4 Jul 2014

ကိုယ့်ဘ၀ ကံကြမ္မာရယ် ဖန်လာအားရက်လေတယ်


ဦးဝင်းရွှေ (တရားလွတ်တော် ရှေ့နေ)

လွန်ခဲ့သော မေလက စာရေးသူ၏ ရုံးခန်းသို့ ကလေးနှစ်ယောက် နှင့်အတူ အမျိုးသမီး တစ်ယောက် ရောက်လာသည်။ ထိုအမျိုးသမီးက အကြောင်းစုံ ရှင်းပြမှ လွန်ခဲ့သော ငါးနှစ်ခန့်က စာရေးသူကိုယ်တိုင် သင်္ဃန်းကျွန်းမြို့နယ် တရားရုံးတွင် လက်ထပ်စာချုပ် ပြုလုပ်ပေးခဲ့သော အမျိုးသမီးဖြစ်ကြောင်း ပြန်လည် သတိရမိသည်။ ထိုစဉ်က ၎င်းအမျိုးသမီးက ၎င်းနှင့် ခင်ပွန်းဖြစ်သူတို့ မပေါင်းဘဲ နေသည်မှာ နှစ်နှစ်ခန့် ရှိပြီဖြစ်ကြောင်း၊ တစ်ယောက်နှင့်တစ်ယောက် တကွဲတပြားစီ နေထိုင်ခဲ့ကြောင်း၊လွန်ခဲ့သော ၂၀၁၂ ခုနှစ် က ဘုရားဖူးသွားရင်း အမျိုးသားတစ်ဦးနှင့် လက်ထပ်စာချုပ် ပြုလုပ်ပြီး၊ နေထိုင်လျက်ရှိရာမှ ယခင် လင်ယောက်ျားဖြစ်သူက မယားခိုးမှုဖြင့် တရားစွဲသဖြင့် ထောင်တစ်နှစ်ကျခဲ့ကြောင်း၊ ထိုယောက်ျားနှင့် ပေါင်းသင်းရာမှ ကလေးနှစ်ယောက် ရပြီးတာတောင် ထောင်ကျရသလားဟု မေးရာ စာရေးသူက ဥပဒေ အချက်အလက်များ နှင့် ရှင်းပြလိုက်မှ ၀မ်းနည်းစွာ နှုတ်ဆက်ပြီး ပြန်သွားခဲ့သည်။်

မယားခိုးမှုများတွင် ထိုလင်နှင့် ထိုမယားတို့ ကွာရှင်းပြတ်စဲပြီးခြင်း ရှိ၊ မရှိ အငြင်းပွားရမည့် အချက်များ ပေါ်ပေါက်ခဲ့သော ကိစ္စများတွင် ကွာရှင်းမှု ပြုပြီးကြောင်း အများသိလာရန် ဆောင်ရွက်ချက် တစ်ရပ်ရှိရန် လိုမည်ဖြစ်သည်။ မြန်မာ့ ဓလေ့ထုံးတမ်း ဥပဒေအရ လင်မယားအဖြစ် လက်ထပ်မှု၊ လင်မယားအဖြစ်မှ ကွာရှင်းမှုများသည် လူသိရှင်ကြား ဆောင်ရွက်ကြရသော ကိစ္စများဖြစ်သည်။ လင်မယား အချင်းချင်း အဆင်မပြေသဖြင့် လင်မယားကဲ့သို့ ဆက်ဆံခြင်း မပြုသောအချက်နှင့် လင်မယားနှစ်ဦး သဘောတူ ကွာရှင်းပြတ်စဲမှု ပြုသောအချက် တို့သည် ကွာခြားမှုရှိသည်ဟု ဆိုရမည်ဖြစ်သည်။

တောင်ကြီးမြို့၊ ချောပိုင်ရပ်နေ ကိုတင်အေးနှင့် မခင်သန်းမြင့် (အမည်လွှဲ) တို့သည် ၁၉၈၇ ခုနှစ်က လက် ထပ် ပေါင်းသင်းပြီးနောက် သားတစ်ယောက် ထွန်းကားခဲ့သည်။ မခင်သန်းမြင့်သည် စိုင်းဖုန်းကျော် (အမည်လွှဲ) ဆိုသူနှင့် ဖောက်ပြန် နေသည်ကို သိရသဖြင့် ကိုတင်အေးက တောင်ကြီးမြို့နယ် တရားရုံး တွင် ပြစ်မှုကြီးအမှတ် ၃၄၁၅/၂၀၀၁ ဖြင့် စိုင်းဖုန်းကျော် အပေါ် ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၄၉၇ မယားခိုး မှုဖြင့် တရားစွဲသည်။ တရားခံ စိုင်းဖုန်းကျော် ထွက်ပြေးတိမ်းရှောင် သွားသည့်အတွက် အမှုပြန်လည် ရုပ်သိမ်းခဲ့ရသည်။ အချစ်ကြီးတော့ အမျက်ကြီးသလို ကိုတင်အေး နှင့် မခင်သန်းမြင့် တို့မှာ တစ်အိမ် တည်း အတူနေပေမယ့် သူစိမ်းပြင်ပြင် တစ်ဦး နှင့် တစ်ဦး အခေါ်အပြော အဆက်အဆံမရှိဘဲ သီးခြားစီ နေထိုင်လျက်ရှိသည်။ ကြာလာတော့ မခင်သန်းမြင့် က စိုင်းဖုန်းကျော် နှင့်အတူ လိုက်သွားပြီး ပေါင်း သင်းနေသည်။ မခင်သန်းမြင့် နှင့် စိုင်းဖုန်းကျော်တို့ ပေါင်းသင်းရာမှ သားနှစ်ယောက်ပင် ထွန်းကားခဲ့ သည်။

၂၀၀၄ ခုနှစ်တွင် စိုင်းဖုန်းကျော် နှင့် မခင်သန်းမြင့် တို့ သားနှစ်ဦး ရှင်ပြုမင်္ဂလာလုပ်ရာ ဖိတ်စာများ ဝေငှ သဖြင့် ကိုတင်အေးက ၎င်းတို့နေထိုင်သော အရပ်ကို သိခဲ့ရသည်။ ကိုတင်အေးက ဇွဲမလျှော့သေးပါ။ တောင်ကြီးမြို့နယ် တရားရုံးတွင် မယားခိုးမှုဖြင့် စိုင်းဖုန်းကျော် ကို တရားထပ်စွဲသည်။ နှစ်ဖက်သက်သေ များ စစ်ဆေးပြီးနောက် မြို့နယ်တရားရုံးက စိုင်းဖုန်းကျော်ကို အပြစ်မရှိဟု သုံးသပ်ကာ အပြီးအပြတ် လွှတ်လိုက်သည်။ ဥပဒေရုံးမှ ပြစ်မှုဆိုင်ရာ ကျင့်ထုံး ဥပဒေပုဒ်မ ၄၁၇ အရ တရားရုံးချုပ်သို့ အယူခံမှု တက်ရောက်ခဲ့ရာ တရားရုံးချုပ်မှလည်း မူလမြို့နယ် တရားရုံး၏ အမိန့်ကို အတည်ပြုပြီး အယူခံမှုကို ပလပ်ခဲ့သည်။

ကိုတင်အေးက မကျေနပ်သဖြင့် ပြစ်မှုဆိုင်ရာ အထူးအယူခံမှု (မန္တလေး) သို့ အထူးအယူခံ ထပ်မံ တက် ရောက် ခဲ့သည်။ စုံညီခုံရုံးမှ အမှုအား လက်ခံပြီး နှစ်ဖက် လျှောက်လဲချက်များကို ကြားနာကာ အောက်ပါ အတိုင်း ဆုံးဖြတ်ခဲ့သည်။ စုံညီခုံရုံးမှ သုံးသပ်ရာတွင် အမှုတွဲ သက်သေခံချက်များအရ အယူခံ တရားခံ စိုင်းဖုန်းကျော်နှင့် မခင်သန်းမြင့်တို့သည် ၂၀၀၁ ခုနှစ် ကတည်းက ရင်းနှီးကျွမ်းဝင်မှု ရှိခဲ့ကြောင်း ပေါ်လွင် သည်။ ထို့ ကြောင့် ကိုတင်အေးက စိုင်းဖုန်းကျော် အပေါ် တောင်ကြီးမြို့နယ် တရားရုံး၌ပင် လင်မယား ကွာလိုမှုကို စွဲဆိုသည်။ တရားမကြီးမှုမှာလည်း ပြီးပြတ်မှုမရှိဘဲ ရုပ်သိမ်းထား ခဲ့ကြောင်း တွေ့ရသည်။ နေရပ်လိပ်စာ အတိအကျ မသိ၍ ဖြစ်သည်။

ယင်းအခြေအနေတွင် စိုင်းဖုန်းကျော်သည် မခင်သန်းမြင့် နှင့် လက်ထပ် ပေါင်းသင်းမည့် အချိန်က မခင်သန်းမြင့်တွင် တရားဝင် လင်ယောက်ျား ရှိ၊ မရှိ မခင်သန်းမြင့်သည် ကိုတင်အေး နှင့် တရားဝင်ပြတ် စဲမှု ရှိ၊ မရှိ တို့ကို စုံစမ်း စိစစ်သင့်သည်။ မခင်သန်းမြင့် နှင့် ကိုတင်အေးတို့သည် တစ်ယောက်နှင့် တစ်ယောက် အခေါ်အပြော မရှိတော့သဖြင့် လင်မယား ကွာရှင်းပြီးဖြစ်သည် ဟု ယုံကြည်ရကြောင်း၊ မခင်သန်းမြင့်ဘက် မှ အဒေါ်များ က ပြောပြချက်အရ ကိုတင်အေး နှင့် မခင်သန်းမြင့်တို့ လင်မယား အဖြစ် ကွာရှင်းပြီ ဖြစ်သည်ဟု ယုံကြည်ရကြောင်း စိုင်းဖုန်းကျော်ဘက် မှ ထုချေချက်မှာ ခိုင်မာသော ထုချေချက် ဖြစ်သည်ဟု လက်မခံနိုင်ပေ။

စိုင်းဖုန်းကျော် နှင့် မခင်သန်းမြင့်တို့သည် ၂၀၀၂ ခုနှစ် အတွင်း လင်မယားအဖြစ် ပေါင်းသင်း နေထိုင်ခဲ့ ကြကြောင်း၊ ဦးတင်အေး နှင့် မခင်သန်းမြင့်တို့မှာ ထိုအချိန်က လင်ခန်း မယားခန်း ပြတ်စဲနေကြပြီး ဖြစ် သည့်အပြင် စိုင်းဖုန်းကျော် နှင့် မခင်သန်းမြင့် တို့သည် လူသိရှင်ကြား ပေါင်းသင်းနေပြီ ဖြစ်ကြောင်း၊ ၂၀၀၁ ခုနှစ်၊ ဒီဇင်ဘာလတွင် မခင်သန်းမြင့်၏ အဒေါ်နေအိမ်၌ ကိုတင်အေး နှင့် မခင်သန်းမြင့် တို့ကို လူကြီးများက သင့်မြတ်စွာ ပြန်လည် ပေါင်းသင်း နေထိုင်ကြရန် ညှိနှိုင်းပေးသော်လည်း နှစ်ဦးစလုံးမှ လက်မခံကြသဖြင့် ညှိနှိုင်း၍ မရခဲ့ကြောင်း၊ ၂၀၀၂ ခုနှစ်တွင် မခင်သန်းမြင့်က စိုင်းဖုန်းကျော်နှင့် လက် ထပ်တော့မည် ဖြစ်ကြောင်း၊ အဒေါ်များထံ လာရောက် ပြောကြားရာ အဒေါ်များကလည်း ကိုတင်အေးနှင့် မခင်သန်းမြင့်တို့ ပြတ်စဲထားပြီ ဖြစ်၍ ကန့်ကွက်ခဲ့ခြင်း မရှိကြောင်း၊ ထို့ကြောင့် ကိုတင်အေး နှင့် မခင်သန်းမြင့်တို့မှာ နှစ်ဦး သဘောတူ ကွာရှင်းထားကြပြီး ဖြစ်သည်ဟု ဆိုရမည်ဖြစ်ကြောင်း စိုင်းဖုန်းကျော် ဘက်မှ တင်ပြချက်များကို လက်မခံနိုင်ပေ။

