ပတ်သက်မှု ရှိပါတယ်။

မျိုးရိုးဗီဇကြောင့် ဖြစ်တဲ့ အူမကြီး ရောင်ရမ်းတာက သူများထက်ပိုပြီး ဖြစ်လွယ်တတ်ပါတယ်။

တချို့ဆေးဝါးတွေကြောင့်လည်း အူမကြီး ရောင်တတ်ပါတယ်။

အူမကြီးရောင်ရင် အများအားဖြင့် ဝမ်းဗိုက်ဘယ်ဘက်ခြမ်းက အောင့်တာ များပါတယ်။ ဘယ်ဘက်ခြမ်းမှာ အောင့်ရင် ကပ်ပါးပို့ (Amoebiasis) ကြောင့် ဖြစ်တာ များပါတယ်။ ဝမ်းဗိုက်အပေါ်ဘက် အောင့်တာဆိုရင်တော့ သွေးကြောကျဉ်းလို့ သွေးမဝတဲ့ အခြေအနေကြောင့် အူမကြီးရောင်တာ ဖြစ်တတ်ပါတယ်။ တကယ်လို့ ဝမ်းဗိုက်ရဲ့ ညာဘက်အောက်ခြေမှာ နာတယ်ဆိုရင် အူအတက်ရောင်တာနဲ့ လွဲမှားတတ်ပါတယ်။

အူမကြီး ရောင်ရမ်းမှုနဲ့ ပတ်သက်ပြီး အထူးသိစေချင်တာက အူမကြီး ရောင်တာက နာတာရှည် ဖြစ်နေရင် ကင်ဆာဖြစ်နိုင်ပါတယ်။ ဒါကြောင့် ဝမ်း မကြာခဏ ပျက်တယ်၊ ဝမ်းသွားရင် သွေးပါတယ်ဆိုရင် ဆရာဝန်နဲ့ အမြန်ဆုံး ပြသဖို့ လိုပါတယ်။ အူမကြီးကို မှန်ပြောင်းနဲ့ ကြည့်တဲ့ စစ်ဆေးမှုး (Colonoscopy) ခံယူသင့်ပါတယ်။ လိုအပ်ရင် ကုသမှုကို အမြန်ဆုံး ခံယူသင့်ပါတယ်။

Ref : ပါမောက္ခ ဦးအေးမွန် (ခွဲစိတ်ဆရာဝန်ကြီး)
 


အလှပလေးတွေ တိုးလာအောင် လုပ်ဆောင်ချက်လေးများ



လူတစ်ယောက်ရဲ့ မျက်နှာလေး တစ်ခုဟာလည်း သိပ်ကို အရေးကြီးပါတယ်။ လှလှ မလှလှ ပုံစံ ကျကျ မကျကျ တစ်ခုချင်း အစိတ်အပိုင်း တွေက ကြည်လင်နေမယ်။ ရှင်းသန့် သပ်ရပ်နေရမယ်။
သွားလေးဆိုလည်း ဖွေးနေမယ်။ မျက်နှာ အသားအရေဟာလည်းကြည်လင်နေမယ် စသဖြင့် အစိတ်အပိုင်း တိုင်းဟာ ရှင်းသန့် နေမယ်ဆိုရင် အများအလယ်မှာ တင့်တယ် ပါလိမ့်မယ်။
0501Beauty

သွားလေးတွေ ပုလဲစီသလို လှပအောင်

ပုလဲလေးတွေ စီသလို သွားလေးတွေ ဖွေးသန့် ဖို့  ဈေးကြီးတဲ့ သွားတိုက်ဆေးတွေ ၀ယ်မ သုံးနိုင်ရင် ၀မ်းမနည်းပါနဲ့ ။ သံပုရာ ရည်တစ်ဇွန်း၊ ဆိုဒါတစ်ဇွန်း၊ ဆားဇွန်းဝက် ရှိရင် ဖြူဖွေးလှပအောင် စွမ်းဆောင်နိုင်တဲ့ သွားတိုက်ဆေး ကို ရရှိနိုင် ပါတယ်။ ဒီပစ္စည်း သုံးမျိုးကို ရောမွှေပြိးရင်မနက် ည နှစ်ကြိမ် တိုက်ပါ။ အကုန်သက်သာတဲ့နည်းနဲ့  မယုံရင် စမ်းကြည့်ဖြူဖွေး တောက်ပ နေစေရမယ်လို့ အာမခံပါတယ်။

