25 May 2014

‘အတု’ ယူဖို့အတွက် ကောင်းတဲ့... ‘အစစ်’ တွေရှိဖို့ လိုတယ်

ဗိုလ်ချုပ်အောင်ဆန်းနှင့် ဘုရင်ခံဆာဟူးဘတ်ရန့်(စ်)တို့အား အခမ်းအနားတစ်ခုတွင် တွေ့ရှိရစဉ်

(ဆောင်းပါးရှင် - ဘစံကောက်)

“လူပုဂ္ဂိုလ်တစ်ယောက်ဟာ ဂုဏ်သိက္ခာရှိပြီး တကယ်လေးစားလောက်တဲ့ လူကြီးလူကောင်းတစ်ယောက် ဟုတ်၊ မဟုတ် အကဲဖြတ်ချင်ရင် အဲဒီပုဂ္ဂိုလ်က သူ့လောက်ကံမကောင်းတဲ့ လူများကို ဘယ်ပုံဆက်ဆံသလဲဆိုတဲ့ အချက်နဲ့ အကဲဖြတ်ရ ပါလိမ့်မယ်”

အထက်ပါစကား ဆိုခဲ့သူကား အမေရိကန်ပြည်ထောင်စုရှိ ငွေဝယ်ကျွန် လူမည်းနီဂရိုးများကို လူ့အောက်ကျ၊ လူ့နောက်ကျဘ၀မှ လူချင်းတူတူ သူချင်းမျှမျှ ရုန်းထရှင်သန်နိုင်အောင် ကြိုးပမ်းခဲ့သော လူမည်းတို့၏ စိတ်ဝိညာဉ်၌ တွယ်ကပ်နေသည့် အ၀ိဇ္ဇာအမှောင်ကို ဖယ်ခွာ၍ ပညာဝီရိယတို့ဖြင့် ဘ၀တိုးတက်လမ်း ရှာနိုင်အောင် ဦးစွာပထမ ဦးဆောင်လမ်းပြခဲ့သူ “ဘွတ်ကာတီ ၀ါရှင်တန်” ၏ အဆိုအမိန့် ဖြစ်ပါသည်။

“ဘွတ်ကာ” ကို အမေရိကန်ပြည်ထောင်စု ဗာဂျီးနီးယားပြည်နယ် စိုက်ခင်းတစ်ခင်းရှိ တဲအိမ်ကလေးတစ်ခု၌ ၁၈၅၆ ခု ဧပြီ ၅ ရက်တွင် မွေးဖွားခဲ့သည်။ ငယ်စဉ်ကတည်းက အစာရေစာ ၀၀လင်လင်မစားရ။ အ၀တ်အစားဟူ၍လည်း အင်္ကျီတစ်ထည်၊ ဘောင်းဘီတစ်ထည်သာ သူ့မှာရှိသည်။ ပညာဟူ၍လည်း သူ့အနီးဝန်းကျင်ရှိ လူမည်းများထဲတွင် စာရေးတတ်၊ ဖတ်တတ်သူပင် မရှိချေ။

ပြည်တွင်းစစ်ကြီးပြီးတော့ သူက ကိုးနှစ်သားအရွယ်သာ ရှိသေးသည်။ ငွေဝယ်ကျွန်ဘ၀မှ သူတို့လူမျိုးတွေ လွတ်လပ်ခဲ့သည် မှန်သော်လည်း ကျွန်ဘ၀တွင် အနေကြာခဲ့၍ ခိုင်းသမျှလုပ်၊ ကျွေးတာစားပြီး ရှင်သန်ခဲ့ရသော နီဂရိုးတို့အတွက် လွတ်လပ်သူများဘ၀တွင် စားဝတ်နေရေးအတွက် မိမိဘာသာ ရှာကြံရပ်တည်နိုင်ဖို့ ခက်ခဲကြရသည်။ ထို့ကြောင့် သူတို့ဘ၀ ရပ်တည်ရှင်သန်နိုင်ရေးအတွက် သင့်တော်မည်ထင်သော အရပ်ဒေသများသို့ ပြောင်းရွှေ့ကြသည်။ “ဘွတ်ကာ” လည်း မိခင်နှင့်အတူ အနောက်ဗာဂျီးနီးယား ပြည်နယ်ထဲသို့ ပြောင်းရွှေ့ခဲ့ကြ၏။ အနောက်ဗာဂျီးနီးယားတွင် “ဘွတ်ကာ” သည် ကျောက်မီးသွေးတွင်းများ၌ အလုပ်လုပ်၏။ သစ်ခုတ်၏။ လယ်လုပ်၏။ ညဘက်တွင် ကျောင်းတက်သည်။ သူတက်သောကျောင်းမှာ နီဂရိုးများအတွက် သီးသန့်ဖွင့်ထားသော မူလတန်းကျောင်းသာ ဖြစ်သည်။ ထိုကျောင်းကလေးမှ သင်ပေးသမျှပညာကို သင်ယူပြီးနောက် အသက် ၁၇ နှစ်အရွယ်တွင် ဗာဂျီးနီးယားပြည်နယ် “ဟင်ပတန်မြို့ရှိ နီဂရိုးများအတွက် ဖွင့်လှစ်ထားသော အဆင့်မြင့်ကျောင်းတွင် ဆက်လက်၍ ပညာသင်ရန် ထွက်လာခဲ့သည်။ မိုင်ငါးရာကျော်ဝေးသော ထိုအဆင့်မြင့်ကျောင်းသို့ ပညာသင်ရန် ထွက်လာချိန်တွင် သူ့အိပ်ထဲ၌ ငွေအနည်းငယ်သာ ပါခဲ့သည်။

“ဟင်ပတန်” ကျောင်းသို့ရောက်၍ ကျောင်းဝင်ခွင့်ပြုရန် မေတ္တာရပ်ခံသောအခါ စမ်းသပ်သည့် အနေဖြင့် အခန်းတစ်ခန်းကို တံမြက်စည်းလှည်းခိုင်း၏။ သူက အခန်းကို သုံးကြိမ်တံမြက်လှည်းပြီး လေးကြိမ်ဖုံသုတ်ပေးခဲ့သည်။ သူ့စိတ်ဓာတ်နှင့် ၀ီရိယကို သဘောကျသောကြောင့် သူ့ကိုကျောင်းသားအဖြစ် လက်ခံလိုက်ကြသည်။

ကျောင်းတက်ခွင့်ရသော်လည်း ကျောင်းစရိတ်နှင့် နေထိုင်စားသောက်ရေးအတွက် ရရာအလုပ်ကိုလုပ်ရင်း ကိုယ့်ဝမ်းကိုယ်ကျောင်း၍ ပညာသင်ခဲ့ရ၏။ “ဟင်ပတန် သိပ္ပံ” မှ ဘွဲ့ရသောအခါ ထိုကျောင်းမှာပင် ကျောင်းဆရာအဖြစ် အလုပ်ပြန်ဝင်၏။ ထိုအချိန်တွင် အမေရိကန် တောင်ဘက်စွန်းရှိ “အယ်လ်ဘားမား” ပြည်နယ်တွင် လူမည်းများအတွက် သင်တန်းကျောင်းတစ်ကျောင်း ဖွင့်လှစ်ရန် အစိုးရထံမှ ဒေါ်လာ ၂၀၀၀ အထောက်အပံ့ ရခဲ့သည်။ ထိုကျောင်းအတွက် လိုအပ်လျက်ရှိသည့် ကျောင်းအုပ်ရာထူးကို “ဘွတ်ကာ” လက်ခံရရှိခဲ့ပြီး အယ်လ်ဘားမားပြည်နယ် “တပ်စ်ကီဂီး” သို့ ထွက်ခွာလာခဲ့၏။ သူရောက်တော့ ထိုနေရာတွင် ကျောင်းပင်မဆောက်ရသေးချေ။ ဘွတ်ကာက စိတ်မပျက်၊ အားမလျှော့ ဘုရားရှိခိုးကျောင်း တစ်ကျောင်းတွင် ယာယီကျောင်းဖွင့်ပြီး စာသင်မည့် နီဂရိုးကျောင်းသားများကို သူကပင် လိုက်လံစည်းရုံး ခေါ်ယူခဲ့ရသည်။

အယ်လ်ဘားမားပြည်နယ် ကျေးလက်ဒေသများတွင် နေထိုင်ကြသော လူမည်းနီဂရိုးတို့၏ ဘ၀အခြေအနေကား စိတ်ပျက်လက်လျှော့၍ ထွက်ပြေးချင်စရာ ကောင်းလောက်အောင်ပင် နိမ့်ကျလှ၏။ ဆင်းရဲ၊ စုတ်ပြတ်၊ အာဟာရချို့တဲ့၍ ရောဂါဘယလည်း ထူပြောလှသည်။ ဤလူတွေကိုကြည့်၍ စာသင်ရုံသက်သက်ဖြင့် သူတို့ဘ၀ကို မြှင့်တင်နိုင်မည် မဟုတ်ကြောင်း “ဘွတ်ကာ” သဘောပေါက်လာသည်။ သူတို့တွေအတွက် လုပ်ငန်းနှင့် အတတ်ပညာများ သင်ကြားပေးခြင်းသည်သာ အမှန်တကယ် အကျိုးရှိနိုင်ကြောင်း သိမြင်ပြီးနောက် တက်စ်ကီဂီး ဆရာအတတ်သင်နှင့် စက်မှုလက်မှု သိပ္ပံကျောင်းကို ဖွင့်လှစ်၍ နီဂရိုးလူငယ်များကို အခြေခံ အရေးဖတ်နှင့်အတူ စက်မှုလက်မှုနှင့် စိုက်ပျိုးရေးဆိုင်ရာ လုပ်ငန်းများတွင် ၀င်ရောက်လုပ်ကိုင်နိုင်မယ့် ကျွမ်းကျင်လုပ်သားများ မွေးထုတ်ပေးရန် စီစဉ်ဆောင်ရွက်၏။

ကျောင်းဖွင့်စ ပထမငါးနှစ်အတွင်းမှာ လူမည်းယောက်ျား ကလေးများအတွက် ပန်းရန်၊ ပန်းပဲ၊ လက်သမားအတတ်နှင့် စိုက်ပျိုးရေး ပညာများကို သင်ပေးပြီး မိန်းကလေးများအတွက်မူ အချက်၊ အပြုတ်၊ အချုပ်အလုပ် ပညာနှင့်အတူ အိမ်တွင်းမှုပညာများကို “ဘွတ်ကာ” က အထူးဦးစားပေး သင်ကြားပေးခဲ့သည်။ “ဘွတ်ကာ” က စည်းကမ်းကိုတော့ တင်းတင်းကျပ်ကျပ် ကိုင်တွယ်သည်။ “ပညာသင်ခြင်း၏ ရည်ရွယ်ချက်မှာ စာတတ်ရန်အတွက် သက်သက်သာမဟုတ်။ စိတ်ဓာတ်နှင့် စာရိတ္တကောင်းမွန်သော လူတစ်ယောက်ဖြစ်လာအောင် ပြုစုပျိုးထောင်ရေး” လည်း ပါဝင်သည်ဟု သူကယုံကြည်သည်။

ထို့အပြင် ကျွန်ဘ၀မှ လွတ်မြောက်ခါစ သူတို့ လူမည်းတွေအပေါ်၌ အမြင်မကြည်လင်သော လူဖြူများကို သူတို့အပေါ်၌ နားလည်ပြီး ကူညီချင်လာအောင် ဆောင်ရွက်ရန်လည်း သူမမေ့ခဲ့။ တစ်နေ့ “တပ်စ်ကီဂီး” ရှိ ကြေးရတက် လူဖြူအမျိုးသမီး “မစ္စစ်ဗာနာ” ၏ အိမ်ရှေ့မှ သူဖြတ်လျှောက်ခဲ့သည်။ “မစ္စစ်ဗာနာ” က သူ့ကို သာမန်နီဂရိုး တစ်ယောက်ပဲဟုထင်ကာ လှမ်းခေါ်ပြီး ထင်းခွဲခိုင်းခဲ့သည်။ “ဘွတ်ကာ” က အင်္ကျီကိုချွတ် ပုဆိန်ကိုစွဲကာ ထင်တစ်ပုံလုံးကို ကုန်အောင်ခွဲပြီး မီးဖိုချောင်ထဲသို့ ထည့်ပေးခဲ့၏။ နောက်မှ “မစ္စစ်ဗာနာ” သည် သူထင်းခွဲခိုင်းခဲ့ဖူးသူမှာ ပါမောက္ခ “ဘွတ်ကာတီဝါရှင်တန်” မှန်းသိကာ တောင်းပန်၏။ “ဘွတ်ကာ” က ဤကိစ္စကို ဘာမျှအရေးကြီးသည်ဟု သဘောမထား။

“ဒီကိစ္စအတွက် စိတ်အနှောင့်အယှက် မဖြစ်ပါနဲ့ခင်ဗျာ။ ကျွန်တော်က အလုပ်လုပ်ရတာကို ပျော်တတ်တဲ့သူပါ။ ပြီးတော့ မိတ်ဆွေတွေအတွက် ဆောင်ရွက်ပေးရတာမျိုးကို နှစ်သက်တတ်သူပါ” ဟု မစ္စစ်ဗာနာကို ပြန်ပြီးနှစ်သိမ့်ခဲ့ပေသည်။

၁၈၉၅ ခုနှစ်တွင် ဂျော်ဂျီယာမြို့တော် “အတ္တလန္တာ” ၌ ၀ါဂွမ်းစိုက် ပြည်နယ်များ၏ ကုန်စည်ပြပွဲတစ်ရပ် ကျင်းပရာ “ဘွတ်ကာ” ကို တက်ရောက်မိန့်ခွန်းပြောကြားပေးရန် ဖိတ်ကြားခြင်းခံရ၏။ မိန့်ခွန်းပြောကြားအပြီးတွင် ပြည်နယ်ဘုရင်ခံ “ဘူးလော့ခ်” က လေးစားချီးကျူးစွာ သူ့လက်ကို ဆုပ်ကိုင်၏။ သူ့မိန့်ခွန်းကို စာနယ်ဇင်းပေါင်းများစွာက ပုံနှိပ်ဖော်ပြကြ၏။ သမ္မတ “ကလိဖ်လင်း” ကိုယ်တိုင် သူ့ထံ ဂုဏ်ပြုလွှာပေးပို့၏။ ဤမှ စကာနိုင်ငံတွင် ထင်ရှားသော ပုဂ္ဂိုလ်တစ်ယောက် ဖြစ်လာခဲ့၏။ နောက်ပိုင်းတွင် အမေရိကန်တောင်ပိုင်း နယ်မြေဒေသများစွာတွင် လူဖြူ၊လူမည်းများ အတူတကွ တက်ရောက်ကြသည့် လူထုစည်းဝေးပွဲပေါင်း များစွာကို သူကိုယ်တိုင် ဦးဆောင်ကျင်းပနိုင်ခဲ့လေသည်။

နီဂရိုးတို့ဘ၀နှင့် မြှင့်တင်ရေးအတွက် လုပ်ဆောင်မည့် လုပ်ငန်းများတွင် ငွေကြေးရင်းနှီး မြှုပ်နှံကြရန် လူဖြူသူဌေးများစွာတို့ထံ သွားရောက်တိုက်တွန်း၍ အလှူခံပြီး ရန်ပုံငွေရှာဖွေခဲ့ရ၏။ ထို့အတူပင် ကျောင်းသို့ လာရောက်၍ ပညာသင်ကြားရန် မတတ်နိုင်သည့် လူမည်းကျောင်းသားများအတွက် “နယ်လှည့်စာသင်ကျောင်း” ကိုလည်း တီထွင်သင်ကြား ပေးနိုင်ခဲ့ပြန်သည်။ ဒီမျှနှင့် သူမကျေနပ်နိုင်သေး။ နိုင်ငံအ၀န်း ကျေးလက်များရှိ နီဂရိုးများကို ပညာရေးဘ၀ မြှင့်တင်ပေးရန် ဆက်လက်ကြိုးပမ်း၏။ သူ၏ ထက်သန်သောစိတ်ဓာတ်နှင့် မနေမနား ကြိုးစားသော ၀ီရိယ အထူးသဖြင့် သူ့လူမျိုးတို့အပေါ်၌ ထားရှိသည့် စေတနာကို သမ္မတ “ရုစဗဲ့” က အလွန်လေးစားသဖြင့် နောင်အခါ သူတို့နှစ်ဦး ရင်းနှီးသော မိတ်ဆွေများအဖြစ်သို့ပင် ရောက်သွားကြ၏။ သူသည် သူ၏အမျိုးအနွယ်ကို စောင့်ရှောက်ထောက်ပံ့သော ကောင်းမြတ်သည့် လုပ်ဆောင်ချက်ကြောင့် “ဟားဗတ်တက္ကသိုလ်” က ဂုဏ်ထူးဆောင်ဘွဲ့တစ်ခု ချီးမြှင့်ခဲ့ရာ “ဘွတ်ကာ” သည် “ဟားဗတ်တက္ကသိုလ်” မှ ပထမဆုံး ချီးမြှင့်ခံရသည့် ဘွဲ့ရနီဂရိုးတစ်ဦး ဖြစ်ခဲ့ရ၏။