မြန်မာ့ ဓလေ့ ထုံးတမ်း ဥပဒေအရ လင်မယား ကွာရှင်းမှုကို နှစ်ဦး သဘောတူညီချက်ဖြင့် တရားဝင် ဆောင်ရွက်ခွင့် ရှိသော်လည်း တရားဝင် လင်မယား အဖြစ်မှ ကွာရှင်းကြရာတွင် ခိုင်မာသော အပြော အဆိုများ၊ အပြုအမူများ ရှိရန် လိုအပ်မည် ဖြစ်သည်။ တစ်နည်းအားဖြင့် ဆိုသော် ကွာရှင်း ပြတ်စဲပြီး ကြောင်း အများလက်ခံနိုင်သည့် အချက်တစ်ရပ် ရပ်ရှိရန် လိုအပ်သည်။ ယခုကဲ့သို့ ကိုတင်အေး၊ စိုင်းဖုန်းကျော်နှင့် မခင်သန်းမြင့် တို့ကြား ပေါ်ပေါက်နေသည့် လင်ခန်း၊ မယားခန်း ကိစ္စများတွင် ကွာရှင်း မှု ပြုပြီးကြောင်း၊ အများသိသာရန် ဆောင်ရွက်ချက် တစ်ရပ်ရှိရန် လိုမည်ဖြစ်သည်။ လင်မယားချင်း အဆင်မပြေသဖြင့် လင်မယားကဲ့သို့ ပြုမူဆက်ဆံခြင်း မပြုရုံမျှဖြင့် ထိုလင်မယားတို့သည် ကွာရှင်းပြတ် စဲပြီး ဖြစ်သည်ဟု ယူဆရန် မဖြစ်နိုင်ပေ။ အမှုတွင် နှစ်ဖက် သက်သေ ထွက်ဆိုချက်များ နှင့် သက်သေခံ အထောက် အထားများအရ စိုင်းဖုန်းကျော် အပြုအမူများသည် ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၄၉၇ မယားခိုးမှု ပြစ်ဒဏ် ထိုက်သင့်သည်ဟု သုံးသပ်ရရှိသည်။

ထို့ကြောင့် စိုင်းဖုန်းကျော် သည် မခင်သန်းမြင့်အား လင်ရှိမယား ဖြစ်ကြောင်း သိလျက်နှင့် လက်ထပ် ပေါင်းသင်းခြင်း မဟုတ်၍ ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၄၉၇ အရ မယားခိုးမှု မမြောက်ကြောင်း တရားရုံးချုပ် (မန္တလေး ရုံးထိုင်) က သုံးသပ်ပြီး စိုင်းဖုန်းကျော်အား အမှုမှ အပြီးအပြတ် လွှတ်ခဲ့သည့် မူလရုံး၏အမိန့်ကို အတည်ပြုခြင်းသည် ဥပဒေအရ မှန်ကန်မှုမရှိ၍ အယူခံမှုကို ခွင့်ပြုသည်။ စိုင်းဖုန်းကျော်အား ပြစ်မှုဆိုင်ရာ ဥပဒေ ပုဒ်မ ၄၉၇ အရ အပြစ်ရှိကြောင်း မှန်ကန်မှု မရှိ၍ အယူခံမှုကို ခွင့်ပြုသည်။ စိုင်းဖုန်းကျော်အား ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၄၉၇ အရ အပြစ်ရှိကြောင်း ထင်ရှားသဖြင့် ထောင်ဒဏ် (၁)နှစ် ကျခံစေရန် အမိန့်ချမှတ်ခဲ့သည်။

လွယ်မယောင်နဲ့ခက်၊ တိမ်မယောင်နဲ့နက် ဆိုသလို မြန်မာ့ ဓလေ့ထုံးတမ်း ဥပဒေ၏ အိမ်ထောင်ခန်းမှာ ကျယ်ပြန့်ပြီး တိကျသော ဥပဒေသများ ရှိသည်ဆိုသော အချက်ကို စာရှုသူများ ဗဟုသုတ ရရှိစေရန် တင်ပြခြင်းဖြစ်သည်။ နောက်ယောက်ျား နှင့် ကလေးနှစ်ယောက် ရနေပြီးတောင်မှ မယားခိုးမှု မြောက် သလားဟု မေးစရာဖြစ်သော်လည်း တရားရုံးချုပ် (စုံညီခုံရုံး) ၏ သုံးသပ်ချက်တွင် အပြည့်အစုံ ဖော်ပြ ထားပြီးဖြစ်သည်။ ယောက်ျား တစ်ယောက် အနေဖြင့် မိန်းကလေး တစ်ဦးနှင့် လက်ထပ် ပေါင်းသင်းမည် ဆိုပါက ထိုမိန်းကလေးသည် လွတ်လွတ် ကင်းကင်းရှိရဲ့လား၊ လင်နှင့် တရားဝင် ကွာရှင်းပြတ်စဲ ထားခြင်း ရှိသလား စသည်တို့ကို စုံစမ်း လေ့လာပြီးမှ လက်ထပ် ပေါင်းသင်းသင့်သည်။ တစ်မြို့ တစ်နယ် စီ ဖြစ်သဖြင့်၊ တစ်ယောက် အကြောင်း တစ်ယောက် သေချာ မသိပါဘဲလျက် စုံစမ်းမေးမြန်းခြင်း မရှိပါဘဲ လျက် အိမ်ထောင်တစ်ခု မတည်ဆောက်မိစေရန် အတွက် ၂၀၀၆ ခုနှစ် ပြစ်မှုဆိုင်ရာ အထူးအယူခံမှု အမှတ်-၅ (မန္တလေး) (၃-ပါး စုံညီ) စီရင်ချက်ကို သတိချပ်စရာ အဖြစ် သိမှတ်ဖွယ်ရာ တင်ပြ လိုက်ရပါ သည်။

The Messenger
-----------------------------


ကမ္ဘာ့ဖလား ကွာတားဖိုင်နယ်ပွဲကြည့်ဖို့ အတွက် တစ်နိုင်ငံလုံးကို နေ့ တစ်ဝက် နားရက်ပေးလိုက်တဲ့ ကိုလံဘီယာ သမ္မတ


 
Angel on 2014-07-04 16:41

ကိုလံဘီယာသမ္မတ Juan Manuel Santos ဟာ ဒီနေ့ နိုင်ငံလုံးအားလပ်ရက်အဖြစ် မနေ့ က သတ်မှတ် ပေးခဲ့ပြီး ဒီနေ့ မှာ ကစားမယ့် ကမ္ဘာ့ဖလား ကွာတားဖိုင်နယ်၊ အိမ်ရှင် ဘရာဇီးနဲ့ ပွဲကို အားပေးနိုင်ဖို့  အတွက် ဖြစ်တယ် လို့  ဆိုပါတယ်။

ကိုလံဘီယာနိုင်ငံက အလုပ်သမားတွေဟာ ဒီနေ့ ရဲ့ နေ့ တစ်ဝက်ကိုပဲ အလုပ်လုပ်ရပြီး နိုင်ငံဂုဏ်ဆောင် ကိုလံဘီယာလက်ရွေးစင်အသင်းကို အားပေးဖို့ ပြင်ဆင်နိုင်ပြီဖြစ်ပါတယ်။

“ ကျွန်တော် အစိုးရလုပ်သားအားလုံးကို တရားဝင်အမိန့် ထုတ်ပြန်ချင်တာကတော့ မနက်ဖြန် သောကြာ နေ့  နေ့ လည်ဟာ ဘရာဇီးနဲ့ ကန်မယ့် ကစားပွဲကို လူတိုင်းကြည့်နိုင်အောင်လို့  ပြည်သူ့ အားလပ်ရက် ဖြစ်မယ်ဆိုတာပါပဲ။”

ကောင်းလိုက်တဲ့ သမ္မတ။


Ref: Metro.co.uk
Trend Myanmar


ဝမ်းနည်းခြင်းကြုံနေပေမယ့် ရှုံးနိမ့်မသွားစေဖို့ သိထားရမယ့် အချက်များ



လူဖြစ်လာပြီဆိုရင် ဝမ်းနည်းစရာတွေဟာ ရှောင်ရှားလို့ ရတဲ့အရာမျိုးမဟုတ်ပါဘူး။ ဒီဝမ်းနည်းစရာတွေဟာ ကိုယ့်ဆီရောက်လာဖို့ အလှည့်ကျလာပြီဆိုရင် သင်ကိုင်တွယ်တတ်ဖို့ အရေးကြီးပါတယ်။ အောက်မှာဖော်ပြထားတဲ့ အချက်လေးတွေက သင်ဝမ်းနည်းရင် ဖြစ်တတ်တဲ့ အလေ့အထတွေ ဖြစ်ပြီး ဒီဝမ်းနည်းခြင်းကနေတဆင့် မရှုံးနိမ့်သွားဖို့ အကြံပေးချက်တွေနဲ့အတူ စုစည်းပေးထားပါတယ်။

၁။ အိပ်ရေးမဝဖြစ်လာတယ်

သင် မအိပ်တော့ဘူးဆိုရင် ခန္ဓာကိုယ်နဲ့စိတ်နှစ်ခုစလုံးလိုအပ်သလို အနားပေးလို့မရတော့ပါဘူး။ အကြိမ်ရေများလာပြီဆိုရင်တော့ ပိုပြီး အအိပ်နည်းလာမှာဖြစ်ပြီး မကောင်းမြင်တတ်တဲ့ အကျင့်ဆိုးတွေ ပိုပြီးစွဲကပ်လာမှာ ဖြစ်ပါတယ်။ ပြီးတော့ အဲအကျင့်ဆိုးကပဲ သင့်ကို အိပ်လို့မရအောင် အနှောက်အယှက်ပေးမှာဖြစ်တယ်။ သာမန်လူတစ်ယောက်ရဲ့ အိပ်ချိန်ဟာ ၈နာရီပုံမှန်တော့ ဖြစ်သင့်တယ် မဟုတ်ဘူးလား။

၂။ အခြားလူတွေ ဘယ်လိုထင်လဲဆိုတာကို အရမ်းစိုးရိမ်လာတယ်

ကိုယ်လုပ်နေတဲ့အရာအပေါ် အခြားလူတွေက သူတို့အယူအဆနဲ့ ကောက်ချက်ချတာကို မှားနေတယ်လို့ သင်ပြောလို့မရပါဘူး။ လူဆိုတာ ပတ်ဝန်းကျင်နဲ့ ကင်းကွာနေလို့ မရသလို ကိုယ့်ဘာသာနေထိုင်လို့လည်း မရပါဘူး။ စွပ်စွဲချက်တွေမခံနိုင်တဲ့ သင့်စိတ်က စိတ်ဆင်းရဲအောင် လုပ်ပေးနေတဲ့တရားခံပါပဲ။ အဲဒါကြောင့် အခြားလူတွေ ဘယ်လိုထင်လဲဆိုတာထက် ကိုယ်က ဘယ်လိုယူဆလဲဆိုတာ ပိုအရေးကြီးတယ်ဆိုတဲ့ ခံယူချက်ကို သင်ယုံကြည်လက်ခံနိုင်ဖို့ လိုအပ်ပါတယ်။

၃။ ကျန်တဲ့သူများဆီကနေ ကိုယ့်ကိုယ်ကို သီးသန့်ခွဲထုတ်ထားတယ်

ကမ္ဘာကြီးဟာ ကြမ်းတမ်းတဲ့နေရာတစ်ခုလည်း ဖြစ်ပါတယ်။ အခြားသူတွေနဲ့အတူတကွ တိုင်ပင်ဖြေရှင်းရမယ့် အရာတွေလည်း အများကြီးရှိပါတယ်။ ဒါပေမယ့် သင့်ကိုသင် သီးခြားခွဲထုတ်ထားတယ်ဆိုရင်တော့ သင့်ခံစားချက်ကို ပိုပြီးဆိုးလာအောင် လုပ်တာနဲ့အတူတူပါပဲ။ လူတွေကြားကနေ သင့်ကိုသင် ခွဲထုတ်လိုက်တာနဲ့ သင်ဟာ အထီးကျန်ဆန်ပြီး ဝမ်းနည်းလာမှာ သေချာပါတယ်။

၎။ သင့်ကို စိတ်ဆိုးအောင်လုပ်တဲ့အရာတွေကို သင်ခွင့်မလွှတ်နိုင်ဘူး

ကိုယ့်ကို ခံစားအောင်လုပ်တဲ့လူတွေကို စိတ်ဆိုးတယ်ဆိုတာကတော့ သဘာဝပါပဲ။ ဒါပေမယ့် တောင်းပန်ပြီးမှ ခွင့်မလွှတ်ပဲ ဆက်ပြီး ခံစားနေမယ်ဆိုရင်တော့ နစ်နာမယ့်သူက ကိုယ်ပါပဲ။ တောင်းပန်တဲ့စကားလုံးတွေကို သင်လက်ခံတတ်အောင် သင်ပြီးတော့ သင့်ကိုနာကြင်အောင် လုပ်ခဲ့တဲ့ကိစ္စတွေကို သင်မေ့ဖျောက်နိုင်မှာ ဖြစ်တယ်။