အသားမာတက်ပြီး အမဲစွဲနေရင်

ဒူး တံတောင်ဆစ် ခြေမျက်စိတွေဟာ မည်းမယ်ဆိုတာချည်းပါပဲ။ စိတ်ညစ်ဖိုကောင်းပါတယ် လို့  ညည်းနေမယ့် အစား ဒါလေး နဲ့  လုပ်ကြည့် လွယ်လွယ်လေးပါ။သံပုရာသီးပဲ လိုပါ တယ်။ သံပုရာသီးကို ထက်ပိုင်းပိုင်းပြီး အဲဒီ သံပုရာခြမ်းနဲ့ နေ့ စဉ် ပုံမှန် ပွတ်တိုက်ပေးပါ။ ထူးခြား သိသာစွာ အညိုအမဲအသားမာတွေ လျော့ပါး ပျောက်ပျက် သွားပါလိမ့်မယ်။

မျက်ကွင်းညိုရင်

မျက်ဝန်းတ၀ိုက် ညိုပြီး အကြည့်ရဆိုးနေလို့  မိတ်ကပ်လိမ်းရင်လည်းမျက်ကွင်းညိုပြီး ထင်း ထင်းကြီး ဖြစ်နေလို့  စိတ်ညစ်နေ တဲ့သူတွေ အတွက်မျက်ကွင်းညို မျက်အိတ်တွဲ တာတွေ ပျောက်ဖို့  ဈေးကြီးတာတွေ ၀ယ်မသုံးပါနဲ့။ မီးဖိုထဲက အာလူး တစ်လုံးနဲ့ တင် ကိစ္စပြီးပါ တယ်။ အာလူးကို အခွံနွာ၏အသားတွေကို ပါးပါးလှီး နုတ်နုတ်စဉ်း လက်နဲ ဆုပ်ပြီး အရည် ညှစ်ပြီးရင်အာလူးဖတ်တွေကို မျက်လုံးတ၀ိုက်ကို အုံပေးပါ။ ၁၀မိနစ်လောက်တော့ ကြာ အောင်ထားပါ။ အဲဒါကို နေ့ စဉ် (သို့ ) ရက်ခြား ဆိုသလို အုံပေးရင် မျက်ကွင်း ညိုခြင်း ကနေ ကင်းဝေး ပါလိမ့်မယ်။

ရင်းနေတဲ့ ၀က်ခြံများ ညှိုးသွားအောင်

ဝက်ခြံ ပေါက်နေပြီး ညှစ်ပြန်တော့လည်း အမာရွတ် ထင်ပြီး ရင်းဦးမယ်။လွယ်ပါတယ်။ ၀က်ခြံထိပ်ကို ပျားရည် စွတ်ထားတဲ့ ဂွမ်းလေးနဲ့  တို့ ပေးပါ။ ၀က်ခြံ ညှိုးခြောက်ပြီး သူ့ အလို လို အဆံ ထွက်သွားပါလိမ့်မယ်။

အသားပတ်တဲ့ အခါ ခရမ်းချဉ်သီးကို သတိရပါ

ဒီကိစ္စကို ခရမ်းချဉ်သီးက လုံးဝ တာဝန်ယူနိုင်ပါတယ်။ ခရမ်းချဉ်သီးကိုထက်ခြမ်းခြမ်း အထဲက အဆန်တွေကို ထုတ် အနှစ် ချည်း သီးသန့် နဲ့  မျက်နှာကိုပွတ်တိုက် လိမ်းကျံ ပေးပါ။ ၁၀ မိနစ်လောက် နေရင် ရေနွေးနွေးနဲ့  ဆေးချပါ။အသားပတ်တဲ့ အခါတိုင်း လုပ်ပေးရင် မျက်နှာ အသားအရေပါ ကြည်လင် ချောမွေ့ သွားလိမ့်မယ်။

နေလောင်ရင် နွားနို့ သုံး

နွားနို့ နဲ့  ရေချိုးပြီး အသားအရေကို ထိန်းသိမ်းတဲ့ခေတ် ဆိုတာရှိခဲ့ပါတယ်။ နွားနို့ နဲ့ ရေချိုးပါလို့ တော့ မတိုက်တွန်း ချင်ပါဘူး။အကုန်အကျ များလို့  ချောက်တွန်းတယ် ထင် မှာ စိုးလို့ ပါ။ ဒါပေမဲ့ပင်လယ်ကမ်းစပ် သွားလို့ ပဲ နေလောင်လောင်၊ နေပူထဲ သွားလို့ ပဲ အသားမဲမဲ နွားနို့ ကို ကြွက်ကြွက်ဆူအောင် ကြိုပြီးရင် အအေးခံ မလိုင်ကို စားပစ်ပါ။ မလိမ်း ပါနဲ့  နှမျောစရာကြီး ပြီးမှ ဂွမ်းစလေးနဲ့  နေလောင်တဲ့ နေရာကိုပွတ်သပ် လိမ်းကျံ ပေးပါ။ မိနစ် အနည်းငယ် ကြာရင် ရေဆေးလိုက်ပါ။ လုပ်လေ၊ အကျိုးရှိလေ ဆိုတာ လုပ်ဖူးရင် သိသာလာပါလိမ့်မယ်။