၁၉၁၅ ခုနှစ် နိုဝင်ဘာတွင် အပြင်းအထန် နာမကျန်းဖြစ်ပြီး သူကွယ်လွန်သွားသောအခါ သူ့လူမျိုး၊ နီဂရိုးတို့သည် မိမိခြေထောက်ပေါ် မိမိရပ်တည်ပြီး ပညာမျက်စိပွင့်ကာ ရှေ့တက်လမ်းကို ရှာဖွေနိုင်သည့် လူမျိုးတစ်မျိုးအဖြစ် ကောင်းစွာကျန်ရှိ နေခဲ့ပေတော့သည်။

ကျွန်တော်ဆိုလိုချင်သည်က လူမျိုးတစ်မျိုး၏ နိမ့်ကျပျက်စီးနေသော လူမျိုးဘ၀ကို ကယ်တင်ရန် ထိုလူမျိုးထဲမှ စံပြလူတော်များမှလွဲ၍ အခြားဘယ်လူမျိုးတွေကမှ မတတ်နိုင်ဟူသော အချက်ပင်။ ကျွန်တော်တို့တိုင်းပြည် သူ့ကျွန်ဘ၀မှာ အနေကြာပြီး ကျွန်ဆိပ်မိနေသော လူမျိုးဘ၀မှ သခင်စိတ်မွေးပြီး လွတ်လပ်သောနိုင်ငံ၊ လွတ်လပ်သောလူမျိုး ဖြစ်လာစေရန် “ဗိုလ်ချုပ်အောင်ဆန်း” တည်းဟူသော စံပြလူတော်တစ်ယောက် ပေါ်ပေါက်လာ၏။ ထိုစံပြပုဂ္ဂိုလ် “အစစ်” ၏ စိတ်ဓာတ်ကို “အတု” ယူပြီး ကြိုးပမ်းခဲ့ကြသော မျိုးချစ်လူငယ်များကြောင့် ကမ္ဘာ့မြေပုံပေါ်တွင် မြန်မာနိုင်ငံတည်းဟူသော လွတ်လပ်သည့် နိုင်ငံတစ်နိုင်ငံ ပေါ်ထွန်းခဲ့ရ၏။

ယနေ့တော့မူ ထိုကဲ့သို့ စံပြအတူယူရမည့် လူတော်အစစ်များ ရှားပါးလာပြီး တိုင်းပြည်အခြေအနေက အဘက်ဘက်မှ နိမ့်ကျပျက်စီးလာ၏။ အိမ်နီးချင်းနိုင်ငံအချို့မှာ မြန်မာဒုက္ခသည်၊ မြန်မာအလုပ်သမား၊ မြန်မာအိမ်ဖော်များ ရောက်ရှိနေကြသည်ကို စိတ်မချမ်းသာစွာ မြင်တွေ့ကြားသိရ၏။ ဤဖြစ်ရပ်ကို အရင်းစစ်လိုက်လျှင် “စံပြလူညံ့” များကို “အစစ်” ဟုထင်ပြီး “အတု” ယူခဲ့ကြရသော နှောင်းလူတို့၏ အတုယူ လွဲမှားမှုများကြောင့်ဟုသာ အပြစ်ပုံချရတော့မည် ထင်သည်။

ဘာပဲပြောပြော၊ လွန်ခဲ့သော အနှစ်ငါးဆယ်ကျော်လောက်က ပေါ်ထွန်းခဲ့သည့် “စံပြလူတော်” များကို ဒီနေ့လူငယ်များ အတုယူနိုင်ခဲ့လျှင်တော့ အကောင်းဆုံးပင်။ ခုလည်း နောက်မကျသေးပါ။ လူငယ်တွေ မိမိပတ်ဝန်းကျင်၊ မိမိကျင်လည်ရာ ပတ်ဝန်းကျင်ရှိ စာပေများမှ “ဘွတ်ကာတီဝါရှင်တန်” ကဲ့သို့သော လူတော်များအကြောင်းကို ဖတ်မိသိရှိ၍ အတုယူနိုင်ခဲ့ကြမည်ဆိုလျှင် ဒီကနေ့သည်လည်း အကောင်းဆုံးပင် ဖြစ်လိမ့်မည်ဟူ၍သာ။

Eleven Media Group


ချပ်ချပ်ရပ်ရပ်နှင့် လှပချင် ပါသလား


လေပွပြီး ဗိုက်ပူတာမျိုး မဖြစ်စေဘဲ ဝမ်းဗိုက် ချပ်ရပ်လိုသူတိုင်း ရှောင်သင့်၊ ဆောင်သင့်တဲ့ အစား အသောက်တွေကို ကျွမ်းကျင်သူ တွေက အောက်ပါအတိုင်း အကြံပြု ရေးသား ထားပါတယ်။

အကောင်းဆုံး အစားအသောက် – ဒိန်ချဉ်
ဒိန်ချဉ်ဟာ လူတွေ အားလုံးအတွက် ကောင်းတယ်ဆိုတာ သိကြပါတယ်။ ဒါပေမဲ့ ဝမ်းဗိုက် ချပ်ရပ် စေတယ်လို့တော့ မသိကြပါဘူး။ ဒိန်ချဉ် အများစုမှာပါတဲ့ အကျိုးပြု ဘက်တီးရီးယား တွေက အစာခြေစနစ်ကို ကျန်းမာစေပါတယ်။ ဒိန်ချဉ်ဟာ လေပွတာနဲ့ ဝမ်းချုပ်တာတွေ မဖြစ်စေဘဲ ဝမ်းဗိုက်ချပ်ရပ် နေစေတဲ့ အာနိသင် ရှိပါတယ်။

အဆိုးဆုံး အစားအသောက် – ဆော်ဒါ အချိုရည်
ဗိုက်ပူမှာ စိုးရွံ့သူတွေ အနေနဲ့ ကာဗွန်ပါတဲ့ အချိုရည်တွေကို ရှောင်သင့်ပါတယ်။ ဂက်စ်ပါတဲ့ အချိုရည်တွေဟာ ဗိုက်ကို လေတွေနဲ့ ပြည့်နေစေပြီး ဗိုက်ပူကာ လေပွနေစေပါတယ်။ ဒါကြောင့် ဗိုက်ချပ်ရပ်လိုရင် ဆော်ဒါ အချိုရည်အစား ရေ ဒါမှမဟုတ် ကယ်လိုရီနည်းတဲ့ အရည် (ဥပမာ-လက်ဖက်စိမ်း လက်ဖက်ရည်)ကို သောက်သင့်ပါတယ်။ ဒီအရည်ထဲမှာ အင်တီအောက်ဆီးဒင့် များစွာ ပါဝင်ပြီး ဝမ်းဗိုက်ထဲ အဆီစုတာနဲ့ ဆက်စပ်နေတဲ့ ရောင်ရမ်းမှု ဖြစ်နှုန်းကို လျော့ကျ စေပါတယ်။


အကောင်းဆုံး အစားအသောက် – ပန်းဂေါ်ဖီ
ပန်းဂေါ်ဖီစိမ်း၊ ဂေါ်ဖီထုပ်၊ ပန်းဂေါ်ဖီ၊ ကညွတ်၊ငရုတ်သီး၊ ပဲဝါ စတဲ့ အစားအစာတွေမှာ ဗီတာမင်အေ၊ စီနဲ့ ကေအပြင် ဖောလိတ်၊ ဘီတာကယ်ရိုတင်း၊ မဂ္ဂနီဆီယမ်၊ ကယ်လ်စီယမ်နဲ့ အမျှင်ဓာတ်တွေလည်း ပါဝင်နေပါတယ်။

အဆိုးဆုံး အစားအသောက် – အခွံချွတ်ထားသော ကာဗိုဟိုက်ဒရိတ်
ဂျုံဖြူနဲ့ လုပ်ထားတဲ့ မုန့်တွေနဲ့ ထမင်းဖြူတွေကို မစားပါနဲ့။ ဒီအစာတွေက အစာကြေလွယ်ပြီး သွေးတွင်း သကြားဓာတ်နဲ့ အင်ဆူလင်အဆင့်ကို မြင့်တက်စေလို့ပါ။ အင်ဆူလင် အဆင့်မြင့် တက်တာက ဝမ်းဗိုက်တစ်ဝိုက် အဆီစုပုံမှုကို တိုးစေနိုင်ပါတယ်။

အကောင်းဆုံး အစားအသောက် – အခွံချွတ်မထားသော ကောက်နှံစာ
အခွံချွတ်မထားတဲ့ ကောက်နှံနဲ့ လုပ်ထားတဲ့ ဆန်လုံးညို၊ ပေါင်မုန့်ညိုနဲ့ ပဲနီလေးလို အစာတွေကို စားပါ။ အမေရိကန် အာဟာရ ဆေးပညာဂျာနယ်ရဲ့ လတ်တလော လေ့လာမှုတစ်ရပ်အရ အခွံချွတ်မထားတဲ့ ကောက်နှံစာဟာ ကယ်လိုရီ ထိန်းချုပ်ပေးပြီး ခါးတစ်ဝိုက်ကို အဆီပိုတွေ ကင်းဝေး စေတယ်လို့ သိရပါတယ်။

အဆိုးဆုံး အစားအသောက် – ဆားကဲသော အစားအစာ
ပဲပိစပ်ဆော့ အများအပြားပါတဲ့ ဆူရှီစားပြီးချိန်မှာ လေပွသလို ခံစားနေရပါသလား။ ဆိုဒီယမ်များစွာပါတဲ့ အစားအစာတွေကို စားတာက ရေစုဆောင်းမှု များတာကို ဖြစ်စေနိုင်ပါတယ်။ ဒါကြောင့် ဗိုက်က ဖောင်းလာပြီး လေပွ လာတတ် ပါတယ်။ ဗိုက်သား ချပ်ရပ်စေဖို့ တစ်နေ့မှာ ဆိုဒီယမ် ၂၀၀၀ မီလီဂရမ်အောက်ပဲ စားပါ။

အကောင်းဆုံး အစားအသောက် – မပြည့်ဝဆီ
သံလွင်ဆီလိုမျိုး မပြည့်ဝဆီပါတဲ့ အစားအစာတွေဟာ ဗိုက်သားချပ်ရပ်စေတယ်လို့ လေ့လာမှု အသစ်တစ်ရပ်အရ သိရပါတယ်။

အကောင်းဆုံး အစားအသောက် – ရှာလကာရည်
ရှာလကာရည်မှာပါတဲ့ ချဉ်တဲ့အရသာနဲ့ စူးရှတဲ့ အနံ့ကိုပေးတဲ့ ဓာတ်တွေဟာ ဗိုက်အဆီကို ချေဖျက် ပေးတယ်လို့ ဂျပန်လေ့လာမှု တစ်ရပ်က ဆိုပါတယ်။ အဝလွန်တဲ့ လူတွေဟာ တစ်နေ့မှာ ရှလကာရည် ထမင်းစားဇွန်း တစ်ဇွန်း- နှစ်ဇွန်း စားရာ ၁၂ ပတ်အကြာမှာ ကိုယ်အလေးချိန်၊ ဗိုက်အဆီနဲ့ ခါးအတိုင်းအတာ သိသိသာသာ လျော့ကျမှုရှိတာကို လေ့လာမှုအရ သိရပါတယ်။ ရှလကာရည်မှာပါတဲ့ Acetic Acid ဟာ အဆီချေဖျက်တဲ့ ပရိုတင်းတွေ ထွက်လာအောင် မျိုးရိုးဗီဇကို ပြောင်းလဲ ပေးတာကြောင့်လို့ လေ့လာသူတွေက ဆိုပါတယ်။

myet shin

“မှဲ့ ” ၏ ကောင်းကျိုး ဆိုးပြစ် များ- (မှဲ့အဟော)


မှဲ့ တည်နေရာနှင့် အဟော-တွေပါ။ဗဟုသုတအနေနဲ့မျှဝေတာပါ။ အမှန်ကြီးပဲလို့ မပြောနိုင်သလို၊ အမှားတွေပါလိုလဲးမဆိုသာပါဘူး။ ကိုယ့်မှာပါတာလေးတွေနဲ့တိုက်ကြည်ပေါ့။ ကြိုက်လျှင်ယူ၊ မကြိုက်လျှင်ပယ်လိုက်ပါ။ အပြင်းပြေတာပေါ့။

ယောက်ျားတို့၏ မှဲ့ တည်နေရာနှင့် အဟော- ၁) နဖူးပြင်တည့်တည့်တွင် မှဲ့ရှိလျှင် ငွေကြေးနှင့်ပတ်သက်၍ အစွပ်အစွဲခံရတတ်၏။ အပူသောကများလိမ့်မည်။ မိမိတွင် ရှိသည်ထက်ပို၍ လူအများက ချမ်းသာသည်ဟု ထင်မြင်တတ်ခြင်းကြောင့် ဒုက္ခတွေပရတတ်ပါသည်။

(၂) ညာဘက်မျက်ခုံးမွေးပေါ်တွင်ရှိလျှင် ချမ်းသာတတ်ပါသည်။ ပစ္စည်းဥစ္စာ ပြည့်စုံလိမ့်မည်။ လောကီစည်းစိမ်အဝဝကို သုံးဆောင်ခံစားရတတ်သည်။

(၃) ဘယ်ဘက်မျက်ခုံးမွေးပေါ်တွင် မှဲ့ရှိလျှင် အရက်သမား၊ ကြက်သမား၊ လောင်းကစားသမား ဖြစ်တတ်သည်။ လောင်းကစားမှုကို ဇနီးမယားထက်ပင် ပိုမို၍ ချစ်ချင်စွဲလမ်းနှစ်သက်ပါသည်။

(၄) နှာခေါင်းတည့်တည့် (နှာသီးထိပ်ဖျား)တွင် မှဲ့ရှိလျှင် စာပေ၊ ဇာတ်သဘင်၊ တေးဂီတ အနုပညာရပ်များဖြင့် ထင်ရှား၍ အောင်မြင်ကျော်ကြား တတ်ပါသည်။

(၅) ညာဘက်မျက်ခမ်းအောက်တွင် မှဲ့ရှိလျှင် မျက်နှာပွင့်လန်းတတ်သည်။ မျက်နှာမြင် ချစ်ခင်၍ အသံကြား သနားစေ- ဟူသောဆုတောင်းဖြင့် ပြည့်စုံသူဖြစ်သည်။ လူအများ၏ချစ်ခင်ခြင်း ခံရတတ်သည်။

(၆) ဘယ်ဘက်မျက်ခမ်းအောက်နားတွင် မှဲ့ရှိလျှင် လူမုန်းများတတ်သည်။ အလုပ်လုပ်ကိုင်ရာတွင် အတိုက်အခံနှင့် ကြုံရတတ်သည်။ ငယ်စဉ်အခါက ဆင်းရဲဒုက္ခအမျိုးမျိုး ကြုံတွေ့ခဲ့ရလိမ့်မည်။ အချစ်ရေးတွင် စွန့်စားတတ်သည်။ တဇွတ်ထိုးလုပ်တတ်သည်။ ဇနီးမယားကို ချစ်ခင်သူဖြစ်မည်။ ဇနီးသည်၏ သြဇာလွှမ်းမိုးမှုကို ခံရတတ်ပါသည်။

၇) ညာဘက်ပါးမို့တွင် စံပယ်တင်မှဲ့ရှိလျှင် မိန်းကလေးများ စိတ်ဝင်စားခြင်းကို ခံရတတ်သည်။ မျက်နှာပွင့်လန်းတတ်ပါသည်။ လောကကို တရားသဘောဖြင့် ရှုမြင်တတ်သောသူ ဖြစ်သည်။ အသက်ကြီးရင့်လာလျှင် ရသေ ရဟန်း ပြုတတ်သည်။ အများအကျိုးဆောင်သည့် သာသနာပြုပုဂ္ဂိုလ် ဖြစ်တတ်ပါသည်။

(၈) ဘယ်ဘက်ပါးပေါ်တွင် စံပယ်တင်မှဲ့ရှိလျှင် မိန်းမချောများ (သို့မဟတု) ထင်ရှားကျော်ကြားသော မိန်းမနှင့် အိမ်ထောင်ကျတတ်ပါသည်။ မိန်းမတို့၏ ချစ်ခင်စွဲခြင်းကို အထူးသဖြင့် ခံယူရတတ်ပါသည်။

(၉) ညာဘက်ပါးပြင်၌ အောက်ဘက်နားတွင် မှဲ့ရှိလျှင် ချမ်းသာလျှင်လည်း ခဏတာမျှသာ ဖြစ်သည်။ ဆင်းရပြင်ပန်းတတ်သည်။

(၁၀) ဘယ်ဘက်ပါးပြင်အောက်တွင် ထင်ရှားစွာ မှဲ့ရှိလျှင် ချမ်းသာကြီးပွားတတ်သည်။ ဘယ်အလုပ်မဆို အောင်မြင်၍ နာမည်ကျော်ကြား တတ်ပါသည်။