၅။ကိုယ့်နှုတ်ကနေ ထုတ်ပြောလိုက်တဲ့ စကားလုံးက သူတစ်ပါးကို ထိခိုက်စေတယ်

သင့်စိတ်ထဲမှာ ရှိနေတာကို သင်လွတ်လွတ်လပ်လပ် ထုတ်ပြောဖို့ အခွင့်အရေးရှိပါတယ်။ ဒါပေမယ့် အားလုံးကို ပျော်ရွှင်စေနိုင်မယ့် အကျိုးရှိတဲ့စကားလုံးဖြစ်ဖို့ကလည်း အရေးကြီးတယ်မဟုတ်ဘူးလား။ သင့်ပတ်ဝန်းကျင်မှာ ရှိနေတဲ့လူတွေအားလုံးကို သင်မမုန်းဘူးဆိုရင်တော့ စိတ်အနှောင့်အယှက်ဖြစ်သွားစေနိုင်တဲ့ စကားအသုံးအနှုန်းတွေကို သင့်တစ်ယောက်တည်း ထွက်ပေါက်အတွက် အသုံးမိဖို့ သတိထားစေချင်ပါတယ်။

၆။ ခက်ခဲတဲ့အချိန်တိုင်းမှာ သင်လက်လျော့လိုက်တယ်

ဒီတစ်ခုဟာ ဝမ်းနည်းနေတဲ့အမျိုးသမီးတွေကို ရှုံးနိမ့်သွားစေတတ်တဲ့ ရန်သူဖြစ်ပါတယ်။ ကိုယ်ဘာမှမလုပ်သေးခင်မှာ လက်လျော့လိုက်တယ်ဆိုတာက ကိုယ့်ကိုယ်ကိုတိုက်ခိုက်တတ်တဲ့ စရိတ်ဆိုးဖြစ်ပြီး သင် ပိုကောင်းအောင် လုပ်နိုင်တဲ့အင်အားတွေ ရှိနေသေးတယ်ဆိုတာကို သင်လက်ခံနိုင်ဖို့လည်း လိုအပ်ပါတယ်။

Ref:womenslife.today

Trend Myanmar


မန္တလေးတိုင်းအစိုးရ သတင်းထုတ်ပြန်ချက် ဝေဖန်စရာဖြစ်


မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့က “မန္တလေးမြို့ပေါ် ရန်ပြုအကျိုးဖျက်ဆီးမှု အခြေအနေ ထိန်သိမ်းဆောင်ရွက်မှုသတင်း” ကို ဇူလိုင် ၃ ရက်နေ့စွဲနဲ့ ဖော်ပြပါတယ်။

တိုင်းဒေသကြီးအစိုးရအဖွဲ့ရဲ့ အင်တာနက်စာမျက်နှာပါ ဒီသတင်းဖော်ပြချက်မှာ အုပ်စုတအုပ်စုနဲ့ တအုပ်စု ရုန်းရင်းဆန်ခတ်ဖြစ်မှုတွေနဲ့ ပတ်သက်လို့ ရေးသားချက်ဟာ ရဲသတင်းမှတ်တမ်းပုံစံဖြစ်ပြီး ညွှန်းဆိုချက်တွေမှာ ဗမာလူမျိုးနဲ့ မွတ်စလင်လူမျိုးဆိုပြီး ရေးသားဖော်ပြခဲ့ပါတယ်။

တုတ်ဓားလက်နက် ကိုင်ဆောင်တာ၊ ဆိုင်ကယ်တွေအသုံးပြုပြီး  ရိုက်နှက်သတ်ဖြတ်လု ယက်မှုတွေကြောင့် လူ ၂ ဦး သေဆုံးပြီး ဒဏ်ရာရရှိသူ ၁၄ ဦး ရှိခဲ့တဲ့အကြောင်း ဖော်ပြ ထားပါတယ်။

ဒီရာဇ၀တ်မှုကြီးတွေ ကျူးလွန်သူတွေကို မဖမ်းမိပေမယ့် ရဲစခန်းဝင်းအနီးကို ခဲနဲ့ ပစ်ပေါက်တဲ့သူ အယောက် ၅၀ ထဲက ၄ ဦးကိုတော့ ရဲက ဖမ်းဆီးထားတယ်လို့ ဆိုပါတယ်။

ဇူလိုင် ၃ ရက်နေ့ညနေပိုင်းမှာ မန္တလေးက မြို့နယ်ခြောက်ခုမှာ ညကိုးနာရီကနေ မနက် ငါးနာရီထိ ညမထွက်ရ အမိန့်ထုတ်ပြန်ခဲ့ပြီးနောက် ဒီသတင်းဖော်ပြချက် ထွက်ပေါ်လာတာဖြစ်ပါတယ်။

ဒီသတင်းထုတ်ပြန်ချက်ရဲ့ စတင်တဲ့ စာပိုဒ်မှာ ဗမာတွေကို မွတ်စလင်အမျိုးသားတွေက ၀ိုင်းရိုက်လို့ ဒဏ်ရာရတယ်ဆိုတာနဲ့ အစပြုရေးသားပြီးနောက်ပိုင်းမှာ မွတ်စလင်နဲ့ ဗမာတွေ အပြန်အလှန်ကျူးလွန်တာတွေကို ရေးထားပါတယ်။

မြန်မာပြည်မှာ မွတ်ဆလင်လူမျိုးမရှိပေမယ့် ဒီလိုရေးသားချက်ဟာ မသင့်ကြောင်းနဲ့ ဆင်ခြင်သင့်ကြောင်း မန္တလေးမြို့က တရားလွှတ်တော်ရှေ့နေ ဦးသိန်းသန်းဦးက ပြောပါတယ်။

“ကျနော့်အယူအဆ ပြောရရင် ရခိုင်ကိစ္စမှာလည်း တကြိမ်ကြုံ ပြီးပြီခင်ဗျ။ နိုင်ငံပိုင်သတင်းစာကနေပြီးတော့လေ။ မွတ်စလင်ကုလားများဆိုတဲ့ အသုံးအနှုန်းပေါ့ဗျာ။ အခုချိန်က သိပ်ပြီးတော့ အထိခိုက်မခံတဲ့အချိန် ဖြစ်တဲ့အခါကျတော့ စကားလုံးအသုံးအနှုန်းကအစ သတိပြုသင့်ပါတယ်။ (hate speech (အမုန်းစကားပြောကြားခြင်း) ကို အားပေးတယ်ပေါ့ဗျာ။ လူမျိုးတမျိုးနဲ့ တမျိုး၊ ဘာသာ တခုနဲ့တခု သွေးထိုးလှုံ့ဆော်ရာကျတဲ့ စကားလုံးမျိုး မသုံးနှုန်းသင့်ဘူးဗျ။ နောက်ပြီးတော့ ကျနော်တို့မှာ မွတ်စလင်လူမျိုးဆိုတာလည်း မရှိဘူး။ အစ္စလာမ်ဘာသာ လိုက်နာသူ မွတ်ဆလင်ခေါ်တာပဲ။ အဲဒီလိုအသုံးအနှုန်းမျိုးကတော့ ခုလိုအခြေအနေမှာ မသုံးသင့်ဘူးလို့ ယူဆတာပဲဗျ။”

“ပြည်ထောင်စုလွှတ်တော် နာယကကြီး သူရဦးရွှေမန်းကိုယ်တိုင်က ဒီလိုအရေးအခင်းတွေမှာ ပရောဂါတွေ ပါတယ်လို့ ပြောထားတော့ ကိုယ်က အဲဒီပယောဂထဲ ၀င်မပါသင့်ဘူး”  လို့ ရှေ့နေ ဦးသိန်းသန်းဦးက ပြောပါတယ်။

မန္တလေးမြို့မှာ မုဒိမ်းမှုဆိုင်ရာ စွပ်စွဲချက်တခုနဲ့ စတင်တဲ့ ရုန်းရင်းဆန်ခတ်မှုဟာ ဇူလိုင် ၁ ရက်နေ့ ညပိုင်းက စတင်ဖြစ်ပွားပြီး တုတ်ဓားကိုင်ဆောင်သူတွေက ယာဉ်တွေ၊ အိမ်တွေကို ဖျက်ဆီးခဲ့ကြပြီး နောက်ရက်တွေမှာ လူသတ်မှုတွေပါ ဆက်ဖြစ်လာတာဖြစ်ပါတယ်။

DVB Burmese

ထမင်းငတ်လို့သေတဲ့မသာမရှိသော နိုင်ငံတော်



(တစ်)
ခေတ်အဆက်ဆက် လူထုကို မျက်ကွယ်ပြုကာ အုပ်စိုးသူ အစိုးရမင်းများ၏ဘက်ကနေ အမြဲတမ်းပင်းပြီး ရပ်ခံလျက် စကားပြောတတ်ကြသူတို့ ဆိုလေ့ဆိုထရှိသော စကားတစ်ခွန်းရှိပါသည်။ ‘‘ဟေ့.. မြန်မာပြည်မှာ ထမင်းငတ်လို့ သေတဲ့မသာမရှိဘူးကွ’’ဟူသော စကားပဲဖြစ်ပါသည်။ ခင်ဗျားတို့ ထင်သလောက်မဆိုးပါဘူးဟူသော အနက်အဓိပ္ပာယ်။

၁၉၆၂ ခုနှစ်မှစ၍ ဘက်ပေါင်းစုံက ယိုယွင်းပျက်စီးလာခဲ့သော နိုင်ငံတော်ကိုကြည့်ကာ စာတတ်ပေတတ် မျက်စိကြီးနားကြီး အသွားအလာ အဝင်အထွက် ခြေဆံလက်ဆံရှည်သူတို့က နိုင်ငံ့အခြေအနေကို မချိတင်ကဲဖြင့် ညည်းလေ့ရှိသည့်အခါတိုင်းတွင် ထိုသူတို့သည် ‘‘လမ်းဖြတ်ကူးတဲ့အခါ၊ မျက်မှောင်မကြုတ်ဘဲကူးတဲ့လူဟာ၊ မိတ်ဆွေတွေရဲ့ဒုက္ခနဲ့ ကင်းကွာနေတဲ့သူပဲဖြစ်ရမယ်’’ဟူသည့် ဂျာမန်ကဗျာဆရာကြီး ဘားတိုးဘရက်ခ်ျ (Bertolt Brecht)၏ ကဗျာစာသားထဲကအတိုင်း လူထုကို မျက်နှာလွှဲခဲပစ်ပြောလေ့ရှိပါသည်။ ခုနက ရေးပြခဲ့သည့်အတိုင်း မြန်မာပြည်မှာ ထမင်းငတ်လို့သေတဲ့မသာ မရှိပါဘူးပဲပေါ့။

ရုတ်တရက်တော့ ဟုတ်သယောင်ယောင်ကြီး။ စားစရာထမင်းမရှိ။ ဗုန်းခနဲပစ်လဲကျ။ ဆန့်ငင်ဆန့်ငင်ဖြစ်။ သေ။ ဒါမျိုးမရှိပါဘူးဆိုတာမျိုး။ တကယ့်တကယ်က ငတ်သည်ဆိုသော အခြေအနေသည် ထိုသူတို့ တွေးထင်သလောက် ရိုးစင်းလှသောကိစ္စ မဟုတ်ပါ။

၂၀၁၁ က ထုတ်ပြန်ခဲ့သော စာရင်းဇယားများအရ မြန်မာနိုင်ငံသားတို့၏ သက်တမ်း (Life expectancy)မှာ ၆၅ ဒသမ ၁၅ နှစ်ဖြစ်ပါသည်။ ဂျပန်က ၈၁ ဒသမ ၃ နှစ်၊ ဆွီဒင်က ၇၉ ဒသမ ၉ နှစ်၊ ကနေဒါက ၇၉ ဒသမ ၂ နှစ်၊ စပိန်က ၇၉ ဒသမ ၁ နှစ်၊ ဆွစ်ဇာလန်က ၇၉ နှစ်၊ ဩစတြေးလျက ၇၉ နှစ်၊ အစ္စရေးက ၇၈ ဒသမ ၉ နှစ်၊ နော်ဝေးက ၇၈ ဒသမ ၇ နှစ်၊ ပြင်သစ်က ၇၈ ဒသမ ၇ နှစ်၊ အီတလီက ၇၈ ဒသမ ၆ နှစ်၊ ယူကေက ၇၇ ဒသမ ၉ နှစ်၊ ယူအက်စ်အေက ၇၆ ဒသမ ၉ နှစ် စသည်စသည်များနှင့် နှိုင်းယှဉ်လိုက်သောအခါ မြန်မာတို့ အသက်တိုကြောင်း ပေါ်လွင်နေပါပြီ။

ဘာကြောင့် အသက်တိုသလဲ။ အလွယ်ဆုံးပြောရရင် ငတ်လို့ပါပဲ။

(နှစ်)

အရွယ်ရောက်ပြီးသူတစ်ယောက် နေ့စဉ်စားသုံးရန် ကိုယ်ခန္ဓာအတွက် လိုအပ်ချက် (Body need)များကို ကျန်းမာရေးပညာရှင်များက ထုတ်ပြန်ထားပြီးဖြစ်ပါသည်။

Protein (အသားဓာတ်) 50 grams, Fat (အဆီ) 70 grams, Carbohydrats (ကစီ) 310 grams, Sugar (သကြား) 90 grams, Sodium (ဆား) 2.3 grams, Dietary Fibre (အမျှင်) 30 grams.