<<<OW
 
royalheromedia


မျက်နှာပေါ်က အမည်းစက်တွေ ကင်းအောင်


 
မျက်နှာပေါ်မှာ အမည်းစက်တွေ ထင်ကျန်မှု ကင်းစေဖို့ ဂရုစိုက် သင့်တဲ့ အချက်လေးတွေ ရှိပါတယ်။

၁)မျက်နှာပေါ်က ဝက်ခြံနဲ့ အဖုတွေကို ညှစ်တာမျိုး လက်သည်းနဲ့ ကုတ်ဖဲ့ လိုက်တာမျိုးကို ရှောင်ပါ။

၂)ဝက်ြခံ တွေကို ချွန်ထက်တဲ့ အရာတွေနဲ့ ထိုးဖောက် တာမျိုးလို အကျင့်တွေကြောင့် ရောဂါပိုး ဝင်တတ် ပါတယ်။

၃)မျက်နှာပေါ်မှာ ဝက်ခြံ အများကြီး ပေါက်နေချိန်နဲ့ အဖုတွေ ပေါက်နေချိန်မှာ မျက်နှာ ကြေးချွတ် သန့်စင် တာမျိုးလို အတင်း ပွတ်တိုက်မှုတွေ မလုပ်ပါနဲ့။

၎) မျက်နှာပေါ်က အဖုနဲ့ ဝက်ခြံတွေပေါ်ကို ပူတဲ့ အဝတ်နဲ့ အုပ်တာမျိုးကို ရှောင်ပါ။

၅)အဖုတွေ ပေါ်ကို ဝက်ခြံ ပျောက်ဆေးသာ လိမ်းပေးပြီး တခြား လောင်ကျွမ်းစေတဲ့ ဆေးတွေကို အစက်ချ လိမ်းပေးတာ မျိုးရှောင်ပါ။

၆)ဝက်ခြံနဲ့ အဖုတွေပေါ်ကို ရေအေးဝတ် ဒါမှမဟုတ် ရေခဲနဲ့ တစ်နေ့ကို နှစ်မိ နစ်လောက် ကပ်ပေးတာက ရောင်ရမ်းမှု ကိုကျစေပြီး ဝက်ခြံ သက်သာ စေပါတယ်။

Royal Hero Media



တရုတ်နိုင်ငံတွင် ဆောက်လက်စ တံတားပြိုကျ၊ လူ ၁၁ ဦး သေဆုံး


တရုတ်နိုင်ငံ ကွမ်တုံပြည်နယ် ကောင်းကျိုးမြို့ပြင်က တစိတ်တပိုင်းပဲ ဆောက်လက်စ တံတားခုံးတခု မေလ ၃ ရက်နေ့က ပြိုကျခဲ့လို့လူ ၁၁ ယောက် သေဆုံးပြီး ၁၅ ယောက် ဒဏ်ရာရပါတယ်။

၅ ယောက်က ပွဲချင်းပြီး သေဆုံးတာ ဖြစ်ပြီး တခြား ၆ ယောက်ကတော့ ဒဏ်ရာတွေကြောင့် ဆေးရုံမှာ သေဆုံးတာလို့ လက်ခံကုသပေးတဲ့ ဒေသခံဆေးရုံက ဆိုပါတယ်။

ဒဏ်ရာရသူ ၁၅ ယောက်ထဲက ၈ ယောက်ကတော့ အခြေအနေ စိုးရိမ်ရတယ်လို့ ဆေးရုံဝန်ထမ်းတွေက ပြောပါတယ်။

သေဆုံးသူတွေကတော့ ပြိုကျချိန်မှာ တံတားပေါ်မှာ ရှိနေတဲ့ ဆောက်လုပ်ရေး လုပ်သားတွေဖြစ်ပါတယ်။ ဒီတံတားဆောက်ဖို့ ခွင့်ပြုချက် မကျသေးဘဲ ရွာကောင်စီက ခွင့်ပြုချက်မရှိဘဲ ဆောက်ခဲ့တာလို့ အာဏာပိုင်တွေက ပြောပါတယ်။

ဒီတံတားဟာ လမ်းကွေ့နဲ့နီးပြီး အနားမှာလည်း တခြားမြစ်ကူးတံတားတစင်း ရှိပြီးသားပါ။ တံတားအရှည် ပေ ၆၀ လောက် ပြိုကျခဲ့လို့ အပျက်အစီးတွေက မြစ်ကြမ်းပြင်မှာ ပြန့်ကျဲနေပြီး မြစ်ကြောင်း ပိတ်ဆို့ကုန်တယ်လို့ မီဒီယာတွေက အစီရင်ခံပါတယ်။

တံတားပြိုကျရတဲ့ အကြောင်းအရင်းကိုတော့ စုံစမ်းစစ်ဆေးနေဆဲလို့ ဒေသခံ အာဏာပိုင်တွေက ပြောပါတယ်။

DVB Burmese