(၁၁) မေးစေ့တည့်တည့်တွင် မှဲ့ရှိလျှင် ကိုယ်ပိုင်လုပ်ငန်းဖြင့် ကြီးပွားချမ်းသာ တတ်ပါသည်။ သတင်းကောင်းဖြင့် ကျော်ကြားအောင်မြင်မည်။

(၁၂) မေးစေ့နားတဝိုက်တွင် ထင်ရှားသောမှဲ့ရှိလျှင် ဒုက္ခဆင်းရဲ အမျိုးမျိုးတို့ကို ကြုံတွေ့ရတတ်ပြီး နောက်ဆုံးတွင် အောင်မြင်တတ်သည်။ ကမ္ဘာကျော်သည့်ပုဂ္ဂိုလ်ထူးများတွင်လည်း ပါရှိသည်။

(၁၃) မျက်ရည်စီးကျရာ လမ်းကြောင့်တည့်တည့် (ဝဲ,ယာ)တွင် မှဲ့ရှိလျှင် မယားဆုံးတတ်သည်။ (သို့မဟုတ်) အိမ်ထောင်ရေး ညံ့တတ်သည်။ စီးပွားရှာရာတွင် ပင်ပန်းတတ်ပါသည်။

(၁၄) လည်ပင်းတွင် မှဲ့ရှိလျှင် ချမ်းသာကြီးပွားတတ်သည်။ အလုပ်အကိုင် အကြံအစည် အောင်မြင်တတ်သည်။ ဆင်းရဲလျှင်လည်း တခဏတာဖြစ်၍ မမျှော်လင့် မထင်မှတ်သော အကြောင်းတခုခုဖြင့် ချမ်းသာတတ်ပါသည်။

(၁၅) ဘယ်, ညာ လက်မောင်း (သို့မဟုတ်) လက်ဖျံ ဘယ်,ညာတွင် မှဲ့ရှိလျှင် ဆင်းရဲသူဖြစ်ပါက လူလတ်တန်းစားဘဝဖြင့် အဆင်ပြေတတ်သည်။ အလယ်အလတ်တန်း အဆင့်ဖြစ်လျှင် ဇောတိကသူဌေးကဲ့သို့ ချမ်းသာကြွယ်ဝသောသူဌေး ဖြစ်တတ်ပါသည်။

(၁၆) ရင်ဘတ် ဘယ်ဘက်နှင့် ညာဘက်တွင် မှဲ့တလုံးစီ ရှိ၍ ရင်ဘတ်အလယ်တည့်တည့်တွင် မှဲ့တလုံး၊ ခါးနားတွင် မှဲ့တလုံး၊ ပါရှိခြင်းကို မှဲ့စလွယ်ဟု ခေါ်ဆိုသည်။ အသက်ရှည်၍ ဗဟုသုတ ဉာဏ်အမြော်အမြင် ကြီးမားသော ရှေးလူကြီးများ၊ ရသေ့ပညာရှိကြီးများ၏ အဆိုအမိန့်အရ ယောက်ျားတွင် မှဲ့စလွယ်ရှိခြင်းသည် ယခင်ဘဝဟောင်းက မင်းဖြစ်ခဲ့သူဖြစ်သည်ဟု အဆိုအမိန့်ရှိကြ၏။ မှဲ့စလွယ် ပါရှိသောသူသည် ဆင်းရဲဒုက္ခနှင့် မကြုံရဘဲ အဆင့်အတန်းမြင့်သည့် ဘဝမျိုးနှင့် နေနိုင်ရလိမ့်မည်။ လူအများ၏ ကြည်ညိုလေးစားခြင်းကို ခံ၇တတ်သည်။ ဇနီးမယားအပေါ်တွင် သြဇာညောင်း တတ်ပါသည်။

(၁၇) ဘယ်ဘက် (သို့မဟုတ်) ညာဘက် ပေါင်တွင် မှဲ့ရှိလျှင် လျင်မြန်ဖျတ်လတ်သူ ဖြစ်တတ်သည်။ လူမှုရေးကိစ္စ အဝဝကို သိနားလည်ပြီး အကင်းပါးသူ ဖြစ်တတ်သည်။

(၁၈) တင်ပါး၏ ဘယ်ဘက် (သို့မဟတု) ညာဘက်တွင် မှဲ့ရှိလျှင် အရှက်အကြောက် အလွန်ကြီးတတ်ပါသည်။ စိတ်သဘောထား နုတတ်သည်။ ယောက်ျားဖြစ်ပါလျက်နှင့် တခါတရံတွင် မိန်းမဆန်သော အပြုအမူအနေအထိုင်များကို တွေ့ရတတ်သည်။

(၁၉) ယောက်ျားတန်ဆာ ထိပ်ဖူးနားတွင် မှဲ့ရှိလျှင် မိန်းမတို့၏ ချစ်ခင်စွဲလမ်း နှစ်သက်ခြင်းကို ခံစားရတတ်ပါသည်။ ရှေးဆရာကြီးများ၏ အဆိုအမိန့်အရ မှဲ့များလေ ပို၍ အစွမ်းထက်လေဟု ဆို၏။ ထိပ်ဖူးနားတွင် မှဲပနှစ်လုံးထက်ပိုလျှင် အိမ်ထောင်ဆက် များတတ်သည်။ တန်ဆာ၏အရင်းပိုင်းတွင် မှဲ့ပါရှိလျှင် မှဲ့မပါသကဲ့သို့ပင် စွမ်းအား မရှိဟု မှတ်ယူရပါမည်။

(၂၀) ခြေဖဝါးအလည်တည့်တည့်တွင် မှဲ့ရှိလျှင် တနေရာတည်းတွင် အတည်တကျနှေုမရဘဲ ခြေသလုံးအိမ်တိုင်ဘဝဖြင့် သွားလာနေထိုင်ရကာ ဘဝဆုံးပါးပျက်စီးတတ်ပါသည်။

(၂၁) ဘယ် (သို့မဟုတ်) ညာ ခြေဖမိုးတွင် မှဲ့ များစွာ ပါရှိလျှင် သူရဲကောင်းဖြစ်တတ်သည်။ (သို့မဟုတ်) လူဆိုး၊ ဓားပြ ဖြစ်တတ်ပါသည်။ တုတ်၊ ဓား၊ လှံ စသည့် လက်နက်ကိရိယာများကို ဆောင်ထားတတ်သည်။ တိုက်ခိုက်ရေးပညာများတွင်လည်း ဝါသနာပါ၍ ပညာရှင်ဖြစ်တတ်သည်။

(၂၂) ရင်ညွန့်တည့်တည့်တွင် ထင်ရှားသော မှဲ့ရှိလျှင် သူတော်ကောင်း သူမြတ်လောင်း ဖြစ်တတ်သည်။ တရားဓမ္မ နှလုံးသွင်းတတ်သည်။ လောကီ သမထဈာန်တန်ခိုးဘက်သို့ လိုက်စားတတ်သည်။ သိဒ္ဓိ မဟိဒ္ဓိ တန်ခိုးများရ၍ ပေါက်မြောက်နိုင်သည်။

(၂၃) ညာဘက်လက်တွင် မှဲ့ပါရှိလျှင် ငွေကြေးကို အကြောင်းပြု၍ အမှုဖြစ်တတ်ပါသည်။ ကပ်စေးနှဲသူ၊ မိမိကိုယ်ကျိုး တခုတည်းကိုသာ ကြည့်မြင်တတ်သူ ဖြစ်တတ်ပါသည်။

(၂၄) လက်ဖဝါးပြင်၏ ဘယ် ညာ နှစ်ဖက်စလုံး၏ အလယ်တည့်တည့်တွင် ထူးထူးခြားခြား မှဲ့အစိမ်းတလုံး ပါရှိလျှင် လူအများ၏ ကြည်ညိုလေးစားခြင်း ခံရသော ဘုန်းရှင်၊ ကံရှင်၊ ပါရမီရှင် ဖြစ်တတ်ပါသည်။ ဝိဇ္ဇာဓိုရ်၊ သိဒ္ဓိရှင်၊ မဟိဒ္ဓိရှင် ပုဂ္ဂိုလ်များနှင့် ပဋ္ဌာန်းဆက်ရှိသူဖြစ်သည်။ ဝိဇ္ဇာလမ်းသို့ လိုက်စားလျှင် ဆရာသမားကောင်းနှင့် တွေ့ပြီး သိဒ္ဓိရတတ်ပါသည်။
မိန်းမတို့
မှဲ့ အဟော-

(၁) နဖူးပြင်၏ မျက်ခုံးအထက်နားတွင် မှဲ့မည်းတလုံးတည်းရှိလျှင် ဂုဏ်ဓနနှင့်ကျော်စောသော လင်ယောက်ျားကို ရတတ်သည်။ အိမ်ထောင်ဆက် များတတ်သည်။ သားယောက်ျားများ ထွန်းကားသည့်မိခင် ဖြစ်ပါလိမ့်မည်။

(၂) ညာဘက်နားထင် မျက်ခုံး၏ အနီးအနားပတ်ဝန်းကျင်တွင် မှဲ့ရှိလျှင် ငယ်ရွယ်စဉ်က ဆင်းရဲ၍ ကြီးသော ချမ်းသာတတ်ပါသည်။ အိုဇာတာ ကံကောင်းမည်။ မိမိသြဇာကို နာခံမည့် လင်ယောက်ျားအား ရတတ်သည်။ အလုပ်အကိုင် မှန်သမျှကို ဦးစီးဦးဆောင် ပြုလုပ်တတ်သည်။ သားယောက်ျားမွေးပြီး အကျိုးပေးတတ်သည်။

(၃) အထက်နှုတ်ခမ်း (သို့) အောက်နှုတ်ခမ်း အနီးတဝိုက်တွင် မှဲ့ရှိလျှင် မိမိကို ချစ်မြတ်နိုးသော ယောက်ျားများ ပေါများတတ်သည်။ ယောက်ျားများ၏ နှစ်နှစ်ကာကာ ချစ်မြတ်နိုးခြင်းကို ခံရမည်။ မိမိကိုယ်တိုင်လည်း အချစ်နှင့်ပတ်သက်လျှင် အစွဲအလမ်းစိတ် ကြီးတတ်သည်။ အစားအသောက်ကောင်းများကို အထူးကြိုက်နှစ်သက်သူဖြစ်သည်။

(၄) ဘယ်ဘက်ပါးပြင်မို့တွင် မှဲ့ရှိလျှင် စိတ်နု၍ အညှာလွယ်တတ်ပါသည်။ တဖက်သားပြောလာသည့်စကားကိုမစဉ်းစားဘဲ အယုံလွယ်တတ်ပါသည်။ ယောက်ျားများ၏ စိတ်ဝင်စားခြင်း၊ အရေးပေခြင်းကို ခံရတတ်သည်။

(၅) ညာဘက်ပါးပြင်မို့တွင် စံပယ်တင်မှဲ့ရှိလျှင် လူချစ်လူခင်များတတ်သည်။ စန်းအလွန်ပွင့်တတ်သည်။ လင်ယောကျာ်းအပေါ် သစ္စာရှိတတ်သည်။ အလုပ်အကိုင် အဆင်ပြေ၍ အောင်မြင်ကျော်ကြားမည်။ ကံကောင်းသူ ဖြစ်တတ်ပါသည်။

(၆) လည်ပင်းတွင် မှဲ့ရှိလျှင် ချမ်းသာကြွယ်ဝတတ်ပါသည်။

(၇) ဘယ် ညာ လက်မောင်း (သို့) ဘယ်လက်ဖျံ ညာလက်ဖျံတွင် မှဲ့ရှိလျှင် ပင်ပင်ပန်းပန်း လုပ်ကိုင်စားသောက်ခြင်း မပြုရဘဲ အေးအေးချမ်းချမ်းနှင့် နေထိုင်ရတတ်ပါသည်။

(၈) ညာဘက်သားမြတ် (သို့) ဘယ်ဘက်သားမြတ်ပေါ်တွင် မှဲ့တလုံးထက်ပိုပြီး များစွာရှိလျှင် ငယ်စဉ်က မိဘတို့၏စွန့်ပစ်ခြင်းကို ခံရတတ်သည်။ ပစ္စည်းချမ်းသာသော်လည်း စိတ်မချမ်းသာ ဖြစ်ရတတ်သည်။ လောဘရမ္မက် ကြီးတတ်သည်။ မုဆိုးမ ဖြစ်တတ်ပါသည်။ ကံဆိုးတတ်ပါသည်။

(၉) ရင်၏အလယ်ဗဟိုတည့်တည့်တွင် မှဲ့ရှိလျှင် ပစ္စည်းဥစ္စာ ပြည့်စုံတတ်ပါသည်။ မိမိအပေါ် အလိုလိုက် အကြိုက်ဆောင်မည့် လင်ယောက်ျားကို ရတတ်သည်။ သားကောင်း သမီးကောင်း ထွန်းကားတတ်သည်။

(၁၀) မိန်းမယောနိတွင် ထင်ရှားစွာ မှဲ့ရှိလျှင် ရမ္မက်ကျူးတတ်သည်။ လျှပ်ပေါ်လော်လီတတ်သည်။ မာယာပရိယာယ် များတတ်ပါသည်။ မိမိစိတ်ကို မထိန်းနိုင်လျှင် ဘဝပျက်တတ်ပါသည်။

(၁၁) မှဲ့စလွယ် ပါရှိလျှင် ငယ်စဉ်က ဆင်းရဲစေကာမူ ချမ်းသာကြွယ်ဝလာတတ်သည်။ ကတော်မယား ဖြစ်တတ်ပါသည်။ လူသိများပြီး ထင်ရှားကျော်ကြားသော လင်ယောကျာ်းကို ရတတ်ပါသည်။ မည်မျှဆိုးသွမ်းသော ယောကျာ်ား ဖြစ်စေကာမူ မိမိ၏သြဇာကို နာခံမည့်လင်ယောကျာ်းနှင့် ပေါင်းဖက် နိုင်ပေတော့သတည်း။


စိုးရိမ်ခြင်းကင်းအောင် ဘယ်လိုလုပ်မလဲ


      ဒေါသကို ပယ်သတ်လိုက်ခြင်းဖြင့် ဘယ်တော့မှ မစိုးရိမ်ရတော့ပါ။
       ကောဓံ ၀ဓိတွာ န ကဒါစိ သောစတိ။

       စိုးရိမ်တယ်ဆိုတာ အမျက်ဒါသရှိနေလို့ပါ။ အချို့လူတွေကတော့ ဒေါသဆိုတာ မျက်နှာတွေ ခက်ထန်လာပြီး ၀ုန်းဝုန်း ဒိုင်းဒိုင်းပေါက်ကွဲတာလို့ သိထားကြပါတယ်။ တကယ်တော့ စိုးရိမ်ကြောက်လန့်တာဟာလည်း ဒေါသကြောင့်ဖြစ်တာ ပါပဲ။ ဒေါသရဲ့လက္ခဏာပေါ့။ ဒေါသရှိနေလို့ပေါက်ကွဲတယ်။ ဒေါသရှိနေလို့ ကြောက်တယ်။ စိုးရိမ်တယ်။ ဒေါသမရှိရင် ပေါက် လည်း မပေါက်ကွဲတော့ဘူး။ ကြောက်လည်းမကြောက်တော့ဘူး။ စိုးလည်း မစိုးရိမ်တော့ပါဘူး။

       ဒေါသအားကြီးတဲ့သူတွေကျတော့ ကြောက်စိတ်တွေ စိုးရိမ်စိတ်တွေ ပိုများတယ်။ ဒေါသနည်းအောင်ကျင့်နေတဲ့သူတွေ ကျတော့ ကြောက်စိတ်တွေ စို၇ိမ်စိတ်တွေ နည်းလာတယ်။
       ဒေါသကို အမြစ်ပြတ် ပယ်သတ်ပြီးတဲ့ သကဒါဂါမ်ပုဂ္ဂိုလ်၊ ရဟန္တာပုဂ္ဂိုလ်တွေမှာတော့ ကြောက်စိတ်တို့ စိုးရိမ်စိတ်တို့ လုံးဝ မရှိတော့ပါဘူး။
       ကိုယ်နဲ့ နှုတ်မှာ ဖြစ်ပေါ်နေတဲ့ ဒေါသတွေ ပြေပျောက်ဖို့အတွက် သီလစောင့်ထိန်းရပါမယ်။
       စိတ်ထဲမှာ ဖြစ်ပေါ်နေတဲ့ ဒေါသကို ဖြေဖျောက်ဖို့အတွက် သမထလုပ်ငန်းလို့ခေါ်တဲ့ စိတ်ကို တည်ငြိမ်အောင် လုပ်ခြင်း၊ မေတ္တာပွားများဖြင်းတို့ကို ပြုလုပ်ရပါမယ်။
       ဘ၀အဆက်ဆက်က ကိန်းအောင်းနေတဲ့ ဒေါသကို ဖျောက်ဖို့အတွက်ကတော့ ပညာလို့ခေါ်တဲ့ ၀ိပဿနာကို များများ အားထုတ်ရပါမယ်။
      ထိုကဲ့သို့ သီလ၊ သမာဓိ၊ ပညာ တိုးတက်အောင်လုပ်ခြင်းဖြင့် ဒေါသစိတ်တွေ ပါးသထက်ပါးပြီး စိုးရိမ်စိတ်တွေ လည်း လျော့ပါးသွားပါလိမ့်မယ်။ ဒေါသကို အမြစ်ပြတ်ပယ်သတ်နိုင်ရင်တော့ စိုးရိမ်စိတ်တွေ လုံးဝကင်းရှင်းပြီး အဆုံး စွန်သော အေးချမ်းမှုချမ်းသာကို ခံစားသိရှိရပါလိမ့်မယ်။