ဒါက အခြေခံဖြစ်ပါသည်။ နေ့တိုင်း နေ့စဉ်လူတစ်ယောက်ချင်း လူတစ်ယောက်ချင်း၏ လိုအပ်ချက်ဖြစ်ပါသည်။ မဖြစ်မနေ စားကိုစားရမည့်ကိစ္စ။

အသားက ၅၀ ဂရမ်ဆိုတော့ ကျပ်သားနှင့်တွက်သော် သုံးကျပ်သားကျော်ကျော်၊ လေးကျပ်သား ဆိုပါတော့။ လူငါးယောက်ရှိသော မိသားစုတစ်စုအဖို့ ၂၀ သားလောက် နေ့တိုင်းစားရန် လိုအပ်ပါသည်။ နေ့တိုင်းပါ။ ၁၅ ကျပ်သားလောက်ဝယ်ကာ အာလူးနှင့်ရောပြီး သုံးရက်တစ်ခါ၊ လေးရက်တစ်ခါစားပြီး ကြက်သားနဲ့ကွဟူသော အခြေအနေမျိုးကို ဆိုလိုခြင်းမဟုတ်ပါ။ ကျွန်တော်တို့စားသုံးခဲ့ကြပါသလား။ ထို့အတူ သကြား၊ ဆား၊ အမျှင်နှင့် ကစီဓာတ်ကြွယ်ဝသည့်ဆန်များ။

ထမင်းကြမ်းတစ်ပန်းကန်ကို ဗယာကြော်ကလေးမျှနှင့် ပြီးခဲ့ရသောရက်များ၊ လက်ဖက်သုပ်ကလေးမျှနှင့် ပြီးခဲ့ရသောရက်များ၊ ဘဲဥတစ်ခြမ်းနှင့် ပြီးခဲ့ရသောရက်များ၊ ထန်းလျက်တစ်ခဲ၊ မြေပဲဆန်နည်းနည်းနှင့် ပြီးခဲ့ရသောရက်များ၊ ငါးပိထောင်းကလေး ငါပိဖုတ်ဆီဆမ်းကလေးတို့နှင့် ပြီးခဲ့ရသောရက်များ၊ မည်သည့်ဟင်းခတ်မှမပါသည့် ချဉ်ပေါင်ဟင်းကလေး ဟင်းချိုကလေးမျှနှင့် ခေါက်သောက်ခဲ့ရသောရက်များ ကျွန်တော်တို့တွေမှာ အနည်းနှင့်အများတော့ ရှိထားကြသူတွေချည်းပဲ ဖြစ်ပါသည်။

ကျွန်တော်တို့ ငတ်ခဲ့ကြပါသည်။

(သုံး)

ကျွန်တော်တို့ခန္ဓာကိုယ်ကြီးက ကစီဓာတ်ကိုပေးသော ထမင်းနှင့် ပရိုတိန်းကိုပေးသော အသားမျှကိုသာ လိုအပ်နေတာမျိုး မဟုတ်ပါ။

သတ္တုဓာတ်တွေကိုလည်း လိုအပ်ပါသည်။ ကယ်လ်စီယမ်၊ မဂ္ဂနီစီယမ်၊ ခရိုမီယမ်၊ သံဓာတ်။ နို့ထွက်ပစ္စည်းတွေ၊ ပဲပိစပ်တွေ၊ ဆယ်လ်မွန်ငါးတွေ၊ ဆာဒင်းငါးတွေ၊ နေကြာ၊ မြေပဲ၊ ဂျုံ၊ အသီးအရွက်စိမ်းစိမ်း၊ ဥတွေ၊ ပင်လယ်စာတွေ။ ကျွန်တော်တို့ မှန်မှန်စားသုံးခဲ့ကြပါရဲ့လား။

ဗီတာမင်အေတို့၊ ဘီတို့၊ စီတို့၊ ဒီတို့၊ အီးတို့၊ ကေတို့ကိုရော ကျွန်တော်တို့ နိုင်ငံသားအများ မှန်မှန်စားဖြစ်ကြပါစ။ နို့တွေ၊ အသည်းတွေ၊ မုန်လာဥအနီတွေ၊ ငါးကြီးဆီတွေ၊ အဝါရောင်ရွှမ်းတဲ့ အသီးတွေ၊ ငါးတွေ၊ ဒိန်ခဲတွေ၊ ခရမ်းချဉ်တွေ၊ သံပရာတွေ၊ ရှောက်တွေ၊ သစ်သီးအဆန်တွေ၊ ပန်းဂေါ်ဖီတွေ၊ ဟင်းနုနယ်တွေ၊ အရိုးပါဝါးစားနိုင်တဲ့ငါးတွေ၊ ရွှေဖရုံသီးတွေ။ အမျိုးအစားစုံစုံလင်လင် ပြည့်ပြည့်ဝဝ တစ်နိုင်ငံလုံး စားသုံးနေကြပါစ။

မည်ကာမတ္တထမင်းကို ကပြက်ကချော်ဟင်းကလေးတွေနဲ့ အသက်ရှင်နေတယ်ဆိုရုံကလေး စားသုံးနေခဲ့ကြတာ မဟုတ်ဘူးလား။

ငယ်ငယ်ရွယ်ရွယ်နဲ့ ဆံပင်ကလေးတွေဖြူလို့။ ဆံပင်အရောင်တွေက နက်ပြီးတော့ မှောင်မနေကြတော့ဘူး။ မျက်လုံးတွေက တောက်တောက်ပပမရှိ။ အရိုးအဆစ်တွေက ပျော့ပျော့ခွေခွေ။ အသားအရေတွေက လျော့ရိလျော့ရဲ။ လူကလေးတွေက သေးသေးညှက်ညှက်။ နှုတ်ခမ်းကလေးတွေဖြူဖွေးလို့။ မျက်တွင်းကလေးတွေကျလို့။ ရင်ဘတ်ကလေးတွေက ရှုံ့လို့ကျုံ့လို့။ လက်ပြင်ကလေးတွေကကုန်းလို့။ အရိုးပေါ်အရေတင် နားထင်နားရင်းကလေးတွေ ချိုင့်လို့ခွက်လို့။ သည်လိုနဲ့ပဲ တစ်မျိုးသားလုံးရဲ့ သက်တမ်း (Life expectancy)က ကျဆင်းသွားလိုက်တာ။

ကြေကွဲစရာကောင်းတာက ကျွန်တော်တို့တစ်တွေဟာ ကိုယ်ခန္ဓာအတွက် လိုအပ်တဲ့အရာတွေကို စားပါလို့ လမ်းညွှန်ထားသည်များကို မစားနိုင်ရုံမျှသာမက မစားပါနဲ့ဆိုသည်များကို စားနေရရှာတာ အများအသိပါ။ Monoum Saturated Oil လို့ခေါ်သော ပဲဆီ၊ သံလွင်ဆီကိုစားပါ၊ မတတ်နိုင်ပါက အသင့်အတင့်ကောင်းသော Polyum Saturated Oil ခေါ် ပြောင်းဖူးဆီ၊ နှမ်းဆီ၊ နေကြာဆီ၊ ပဲပိစပ်ဆီကို စားပါဟုဆိုသော်လည်း ကျွန်တော်တို့တစ်တွေ Saturated Oil ခေါ် ဘေးအန္တရာယ်အလွန်ကြီးသည့် စားအုန်းဆီကို စားသုံးနေကြဆဲပါ။ ငတ်တာကိုး။ ပိုက်ဆံမှမရှိတာ။ သွေးတိုးတိုး လေဖြတ်ဖြတ် နှလုံးရောဂါဖြစ်ဖြစ် စားကြရရှာတာပဲပေါ့။

အရက်သောက်ချင်ရင် အမျိုးအစားကောင်းတာလေး ရွေးသောက်လို့ လမ်းညွှန်သော်လည်း တစ်ပုလင်း သိန်းနှစ်ဆယ်၊ သိန်းသုံးဆယ် အတန်းအစားတွေကို အသာထားလို့ တစ်သောင်းခွဲ၊ နှစ်သောင်းတန်၊ သုံး၊ လေးသောင်းတန်တွေ အနားကိုတောင်မှ ရစ်သီရစ်သီမလုပ်နိုင်တဲ့အခါ ငါးဆယ်ဖိုးပေးပါဦး တစ်ခွက်မော့ချ၊ တစ်ရာဖိုးပေးပါဦး တစ်ခွက်မော့ချလုပ်ကြရတာ ကျွန်တော်တို့ဆီကလူတွေပါ။

၂၀၁၀ ပြည့်နှစ်က ကုန်ဈေးနှုန်းများကို အခြေခံကာ လူတစ်ယောက်စားဖို့အတွက် တစ်နေ့ငွေမည်မျှ သုံးစွဲသင့်သနည်းဆိုသော စာရင်းဇယားကို ကျွန်တော်ကြည့်ဖူးပါသည်။ ၇၆၃ ကျပ်တဲ့။ ဝတ်ဖို့၊ နေဖို့၊ ပညာသင်ဖို့၊ ဆေးကုဖို့၊ အလှပြင်ဖို့၊ အပန်းဖြေဖို့၊ လှူဖို့တန်းဖို့မပါ။ စားဖို့သက်သက် ၇၆၃ ကျပ်။ သို့ဆိုလျှင် မိသားစုငါးယောက်ရှိသော် ၃,၈၁၅ ကျပ်လိုမည်ပေါ့။ ဝင်ငွေ ၃,၀၀၀ ပဲရှိသော် ဘယ်လိုလုပ်ရပါ့။ အခုထိ တစ်နေ့လုပ်ခ ၁,၀၀၀၊ ၁,၅၀၀ သာရရှိသော အလုပ်များရှိနေပါသေးသည်ဆိုလျှင် စာဖတ်သူ ယုံကြည်နိုင်ပါစ။

(လေး)

မြန်မာတို့ အသက်တိုကြရှာပါသည်။ ရှင်စဉ်မှာလည်း စွမ်းဆောင်ရည်တို့ ကျဆင်းကြပါသည်။ မြန်မာပြည်မှာ ထမင်းငတ်လို့သေတဲ့မသာ မရှိပါဘူးဟုဆိုသောသူတို့ မည်သို့သော အချက်အလက် စာရင်းဇယားများနှင့် ပြောရဲဆိုရဲရှိခဲ့ကြသလဲ ဆိုသည်ကို ကျွန်တော်သိလိုလှပါသည်။      

7day daily


အလွယ်ဆုံးက စပါ



မြန်မာ့နိုင်ငံရေးပြဿနာတွေထဲမှာ ဘယ်တော့မှမရိုးနိုင်တဲ့ ဇာတ်ညွှန်း၊ ဇာတ်ကွက်တစ်ခုက ရခိုင်အရေးကိစ္စပဲဖြစ်ပါတယ်။ ဒီပြဿနာဟာ ခေတ် အဆက်ဆက်ကရှိခဲ့ပြီး ၂၀၁၂ ခုနှစ်မှာတော့ အုတ်အော်သောင်းတင်းပေါက်ကွဲထွက်လာပါတော့တယ်။  အဲဒီအပေါ်မှာ ပြည်တွင်း၊ ပြည်ပမီဒီယာအသီးသီးက အမျိုးမျိုးသုံးသပ်ဝေဖန်ရေးသားခဲ့ကြပါတယ်။ ရေးသားဆဲလည်းဖြစ်ပါတယ်။ပြည်တွင်း၊ ပြည်ပအဖွဲ့
အစည်းအသီးသီးကလည်း ရခိုင်ပြည်နယ်မှာ အမျိုးသားပြန်လည်ရင်ကြားစေ့ရေး၊ လူသားချင်းစာနာမှုအကူအညီစသဖြင့် အထောက်အပံ့ အမျိုးမျိုးပေးခဲ့ကြပါတယ်။   ပေးနေဆဲလည်းဖြစ်ပါတယ်။ ဘာသာပေါင်းစုံညီညွတ်ရေးဆိုပြီး လုပ်လိုက်ကြတဲ့ Interfaith ဆိုတာတွေလည်း   နိုင်ငံအဝန်း ရာနဲ့ချီရှိ လောက်ပြီ။  နှစ်ဖက်လူ့အဖွဲ့အစည်းများအကြား ထင်ရှားသိသာတဲ့ အပြန်အလှန်နားလည်မှုမျိုးမတွေ့မိသေးပါဘူး။ ဒီအတိုင်းဆို တွေ့ကောတွေ့ဦးမှာလား။ အခုဆိုရင် ရခိုင်မှာ ဝန်ကြီးချုပ်တောင် တစ်ဆက်ပြောင်းပြီ။ ဒီပြဿနာဖြေရှင်းဖို့အတွက် အလွယ်ဆုံးက မစကြသရွေ့ ပြဿနာတွေပတ်ချာလည်နေဦးမှာပါ။

ပဋိပက္ခတစ်ခုဖြေရှင်းရာမှာ ပြဿနာရဲ့ အခြေအမြစ်ကို သိဖို့ လိုတယ်။ ရောက်အောင်သွားဖို့လို တယ်။ ဒီမိုကရေစီ၊ လူ့အခွင့် အရေးလောက် ပြောနေရုံမရဘူး။ ဒီနိုင်ငံမှာ ပြဿနာက ကိုယ်သိ နားလည်တတ်ကျွမ်းအားသာတဲ့ အရာတစ်ခုတည်းကို ဇောင်းပေး လုပ်နေကြတာပဲ။ အတွင်း၊ အပြင်အဆက်အစပ်ကို မစဉ်းစား ကြဘူး။ မစဉ်းစားချင်ဘူး။ ကိုယ်နဲ့ သဘောညီမယ့်သူတွေကိုရှာရင်း အဲဒီသူတွေအချင်းချင်းပဲ အဆို တင်၊ ထောက်ခံနေကြတာများ တယ်။ ဒီတော့ ပြဿနာတစ်ခုဖြေ ရှင်းမယ်ဆိုရင် လိုရင်းကိုမရောက် တော့ဘူး။ ဘာသာနှစ်ခုရင်ကြား စေ့ဖို့ဆိုရင် အဲဒီလူ့အဖွဲ့အစည်း အတွင်း  ပါဝင်သူတွေအားလုံး အပြန်အလှန် နားလည်မှုရှိဖို့လို တယ်။ နေ့စဉ်ထိတွေ့ဆက်ဆံနေ ဖို့လိုတယ်။

ဆီမီနာလေးလုပ်လိုက်၊ အလုပ်ရုံဆွေးနွေးပွဲလေးလုပ်လိုက်၊ဘာပွဲတော်၊ ညာပွဲတော်လုပ်လိုက်၊ ဗီဒီယို၊ ရုပ်ရှင်လေး ပြလိုက်လုပ်နေလို့ ဒီနိုင်ငံမှာဘာမှဖြစ်လာမှာမဟုတ်ဘူး။ အဲဒီဟာတွေ မကောင်းဘူးလို့ ပြောနေတာမဟုတ်ဘူး။  ဒီမြန်မာ့လူ့အဖွဲ့အစည်းမှာ  ကောင်းတိုင်းအဆင်မပြေဘူး။ မှန်တိုင်းအလုပ်မဖြစ် ဘူး။ ရိုးတိုင်းအရာမရောက်ဘူး။ မကောင်းနဲ့၊ မမှန်နဲ့၊ မရိုးနဲ့လို့ပြော နေတာမဟုတ်ပေမယ့် မြန်မာ့လူ့ အဖွဲ့အစည်းမှာ ပြဿနာတစ်ရပ် ကို ချဉ်းကပ်ဆောင်ရွက်တဲ့နေရာ မှာ ကောင်းတာနဲ့မကောင်းတာ၊ မှန်တာနဲ့ မမှန်တာ၊ ရိုးတာနဲ့ မရိုး တာ ပေါင်းစပ်ပါဝင်ဖို့လိုပြီး အဲဒီ လိုလုပ်ဆောင်ခြင်းမှတစ်ဆင့် ကောင်းတာ၊ မှန်တာ၊ ရိုးတာ ဘက်အလေးသာအောင် လုပ်ဆောင်ကြရမှာဖြစ်တယ်။ ထပ်ရှင်းရရင်လူ့အခွင့်အရေးအကြောင်းပြောရင် အမျိုးသားရေးကိုထည့်သွင်းစဉ်းစားရမယ်။ သာတူညီမျှမှု၊ ဂုဏ်သိက္ခာ အကြောင်းပြောရင် ကိုယ့်နိုင်ငံသားတွေအရေးကို ပထမစဉ်းစားရမယ်။ ငြိမ်းချမ်းစွာယှဉ်တွဲနေထိုင်ရေးအကြောင်းပြောရင် ငြိမ်းချမ်းစွာယှဉ်တွဲနေထိုင်ဖို့ အတားအဆီးဖြစ်စေတဲ့ အကြောင်းအချက်တွေ ဆွေးနွေးရမယ်။ အဲဒီလိုမှမဟုတ်ဘဲ တစ်ဖက်တည်းကို ဇောင်းပေးနေရင် ရလာရင်၊ ဖြစ်လာရင်တောင် အဲဒီလိုရလာ၊ ဖြစ်လာတဲ့ သဘောတူညီချက်၊ ကတိကဝတ်တွေဟာ ရေရှည်ခံမှာ မဟုတ်ဘူး။ သမိုင်းတစ်ပတ်ပြန်လည်မှာပဲ။

ဒီတော့ မြန်မာနိုင်ငံမှာ အဓိက ပြဿနာတွေထဲကတစ်ခုဖြစ်တဲ့ ဘာသာအချင်းချင်းကြား ယုံ ကြည်မှုကင်းမဲ့နေတဲ့  ပြဿနာတွေ၊လေးစား၊ နားလည်မှုလျော့နည်းနေတဲ့ပြဿနာတွေ ဘယ်လိုဖြေရှင်းကြမလဲ။ ပြဿနာက ရခိုင်ပြည်နယ်ကဆိုပေမယ့် တစ်နိုင်ငံလုံးကို ကင်ဆာလိုလှိုက်စားနေတာပါ။ နေရာတိုင်းမှာ ဘာသာ မတူသူတွေကြား အတွင်းကျိတ် ပြဿနာတွေရှိနေတယ်။ အထူး သဖြင့် ဘာသာနှစ်ခုကြားပေါ့။

အခုလုပ်နေတဲ့ interfaith တို့၊ ဘာတို့ဆိုတာကလည်း အများအားဖြင့် ကြားကောင်း၊ မြင်ကောင်းရုံ  သက်သက်သာဖြစ် တယ်။ သတင်းရေး၊ ဓာတ်ပုံရိုက် တဲ့အဆင့်သာသာရှိတယ်။ တကယ့်အောက်ခြေပြည်သူတွေရဲ့ နှလုံးသားထဲအထိ ကျယ်ကျယ် ပြန့်ပြန့်စီးဝင်ပျံ့နှံ့သွားတာမျိုးမရှိဘူး။ ကြေညာချက်တွေထုတ်၊ လက်မှတ်တွေထိုး အဲဒါကိုတိုး တက်မှုလို့ ထင်မြင်ယူဆနေကြ ရင်တော့မှားမယ်။ ဒီနိုင်ငံက အခြားဖွံ့ဖြိုးပြီးနိုင်ငံတွေလို မဟုတ်ဘူး။ နိုင်ငံတော်အဆင့်က  ကတိကဝတ်ပြုပြီးရင်တောင် ဟိုလိုလို၊ ဒီလိုလိုဖြစ်တတ်သေးတာ။ ဒီလိုကြေညာချက်တွေ၊ ထုတ်ပြန်ချက်တွေလောက်နဲ့ တော့ ပျင်းတောင်ပျင်းသေးတယ်။ ဒီလိုဆို ဘာမှမလုပ်ဘဲ ဒီလိုပဲထိုင်ကြည့်နေကြမလားဆိုတာ  မေးစရာတော့ရှိတယ်။

 စာရေးသူဆိုလိုချင်တာ အဓိက,က အခြေခံအချက်ဖြစ်တဲ့ အောက်ခြေပြည်သူတွေအကြား နားလည်မှုတိုးပွားစေမယ့် အခြေ အနေတွေကိုလည်း တစ်ချိန်တည်း ဖန်တီးပေးနေဖို့လိုတယ်။ စာရေး သူဆို  လိုချင်တဲ့အလွယ်ဆုံးဆိုတာအဲဒါပဲ။ ဒါပေမဲ့ အဲဒီအလွယ်ဆုံးတွေက တစ်ခါတလေ အခက်ဆုံးလည်းဖြစ်ချင်ဖြစ်နေမှာပေါ့လေ။ ဆိုကြပါစို့။  မြန်မာနိုင်ငံက လူများစု ဗုဒ္ဓဘာသာနိုင်ငံဖြစ်တယ်။ ဒါကြောင့် လူများစုနဲ့လိုက်လျောညီထွေရှိဖို့လိုတယ်။ စာရေးသူတို့ တခြားနိုင်ငံသွားရင်လည်း အဲဒီနိုင်ငံရဲ့ လူများစုနဲ့ လိုက်လျောညီထွေဖြစ်အောင်နေရတာပဲ။ ဒါ မပြောနဲ့ ကိုယ်နားလည်ရမယ့် ကိစ္စဖြစ်တယ်။

ဆိုကြပါစို့။ ဒီမှာ မနက်ဆို မုန့်ဟင်းခါး၊ ခေါက်ဆွဲ စသဖြင့် စားလေ့ရှိတယ်။ စာရေးသူ သတိ ထားကြည့်မိတယ်။ မြန်မာ့ရိုးရာ အဲဒီစားသောက်ဆိုင်တွေမှာ လူမျိုး ပေါင်းစုံ၊ ဘာသာပေါင်းစုံတွေ့ရ တယ်။ သို့သော် အခုပဋိပက္ခဖြစ် နေတဲ့ ဘာသာဝင်တွေကိုတော့ တွေ့ရခဲတယ်။ မြန်မာစားသောက် ဆိုင်တွေကြည့် သူတို့ကို အလွန် တွေ့ရခဲပါတယ်။ ဒီတော့ သူတို့ ကိုယ်၌က  ဒီနိုင်ငံမှာနေသော် လည်း ဒီနိုင်ငံရဲ့ ရိုးရာအစဉ်အလာ၊ ဓလေ့ထုံးစံတွေနဲ့ဝေး အောင်နေတယ်ဆိုတဲ့ သဘောသက်ရောက်တယ်။ သင်္ကြန်လို မြန်မာ့ရိုးရာယဉ်ကျေးမှုအထွတ်အထိပ်ကာလမျိုးမှာလည်း သူတို့ကို သိပ်မတွေ့ရဘူး။ သူတို့ဘာသာရေးကျောင်းတွေဆို တံခါးတွေပိတ်၊ အဲဒီကာလ အပြင်ပေးမထွက်ကြဘူး။ ဒီတော့ ရပ်ကွက်ထဲကလူတွေက အမြင်စောင်းတာမျိုး ပိုဖြစ်စေနိုင်တာပေါ့။  ဒီလိုပဲ ဗုဒ္ဓဘာသာဝင်တွေကလည်း သူတို့ရဲ့ စားသောက်ဆိုင်တွေ၊ လုပ်ငန်းတွေကိုလည်း တတ်နိုင်သမျှ အခြားလူတွေလိုပဲ အားပေးရမယ်။ ဝင်ထွက်သွားလာသင့်တယ်။ ဒါမှ ပိုမိုနီးစပ်လာမယ်။

ဆိုလိုတာက အဲဒီလိုအောက် ခြေမှာဖြစ်နေတဲ့  ကွာဟမှုတွေ ပေါင်းစုလိုက်တော့ လူအများစု က အဲဒီဘာသာကို သီးသန့်၊ သီး ခြားလိုမြင်လာတယ်။   မပြော သော်လည်း စိတ်ထဲမှာသံသယ တွေ ကိန်းဝပ်လာတယ်။ အဲဒီ အမြင်၊ သံသယတွေဟာ ရခိုင်လို ကိစ္စမျိုး မီးတောက်ဖြစ်လာတဲ့ အခါ  နိုင်ငံအနှံ့ပျံ့နှံ့သွားတယ်။ ပြဿနာတွေ လျော့ပါးအောင် ဝိုင်းဝန်းထိန်းကျောင်းဖျန်ဖြေ ကြရမယ့်အစား  ပြဿနာကိုဝင် ရောက်အားဖြည့်သူတွေ ဖြစ်လာ ကြတယ်။ ဒီအချိန်မှာ ဘယ် လောက်ပဲမျှတမျှတ၊ လူတွေအမြင်မှာ ဒီလုပ်ရပ်တွေဟာ ဘင်္ဂါလီတွေကို ကူညီပံ့ပိုးဖို့လမ်းကြောင်းနေတာပဲလို့မြင်ရင်၊ အဲဒီလိုပံ့ပိုးမှုကတစ်ဆင့် ဘင်္ဂါလီတွေကို မြန်မာ့လူ့အဖွဲ့အစည်းထဲ တစ်နည်းတစ်ဖုံ သွတ်သွင်းဖို့ကြိုးစားအားထုတ်မှုလို့မြင်ရင် ဒီပြဿနာဟာ အချိန်မရွေး ၂၀၁၂ အခြေအနေမျိုး နိုင်ငံအနှံ့မှာ တစ်နည်းတစ်ဖုံကြုံလာရနိုင်တယ်။ ဒီနေရာမှာ အရေးကြီးတာ ဘင်္ဂါလီပဲဖြစ်ဖြစ်၊ ဘယ်သူပဲဖြစ်ဖြစ် လူသားအနေနဲ့ ရှုမြင်ကြဖို့တော့လိုပါတယ်။