ရွှေစမ်းမြေ အရှင်က၀ိဓဇသာရ


ဂူးဂဲလ်၊ ကော့စ်ကိုနှင့် ဖေ့စ်ဘွတ်ခ်တို့သည် အကောင်းဆုံး အလုပ်ရှင်များဖြစ်ဟု ဆို



ဂူးဂဲလ်၊ ဖေ့စ်ဘွတ်ခ် နှင့် လက်လီလက်ကားကုမ္ပဏီ ကော့စ်ကိုတို့မှာ အမေရိကန်နိုင်ငံ တွင် အကောင်းဆုံးလုပ်ခလစာ နှင့် အကျိုးခံစားခွင့်ပေးသော ကုမ္ပဏီများဖြစ်ကြောင်း အမေရိ ကန် အလုပ်အကိုင်ဝက်ဘ်ဆိုက် Glassdoor ၏ စစ်တမ်းကောက် ယူမှုတစ်ရပ်အရ သိရသည်။

လူမှုရေး အကျိုးခံစားခွင့် ရက်ရက်ရောရော ပေးသည့် ကော့စ်ကိုကုမ္ပဏီမှလွဲ၍ အ ကောင်းဆုံး လုပ်ခလစာပေးသော ထိပ်တန်းကုမ္ပဏီငါးခုအနက် လေးခုမှာ နည်းပညာလုပ်ငန်းများ ဖြစ်ကြောင်း ယင်းစစ်တမ်းအရ သိရသည်။

စစ်တမ်းကောက်ယူမှုအရ အကောင်းဆုံးလုပ်ခလစာပေး သော ကုမ္ပဏီများစာရင်းတွင် ဂူးဂဲလ်ကုမ္ပဏီက နံပါတ်(၁)နေ ရာ၌ရှိနေပြီး ဆော့ဖ်ဝဲအင်ဂျင်နီ ယာတစ်ဦး၏ တစ်နှစ်လစာမှာ ကန်ဒေါ်လာ ၁၁၉,၀၀၀ ရရှိပြီးအလုပ်သမားများအနေဖြင့် အား ကစားခန်းမ အခမဲ့အသုံးပြုခွင့်၊ အကြွေစေ့ထည့်၍ အဝတ်လျှော် စက် အသုံးပြုခွင့်၊ ဘိလိယက် ကစားခွင့်နှင့် အိမ်မွေးတိရစ္ဆာန် စောင့်ရှောက်ပေးခြင်းများ စသောအကျိုးခံစားခွင့်များ ရရှိသည်။

သို့သော် ဂူးဂဲလ်ကုမ္ပဏီတွင် အားလပ်ရက် အနားယူသူ (သို့မ ဟုတ်) အားလပ်ရက်ခရီးထွက်သူ တစ်ဦးတစ်ယောက်မျှ မတွေ့ခဲ့ဖူး ဟု ဂူးဂဲလ်ကုမ္ပဏီတွင် ရှစ်နှစ်ကြာအလုပ်လုပ်ခဲ့ဖူးသူတစ်ဦးက ပြော ကြားသည်။

ကော့စ်ကိုကုမ္ပဏီနောက် တတိယနေရာတွင် ရှိနေသော ဖေ့စ်ဘွတ်ခ်ကုမ္ပဏီမှာ အလုပ်သ မားများကို ကိုယ်ပိုင်အုပ်ချုပ်ခွင့် ပြုထားသည်။

ကွန်ပျူတာဆော့ဖ်ဝဲကုမ္ပဏီ Adobe မှာ ဖေ့စ်ဘွတ်ခ်ကုမ္ပဏီ နောက်တွင်ရှိနေပြီး အကောင်းဆုံးလစာပေးသည့် ကုမ္ပဏီစာရင်း အောက်ဆုံးနေရာ နံပါတ်(၂၅) တွင် အလုပ်သမား ၅,၀၀၀ ကျော် ခန့်အပ်ထားသည့် eBay ကုမ္ပဏီ ရှိနေသည်။

ယင်းစစ်တမ်းကောက်ယူမှု အတွင်း ကုမ္ပဏီတစ်ခုစီ၏ လက်ရှိ(သို့မဟုတ်) အလုပ်သမားဟောင်း များ အနည်းဆုံး ၇၅ ရာခိုင်နှုန်း ပါဝင်ခဲ့သည်။

7day


အူရီးဒူးမြန်မာ ဆင်းမ်ကတ်များ သြဂုတ်တတိယပတ်တွင် စရောင်းမည်

အူရီးဒူးမြန်မာမှ တာဝန်ရှိသူ ရှင်းလင်းပြောကြားစဉ် (ဓာတ်ပုံ − ကျော်ဇင်သန်း)

နိုင်လင်းအောင်၊ ဆွေမွန်

အူရီးဒူးမြန်မာ ကုမ္ပဏီမှ ရောင်းချပေးမည့် ဆင်းမ်ကတ်များကို မူလ သတ်မှတ်ထားသည်ထက် အနည်းငယ် နောက်ကျ၍ ၂၀၁၄ ခုနှစ် သြဂုတ်လ တတိယပတ်တွင်မှသာ ရောင်းချပေးနိုင်မည်ဖြစ်ကြောင်း သတင်းရ ရှိသည်။

အူရီးဒူးမြန်မာ  အနေဖြင့် ၂၀၁၄ ခုနှစ် ဖေဖော်ဝါရီ ၅ ရက် တွင် ဆက်သွယ်ရေးလိုင်စင်ရရှိခဲ့ သည်။ ၎င်းတို့အနေဖြင့် လိုင်စင်ရပြီး ခြောက်လအတွင်း ဇူလိုင်လလယ်ခန့်တွင် ဆင်းမ်ကတ်များ စတင်ရောင်းချမည်ဟု ပြောကြားခဲ့သည်။ သို့သော်လည်း ဆက်သွယ်ရေးကွန်ရက်များ ဖြန့်ကြက်ရာ တွင် ၎င်းတို့မျှော်မှန်းထားသည် ထက် အခက်အခဲအချို့နှင့် ကြုံ တွေ့ရခြင်းကြောင့် ယခုကဲ့သို့အ နည်းငယ် နောက်ကျသွားခြင်းဖြစ် ကြောင်း အူရီးဒူးမြန်မာ၏ အမှု ဆောင်အရာရှိချုပ် Mr.Ross Cor-mack က ရှင်းပြသည်။

‘‘ကျွန်တော်တို့အနေနဲ့ လုပ် ငန်းတွေကို အကောင်အထည် ဖော်တဲ့အခါမှာ မျှော်မှန်းထားတာ ထက် အခက်အခဲတွေကို ကြုံတွေ့ခဲ့ရပါတယ်။ အဲဒါကြောင့် အနည်းငယ် နောက်ကျသွားတာပါ။ သြဂုတ်လ တတိယလေးလပတ်အတွင်းကနေစပြီးတော့ ဆင်းမ်ကတ်တစ်ခုကို ၁၅၀၀ နှုန်းနဲ့ လိုသလောက် ရောင်းချပေးသွားမှာပါ’’ ဟု အူရီးဒူးမြန်မာ၏ အမှုဆောင်အရာရှိချုပ်က ပြောသည်။

အူရီးဒူးအနေဖြင့် 3G ကွန်ရက်စနစ်ဖြင့် အင်တာနက်ပါ တစ်ခါတည်း အသုံးပြုနိုင်မည့် ဆင်းမ်ကတ်များကို ရောင်းချပေးသွားမည်ဖြစ်ပြီး ၀ယ်ယူလိုသူများ နေဖြင့် မှတ်ပုံတင်မိတ္တူတစ်စောင် နှင့် ငွေ ၁၅၀၀ ကျပ်သာ လိုပြီး ကျန်သော ကန့်သတ်ချက်များမရှိ ဘဲ လိုအပ်သလောက် ၀ယ်ယူနိုင် ရန် ရောင်းချပေးသွားမည်ဖြစ် ကြောင်း သတင်းရရှိသည်။

‘‘ကျွန်တော်တို့အနေနဲ့ ဖုန်း ခေါ်ဆိုနှုန်းထားတွေကို အားလုံး တတ်နိုင်တဲ့ အတိုင်းအတာအ တွင်းကနေ ဖြစ်အောင် ဆောင် ရွက်သွားမှာပါ။ အခုအချိန်မှာ တော့ ပြောခွင့်မရှိသေးတဲ့အတွက် နောက်ကျရင်တော့ ပြည်သူတွေ ကို တရားဝင် အသိပေးသွားမှာ ပါ’’ ဟု ၎င်းကဆိုသည်။

အူရီးဒူး မြန်မာအနေဖြင့် မိုဘိုင်းဖုန်းဝန်ဆောင်မှုများကို ပေးရာတွင် ၎င်းတို့ကိုယ်တိုင် တည်ဆောက်ထားသော 3G ကွန်ရက်စနစ်များကိုသာ အသုံး ပြုသွားမည်ဖြစ်ပြီး သုံးစွဲသူများ၏ အချက်အလက်များကိုလည်း လုံခြုံမှုရှိစေရန် ကာကွယ်ပေးသွားမည်ဟု ဆိုသည်။

7 Day


ဖေဖေလာမနှုတ်ဆက်လို့ပါ


၂ဝ၁၅ ခုနှစ် ရွေးကောက်ပွဲကျင်းပသည့်နေ့ညနေပိုင်း
လွှတ်တော်ကိုယ်စားလှယ်လောင်းတစ်ယောက် အိမ်သို့လမ်းလျှောက်ပြန်လာစဉ်
ကလေးငယ်တစ်ဦး ရှိုက်ကြီးတငင် ငိုကြွေးနေသည်ကိုတွေ့ရသဖြင့် မေးမြန်း
လိုက်သည်။
”ဘာဖြစ်လို့ ငိုနေရတာလဲ ကလေး”
”ကျွန်တော့် ဖေဖေ သေသွားလို့ပါ”
”စိတ်မကောင်းစရာပဲကွာ။ ဘယ်တုန်းက သေသွားတာလဲ”
”လွန်ခဲ့တဲ့ ငါးနှစ်ကပါ”
”ငါးနှစ်က ဟုတ်လား။ လွန်ခဲ့တဲ့ငါးနှစ်က သေသွားတာကို ဘာလို့ မင်းကခုထိ
သဲကြီးမဲကြီးငိုနေရလဲကွာ”
” ဒီနေ့ ရွေးကောက်ပွဲမှာ ဖေဖေ့နာမည်နဲ့ မဲထည့်ထားတာတွေ့တယ်။ ဖေဖေက
မဲလာထည့်သွားပြီး ကျွန်တော့်တောင် လာတွေ့မသွားဘူးလေ၊ အဲဒါကြောင့်
ဝမ်းနည်းပြီး ငိုနေတာပါ”

ရဲစတိုင်း
The Myanma Age


ပုဒ်မ ၄၃၆ ပြင်ဆင်ရေး ဘာကြောင့် အရေးကြီး


ဦးသန်းလွင်ထွန်း

ဒီတပတ် မြန်မာ့ဒီမိုကရေစီရေးရာ အစီအစဉ်မှာ ၈၈ ပွင့်လင်းလူ့အဖွဲ့အစည်း လူထုဆက်ဆံရေးတာဝန်ခံ ဦးဂျင်မီ ကို ဗွီအိုအေဌာနမှုး ဦးသန်းလွင်ထွန်း က ဆက်သွယ်ပြီး ပြုပြင်ပြောင်းလဲဖို့ ကြိုးပမ်းလုပ်ဆောင်နေတဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေ ကြိုးပမ်းလုပ်ဆောင်ချက်များကို ဆွေးနွေးသုံးသပ်တင်ပြထားပါတယ်။

ဦးသန်းလွင်ထွန်း ။ ။ မြန်မာနိုင်ငံရဲ့  ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်ရေးအတွက် လိုအပ်ချက်တွေကို အခုလာမယ့် မေလ ၁၇ ရက်နေ့ နဲ့ ၁၈ ရက်နေ့တွေမှာ ရန်ကုန်နဲ့ မန္တလေးမြို့ ကြီးတွေမှာ ဒေါ်အောင်ဆန်းစုကြည်နဲ့ ဦးမင်းကိုနိုင်တို့က လူထုဟောပြောပွဲကြီးတွေလုပ်ပြီး ဟောပြောဖို့ရှိပါတယ်။ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ အခန်း (၁၂) ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ခြင်းဆိုတဲ့အထဲက ပုဒ်မ (၄၃၆) ကို ပြင်ဆင်နိုင်မှပဲ တခြားလိုအပ်တဲ့ပြင်ဆင်မှုတွေ ဆက်လုပ်နိုင်မှာ ဖြစ်တယ်လို့ အခုကျင်းပတဲ့ ဟောပြောပွဲတွေကို ဦးဆောင်စီစဉ်နေတဲ့ ၈၈ ပွင့်လင်းလူ့အဖွဲ့အစည်းရဲ့  လူထုဆက်ဆံရေးတာဝန်ခံ ဦးဂျင်မီ က ရှင်းပြပါတယ်။

ဦးဂျင်မီ ။ ။ ပုဒ်မ (၄၃၆) နဲ့ ပတ်သက်ပြီးတော့ ပြည်သူကြားထဲမှာက ကျယ်ကျယ်ပြန့်ပြန့်ဖြစ်အောင်ဆိုပြီး လုပ်နေတာကတော့ ကြာပါပြီ။ အဲဒါက ကိုသန်းလွင်ထွန်းတို့ သတိထားမိပါလိမ့်မယ်။ ကျနော်တို့ မကြာသေးခင်က ပူးတွဲကြေညာချက် နှစ်စောင်ထုတ်ပြန်ပြီးတဲ့နောက်ပိုင်းမှာ စတင်လုပ်နေတာပါ။ လုပ်တဲ့နေရာမှာ မီဒီယာကမ်ပိုင် (media campaign) တွေပါတယ်။ ကျနော်တို့ တဦးချင်းဟောပြောပွဲတို့၊ နောက် မြို့ နယ်အဆင့် စာပေဟောပြောပွဲကအစ (၄၃၆)နဲ့ ပတ်သက်ပြီး အများပြည်သူနားလည်းအောင် ကြိုးစားနေပါတယ်။ ဆိုလိုချင်တဲ့သဘောက (၄၃၆) ကို လိုက်ပြင်ရတာမဟုတ်ဘဲနဲ့ သူတို့က ဒါကိုပြင်သင်ပါလားဆိုတာကို နားလည်းပြီးတော့ တကယ်လက်ခံပြီးတော့ ပြင်ရတဲ့အခြေအနေမျိုးကို ကျနော်တို့ လိုချင်ခဲ့တယ်။ ကျနော်တို့ ကြိုးစားနေခဲ့တယ်။ လွန်ခဲ့တဲ့ (၃) လလောက်ကတည်းကလို့ ပြောရမှာပေါ့။ အခုကတော့ ဒါက ဒီထက်ပိုပြီး အရှိန်မြင့်လိုက်တဲ့သဘော၊ ပိုပြီးတော့ ကျယ်ကျယ်ပြန့်ပြန့် ဖြစ်လာအောင် ရှေ့ ကိုဆက်သွားတော့မယ် သဘောပေါ့။ အဲဒီတော့ ပြည်သူလူထုကနေပြီး ဒီပုဒ်မ (၄၃၆) ပြင်ဆင်ရေးနဲ့ ပတ်သက်ပြီးတော့ ဒေါ်အောင်ဆန်းစုကြည်နဲ့ ကိုမင်းကိုနိုင်တို့ ဟောပြောမှုတွေရှိမယ်။ နောက်ထပ် ဒီလို ဟောပြောမှုတွေလည်း ရှိလာနိုင်တယ်။ အဲဒီကနေ သူတို့ ကျယ်ကျယ်ပြန့်ပြန့် သိလာနိုင်မယ်။