ဒါကြောင့် ဒီပြဿနာကိုဖြေ ရှင်းဖို့ အလွယ်ဆုံးကစကြပါ။ Interfaith တွေလည်းလုပ်ကြပါ။ ကြေညာချက်တွေလည်းထုတ်ကြ ပါ။ တစ်ချိန်တည်းမှာ ဘာသာရေး ခေါင်းဆောင်တွေ၊ လူမှုရေးခေါင်း ဆောင်တွေကလည်း ကိုယ့်ဘာ သာဝင်တွေကို မြန်မာစားသောက် ဆိုင်တွေမှာ အတူတကွဝင်ရောက်စားသောက်၊ ပေါင်းသင်းဆက်ဆံဖို့ တွန်းအားပေးကြပါ။ မြန်မာဆန်ဆန်ဝတ်စားဆင်ယင်ပါ။ မြန်မာပွဲလမ်းတွေမှာ ဝင်ရောက်ဆင်နွှဲပါ။ လှူပါ။ တန်းပါ။ ပြီးခဲ့တဲ့သင်္ကြန်မှာ ဘာသာခြားတွေ မဏ္ဍပ်ထိုးပြီး အလှူလုပ်ကြတယ်လို့ကြားတယ်။ ဒါဟာ အကောင်းဆုံး interfaith နမူနာ တစ်ခုပါပဲ။ စာရေးသူဘာသာခြားမိတ်ဆွေတွေနဲ့ မကြာမကြာတွဲဖူးတယ်။ အတန်းထဲမှာ၊ အပြင်မှာ ခင်ခင်မင်မင် ရင်းရင်းနှီးနှီးပဲ။ မြန်မာစားသောက်ဆိုင်မှာ စားကြပြီဆိုရင် သူတို့က သီးသန့်အခြားဆိုင်မှာသွားထိုင်တယ်။ မဟုတ်လည်း အတူထိုင်တောင် အရည်လောက်ပဲသောက်ကြတယ်။ အားလုံးတော့ မဟုတ်ပါဘူး။ တချို့လည်း မြန်မာလိုတွေး၊ မြန်မာလိုဝတ်၊ မြန်မာစားသောက်ဆိုင်တွေမှာအတူစားကြပါတယ်။ အသားတစ်ခုကလွဲရင်ပေါ့။ ဒီလို ဘာသာခြားသူငယ်ချင်းမျိုးက သိပ်ရှားတယ်။ အမှန်မှာကတော့ ဒါက မြန်မာ့လူ့အဖွဲ့အစည်းဆိုတော့ မြန်မာ့ယဉ်ကျေးမှုတွေနဲ့ ဝေးကွာသွားခြင်းဟာ လူနည်းစုအတွက် အန္တရာယ်များတာပေါ့။ အချိန်ကြာလာလို့ ပိုပြီးနီးစပ်မလားဆိုတော့လည်း မမြင်ပါဘူး။ ဒီတော့ ပြဿနာတွေက တအုံနွေးနွေးပေါ့။ ဆေးတခြား၊အနာတခြား  ဖြစ်နေတယ်ထင် တယ်။

ဒါကြောင့် ပြဿနာကို မြင် အောင်ကြည့်ကြပါ။ ဒီပြဿနာက ကချင်ပြဿနာ၊ ကရင်ပြဿနာ၊ ချင်းပြဿနာလိုမဟုတ်ဘူး။ ဆို ချင်တာက ကချင်မှာစစ်ပွဲတွေဖြစ် နေတယ်။ ကရင်မှာလည်း စစ်ပွဲ တွေဖြစ်ခဲ့တယ်။ ချင်းပြည်သူတွေ လည်း နိုင်ငံတကာအနှံ့ ပြန့်ကျဲ နေတာမျိုးရှိတယ်။ ပဋိပက္ခတွေ ဟာ နှစ်ဖက်လက်နက်ကိုင်တပ် တွေကြားမှာ အဓိကဖြစ်တာပါ။ တစ်ဖက်နဲ့တစ်ဖက် အရပ်သား တွေအပေါ် အကြမ်းဖက်တာ၊ အမျိုးသမီးတွေ အစော်ကားခံရတဲ့သတင်းတွေလည်း မကြာမကြာထွက်ပေါ်လာတတ်ပါတယ်။ သို့သော် အဲဒီတိုင်းရင်းသားတွေနဲ့ အများစုဖြစ်တဲ့ ဗမာ တိုင်းရင်းသားတွေ နိုင်ငံအနှံ့ယှဉ်တွဲနေထိုင်ကြတာပါပဲ။ နှစ်ဖက် အောက်ခြေလူ့အဖွဲ့အစည်းအတွင်းမှာတော့
 နိုင်ငံအနှံ့ အပြန်အလှန်ပဋိပက္ခဆိုတာမျိုးတစ်ခါမှ မဖြစ်ခဲ့သေးပါဘူး။ အဲဒီတိုင်းရင်းသားတွေနဲ့ ဗမာတွေဆိုတာလည်း တစ်ဖက်နဲ့တစ်ဖက်ကြည့်ရင် အနည်းနဲ့အများ ဘာသာခြားတွေပါပဲ။ အသွင်မတူကြပါဘူး။ ဒါပေမဲ့ နေရာအနှံ့ အေးအတူ၊ ပူအမျှယှဉ်တွဲနေထိုင်ကြတာပါပဲ။
ရခိုင်ကအစပြုတဲ့ လူ့အဖွဲ့ အစည်းနှစ်ခုအကြား အခုဖြစ်နေ တဲ့ ပြဿနာမှာတော့ ယှဉ်တွဲနေ ထိုင်ကြပါတယ်ဆိုပေမယ့် သံသ ယတွေနဲ့ပါ။ ဘယ်သူမှ ပျော်မှာ မဟုတ်ပါဘူး။ နယ်ဘက်တွေမှာ ပိုဆိုးမှာပေါ့။ ဘာသာခြားအသိုင်း အဝိုင်းဆိုတာက နည်းနည်းလေး လေ။ နိုင်ငံတကာအသိုင်းအဝိုင်း ဆိုတာလည်း တကယ်တော့ တိုက်တွန်းတောင်းဆိုတဲ့အဆင့် သာရှိတာပါ။ ဒါကြောင့် ရေရှည် ကိုကြည့်ပါ။ အလွယ်ဆုံးကစပါ။ ဒီနိုင်ငံရဲ့ အစားအသောက်တွေ ကို  အတူအကွစားသုံးပါ။ လူများစုနဲ့လိုက်လျောညီထွေရှိအောင် နေထိုင်ပါ။ မြန်မာလိုဝတ်စားဆင်ယင်ပါ။ အဲဒီလိုမြန်မာ့ဓလေ့ထုံးစံတွေနဲ့ လိုက်လျောညီထွေပြုမူနေထိုင်ခြင်းမှတစ်ဆင့်  မြန်မာ့မိသားစုဝင်အဖြစ်  လူမှုအသိုင်းအဝိုင်းက အသိအမှတ်ပြုလာမှာဖြစ်ပြီး နှစ်ဖက်လူ့အဖွဲ့အစည်းအကြား ရေရှည်တည်တံ့တဲ့အပြန်အလှန်လေးစား ယုံကြည်မှုကိုလည်း ဖြစ်ထွန်းပွားများစေမှာဖြစ်ကြောင်းပါ။


အောင်အောင် (IR)

7day daily


ဘာသာရေး ပဋိပက္ခများ ဖြစ်ပေါ်နေခြင်းသည် သွေးရိုးသားရိုး မဖြစ်နိုင်ဟု သူရဦးရွှေမန်း သုံးသပ်

အပြည့်အစုံဖတ်ရန် >> http://www.ygnnews.com/2014/07/blog-post_3166.html


ဘာသာရေး အသွင်ဆောင်သည့် ပဋိပက္ခများသည် သွေးရိုးသားရိုးမဖြစ်နိုင်ပဲ အခြားပယောဂများ
ကြောင့် ဖြစ်နိုင်သည်ဟု သူရဦးရွှေမန်းက ပြောကြားခဲ့သည်။

ဇူလိုင်လ၃ရက်နေ့က ကျင်းပပြုလုပ်ခဲ့သော ပြည်သူ့လွှတ်တော် ပုံမှန်အစည်အဝေးအပြီး
သတင်းထောက်များ၏ မေးမြန်းမှုကို ပြန်လည်ဖြေကြားရာတွင် ယင်းကဲ့သို့ ပြောကြားခဲ့ခြင်း
ဖြစ်ကြောင်း The Daily Eleven နေ့စဉ်သတင်းစာက ဖော်ပြခဲ့သည်။

ယခင်အစိုးရလက်ထက်တွင် ဘာသာရေးအသွင်ဆောင်သည့် ပဋိပက္ခများ မရှိခဲ့သော်လည်း
ယခုအရပ်သားအစိုးရ လက်ထက်တွင် ပိုမိုအဖြစ်များလာကြောင်း၊ ဖြစ်ဖြစ်ချင်း ထိန်းထိန်းသိမ်းသိမ်း
လုပ်ဆောင်ခြင်း မရှိကြောင်း၊ ဖြစ်စဉ်နှင့်ပတ်သက်၍ သက်ဆိုင်ရာမှလည်း လွှတ်တော်သို့
အသိပေး အကြောင်းကြားခြင်း မရှိကြောင်းနှင့် ယခုကိစ္စအပေါ် မည်ကဲ့သို့ သုံးသပ်မည်ကို
သိရှိလိုကြောင်း သတင်းထောက်တစ်ဦး၏ မေးမြန်းချက်ကို ပြန်လည်ဖြေကြားရာတွင် ယင်းကဲ့သို့
ပြောကြားခဲ့ခြင်းဖြစ်သည်။

"တပ်မတော်အစိုးရ လက်ထက်တုန်းကတော့ တစ်သွေးတစ်သံတစ်မိန့်နဲ့ အုပ်ချုပ်တယ်။
အခုကျတော့ ဒီမိုကရေစီ ကူးပြောင်းတဲ့အခါမှာ ဒီမိုကရေစီအခွင့်အရေးတွေကို အလွဲသုံးစားလုပ်ပြီး
ဆောင်ရွက်လို့ ဒီလိုဖြစ်လာတာလည်း ဖြစ်နိုင်ပါတယ်။ နောက်တစ်ခုက သွေးရိုးသားရိုးမဟုတ်ဘဲနဲ့
အခြားပယောဂကြောင့်လည်း ဖြစ်နိုင်ပါတယ်။ တခြားပယောဂဆိုတဲ့နေရာမှာ အတော်လေး
ဆန်းကျယ် ရှုပ်ထွေးပါတယ်။ ကိုယ့်တစ်နိုင်ငံတည်း ကြည့်လို့မရဘူး။ ကိုယ့်အဖွဲ့အစည်း
တစ်ခုတည်း ကြည့်လို့မရဘူး။ အခြားနိုင်ငံတွေလည်း ရှိတဲ့အတွက် မိမိတို့ မမြင်နိုင်တဲ့
ကိစ္စတွေကြောင့် ဒီလိုဖြစ်လာတယ်ဆိုရင် နာမှာက ကိုယ့်နိုင်ငံနဲ့ ကိုယ့်နိုင်ငံသားတွေ
ဖြစ်တဲ့အတွက် အဲဒီလိုမဖြစ်အောင် မိမိတို့ ကိုယ်စွမ်းဉာဏ်စွမ်းရှိသမျှ ကာကွယ်ရမယ်" ဟု
သူရဦးရွှေမန်းက ပြန်လည်ဖြေကြားခဲ့သည်။

အုပ်ချုပ်ရေးအဖွဲ့အစည်းများက တင်ပြလာပါက လွှတ်တော်အနေနှင့် ပူးပေါင်းဆောင်ရွက်သွားမည်
ဖြစ်ပြီး ဒီမိုကရေစီအပြောင်းအလဲအတွက် အဟန့်အတားတစ်ခုသဖွယ် ဖြစ်လာနိုင်သည့်
ဘာသာရေးအသွင်ဆောင် ပဋိပက္ခများကို မီဒီယာများအနေဖြင့်လည်း ပူးပေါင်းကာကွယ်ရန်
လိုအပ်ကြောင်း ၎င်းက ပြောကြားခဲ့သည်။

လွှတ်တော်အနေဖြင့် ဒီမိုကရေစီလမ်းကြောင်းတွင် နောက်ကြောင်းပြန်လှည့်မည် မဟုတ်ကြောင်း
နှင့် ယခုပဋိပက္ခ သတင်းများကို သက်ဆိုင်ရာအုပ်ချုပ်ရေးအဖွဲ့များက လာရောက်အကြောင်းကြား
ထားခြင်း မရှိသေးဘဲ အင်တာနက်သတင်းများမှသာ မိမိတို့ သိရှိရကြောင်းဖြင့် သူရဦးရွှေမန်းက
ဖြေကြားခဲ့သည်။

Myanmar Times

အွန်လိုင်းပေါ်က သွေးထိုးလှုံ့ဆော်သူတွေကို ဘယ်လိုအရေးယူမလဲ


မကြာသေးမီရက်ပိုင်းအတွင်းက မန္တလေး မြို့တွင်ဖြစ်ပေါ်ခဲ့သော ပဋိပက္ခဖြစ် စဉ်များ၏ အဓိကဇာစ်မြစ်တရားခံမှာ ငြိမ်း ချမ်းစွာ အတူ ယှဉ်တွဲနေထိုင်ခဲ့သောလူမှု အသိုင်း အဝိုင်း နှစ်ခု အကြား အမုန်းတရားများ ကြီးထွား၍ ပဋိပက္ခများဖြစ်ပေါ်လာစေရန် ရည်ရွယ်ချက်ဖြင့် သွေးထိုးလှုံ့ဆော်နေသော အွန်လိုင်းလူသတ်သမားများနှင့် ပဋိပက္ခများ ဖြစ်ပွားစေ၍ နိုင်ငံရေး အမြတ် ထုတ်လို သူများ ၏ သွေးထိုးလှုံ့ဆော်မှုများကြောင့်ပင်ဖြစ်သည် ဟု နိုင်ငံရေးလေ့လာသူများနှင့် အိုင်တီနည်း ပညာကျွမ်းကျင် သူများက ဆိုကြသည်။

အမှန်စင်စစ် ထိုပြဿနာ၏ ရင်းမြစ်မှာ ဘာသာခြားနှစ်ဦးက ဗုဒ္ဓဘာသာဝင် အမျိုးသမီး တစ်ဦးအား အဓမ္မကျူးလွန်သော မုဒိမ်းမှုပင် ဖြစ်ပြီး ရာဇဝတ်မှုတစ်ခုသာဖြစ်သည်။ ထို ရာဇ ဝတ်မှု အား တရား ဥပဒေစိုးမိုးရေးတာဝန် ယူထားသော မြန်မာနိုင်ငံ ရဲတပ်ဖွဲ့မှ ပြစ်မှုကျူး လွန်သူများအား ဥပဒေနှင့်အညီ ဖော်ထုတ် ဖမ်းဆီးအရေးယူရမည့် တာဝန်ကားရှိသကဲ့ သို့ပြည်သူ များ အနေဖြင့် ပြစ်မှုကျူးလွန်သူ များအား ထွက်ပြေးလွတ်မြောက်ခြင်းမရှိစေရန်အတွက် ဝိုင်းဝန်းဖော်ထုတ်ပေးရမည်သာ ဖြစ်ကြောင်း၊ ယခုကဲ့သို့ပဋိပက္ခဖြစ်ပွားစေရန် ရည်ရွယ်ချက် ဖြင့် အွန်လိုင်း ရှိလူမှုရေးကွန်ရက် များနှင့် တရားဝင်မဟုတ်သော အွန်လိုင်း သတင်းဌာန များမှ သွေးထိုးလှုံ့ဆော်မှုများကြောင့် မလိုလားအပ်သော ပဋိပက္ခများဖြစ်ပွားလာရ ခြင်းသာဖြစ် ကြောင်း၊ သို့သော် ထိုပြဿနာအား မြန်မာနိုင်ငံရဲတပ်ဖွဲ့အနေဖြင့် ဆက်လက် ကျယ်ပြန့်ခြင်းမရှိစေရန်အတွက် အချိန်မီထိန်း ချုပ်နိုင် ခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ အဆင့်မြင့် အရာရှိ ကြီး တစ်ဦး က ပြောကြားခဲ့ သည်။
ထို့အပြင် မကြာသေးမီနှစ်များအတွင်း ကဖြစ်ပွားခဲ့သော ပဋိပက္ခဖြစ်စဉ်များနှင့် လက်ရှိဖြစ်ပွားခဲ့သော မန္တလေးဖြစ်စဉ်များ ကို လေ့လာကြည့်ပါက ပဋိပက္ခနှင့်အကြမ်းဖက် မှုများ ဖြစ်ပွား စေရန် လှုံ့ဆော်သူအချို့မှ အင်တာနက်အွန်လိုင်းနှင့် လူမှုရေး အင်တာနက်ကွန်ရက်များမှတစ်ဆင့် ဆူပူအကြမ်းဖက်မှုများဖြစ်ပေါ်စေရန်အတွက် သွေးထိုးလှုံ့ဆော် မှုများအား ပြုလုပ် ခဲ့သည် ကို တွေ့ရှိရသည့် အပြင် မြန်မာနိုင်ငံ၏ဂုဏ်သိက္ခာအား ကျဆင်း စေရန်အတွက် အင်တာနက်အသုံးပြုကာ ပြည် ပသို့ သတင်းမှား များ ထုတ်လွှင့်ပေးပို့ခြင်း၊ ဖန်တီးပြု လုပ်ထားသောဓာတ်ပုံများ ပေးပို့ ခြင်းများ ပြုလုပ်ခဲ့ကြောင်း၊ ထိုသို့ အင်တာ နက်မှတစ်ဆင့် သွေးထိုးလှုံ့ဆော်မှုများကြောင့် ပြဿ နာများမှာ မကြီးထွားသင့်ဘဲ ကြီးထွား ခဲ့ရကြောင်း ၊ ယင်းအပြင် ပြည်တွင်း ရှိဝန်ကြီး ဌာနများ၏ အင်တာနက်စာမျက်နှာများနှင့် စီးပွားရေးလုပ်ငန်းများ၏ အင်တာနက်စာ မျက်နှာများကိုလည်း အင်တာနက် မှတစ်ဆင့် တိုက်ခိုက် မှုများ ပြုလုပ်ခဲ့သည့်ဖြစ်စဉ်များ လည်းရှိခဲ့ကြောင်း၊ ထိုသို့သောဖြစ်ရပ်များသည် အင်တာနက်အား အလွဲအ သုံးပြုကာရည်ရွယ် ချက်ရှိရှိဖြင့် မှုခင်းများအား ကျူးလွန်ခြင်းသာ ဖြစ်ကြောင်း၊ အလား တူပင် လက်ရှိတွင်လည်း အင်တာနက်မှ တစ်ဆင့် ဒုစရိုက်လုပ်ငန်းများ ဆောင်ရွက်ခြင်း၊ ပြစ်မှုကျူးလွန်ရန်အစီအစဉ် များဆောင်ရွက်ခြင်း စသည့်အခြေအနေများ ကိုပါ တွေ့မြင်လာ ရကြောင်း ၎င်းကဆက်လက် ပြောကြားသည်။
''အင်တာနက်မှာ ဒီသတင်းတက်လာ ကတည်းက မလိုလားအပ်တဲ့ ပြဿ     နာတွေ မတက်ရအောင် လိုအပ်တဲ့ စုံစမ်းစစ်ဆေး မှု တွေလုပ်ပြီး အရေးယူဖို့အတွက် အောက်ခြေ က တပ်ဖွဲ့ ဝင်တွေကို ညွှန်ကြားထားပြီးသား။ ညွှန်ကြားထား တဲ့အတိုင်း လဲ အောက်ခြေ မှာ ရှိတဲ့ တပ်ဖွဲ့ဝင်တွေက လိုအပ်တဲ့စစ်ဆေးမှုတွေ လုပ်နေတုန်း အွန်လိုင်းကနေ သွေးထိုး လှုံ့ ဆော် သူတွေရဲ့ဝါဒဖြန့် မှုတွေကြောင့် မဖြစ်သင့်တာ တွေ ဖြစ်ခဲ့ရတာ။ ဒါနဲ့ပတ်သက်လို့လဲ ပဋိပက္ခ ပိုမိုကြီးထွားခြင်းမရှိအောင် လုံခြုံရေးတွေ တိုးမြှင့်ချထားပြီး ကာကွယ်နိုင်ခဲ့ ပါတယ်။ ဒီ ကိစ္စနဲ့ ပတ်သက်လို့ အကြမ်းဖက်မှုမှာ ပါဝင် တဲ့သူတွေကို လိုအပ်တဲ့ စစ်ဆေးအရေးယူမှု တွေလုပ်ပြီး ထိထိရောက်ရောက်လုပ်ဖို့ကိုလဲ ညွှန်ကြားထားတယ်''ဟု ယင်းက ဆိုသည်။

မြန်မာနိုင်ငံတွင် ဒီမိုကရေစီ အုပ်ချုပ်ရေး စနစ်ပြောင်းလဲပြီး ၂၀၁၁ခုနှစ်မှ စတင်ဖြစ် ပွားခဲ့သော ပဋိပက္ခပြဿနာများအား ပိုမိုကြီး ထွားလာစေရန်အတွက်နှင့် ယခင်က ငြိမ်း ချမ်းစွာ အတူယှ ဉ်တွဲနေထိုင် ခဲ့သော လူမျိုး တစ်မျိုးနှင့်တစ်မျိုးအကြား၊ ဘာသာ တစ်မျိုးနှင့် တစ်မျိုးအကြား ချစ်ကြည်ရင်းနှီးမှုပျက်ပြား စေ၍ အမုန်းတရားများ ကြီးထွားလာစေရန် အတွက်  မသမာသူ များမှ အွန်လိုင်းရှိ လူမှု ကွန်ရက်စာမျက်နှာများနှင့် တရားမဝင်အွန် လိုင်းသတင်းဌာနများအား အသုံးပြုကာ စဉ် ဆက်မပြတ် မဟုတ်မမှန် သတင်းများ ထုတ်လွှင့် ခြင်း၊ ဆူပူ အကြမ်း ဖက်မှုများဖြစ်ပေါ်စေရန် အတွက် သွေးထိုးလှုံ့ဆော်ခြင်းများအား ဆောင် ရွက်လျက်ရှိကြောင်း၊ သို့ရာတွင် ထိုသို့ အင်တာ နက်အွန်လိုင်းများမှတစ်ဆင့် ပြည်တွင်း၌ ဆူပူ အကြမ်း ဖက်မှု များ ဖြစ်ပေါ်စေရန်အလို့ ငှာ မဟုတ်မမှန်သတင်းထုတ်လွှင့်သော တရားမဝင် အွန်လိုင်းမီဒီယာများနှင့် သွေးထိုးလှုံ့ဆော်သူ များအား တရားဥပဒေစိုးမိုးရေး တာဝန်ယူ ထားသူများ အနေဖြင့် တည်ဆဲဥပဒေများအ ပြင် အီလက်ထရွန်နစ်ဥပဒေ၊ ဆက်သွယ်ရေး၊ စာတိုက်နှင့် ကြေးနန်းဥပဒေများဖြင့် အရေး ယူမှုမရှိသည်ကို ထူးဆန်းဖွယ်ရာတွေ့မြင်နေရကြောင်း၊ အကယ်၍ တရားဥပဒေစိုးမိုးရေးတာ ဝန်ယူထားသော သက်ဆိုင်ရာတာဝန်ရှိသူများ အနေဖြင့် ထိုသို့ အင်တာနက်အွန်လိုင်း အသုံး ပြု၍ ပြည်တွင်း၌ ဆူပူအကြမ်းဖက်မှုဖြစ်ပေါ် စေရန် သွေးထိုး လှုံ့ဆော်သူများနှင့် အလားတူ ဖြစ်စဉ် များဖြစ်ပွားစေရန် အတွက် ရည်ရွယ် ချက်ရှိရှိဆောင်ရွက်နေသော တရားမဝင် အွန်လိုင်းမီဒီယာများအား စောင့်ကြည့်ဖမ်း ဆီးကာ ထိရောက် သောပြစ် ဒဏ်များချမှတ်၍ အရေးယူမည်ဆိုပါက လူမျိုးရေး၊ ဘာသာရေးကိုအခြေခံ၍ဖြစ်ပွားသောပဋိပက္ခနှင့် ဆူပူ အကြမ်းဖက်မှုများလျော့ပါးသွားစေနိုင်မည် ဖြစ်ကြောင်း အိုင်တီပညာ ရှင်တစ်ဦး ဖြစ်သူ ကိုအောင်မျိုးလွင်က ဆိုသည်။
ထို့အပြင် မြန်မာနိုင်ငံ၌အမျိုးသားဆိုက် ဘာလုံခြုံရေးအဖွဲ့အား သက်ဆိုင်ရာတာဝန် ရှိသူများဖြင့် ဖွဲ့စည်းထားရှိသော်လည်း  အင်တာနက် အွန်လိုင်းများအား အသုံးပြု၍ ဖြစ်ပွားသော ဆိုက်ဘာ မှုခင်းများ အပါအဝင် ဆိုက်ဘာတိုက်ခိုက်မှုများနှင့် ယခုကဲ့ သို့သော ပြည်တွင်းမငြိမ်မသက်ဖြစ်စေရန် ရည်ရွယ်ချက် ဖြင့်သွေးထိုးလှုံ့ဆော်သူများ၊ ပဋိပက္ခဖြစ်ပွား စေရန်အလို့ငှာ မဟုတ်မမှန် သတင်းများရေး သားဖြန့်ဝေလျက်ရှိသော တရားမဝင် အွန်လိုင်း မီဒီယာများအား ဖော်ထုတ်အရေးယူနိုင်ခြင်း မတွေ့ရှိရသေးကြောင်း ယင်းကထပ်မံ ပြော ကြားသည်။