ဦးသန်းလွင်ထွန်း ။ ။ ဒီနေရာမှာ (၄၃၆) ဆိုတဲ့ အသုံးနဲ့ ပတ်သက်လို့ ဒါက ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်ရေးဆိုတဲ့ အပိုင်း (၁၂) ထဲမှာပါတဲ့ ဥပဒေတခုကို ဆိုလိုတယ်လို့ ကျနော် သိပါတယ်။ သဘောကတော့ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးကိစ္စကို ပြဌာန်းချက်ကို ပြင်ဆင်ဖို့ဆိုတဲ့အချက်ပေါ့။ ဒါပေမဲ့လဲ အစောပိုင်းမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၊ ဒီဖက်မှာ ၈၈ ပွင့်လင်းအဖွဲ့အစည်း၊ ဗမာပြည်မှာရှိတဲ့ နိုင်ငံရေးအဖွဲ့အစည်းတွေကပါ မြန်မာနိုင်ငံမှာ ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ရေးနဲ့ ပတ်သက်ပြီးပြောတဲ့နေရာတွေမှာ ဥပမာအားဖြင့် ပြည်သူ့လွှတ်တော်ထဲမှာ တပ်မတော်ကနေ ကိုယ်စားလှယ်တွေ အချိုးအကျပါနေတဲ့ကိစ္စတွေ၊ နောက်ပြီးတော့ (၅၉) (စ) လို မိသားစုထဲမှာ နိုင်ငံခြားသားဝင်ဖြစ်နေတဲ့ လူတွေကို နိုင်ငံအကြီးအကဲမဖြစ်စေရဆိုတဲ့ သတ်မှတ်ချက်မျိုးတွေ။ အဲဒါမျိုးတွေကိုပြင်ဖို့လောက်ကိုပဲ အာရုံထားနေတာကနေ ဒီဥပဒေတွေကို ပြင်ဆင်ဖို့ဆိုပြီး စည်းကမ်းသတ်မှတ်ထားတဲ့ ဥပဒေပြင်ဆင်ရေး စည်းကမ်းကြီးကို ပြင်ဆင်ဖို့အကြောင်းကြတော့ ဘာကြောင့်မို့ အခုနောက်ပိုင်းမှ အရေးတကြီး ဖြစ်လာရတာလဲ။

ဦးဂျင်မီ ။ ။ ကျနော်တို့ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ စတင်အတည်ပြုပြီးကတည်းက စတင်လေ့လာခဲ့ပြီးပြီ။ အဲဒီတော့ တကယ်လို့ ပြင်ဆင်ရေးဆိုရင် (၄၃၆) မှ စတင်မှရမယ်ဆိုတာကို ကျနော်တို့ ထောင်ထဲမှာထဲက စိတ်ကူးခဲ့ကြတာ။ နောက်ပြီးတော့ ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်မယ်ဆိုပြီး ပြင်ဆင်တဲ့အချိန်မှာ ဘယ်ဟာပြင်သင့်သလဲဆိုတဲ့ အချက်အလက်တွေပေးပါဆိုပြီး ကော်မတီဖွဲ့ပြီး တောင်းတဲ့အချိန်မှာ ကျနော်တို့က ထူးထူးခြားခြား ဘယ်ဟာကိုပြင်ပါ၊ ဘယ်ပုဒ်မကိုပြင်ပါ။ ပုဒ်မတခုတည်းကို ပတ်ပြီးပြောခဲ့တာ မရှိဘူး။ ကျနော်တို့က အရင်ကတည်းက (၄၃၆) ပြင်ဖို့ အဓိကအချက်အဖြစ် ထောက်ပြခဲ့တယ်။ ဒါပေမဲ့ ကျန်တဲ့ အများပြည်သူကြားမှာ ဖြစ်ပေါ်နေတဲ့ ပုဒ်မတွေပေါ့။ ကျနော် ပြောချင်တာက ဒီအခန်း (၁၂) မှာ (၄၃၆) က ဘာကြောင့် ပြင်သင့်သလဲဆိုတာ – ကမ္ဘာပေါ်မှာ အကြမ်းမျဉ်းခွဲလို့ရှိရင် နှစ်မျိုးရှိတယ်။ ပြုပြင်ပြောင်းလဲရလွယ်တဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ ပြုပြင်ပြောင်းလဲရခက်တဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေ နှစ်မျိုးရှိတယ်။ အဲဒီတော့ ဗမာပြည်မှာက ဘာဖြစ်လဲဆိုတော့ သမိုင်းတလျှောက်လုံးမှာ ပြုပြင်ပြောင်းလဲရခက်တဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေတွေ ကြုံကြတယ်။ ဆိုကြပါစို့ ၇၄ ဖွဲ့စည်းပုံအခြေခံဥပဒေ။ အခုနောက်ရေးတဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေ။ အဲဒီတော့ ၇၄ ဖွဲ့စည်းပုံအခြေခံဥပဒေကို ဘာနဲ့ပြင်ရသလဲဆိုတော့ နောင်လာနောင်သားတွေ ပြင်ချင်တဲ့အခါကြတော့ ကြွေးကြော်သံတွေနဲ့ ပြင်ရတယ်။ ဘာကြောင့်လဲဆိုတော့ သူက အလွယ်တကူ ပြင်ဖို့မပေးထားဘူး။ အခုလဲ လာပြန်ပြီး ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ။ လွှတ်တော်ထဲမှာ ရွေးချယ်တင်မြောက်ထားတဲ့ ကိုယ်စားလှယ် ၇၅% ရှိတယ်။ သူတို့နဲ့လဲ မပြီးဘူးဗျ။ တပ်မတော်က ခန့်ထားတဲ့ တဦးတယောက်က သဘောမတူဘူးဆိုရင် အဲဒါ ဘယ်တော့မှ ပြင်လို့မရဘူး။ အဲဒီတော့ ကျနော်တို့က ဒါကိုက ဒီမိုကရေစီဖွဲ့စည်းပုံ အခြေခံဥပဒေ မဟုတ်သေးဘူး။ နောက်တချက်က ဘာလဲဆိုတော့ ပြည်သူ့ဆန္ဒ၊ လွှတ်တော်အသံ ပြည်သူ့အသံလို့ ပြောနေတယ်။ တကယ်တမ်း ပြည်သူက အဲဒီ ၇၅% ကနေ ပြင်ပါမယ်လို့ ပြောတဲ့ဟာတွေကို ဘာတခုမှ လုပ်လို့မရဘူး။ အဲဒီတော့ ကျန်တဲ့ ပုဒ်မတွေ ဘာကိုပဲပြင်ပြင် အဲဒီ (၄၃၆) မူအရပဲ ပြင်ရမယ်။ ပုဒ်မ (၄၃၆) က တပ်မတော် သဘောတူမှပြင်၊ တပ်မတော် သဘောတူမှပြင်ဆိုတဲ့ အဓိပ္ပါယ်ဖြစ်နေတယ်။ ဖြစ်နေတော့ ဘာဖြစ်နေလဲဆိုတော့ အဲဒီမှာ ရင်ဆိုင်ရတာ တစ်အချက် လူထုက ရွေးချယ်တင်မြှောက်ခံထားရတဲ့ ကိုယ်စားလှယ်တွေရဲ့  အခန်းကဏ္ဍကလည်း မှေးမှိန်နေတယ်။ အဲဒီတော့ သေချာတာတခုကတော့ ဖွဲ့စည်းပုံအခြေခံဥပဒေမှာ အာဏာဟာ ဘယ်သူရှိမှာ ရှိရမလဲဆိုရင် ပြည်သူလူထုက ရွေးချယ်တင်မြှောက်ထားတဲ့ ကိုယ်စားလှယ်တွေရဲ့  လက်ထဲမှာပဲ ရှိရမယ်။ အဲဒါကို ဝိုင်းပြီးစောင့်ရှောက်ရမယ့်တာဝန်သည် ပြည်သူရဲ့ တာဝန်၊ တပ်မတော်ရဲ့  တာဝန်ဖြစ်တယ်။

ဦးသန်းလွင်ထွန်း ။ ။ အဲဒီတော့ အခုလောလောဆယ်အားဖြင့်တော့ ပြည်သူတွေကို ဒီဥပဒေပုဒ်မ (၄၃၆) ကို ပြင်ဖို့လိုတယ်ဆိုတဲ့အကြောင်းကို ပိုပြီးတော့ ရှင်းရှင်းလင်းလင်း သိနိုင်ဖို့ ဟောပြောပွဲတွေ လုပ်နေပြီ။ နောက်ပြီးတော့ ကျနော်တို့ ကြားနေရတဲ့အချက်က လူထုရဲ့  ဆန္ဒသဘောထား ကောက်ယူမှုတွေ၊ လက်မှတ်တွေ စုဆောင်းမှုတွေလုပ်မယ်လို့လည်း ကြားရပါတယ်။ အဲဒီတော့ ဒီလို လူထုရဲ့  သဘောထားလက်မှတ်တွေ ရယူပြီးလို့ရှိရင် ဘာဆက်လုပ်မလဲ။ ဒါကို လွှတ်တော်ကိုပဲ ပြန်ပြီးတင်ပြမလား။ လူထုက ပိုပြီး သဘောပေါက်လာပြီးတဲ့အခါကြတော့ ပြင်ဖို့တခဲနက် သဘောတူညီကြတယ် ဆိုပါစို့။ ဘာဆက်လုပ်မလဲဆိုတာကို တချက်လောက် ပြောပြပါလား။

ဦးဂျင်မီ ။ ။ အဲဒါက သက်ဆိုင်ရာတွေရဲ့  အခန်းကဏ္ဍ အရေးကြီးလာပြီပေါ့။ သက်ဆိုင်ရာလွှတ်တော်ကိုယ်စားလှယ်တွေကလည်း ပြည်သူ့ဆန္ဒနဲ့အညီ ပြည်သူ့အသံကို လွှတ်တော်မှာ တင်ပြဖို့ လိုလာတယ်။ အဲဒီတော့ လွှတ်တော်ကိုယ်စားလှယ်တွေက ဒီပုဒ်မ (၄၃၆) ဟာ ဒီမိုကရေစီဖွဲ့စည်းပုံ အခြေခံဥပဒေနဲ့ မညီညွှတ်လို့ ပြင်ဆင်ရပါမယ်လို့ အဲဒီလို ပြောဆိုလာပြီဆိုရင် တပ်မတော်သားကိုယ်စားလှယ်တွေကို မေတ္တာရပ်ခံဖို့ လိုလာပြီပေါ့။ ပြည်သူတွေရဲ့  ဆန္ဒကတော့ ဒီလိုရှိနေပါပြီ။ ဒီကိစ္စကို တပ်မတော်သားများကလည်း ကူညီပေးပါ။ ပြုပြင်ပြောင်းလဲရေးအတွက် အကူအညီပေးပါဆိုတဲ့ကိစ္စကို ပြောရတော့မှပေါ့။ နောက်ပြီးတော့ သေချာတာတခုကတော့ အဲဒါကို မပြင်နိုင်ဘူးဆိုရင် ဒီဖွဲ့စည်းပုံအခြေခံဥပဒေကို မပြင်နိုင်ဘူးဆိုရင် ဘယ်လိုမှ မတိုးတက်နိုင်ပါဘူး။ အဖက်ဖက်က မျှော်လင့်နေကြတဲ့ တိုင်းရင်းသားအခွင့်အရေး၊ ဒီမိုကရေစီအခွင့်အရေး၊ စီးပွားရေးတိုးတက်မှုတို့ စသဖြင့် အဲဒါတွေဟာ တခုမှမဖြစ်နိုင်ဘူးဆိုတဲ့အကြောင်းကို တပ်မတော်သားကိုယ်စားလှယ်များ ရှင်းပြရတော့မှာပါ။ အဲဒီတော့ ဒီနေရာမှာ ပြောစရာတော့တခုရှိတယ်။ သူတို့က လက်မခံဘူးဆိုရင် ဘာဖြစ်မလဲဆိုရင် ကျနော်တို့ ဆက်ပြီးကြိုးစားကြရအုံးမှာပေါ့။ တိုင်းပြည်ကလည်း ဒီထက်ဒုက္ခရောက်ကြရအုံးမှာပေါ့။ ဒါကို ပြည်သူလူထုကလည်း ရင်ဆိုင်ကြရအုံးမှာပေါ့။ နောင့်နောင်ဖြစ်လာမယ့် ကိစ္စရပ်တွေက ကျနော်တို့ တာဝန်မဟုတ်တော့ဘူးပေါ့။ အဲဒီတော့ ဒီမှာ ၄၃၆ ဟာ ပြင်ရမယ်ဆိုတဲ့ကိစ္စကို ပြည်သူလူထုရဲ့  သဘောတူညီချက်၊ ပြည်သူလူထုရဲ့ ဆန္ဒ ရှိနေပြီဆိုရင် ပြည်သူ့ကိုယ်စားလှယ်များနဲ့ တပ်မတော်သားကိုယ်စားလှယ်များဟာ ပြည်သူရဲ့ ဆန္ဒညီညီ လိုက်လုပ်ပေးဖို့ပဲ ကျနော်တို့က တိုက်တွန်းကြရမှာပါ။

ဦးသန်းလွင်ထွန်း ။ ။ အဲဒီတော့ ဒီနေရာမှာ အရေးကြီးဆုံး နောက်တချက်မေးချင်တာက ဒီပုဒ်မ (၄၃၆) ကို ပြင်မယ်ဆိုတဲ့နေရာမှာ ပုဒ်မ (၄၃၆) ရဲ့  သဘောသဘာဝက အထဲထဲမှာရှိတဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေထဲမှာရှိတဲ့ အရေးကြီးတဲ့ဥပဒေတွေကို ပြင်မယ်ဆိုလို့ရှိရင် လွှတ်တော်ထဲမှာရှိတဲ့ လွှတ်တော်ကိုယ်စားလှယ်တွေရဲ့  ၇၅% ကျော်က ထောက်ခံရမယ်။ အဲဒါပြီးမှ ပြည်သူလူထုရဲ့  ဆန္ဒခံယူပွဲလုပ်ပြီးတော့ ဒီဆန္ဒခံယူပွဲရဲ့  အများစုရဲ့  မဲနဲ့ဆုံးဖြတ်ရမယ်ဆိုပြီး အဆင့်ဆင့်လုပ်ထားတာတွေရှိတယ်။ အဲဒီတော့ ဒီအချက်တွေကို ပြင်မယ်ဆိုရင် အစောကပြောခဲ့တဲ့ ၇၅% ဆိုတာကို ဘယ်လိုပြင်ချင်တာလဲ။

ဦးဂျင်မီ ။ ။ ပြင်ဖို့ရာ စဉ်းစားချက်တွေတော့ ရှိပါတယ်။ ပြင်ဖို့စဉ်းစားချက်တွေ ရှိတယ်ဆိုတာက ကျနော်တို့ ဒါလဲ ဆွေးနွေးညှိနှိုင်းဖို့တော့ လိုတာပေါ့။ အဲဒီလိုဆိုရင် ကျနော်တို့က နိုင်ငံတကာ ထုံးတမ်းစဉ်လာနဲ့အညီ ရွေးချယ်တင်မြှောက်ခံထားရတဲ့ ကိုယ်စားလှယ်များရဲ့ ကဏ္ဍက အရေးကြီးတာပေါ့။ အဲဒီတော့ ရွေးချယ်တင်မြှောက်ခံထားရတဲ့ ကိုယ်စားလှယ်များရဲ့  သဘောတူညီချက်နဲ့ ဥပမာဆိုကြပါစို့ နိုင်ငံတကာလွှတ်တော်တွေမှာလည်း ရှိပါတယ်။ ရွေးချယ်တင်မြှောက်ခံထားရတဲ့ ကိုယ်စားလှယ်များရဲ့  သုံးပုံတပုံနဲ့အညီ သဘောတူညီချက်ရခဲ့ပြီဆိုရင် ဒီဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ကြတာပေါ့။ ဒါမျိုးတွေလည်း ရှိပါတယ်။ အဲဒီတော့ နည်းလမ်းတွေကတော့ အများကြီး ရှိတာပေါ့။ ဗမာပြည်နဲ့ -နည်းလမ်းတခုကိုတော့ ကျနော်တို့ ရွေးချယ်ပြီး တင်ကြရမှာပေါ့။

ဦးသန်းလွင်ထွန်း ။ ။ ကိုဂျင်မီရဲ့  သဘောအရဆိုလို့ရှိရင် ပြင်ဆင်ဖို့လွယ်တဲ့ ပြင်သာပြုသာရှိတဲ့ ဥပဒေဆိုတာဟာ ဘယ်နှစ်ရာခိုင်နှုန်းလောက်ဆိုရင် သဘောတူညီချက်ရမှ ပြင်လို့ရမယ်ဆိုတဲ့ ဥပဒေမျိုးဟာ ပြင်ဖို့လွယ်တယ်ဆိုတဲ့ ဥပဒေလို့ သတ်မှတ်နိုင်မလဲ။

ဦးဂျင်မီ ။ ။ ကျနော်တို့က simple majority လိုဟာမျိုး ၅၀ အထက်ဆိုရင် ပြင်ဆိုတယ်ဆိုရင် သိပ်ပြီးတော့ လျော့ရဲလွန်းတာပေါ့။ အဲဒီတော့ သုံးပုံနှစ်ပုံကနေ ထောက်ခံတယ်ဆိုလို့ရှိရင် ပြုလို့ပြင်လို့ရတဲ့ကိစ္စမျိုးဆိုရင်တော့ ရွေးချယ်တင်မြှောက်ခံကိုယ်စားလှယ်တွေကလည်း role တက်လာမှာပေါ့။ ဒါက ကျနော့်ရဲ့  ကိုယ်ပိုင်အမြင်ပါ။ နိုင်ငံတကာ စံနှုန်းစံညွှန်းတွေနဲ့ ကျနော် ပြောတာပါ။

ဦးသန်းလွင်ထွန်း ။ ။ အခုဒီကိစ္စကြတော့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နဲ့ ၈၈ ပွင့်လင်းနဲ့ ပူးပေါင်းပြီးလုပ်နေတဲ့ကိစ္စဆိုတော့ စောစောက ကိုဂျင်မီပြောတဲ့သဘော အတိုင်းကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဖက် အထူးသဖြင့် ဒေါ်အောင်ဆန်းစုကြည်ဖက်က သဘောတူထားတာရှိလား။ သူတို့ဖက်က ဘယ်လိုရာခိုင်နှုန်းမျိုး စဉ်းစားထားတာရှိတယ်လို့ ကြားသိရလဲ။

ဦးဂျင်မီ ။ ။ အဲဒါကတော့ ဒီလိုရှိတယ် ကျနော်တို့က ဒေါ်အောင်ဆန်းစုကြည်နဲ့ ပတ်သက်လို့ အမြဲတမ်း အားဖြည့်ဝိုင်းရံပေးကြတယ်။ ကျနော်တို့ရဲ့  ခေါင်းဆောင်။ ပြီးတော့ ဒေါ်အောင်ဆန်းစုကြည်ဟာ ဘာပဲဖြစ်ဖြစ် ကျနော်တို့ ဒီမိုကရေစီခေါင်းဆောင်ဖြစ်တယ်။ ပြီးတော့ ဘာပဲဖြစ်ဖြစ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဆိုတာကလဲ မြန်မာနိုင်ငံမှာ အကြီးဆုံးပါတီဖြစ်တယ်။ ကျန်တဲ့အပိုင်းကတော့ ဆွေးနွေးရမယ်၊ စကားပြောရမယ် ဆိုလို့ရှိရင် ဒေါ်အောင်ဆန်းစုကြည်နဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့  ဆုံးဖြတ်ချက်ဟာ တိုက်ရိုက်သွားလေမယ်။

ဦးသန်းလွင်ထွန်း ။ ။ ဒါဆိုလို့ရှိရင် အခု ဒီကိစ္စတွေက ကိုဂျင်မီတို့ လုပ်နေတဲ့ အခြေခံဥပဒေ ပြင်ဆင်ရေးကိစ္စတွေက လာမယ့် ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲအမှီ ဖြစ်လာနိုင်မယ်လို့ ယူဆရဲ့ လား။

ဦးဂျင်မီ ။ ။ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးနဲ့ ပတ်သက်လို့ ကျနော်တို့ သိထားတာကတော့ ၂၀၁၅ ရွေးကောက်ပွဲမတိုင်ခင် (၆) လအလိုမှာ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးလုပ်ငန်းစဉ်တွေကို လုပ်မယ်လို့ ကျနော်တို့ သိထားရတယ်။ ဒါကတော့ ကြားထားရတဲ့သတင်းပေါ့။ အဲဒီတော့ ပြောချင်တဲ့ အဓိပ္ပါယ်က ရွေးကောက်ပွဲမတိုင်ခင်က ဖွဲ့စည်းပုံပြင်ဆင်ရေး လုပ်ငန်းစဉ်တွေကတော့ ဖြစ်လာမှာပဲ။

ဦးသန်းလွင်ထွန်း ။ ။ တကယ်လိုများ ဖြစ်မလာခဲ့ဘူးဆိုရင်ရော။

ဦးဂျင်မီ ။ ။ ဖြစ်လာရမှာပေါ့။ မဖြစ်လာဘူးဆိုရင်တော့ ဘာဖြစ်မလဲ မေးလို့ရှိရင် ပြည်တွင်း အကူအညီတွေလည်း ကျသွားမှာပေါ့။ ပြုပြင်ပြောင်းလဲရေးနဲ့ ပတ်သက်ပြီးတော့ ပြည်တွင်းပြည်ပ မျှော်လင့်ထားတဲ့ မျှော်လင့်ချက်တွေကတော့ ဆုတ်ယုတ်သွားမှာပေါ့။ ယုံကြည်မှုတွေ လျော့သွားမှာပေါ့။ အဲဒီလို ယုံကြည်မှုတွေ လျော့သွားရင် ဘာဖြစ်မလဲဆိုတော့ နိုင်ငံတကာဆက်ဆံရေး၊ ရင်းနှီးမြှုပ်နှံမှုတွေကအစ အကုန်လုံး နောက်ကိုဆုတ်သွားမှာပေါ့။ နောက်ကိုဆုတ်သွားရင် ဘာဖြစ်မလဲ ပြည်သူက ဒီထက်ပိုပြီး ဆင်းရဲမှာပေါ့။ ဒီထက်ပိုပြီး ဒုက္ခရောက်မှာပေါ့။ အဖြေကတော့ ဒါပဲ ထွက်လာမှာပေါ့။

ဦးသန်းလွင်ထွန်း ။ ။ ၈၈ ပွင့်လင်းလူ့အဖွဲ့အစည်းရဲ့  လူထုဆက်ဆံရေးတာဝန်ခံ ဦးဂျင်မီကို ဆက်သွယ်မေးမြန်း ဆွေးနွေးတင်ပြခဲ့တာပါ။

VOA Burmese


မိုဘိုင်းလ်ဖုန်းမှ ပါဝင်ပစ္စည်းများကြောင့် အရေပြား ဓာတ်မတည့်မှုများ ဖြစ်ပေါ်နိုင်


ကမ္ဘာတလွှားတွင် မိုဘိုင်းလ်ဖုန်းများ အသုံးပြုမှု တွင်ကျယ်များပြားလာခြင်းနှင့်အတူ မိုဘိုင်းလ်ဖုန်းကြောင့် ဖြစ်ပေါ်နိုင်သည့် အရေပြား ဓာတ်မတည့်မှု အခြေအနေကိုလည်း သတိထားရန်လိုကြောင်း သုတေသီများက ပြောကြားခဲ့သည်။ စမတ်ဖုန်း ယဉ်ကျေးမှု ထွန်းကားလာခြင်းနှင့်အတူ ဖုန်း၏ ကိုယ်ထည်နှင့် ဓာတ်မတည့်သော အရေပြား ကျန်းမာရေး ပြဿနာ တစ်ရပ်ကိုလည်း ပညာရှင်များက ခြေရာခံ တွေ့ရှိလာသည်။ ဖုန်းကိုယ်ထည်နှင့် ခလုတ်များတွင် ပါဝင်သည့် နစ်ကယ်လ်နှင့် ခရိုမီယမ် ဓာတ်များက အခန့်မသင့်လျှင် ဓာတ်မတည့်မှု ဖြစ်ပေါ်တတ်ကြောင်း သိရှိရသည်။ အဆိုပါ ဓာတ်ပစ္စည်းများနှင့် ထိတွေ့မှုများသည့် ပါးရိုးတဝိုက်၊ နားရွက်နှင့် နှုတ်ခမ်းအစပ်တို့ကဲ့သို့ နေရာများတွင် ဓာတ်မတည့်သည့် အခြေအနေများ ဖြစ်ပေါ်နိုင်ကြောင်း ပညာရှင်များက သတိပေးခဲ့သည်။

အမေရိကန်နှင့် ဒိန်းမတ်နိုင်ငံမှ သုတေသီများသည် စမတ်ဖုန်းများ ထုတ်လုပ်မှုတွင် ဥရောပ ယူနီယံက သတ်မှတ်ထားသည့် နစ်ကယ်လ်ဓာတ် အသုံးပြုမှု စံချိန်စံညွှန်းများနှင့် ညီမညီ ဆိုသည်ကို မေးခွန်းထုတ်ခဲ့သည်။ အလွန်ဆိုးရွားသော အခြေအနေမျိုး မဟုတ်သည့်တိုင် စမတ်ဖုန်းများကြောင့် အရေပြား ပြဿနာများ ဖြစ်ပေါ်နိုင်ခြေသည် သိသိသာသာ မြင့်တက်လာသည်။ ဥရောပတွင် အရေပြား ဓာတ်မတည့်သည့်ဖြစ်စဉ် ခံစားရမှုများသည် (၂၀၀၀)ပြည့်နှစ်မှ (၂၀၁၀)ပြည့်နှစ် အတောအတွင်းတွင် (၁၂၅၀) ရာခိုင်နှုန်းထိ တိုးပွားလာကြောင်း Pediatric Allergy ဆေးပညာ ဂျာနယ်တွင် ဖော်ပြခဲ့သည်။

သုတေသီများက ဗြိတိန်နိုင်ငံတွင် အတွင်းခံ ဘရာစီယာအတွင်း၌ ဖုန်းကို ညှပ်ထားတတ်သည့် မိန်းကလေးတစ်ဦး၏ ရင်သားတဝိုက်၌ အင်ပျဉ်ထလာခဲ့ဖူးကြောင်း ပြောကြားခဲ့သည်။ Blackberry၊ Samsung၊ Sony၊ Motorolaနှင့် LGစသော နာမည်ကျော် စမတ်ဖုန်း အမှတ်တံဆိပ်များမှ ဟန်းဆက်များတွင် နစ်ကယ်လ်နှင့် ခရိုမီယမ်တို့အနက် အနည်းဆုံး တစ်ခုဖြစ်စေ၊ နှစ်ခုစလုံးဖြစ်စေ သတ္တုစပ်များ အသုံးပြုလေ့ရှိသည်။ Nokiaနှင့် Appleတို့ကမူ ၎င်းတို့၏  ဟန်းဆက်များတွင် အရေပြား ကျန်းမာရေးအတွက် ပြဿနာဖြစ်စေမည့် ဓာတ်ပစ္စည်းများ ကင်းရှင်းကြောင်း အာမခံထားသည်။

ကယ်လီဖိုးနီးယားရှိ လိုမာလင်ဒါ ဆေးဘက်ဆိုင်ရာ တက္ကသိုလ်မှ သုတေသီ ကလာရီ ရစ်ချတ်ဆန်က “တစ်ကမ္ဘာလုံး အတိုင်းအတာနဲ့ မိုဘိုင်းလ်ဖုန်းတွေ အသုံးပြုမှု မြင့်တက်လာတာနဲ့အတူ အဲဒီအခြေအနေနဲ့ ဆက်နွယ်တဲ့ အရေပြား ပြဿနာတွေကိုလည်း သတိထားမိခဲ့ပါတယ်။ ဖုန်းနဲ့ ဆက်စပ်တဲ့ ဓာတ်မတည့်မှုတွေကို ထိန်းချုပ်ဖို့ ကြိုးစားနေပေမယ့် အမှတ်တံဆိပ် တော်တော်များများက နစ်ကယ်လ်လို ဓာတ်ပစ္စည်းတွေကို ပါဝင်ပစ္စည်းအဖြစ် အသုံးပြုနေကြဆဲ ဖြစ်ပါတယ်။ ဒီလို ဓာတ်ပစ္စည်းတွေဟာ တန်ဖိုးနည်း ဟန်းဆက်တွေအပြင် အဆင့်မြင့် တန်ဖိုးကြီး ဖုန်းတွေမှာတောင် ပါဝင်နေတာပါ”ဟု ပြောကြားသွားသည်။

Planet Myanmar


သို့ ~~~~~~

 

 
သို့ ~~~~~~

ဘဘ ဦး Ye Htut ခင်ဗျား .......

Facebook စသုံးကတည်းကဘဘ တိုက်ပုံနဲ့ ခန့်ခန့်ညာညား ပုံကို မြင်ချိန်မှစ လေးစားကြည်ညိုမိပါတယ်။

မနေ့ က ဘဘ ကလေးငယ်တွေကို ရွာကနေ ၄မိုင်ဝေးတဲ့ ကျောင်းကို လမ်းလျှောက်မသွားရ အောင် ကားနဲ့ တင်ခေါ်လာတော့ ပိုပြီးလေးစားမိပါတယ်။

တကယ်တော့ ဒီကလေးတွေအခုလို ရွာမှာ ကျောင်းမရှိဘဲ အဝေးကြီးခြေလျင် တက်နေရတာ အခုလို ဆင်းရဲချို့တဲ့ နေရတာ ဒေါ်စုကြောင့်ပါ။ သူထောင်ထဲမှာ နှစ်၂၀ကျော် ငွေတွေ မတရားသုံးခဲ့ ဖြုန်းခဲ့လို့ပါ။

နေပြည်တော်ကြီးကလည်း သူမျက်စိနောက်တယ်လို့ဆိုပြီးအရမ်း ဆူလို့ဦးသန်းရွှေတို့မှာ ကြောက်လို့ နေပြည်တော်မှာဖြစ်သလိုလေးလာ နေကြရတာပါ။

သူဖြုန်းတီးခဲ့လို့ခုလိုတိုင်းပြည် ဆင်းရဲရတာပါ။

ဘဘတို့ ကို အတင်းကြိုးကိုင်ပြီး ဘင်္ဂလီတွေ ၅သိန်း သွင်းခိုင်းတာလည်း သူပဲဆိုတာသိနေပါတယ်။

သူအတင်းခိုင်းလို့ ဘပြောင်ခမျာ ပြည်သူနဲ့ တူတူ တစ်သားတည်း မုန့်ဟင်းခါးလေး ရောင်းပြီးနေမလို့ ကို မနေရဘဲ နှလုံးမကောင်းတဲ့ ကြားက သမ္မတလုပ်နေရရှာတာ စိတ်မကောင်းဖြစ်မိပါတယ်။

သူဘဝ တွေဖျက်ခဲ့လို့ အငြိမ်းစား စစ်ဗိုလ်ချုပ်ကြီးတွေဆို ဒုက္ခတွေ ရောက်ပြီး ထမင်းရောင်းသူရောင်း ပန်းရောင်းသူရောင်းနဲ့  ဘဝပျက် ကြရတာ။ အခုတော့ ပန်းတွေဈေး ကောင်းလို့ ဘဘတစ်ယောက်က ကော်ဖီဆိုင်လေး ဖွင့်နိုင်သွားပါပြီ။

ဟို ဘဘ တစ်ယောက်လည်း ပင်စင်ယူရင် ဆိုက်ကား နင်းမယ် ဆိုလို့ ရယ်လိုက်ရတာ အဲ သနားလိုက်ရတာ ဗိုက်တောင်နာပါတယ်

ဘဘရယ်။ သားလေ ဗဟုသုတရအောင် ဘဘရဲ့ ကြေးမုံ သတင်း စာကိုအမြဲဖတ်ပါတယ်။ ရယ်ရလွန်းလို့အကြည်တော်တောင် သိပ်မတိုးတော့ပါဘူး။
ကာတွန်းလေးတွေပြောတာပါ။ ဆောင်းပါးတွေကတော့ခန့်ခန့်ညားညားပါပဲ။

အမြန်လမ်းမှာ ကားတွေဘာကြောင့်မှောက်တယ်ဆိုတာ ဘဘတို့ သတင်းစာ ဖတ်လိုက်ရလို့ပေါ့ ။ မဟုတ်ရင်လမ်းမကောင်းလို့ ဘဘတို့ လာဘ်စားပြီး ဟို ပေါတောတောနေရဲမာန်ဆိုတဲ့ လူကြီးကို ကန်ထရိုက်ပေးလိုက်လို့ ဆိုပြီး ထင်မိဦးမှာ။

အခုမှ ကားသမားအိပ်ငိုက်လို့ နောက်မဖဲဝါတို့ ကြောင့်ဆိုတာ သိရပါတော့တယ်။

ဘဘက သားကျေးဇူးရှင်ပါ ။ အရင်က CivilMajor နဲ့ ကျောင်းတက်ခဲ့ဖူးပါတယ် အဲ့ကျောင်းက သင်ပေးလိုက်တာက အိမ်ဆောက်တဲ့ ကွန်ကရစ် နဲ့ လမ်းခင်းတဲ့ ကွန်ကရစ် မတူဘူးဆိုပဲ။ ဘဘပြောမှ ခင်းချင်တဲ့ဘိလပ်မြေ နဲ့ ခင်းလို့ရပြီး
အိုဘားမား တို့တောင် ၃၀% ကိုကွန်ကရစ်ခင်းထားမှန်းသိရတာပါ။

မိုးရာသီဆို လယ်သမားတွေပင်ပန်းမှာစိုးလို့ ဘဘတို့ ကစေတနာနဲ့ လယ်တွေသိမ်းပေးထားတာကိုလည်းအကောင်းမပြောကြဘူးနော်သိပ်မုန်းဖို့ကောင်းတာပဲ။

ဥပုသ်ပါယူလို့ရအောင်ထမင်းတစ်နပ်ပဲ စားဆိုတာလည်းသီလ မြဲစေချင်လို့ ဆိုတာသိပါတယ်။

လက်ပံတောင်းမှာသံဃာတော်တွေ ကိုဆီမီးပူဇော်တာတော့လက်လွန် သွားတယ်နော်။နေတတ်ရင်ပျော်စရာပါ ဘဘရယ် မီးဆိုလည်း ခဏခဏ လာတယ်။

Connection ဆိုလည်း သည်းခံရလွန်းလို့ ခန္ဓီပါရမီ ပြည့်နေပါပြီ။
ဘဘတို့ရဲ့စေတနာကြောင့်ထင်ပါ။့

ဦးပိုင်ကုမ္ပဏီကြီးထောင်ပြီး ပင်စင်စားစစ်မှုထမ်းတွေကိုထောက်ပံ့ ထားလိုက်တာ အခုဆို အောက်ခြေစစ်မှုထမ်းတွေဆို ချမ်းသာလိုက်တာကျိကျိတက်ပါပဲ။

လိုလေးသေးမရှိ ထားလွန်းလို့ တစ်ခါတစ်လေ ပျင်းရင် စာအုပ်လေးတွေပြက္ခဒိန်လေးတွေ လိုက်ရောင်းတမ်းတောင် ဆော့နေရပါတယ်။ ပျင်းလို့ပါ။

ဘဘတို့ အစီအမံတော် လို့ရန်ကုန်မှာBusတွေဆိုချောင်နေ တာပါပဲ။(စိတ်မရှည်လို့လမ်းဆင်းလျှောက်ကုန်တာ) ကားတွေလည်း သိပ်မတိုက်တော့ဘူး ( ရွေ့ မှမရွေ့ တာ) ၊

နောက်များမှာလည်းအားရင် အားသလို စာရေးလိုက်ပါဦး မယ် ဘဘရယ် ၊ အခုတော့ ဟို အဆိုတော်ကို အားကျလို့ ဘဘ တို့ ဘုန်းတော်ဘွဲ့ တွေစပ်ပြီး မြန်မာ့ အသံမှာဆိုရအောင် သင်တန်း သွားတက် လိုက်ဦးမယ်။ သေချာ ဂစ်တာတီးတတ်မှအားကျမခံအခွေ ထုတ်မယ်နော်။ လွှတ်တော်ဘဘရဲ့ သားတွေ ဧရာဝတီမှာ ဓာတ်မြေ သြဇာရောင်းသလို အဓမ္မရောင်း အဲ သေသေချာချာ ရောင်းပေး
Russia ပို့ပြီး Page တွေမှာလည်းကြေငြာပေးနော် .... ဘဘတို့ က စာသားတော့ ရှားမယ်နော် လက်ညှိုးထိုးစရာ ကောင်းကွက်မှမရှိတာ ဟဲ ဟဲ စတာပါ စတာပါ .....

နေပြည်တော်က လူယုတ်ကြီးတွေ အဲ စာလုံးပေါင်း မှားတာ လူရုပ်ကြီး တွေကိုလည်း သတိရကြောင်းပြောပေးနော် ..........

https://www.facebook.com/photo.php?fbid=447964098681301&set=a.165629376914776.53211.100004031454514&type=1&theater

ဆံပင်ကျွတ်ခြင်းအတွက် သဘာဝကုထုံး



ဆံပင်ကျွတ်ခြင်း၊ ဦးရေပြား ယားယံခြင်း၊ ဗောက်နှင့် ဒက်တို့ကို သဘာဝနည်းဖြင့် ကုသပေးနိုင်ပါတယ်။

ကုသနည်း

သံပရာရည်တစ်ဇွန်းခန့်ကို အုန်ရည် လေးဇွန်းခန့်ဖြင့် ရောစပ်ပြီး တစ်ပတ်ကို တစ်ကြိမ် လိမ်းပေးလျှင် ဆံပင်ကျွတ်ခြင်းကို ပျောက်ကင်းစေပါသည်။

ဦးရေပြား ယားယံခြင်းအတွက် သံပရာသီးတစ်လုံးကို အရည်ညစ်လိုက်ပါ။ ကြက်ဥတစ်လုံးကို ခွဲလိုက်ပြီး အကာ၏ အရည်နှင့် သံပရာရည်ကို ရောစပ်ပြီး မွှေလိုက်ပါ။ ၄င်းရည်ဖြင့် ဆံနွယ်များ၏ အမြစ်မှ လိမ်းပေးပါ။

တစ်နာရီခန့်ကြာပြီးလျှင် ခေါင်းလျှော်ပစ်နိုင်ပါတယ်။ တစ်ပတ်ကို နှစ်ကြိမ်ခန့်နဲ့ တစ်လခန့် လျှော်ပေးလျှင် ဦးရေပြား သန့်ရှင်းသွားပြီး ဗောက်၊ ဒက်တို့ ပျောက်ကင်းသွားပြီး ဦးရေပြားယားယံခြင်းတို့ ကင်းဝေးသွားပါလိမ့်မည်။

စောနွဲ့ နေဆိုင် (ပူတာအို)
ကိုးကား။ ။ Health Update Journal

ကျန်းမာရေးသတင်းများ



ဆံကေသာနက်မှောင်လာစေရန် သဘာဝနည်းဖြင့် ပေါင်းတင်နည်း



ဓါတုဗေဒနည်းများဖြင့် ထုတ်လုပ်ထားသည့် ရှန်ပူခေါင်းလျှော်ရည် အမျိုးမျိုးတို့ကြောင့် ဆံပင်ကျွတ်ခြင်း၊ ဦးရေပြားယံယားခြင်း စသည့်အဆင်မပြေမှုများ ကြုံတွေ့ နေရသူများအတွက် ဘေးထွက်ဆိုးကျိုးမရှိသော သဘာဝဆံပင်ပေါင်းတင်နည်းလေးကို မျှဝေပေးလိုက်ပါရစေ။

ပါဝင်ရသော ပစ္စည်းများ-

၁။ ထောပတ်သီးတစ်ခြမ်း
၂။ ကြက်ဥတစ်လုံး
၃။ ငှက်ပျောသီးတစ်လုံး
၎။ ပျားရည် စားပွဲတင်ဇွန်း ၂ဇွန်းခန့်
၅။ သံလွင်ဆီ စားပွဲတင်ဇွန်း ၃ဇွန်း
၆။ Buttermilk (ထောပတ်ထုတ်ထားတဲ့နို့) စားပွဲတင်ဇွန်း ၃ဇွန်းခန့်

ပြုလုပ်နည်း-

၁။ ထောပတ်သီး၊ ငှက်ပျောသီး၊ ကြက်ဥတွေကို Blenderထဲထည့်
ပြီး မွှေလိုက်ပါ။ သို့မဟုတ် ပန်းကန်လုံးထဲထည့်ပြီး ကြေမွအောင်ထုခြေ
နယ်ပြီးရောသမသွားအောင် နယ်ပါ။

၂။ ရလာတဲ့ အနှစ်ကိုကျန်တဲ့ အရာတွေ သံလွင်ဆီ၊ ပျားရည်နဲ့ Buttermilk တွေကို ထည့်ပြီးသမအောင် ရောပေးပါ။

၃။ အားလုံးရောစပ် ပြုလုပ်ပြီးသွားရင် ဆံပင်ကိုအရင်းကနေ အဖျားအထိ ပွတ်ပြီး အဲဒီအနှစ်ကို ဆံပင်တစ်ခေါင်းလုံးကို လိမ်းပေးပါ။

၎။ အားလုံး လိမ်းပြီးပြီဆိုရင် မိနစ် ၃ဝ ခန့်ပေါင်း
တင်ထားပြီး ခေါင်းလျှော်လို့ ရပါပြီ။

ဆံပင် အတို အရှည်ကိုလိုက်ပြီး အချိုးအစားကို ချိန်ဆထည့်လို့ရပါတယ်။ တစ်လကိုအနည်းဆုံး နှစ်ကြိမ်ပြုလုပ်ပေးနိုင်ပါတယ်။ ပြုလုပ်ထားတဲ့အ
နှစ်ကို တစ်ခါတည်း အကုန်သုံးပါ။ ဒါကြောင့် ချိန်ဆပြီးလုပ်ဖို့ သတိပေးပါရစေ။

သန်စွမ်းနက်မှောင်ပြီး လှပသော ဆံကေသာများကို ပိုင်ဆိုင်နိုင်ကြပါစေ။

စောနွဲ့ နေဆိုင် (ပူတာအို)
ကိုးကား။ ။ (Zenith) Living Fashion မဂ္ဂဇင်း

ကျန်းမာရေးသတင်းများ



မရိုးနိုင်သည့် ကျောင်းဖွင့်ချိန် ဇာတ်လမ်းများ



ကျောင်းဖွင့်ချိန်သို့  ရောက်ရှိတော့ မည်ဖြစ်ရာ ရာသီစာဟု ခေါ်ဆိုနိုင်သည့် ကျောင်းဝင်ခွင့် အလှူငွေ ထည့်ဝင်ရသည့် ကိစ္စရပ်များ၏ အသံဗလံများက အလျှိုလျှိုထွက်ပေါ် လာပြီဖြစ်သည်။ ယခုပညာသင်နှစ် တွင် ကျောင်းအပ်ချိန်များ၌ ငွေကြေးတစ်စုံတစ်ရာ ကောက်ခံခြင်းရှိပါက ထိရောက်စွာ အရေးယူသွားမည် ဟုလည်း အခြေခံပညာ ဦးစီးဌာနများမှ ပြောကြားထားကြသည်။ သို့ရာတွင် အဆို ပါ ပြဿနာများကတော့ လုံးလုံးပျောက်ကွယ်ခြင်း မရှိသေး။

“ကိုယ့်သားသမီးကိုတော့ ကျောင်းကောင်းကောင်းမှာပဲ ထားချင်တာပေါ့။ ဒါပေမဲ့ ငွေကြေးမတတ်နိုင် လို့ နီးစပ်ရာကျောင်းမှာပဲ အပ်ထားတယ်။ နောက်အတန်းကြီးလာရင်ကျောင်းကောင်းမှာ ထားနိုင်ဖို့ ကြိုးစားရ မယ်” ဟု ဗဟန်းမြို့နယ်မှ မူလတန်းကျောင်းသား မိဘတစ်ဦးဖြစ်သူ မချိုချိုရီက ပြောပါသည်။

နေ့စဉ်ထုတ် သတင်းစာတစ်စောင်တွင်လည်း ကျောင်းဝင်ခွင့် အလှူငွေကောက်ခံမှု ငွေကျပ်ဆယ်သိန်း အထိရှိနေသည်ဟု သတင်းများ ထွက်ပေါ်ဟူသော သတင်းတစ်ပုဒ်ရေး သားဖော်ပြထားသည်ကို လည်း တွေ့ရသည်။

တစ်ဖန်မကြာသေးမီကလည်း ရန်ကင်းမြို့နယ်ရှိ နာမည်ကြီးကျောင်းတစ်ကျောင်းက နယ်ကျော် ကျောင်း အပ်နှံသည့် ကလေးများအားကျောင်းဝင်ခွင့် လက်ခံပေးပြီး ယင်းမြို့နယ်မှ ကလေးအား ကျောင်းဝင်ခွင့် မပေးဟုဆိုကာ ယင်းကျောင်းသားမိခင်က အွန်လိုင်းစာမျက်နှာတွင် ရင်ဖွင့်ရေးသားခဲ့ သည့်ဖြစ်ရပ်များကို လည်း တွေ့ရသည်။

အဆိုပါကိစ္စရပ်များက နှစ်စဉ်ပုံမှန်ဖြစ်ပေါ်နေကျ၊ ကြုံကြိုက်နေကျဖြစ်နေပြီဖြစ်၍ မည်သည့်ကျောင်းက မည်မျှကောက်ခံသည် ဆိုသည်ကိုလည်း ထူးခြားသတင်းတစ်ပုဒ် အနေဖြင့် စိတ်ဝင်တစားမရှိကြတော့ သည်မှာလည်း အမှန်ပင်ဖြစ်သည်။

ပြဿနာအရင်းအမြစ်

သည်ပြဿနာအရင်းအမြစ်ကို ရှာဖွေလျှင်လည်း ဝန်ကြီးဌာန၏ ဘတ်ဂျက်ဆိုင်ရာ အခက်အခဲ၊ ကျောင်းများ၏ အသုံးစရိတ်အခက်အခဲနှင့် ကျောင်းကောင်းများတွင် မိမိတို့သားသမီးကိုတက်စေလို သော စေတနာဖြင့် အဂတိပေးခြင်းကို ကျူးလွန်မိမှန်းမသိ ကျူးလွန်မိနေသော မိဘများတို့က မည်သူ့ ကိုတရားခံရှာ၍မ ရနိုင်အောင် သံသရာလည်နေကြဆဲပင်ဖြစ်သည်။

ပညာရေးစီမံကိန်းနှင့် လေ့ကျင့်ရေးဦးစီးဌာနမှ အငြိမ်းစားညွှန်ကြားရေးမှူးချုပ် ဦးဘိုဝင်းက “ဒါတွေ ရဲ့ ပြဿနာအစကပြောပြဖို့ ခက်တယ်။ ကျောင်းတွေမှာလဲ သူ့အခက်အခဲနဲ့သူရှိတယ်။ ကျောင်းသား မိဘ ဘက်ကလဲ သူတို့သား၊ သမီးကို ကျောင်းကောင်းမှာထားချင်တယ်။ အဲဒီတော့ ကျောင်းက မတောင်း ရင်တောင်မှ မိဘကိုယ်တိုင်က လိုလိုချင်ချင်ပေးချင်နေတာ။ အဲဒီတော့ ဒီကိစ္စက မုန့်လုံးစက္ကူ ကပ်” ဟု ပြောပြခဲ့ဖူးသည်။

မိဘများထံ စစ်ကူတောင်နေရသည့် ကျောင်းများ၏အခက်အခဲ

နာမည်ကြီးကျောင်းတချို့ကလည်း ကျောင်း၏ဂုဏ်သတင်း ပိုမိုကောင်းမွန်စေရန်၊ ကျောင်းအချင်းချင်း ပိုမို ယှဉ်ပြိုင်နိုင်စေရန်အတွက် ကျောင်းအင်္ဂါရပ်နှင့် ညီညွတ်စေမည့် Facilities များဖြည့်ဆည်းနိုင်ရန်တို့ အတွက်ဟုဆိုကာ အလှူငွေကောက်ခံမှုများ ရှိသကဲ့သို့ နာမည်ကြီးမဟုတ်သည့် ကျောင်းများ ကလည်း ကျောင်းဖွံ့ဖြိုးရေး၊ ကျောင်းလမ်းခင်းရေး၊ အဆောက်အအုံပြုပြင်ရေး အစရှိသည့်အခက်အခဲများ ကို ဖြေရှင်းရန်မိဘများထံ စစ်ကူတောင်းကြသည်ကိုလည်း တွေ့မြင်နေကြရပါသည်။

နယ်ကျော်ကျောင်းအပ်နှံခြင်းက အဓိကပြဿနာ

“ပုံမှန်အတိုင်းက ကျောင်းတိုင်းက ကိုယ့်မြို့နယ်ကကျောင်းသားကိုပဲ ဦးစားပေးလက်ခံရမှာ။ အဲဒီမြို့ နယ်ရဲ့ သန်းခေါင်စာရင်းရှိတဲ့ ကျောင်းသားကိုပဲ လက်ခံရမှာ။ ကျောင်းသားမိဘတွေကလဲ ဒီအချက်ကို လက်ခံကြဖို့ လိုတယ်။ အခုတော့ ကိုယ့်မြို့နယ်က ကျောင်းကနာမည်မကြီးရင် မအပ်ချင်ကြတော့ နယ် ကျော်တယ်။ အဲဒီအခါ အလှူငွေကိစ္စကပါလာတယ်။ အဲဒီမြို့နယ်က ကျောင်းသားတွေလဲ ဝင်ခွင့်ရ တယ်ဆိုရင်တော့ ကိစ္စမရှိဘူး။ ဦးစားပေးလက်ခံရမယ့် ကျောင်းသားတော့ဝင်ခွင့်မရဘဲ တခြားမြို့နယ် ကကျောင်းသားက ဝင်ခွင့်ရသွားရင် ဒီပြဿနာကပေါ်လာတာပဲ။ မကျေမနပ်အသံတွေ ထွက်လာတာ ပဲ။ ကျောင်းဘက်က တင်မဟုတ်ဘူး။ ကျောင်းသားမိဘတွေကိုယ်တိုင်ကိုက စည်းရှိကြဖို့လိုတယ်။ အဲဒီ ကျောင်းမှာမှ ထားချင် တယ်ဆိုရင် ရှင်းရှင်းလေးပဲ ကလေးကိုသန်းခေါင်စာရင်းပြောင်းလိုက်လေ။ ဒါကတရားဝင်ပဲ” ဟု အငြိမ်းစားပညာရေးမှူးတစ်ဦးက ဆိုသည်။

အဆိုပါဖြစ်ရပ်မျိုးမှာ ကျောင်းတိုင်းတွင် ဖြစ်နေသည်ဟု မဆိုလိုသော်လည်း ယင်းကဲ့သို့ကျောင်းဝင် ခွင့်၊ ကျောင်းထွက်လျှောက်ခြင်းတို့အတွက် အလှူငွေထည့်ဝင်နေကြရသည်ဟူသော ပြဿနာမျိုးကတော့ ဆက်လက်ရှိနေဦးမည်ဖြစ်ပါသည်။

အဘယ့်ကြောင့်နည်း

ကျောင်းများ၏လိုအပ်ချက်ကို အပြည့်အဝ မဖြည့်ဆည်းပေးနိုင်သေးသည့် ဘတ်ဂျက်

ပညာရေးဝန်ကြီးဌာနက နှစ်စဉ်ဘတ်ဂျက်များ တိုးမြှင့်လျက်ရှိသည်ဖြစ်သော်လည်း ကျောင်းတိုင်း၏ လိုအပ် ချက်များကို အပြည့်အဝမဖြည့်ဆည်းပေးနိုင်သည့်အတွက်ကြောင့်ပင် ဖြစ်သည်ဟုကျောင်းအုပ် ဆရာမကြီး တစ်ဦးက ဆိုပါသည်။

ဗဟန်းမြို့နယ် အခြေခံပညာမူလတန်းကျောင်းတစ်ကျောင်းမှ ကျောင်းအုပ်ဆရာမကြီးတစ်ဦးက “အခက် အခဲကတော့ရှိတယ်။ နှစ်စဉ်ကြုံနေကျ အခက်အခဲပဲ။ ဘတ်ဂျက်ပေါ့။ ဝန်ကြီးဌာနက ပုံနှိပ်စာအုပ်ဖိုး၊ ဘာဖိုး၊ ညာဖိုးဆိုပြီး ခေါင်းစဉ်တပ်ပြီး ဘတ်ဂျက်ချပေးတာမျိုးတွေရှိပေမယ့် အမှန်တကယ်က ဒီ့ ထက်ပိုပြီး ကုန်ကျရ တာမျိုးတွေအမြဲရှိတယ်။ တချို့ကိစ္စတွေက စာရင်းနဲ့ပြလို့မရဘူး။ ဥပမာအားဖြင့် ကျောင်းကပွဲလိုဟာမျိုး လုပ်မယ်ဆိုရင် ဘတ်ဂျက်ရှိပေမယ့် အဲဒီပမာဏထက် ပိုသုံးရတာမျိုးတွေရှိ တယ်။ အဲဒီအခါမျိုးတွေ မှာ ကျောင်းက စိုက်လိုက်ရတာတွေရှိတယ်။ ကျောင်းကမတတ်နိုင်တဲ့အခါမျိုး မှာ ကျောင်းသားမိဘတွေကိုပါ ဝိုင်းကူခိုင်းရတာမျိုးတွေရှိပါတယ်။ ဒါကကျောင်းတိုင်းလိုလို ကြုံတွေ့ နေကျတဲ့ပြဿနာပါ” ဟု ပြောပြခဲ့သည်။

လတ်တလောတွင်လည်း ရန်ကုန်တိုင်းအတွင်းရှိ မူလတန်းကျောင်းတစ်ကျောင်းက ကျောင်းထွက် လက်မှတ်ပေးရာတွင် လမ်းခင်းရန်အတွက်ဟုဆိုကာ အလှူငွေတောင်းခံနေသည်ဟု ကျောင်းသား မိဘတစ်ဦးက ဆိုပါသည်။

“ကျောင်းအုပ်ကြီးက ကလေးကျောင်းထွက်လက်မှတ်ကို ထုတ်ပေးဖို့အဆင်သင့်ဖြစ်နေပေမယ့် ထုတ် မပေးသေးဘဲ လမ်းခင်းဖို့ရှိတယ်။ အလှူငွေလိုတဲ့အတွက် ကျောင်းထွက်လက်မှတ်တစ်စောင်အတွက် အလှူငွေငါးထောင်ဆိုပြီး ကောက်တယ်။ ကျွန်မတို့လဲ အဆင်မပြေတော့ တတ်နိုင်သလောက် တစ်ထောင်၊ ထောင့်ငါးရာလောက်ပဲ ထည့်နိုင်ကြတယ်။ အဲဒါကိုမကျေနပ်ကြတဲ့သူတွေ အများကြီးပဲ” ဟု အဆိုပါအလှူငွေထည့်ဝင်ခဲ့သော ကျောင်းသားမိဘတစ်ဦးကပြောသည်။

ယင်းနှင့်ပတ်သက်ပြီး အဆိုပါကျောင်းမှတာဝန်ရှိသူက “ကျောင်းလမ်းခင်းဖို့က ၃၃ သိန်းလောက်ကုန်ဖို့ ရှိတယ်။ မိဘဆရာအသင်းက ဝိုင်းဝန်းလိုက်တော့ သိန်းသုံးဆယ်လောက်ရတယ်။ သုံးသိန်းလောက် လိုနေတော့ ကျောင်းထွက်လက်မှတ်ယူတဲ့ ကျောင်းသားတွေကို ဝိုင်းလှူကြဖို့မေတ္တာရပ်ခံခဲ့တာပါ” ဟု ဆိုသည်။

ထိုကဲ့သို့သော အလားသဏ္ဌာန်တူသည့်ကိစ္စများက မသိကြလျှင်သာရှိမည်။ ဖြစ်ပေါ်နေဆဲ။ ဆက် လက်ဖြစ်ပေါ်နေဦးမည့် ပြဿနာပင်ဖြစ်သည်။

လက်ရှိပညာရေးအသုံးစရိတ်


အစိုးရအနေဖြင့် ပညာရေးဘတ်ဂျက်ကို တစ်နှစ်ထက်တစ်နှစ် ပိုမိုတိုးမြှင့်ပေးခဲ့ရာတွင် ယခုပညာသင် နှစ် တွင် ၁၂ ဘီလီယံအထိ တိုးမြှင့်သုံးစွဲခွင့်ပေးသွားမည်ဟု သိရသည်။

ပြည်ထောင်စုငွေစာရင်း ပူးပေါင်းကော်မတီ အစည်းအဝေး (၄/၂၀၁၄) ၏ ထုတ်ပြန်ချက်အရ ၂၀၁၃-၂၀၁၄ ပညာသင်နှစ်တွင် ပညာရေးအသုံးစရိတ် ၉၀၉ ဒသမ ၄၅၉ ဘီလီယံရှိပြီး ယင်းနှစ်စုစုပေါင်း အသုံးစရိတ်၏ ၅ ဒသမ ၄၃ ရာခိုင်နှုန်းရှိကြောင်း၊ ၂၀၁၄-၂၀၁၅ ပညာသင်နှစ်တွင် ၁၁၄၂ ဒသမ ၃၂၈ ဘီလီယံလျာ ထားပြီး စုစုပေါင်းအသုံးစရိတ်၏ ၅ ဒသမ ၉၂ ရာခိုင်နှုန်းရှိမည်ဖြစ်ကြောင်း သိရသည်။

နယ်ကျော်ကျောင်းအပ်ခြင်းကို ထိထိရောက်ရောက်တားမြစ်ဖို့လို

ပညာရေးလေ့လာသူ ဒေါက်တာစိုးဝင်းဦးက “အမှန်ကန်ဆုံးနည်းလမ်းတစ်ခုလို့ပြောလို့မရပေမယ့် အရင် ဦးဆုံးဖြေရှင်းနိုင်တဲ့နည်းလမ်းက နယ်ကျော်ကျောင်းအပ်တာကို ထိထိရောက်ရောက်တားမြစ်ဖို့ ပဲ။ အဓိက က ကျောင်းသားမိဘတွေကိုယ်တိုင်က စာသင်ကောင်းတာ၊ မကောင်းတာအပထား။ အဲဒီ နာမည် ကြီးကျောင်းက လူကြီးသားသမီးဆိုတာတွေနဲ့ ကိုယ့်သားသမီးကို သိကျွမ်းစေချင်တာမျိုး။ အဲလိုအသိုင်း အဝိုင်းထဲကို ဝင်ချင်ကြတာမျိုးတွေကြောင့် ပိုက်ဆံဘယ်လောက်ကုန်ကုန် နာမည်ကြီးမှာ ဝင်ခွင့်ရဖို့ ကြိုးပမ်းနေကြတာ။ ဒါတွေကိုထိထိရောက်ရောက် တားဆီးပိတ်ပင်နိုင်လိုက်ခြင်းက ဒီလိုငွေ ကြေးကောက် ခံတယ်ဆိုတဲ့ ပြဿနာတွေကိုအထိုက်အလျောက်တော့ အဟန့်အတားဖြစ်စေနိုင်ပါလိမ့် မယ်” ဟု ပြောသည်။

ယင်းသို့နာမည်ကြီးကျောင်းတစ်ကျောင်းသို့ နယ်ကျော်ကျောင်းအပ်ထားပြီးမှ အသင်အပြ မကောင်း ခြင်းကြောင့် နီးစပ်ရာကျောင်းများသို့ ပြန်လည်အပ်နှံသူများလည်းရှိကြောင်း သိရသည်။

“နေတာက စမ်းချောင်းမှာ၊ နာမည်ကြီးကျောင်းက မိန်းကလေးကျောင်းဖြစ်နေလို့ ဒဂုံမြို့နယ်က အထက် တန်းကျောင်းတစ်ကျောင်းကို နယ်ကျော်အပ်လိုက်တယ်။ ငွေကြေးပေးရတာတော့ မဟုတ် ဘူး။ ဝင်ခွင့် အဆင်ပြေပေမယ့် စာအသင်အပြကျတော့ လုံးလုံးကိုစိတ်တိုင်းမကျဘူး။ ကလေးကပြန် လာတိုင်းတစ်ခု မဟုတ်တစ်ခုပျောက်ခဲ့တယ်။ အနိုင်ကျင့်ခံရတယ်။ စာဆိုလဲမပါလာဘူး။ အဲဒီစာမပါတဲ့ ကိစ္စကို အတန်းပိုင် ဆရာမက တာဝန်ယူရမယ့်အစား အိမ်ကလူတွေကိုပြန်ပြီး တာဝန်ပေးလိုက်သေး တယ်။ ကလေးစာမရေးပါ ဆိုပြီး။ အိမ်နဲ့ကျောင်းကဝေးတော့ အမြဲလိုက်မကြည့်နိုင်ဘူး။ ဒါပေမဲ့တောက် လျှောက်ဒီလိုပဲဖြစ်နေတဲ့အ ခါကျတော့ အလုပ်ဖျက်ပြီး ကလေးနောက်ပဲလိုက်ရတော့တယ်။ သူငယ် တန်းကလေးက ကျူရှင်သင်ရမယ့် အနေအထားဖြစ်သွားတယ်။ ဆရာမကကျူရှင်မှာပဲ ကောင်း ကောင်းသင်တယ်။ ကျောင်းမှာမသင်တာ။ သူငယ်တန်းတစ်နှစ်ပဲ ဒီလိုဖြစ်မှာပါ။ ကျောင်းဝင်ခွင့်ရထား တာလေး နှမြောတယ်ဆိုပြီး နောက်တစ်နှစ် ဆက်ထားတာ။ နောက်နှစ်လည်း ဒီအတိုင်းပဲ။ အဲဒါနဲ့ မတတ်နိုင်တော့လို့ ကိုယ့်အိမ်နဲ့နီးစပ်တဲ့ မူလ တန်းကျောင်းလေးမှာပဲ ပြောင်းထားလိုက်ရတယ်။ အဲဒီ ကျောင်းက ကျောင်းသားနည်းပေမယ့် ကျောင်း အုပ်ကြီးကအစ အရမ်းဂရုစိုက်တယ်။ အဲဒီကတည်းက နာမည်ကြီးကျောင်းဆိုရင် တော်ပါပြီလို့ကိုဖြစ် သွားတာ။ ပြောင်းထားရင်တောင် ပုဂ္ဂလိကကျောင်းတွေ မှာပဲ ထားတော့မယ်” ဟု စမ်းချောင်းမြို့နယ် တွင်နေထိုင်သည့် မူလတန်းကျောင်းသားမိဘတစ်ဦးဖြစ် သူ ကိုကျော်နိုင်ကဆိုသည်။

အလှူငွေကောက်ခံခြင်းများကို အရေးယူတော့မည်ဖြစ်သော်လည်း ထုတ်ပြန်မည်မဟုတ်


လာမည့်ကျောင်းအပ်ချိန်တွင် ကျောင်းသား၊ ကျောင်းသူများနှင့် မိဘများထံမှငွေကြေး တစ်စုံတစ် ရာ ကောက်ခံခြင်းများပြုခြင်းများကို စစ်ဆေးအရေးယူမည့် အစီအစဉ်များသည် ယခင်နှစ်အတိုင်းသာ အရေးယူသွားမည်ဖြစ်ပြီး ထူးခြားစွာထုတ်ပြန်မှုများပြုလုပ်သွားမည် မဟုတ်ကြောင်း အမှတ် (၁) အခြေခံပညာဦးစီးဌာနမှ တာဝန်ရှိပုဂ္ဂိုလ်တစ်ဦးကလည်းပြောသည်။

“ငွေကြေးပြဿနာတွေရှိနေတုန်းပဲဆိုတာက မိဘတွေရဲ့လောဘအပေါ်မှာ ဆရာ၊ ဆရာမတွေ ဖန်တီး လာလို့ဖြစ်နေကြရတာ။ ဖြစ်နေတာကလဲ သိန်းချီကောက်တဲ့ကျောင်းတွေကတော့ ပြဿနာမဖြစ်ဘဲ တစ်ထောင်လောက်ကောက်တဲ့ကျောင်းက ပြဿနာဖြစ်တာမျိုးတွေက တို့နိုင်ငံရဲ့အရေးယူမှုတွေ ကြောင့်ပါ။ သတိပေးစာထုတ်ပြန်နေရုံနဲ့ မရဘဲတခြားဒဏ်တပ်တာမျိုးတွေနဲ့ပါ လုပ်မှရမှာ။ ဆရာတို့ အနေနဲ့ အဲ့ဒီလိုငွေကြေးနဲ့ပတ်သက်ပြီး လုပ်ရင်လုပ်တဲ့သူ လေး၊ ငါးယောက်လောက်ကို စံပြအဖြစ်လုပ် ရမှာ။ ဒါမှကျန်တဲ့သူပါမလှုပ်ရဲတော့မှာ” ဟု ယင်းကထပ်မံပြောသည်။

အရေးယူခြင်းက အကောင်းဆုံးနည်းလမ်းမဟုတ်သေး

ကျောင်းဖွင့်ချိန်တိုင်းတွင် ကြုံတွေ့ရတတ်သည့် အဆိုပါအလှူငွေထည့်ဝင်ရခြင်းကိစ္စရပ်များကို အရေး ယူခြင်းဟူသော ပြစ်၏ဒဏ်များဖြင့် တားမြစ်နေကြသော်လည်း ယင်းမှာရေရှည်အတွက်အဆင်ပြေစေ မည့်နည်းလမ်းကောင်းတစ်ခုဟူ၍ ပြော၍မရနိုင်ဟု အငြိမ်းစား အလယ်တန်းပြဆရာမ တစ်ဦးဖြစ် သူ ဒေါ်ရီရီမြင့်က ဆိုပါသည်။

“ကျောင်းတွေမှာ အခက်အခဲရှိတာဟုတ်ပါလိမ့်မယ်။ အစိုးရကလဲ ဘတ်ဂျက်တိုးပေးတယ်ဆိုပေမယ့် အသုံးစရိတ်တွေကလဲ ဒီအတိုင်းပဲနေတာမဟုတ်တော့ အားလုံးလိုက်ဖြည့်ဆည်းပေးနိုင်မှာ မဟုတ် ဘူး။ ဆရာ၊ ဆရာမတွေရဲ့ လစာကလဲအရမ်းလုံလောက်နေတာမဟုတ်တော့ တစ်ခုခုဆိုရင် သူတို့ ချည်းပဲဖြေ ရှင်းဖို့ ခက်ခဲပါတယ်။ မိဘတွေက သားသမီးအကျိုးအတွက် အလိုက်တသိပေးနေကြတာက လဲ ဒီကိစ္စတွေ ကို အားပေးနေသလိုဖြစ်နေတယ်။ ကျေနပ်ကြရင် ဘာမှမဖြစ်ပေမယ့် မကျေနပ်ကြတဲ့ အခါ တိုင် ဟယ်၊ တောဟယ်နဲ့ အရေးယူကြရတယ်။ တစ်ဖက်ကိုအရေးယူလိုက်တိုင်းလဲ ဒီအခက်အခဲ တွေက ပြေ လည်သွားမှာမှမဟုတ်တာ။ ဘယ်သူ့ကိုမှ ပုံချလို့မရဘူး။ အားလုံးဝိုင်းဝန်းအဖြေရှာရ မယ့် ပြဿနာကြီးတစ်ခု ပါပဲ” ဟုယင်းကသုံးသပ်သည်။

နှစ်စဉ်ကြားနေကြရဦးမည်

သို့ဖြစ်ရာ အဆိုပါကိစ္စမှာ ဘဲဥအစရှာမရသကဲ့သို့ပင် ဖြစ်နေသည်ကို တွေ့ကြရမည်ဖြစ်သည်။

ဖြေရှင်းရန် နည်းလမ်းကောင်း ရှာမတွေ့သေးသရွေ့တော့ နှစ်စဉ်ကျောင်းဖွင့်ချိန်တိုင်းတွင် ကျောင်းဝင် ကြေး မည်သည့်ဈေးပေါက်နေ သည်ဆိုသည့် သတင်းများ ဖတ်ရှုနေကြရဦးမည်သာ . . . .။

Democracy Today Daily
အတွဲ(၁)၊ အမှတ်(၇၁)၊ မေလ(၁၉) ရက်၊ ၂၀၁၄ ခုနှစ်