''အခုဖြစ်ပွားခဲ့တဲ့ဖြစ်စဉ်တွေကိုကြည့် မယ်ဆိုရင် အရင်ဆုံး အွန်လိုင်းလူမှုရေးကွန် ရက်တွေကနေ သွေးထိုးလှုံ့ဆော်မှုတွေလုပ် ပြီးမှ အကွက်ကျကျ လုပ်ဆောင်နေတယ်ဆို တာကိုတွေ့ရတဲ့ အပြင် ဆူပူအကြမ်းဖက်မှုဖြစ် ပွားတဲ့နေရာမှာ ပါဝင်ပတ်သက်နေတဲ့ သူတွေ ကလဲ အဲဒီအနီးအနားက လူတွေမဟုတ်ဘဲ ဘယ်ကလာလို့လာမှန်းမသိတဲ့လူတွေပဲဖြစ် နေတာ။ အဓိကက ဒီလိုပြသနာတွေဖန်တီးဖို့ အတွက် အကွက်ချပြီးစေခိုင်းတဲ့ နောက် ကွယ်က ကြိုးကိုင်သူတွေ ရှိနေတာပဲ။ ဒီလို လူတွေကို မဖော်ထုတ်မဖမ်းဆီးနိုင်သေးသ ရွေ့တော့ ဒီလိုပြဿ  နာတွေက ဆက်ပြီးဖြစ် နေဦးမှာပဲ''ဟု ဘာသာပေါင်းစုံ ချစ်ကြည်ရေး အသင်းမှ ဦးကံညွန့်က ၎င်း၏အမြင်ကိုပြော သည်။
''သစ်ထူးလွင်သတင်းဝက်ဘ်ဆိုဒ်က ပြည် တွင်းမှာရှိသမျှသတင်းဌာနတွေရဲ့ဝက်ဘ်ဆိုဒ် တွေက သတင်းတွေ အပြင် ဖေ့စ်ဘွတ်စ်ပေါ် က သတင်းတွေပါ အကုန်တင်တော့ ဒီဝက်ဘ် ဆိုဒ်ကို လူကြည့်များ တယ်။ အခုပြဿ     နာက ဒီ သတင်းဝက်ဘ်ဆိုဒ်ကနေ သတင်းရင်းမြစ်မခိုင် လုံတဲ့ သတင်းတစ်ခုကိုစာနယ်ဇင်းကျင့်ဝတ် ကို မလိုက်နာဘဲ တင်တယ်။ ဒါကို ပဋိပက္ခ မဖြစ်ဖြစ် အောင် လှုံ့ဆော်နေတဲ့ သူတွေက ဒီသတင်းကို လက်ဆင့်ကမ်းပြီး အမုန်းတရား တွေ တိုးလာပြီးပြဿနာ တက်အောင်လုပ် တယ်။ ဒီနေရာမှာ လိုသွားတာက ရဲတပ်ဖွဲ့ရဲ့ ရဲဇာနည် ဝက်ဘ်ဆိုဒ်က ဒီသတင်းနဲ့ပတ် သက်လို့ သတင်းမှန်ကို အချိန်မီ ထုတ်မပေး နိုင်တာပါသလို၊ ပြည်သူလူထုကလည်း သွေး ထိုးလှုံဆော်မှုတွေကြောင့် အမုန်းတရားတွေ ကြီးမားပြီး စဉ်းစားချင့်ချိန်မှု နည်းသွားတော့ မဖြစ်သင့်တာတွေဖြစ်လာတာပဲ။ လက်ရှိဖြစ် နေတဲ့ပဋိပက္ခတွေအကုန်လုံးက အွန်လိုင်းက သွေး ထိုးလှုံဆော်မှုတွေ ကနေ ပေါက် ဖွားလာ တာဆိုရင်လည်းမမှားဘူး။ ဒီလိုသွေးထိုးလှုံ့ ဆော်မှုတွေကို လုပ်နေတဲ့ ဒီလိုအွန်လိုင်း လူ သတ်သမားတွေကို အရေးမယူနိုင်သေးသရွေ့၊ အင်တာနက်အသုံးပြုမှုကို ထိန်းချုပ် စောင့် ကြည့်တာတို့၊ ကန့်သတ်မှုတွေ မလုပ်နိုင်သေး သရွေ့တော့ နောင်လည်း ဒီလိုပြဿနာတွေ ဆက်ဖြစ်နိုင်တယ်'' ဟု မြန်မာ့နိုင်ငံရေးလေ့ လာသူ တစ်ဦးဖြစ်သည့် ကိုတင်မောင်အေးက ဆိုသည်။

ထို့အပြင် ယနေ့ကဲ့သို့ အိုင်တီခေတ်၌ မိုဘိုင်းဖုန်းများ ပေါများလာသည့် နည်းတူ အင်တာနက်သုံးစွဲသူများမြင့်တက် လာခြင်းကြောင့် ဖေ့စ်ဘွတ်ကဲ့ သို့လူမှုကွန်ရက်စာမျက်နှာများ အား လူတိုင်းနီး ပါး အသုံးပြုလာကြကြောင်း၊ ထိုအချက်အား ပဋိပက္ခများဖြစ်ပွားစေလိုသော မသမာသူများက လုပ်ကြံဝါဒဖြန့်သောနည်း ပညာတစ်ရပ်အနေဖြင့် အသုံးပြုခဲ့ခြင်း သာဖြစ် ကြောင်း၊ အခြားသော နိုင်ငံများ တွင် လည်း လက်ရှိမြန်မာနိုင်ငံတွင် ဖြစ်ပွားနေသကဲ့သို့ မသမာသူများမှ တည်ငြိမ်မှု ပျက်ပြားစေရန် အတွက် သွေးထိုးလှုံ့ဆော်မှုများ ပြုလုပ်လျက် ရှိပြီး ဥပမာအားဖြင့် ယခင်နှစ်အနည်းငယ် အတွင်းက အာရပ်နိုင်ငံ များနှင့် အရှေ့အလယ် ပိုင်းဒေသရှိနိုင်ငံများတွင်ဖြစ်ပွားခဲ့သော အာ ရပ်နွေဦးတော်လှန်ရေးမှာ လူမှုကွန်ရက်များမှ တစ်ဆင့် သွေးထိုး လှုံ့ဆော်ရာမှ ပေါက်ဖွား ဖြစ်ပေါ်လာခဲ့ခြင်းဖြစ်သည်ကို တွေ့ရမည်ဖြစ် ကြောင်း၊ အိမ်နီးချင်းတရုတ်နိုင်ငံ တွင်မူ လူမှု ကွန်ရက်စာမျက်နှာဖြစ်သော ဖေ့စ်ဘွတ်စ်မှ တစ်ဆင့် နိုင်ငံရေး လှုံ့ဆော်မှုများနှင့် လူမျိုး ရေး၊ ဘာသာရေးလှုံ့ဆော်မှု များ ဖြစ်ပွားခြင်း မရှိစေရေန် ဥပဒေတစ်ရပ် ထုတ်ပြန်ကာအသုံး ပြုခွင့်အား ပိတ်ပင်တားဆီးထားသည်ကိုတွေ့ မြင် ရမည်ဖြစ် ကြောင်း၊ မြန်မာနိုင်ငံတွင်လည်း အလားတူပြသနာများထပ်မံမဖြစ်ပေါ်စေရေး အတွက် အွန်လိုင်းလူမှုကွန်ရက် စာမျက်နှာ များ မှ တစ်ဆင့် ဆူပူအကြမ်း ဖက်မှုဖြစ် စေရန် အတွက် သွေးထိုးလှုံ့ဆော်မှုများနှင့်မဟုတ်မမှန် သတင်းထုတ်ပြန်သူ များအား စောင့်ကြည့်စစ် ဆေးဖော်ထုတ်အရေးယူခြင်းများနှင့် အွန်လိုင်း ဆင်ဆာစနစ်အား ပြုလုပ်ရန်လို အပ်နေ ပြီ ဖြစ် ကြောင်း ၎င်းက ထပ်မံပြောသည်။

အလားတူ အမုန်းတရားများပွားများစေ သော အန္တရာယ်ရှိသောပြောဆိုမှုများတားဆီး ရေးလှုပ်ရှားမှုအဖွဲ့ဖြစ်သည့် ပန်းစကား အဖွဲ့မှ အိုင်တီပညာရှင်ဘလောဂ့်ဂါ ကိုနေဘုန်းလတ် က ''အင်တာနက်ကကောင်းကျိုး၊ ဆိုးကျိုးက ဒွန်တွဲနေတာ၊ ဘယ်ဟာကကောင်းကျိုးလဲ၊ ဘယ်ဟာက ဆိုးကျိုးလဲဆိုတာကို အသိပညာ ပေးမှုအားနည်းတာကြောင့် လူငယ်တော်တော် များများက အင်တာနက်ကို သုံးတဲ့အခါ ဆိုး ကျိုးဘက်ကိုရောက်သွားတာပါ။အစိုးရကနည်း ပညာကိုပဲ လူထုရဲ့လက်ထဲကို ထည့်ပေးလိုက် ပြီးတော့အသိပညာ ကိုမထည့်ပေးလိုက်တဲ့အတွက် လူငယ်တွေကြားမှာ တစ်လွဲအသုံးပြုကုန် တာပါ။ အင်တာနက်က တစ်ကမ္ဘာလုံးမှာ လည်း အသုံးပြုနေတာပဲ၊ ဘယ်သူ့ကိုမသုံးနဲ့ ဘယ်သူကသုံးဆိုပြီး။ မပြောထားတော့ ဒုစရိုက် သမားတွေနဲ့ မကောင်းတဲ့သတင်းတွေ၊ ဝါဒဖြန့် ချင်သူတွေအတွက် လက်နက်တစ်ခုဖြစ်လာ တာပါ ဒါတွေက ခုနက ပဋိပက္ခဖြစ်နိုင်တဲ့ ကိစ္စတွေသာ မဟုတ်ဘဲ မြန်မာ့ယဉ်ကျေးမှုနဲ့ ဆန့်ကျင်တဲ့ ဓာတ်ပုံတွေကို ဖော်ပြနေတာက လည်း နောက်ပိုင်း မှာ ပိုပြီးအန္တရာယ်ရှိလာမှာ ပါ''ဟုဆိုသည်။

တရားမဝင်အွန်လိုင်းမီဒီယာများအား အရေးယူရန် လိုအပ်နေပြီလား
ဒီမိုကရေစီအစိုးရလက်ထက်၌ သတင်း အချက်အလက်နည်းပညာများဖွံ့ဖြိုးတိုး တက် လာသည်နှင့်အမျှ လူတိုင်းနီးပါးမို ဘိုင်း ဖုန်း ဖြင့် အင်တာနက်မှတစ်ဆင့် အွန်လိုင်းသတင်း များအား အချိန်နှင့် တစ်ပြေးညီဖတ်ရှုလေ့လာ နိုင်ခြင်းမှာ ကောင်းမွန်သော အချက်တစ်ခု ပင်ဖြစ်သော်လည်း တချို့သောတရားမဝင်အွန်လိုင်းမီဒီယာများမှာ မီဒီယာနှင့်စာနယ်ဇင်း ကျင့်ဝတ်များ အားလိုက် နာခြင်းမရှိရုံမျှ မက ကောလာဟလများနှင့် မဟုတ်မမှန်သတင်း များဖန်တီးထုတ်လွှင့်လျက်ရှိနေခြင်းကြောင့် လည်း မလိုလားအပ်သော လူမျိုးရေး၊ဘာသာ ရေးပဋိပက္ခပြဿ   နာများမှာ ပိုမိုကြီးထွားလာရ ခြင်းဖြစ်ကြောင်း  ပြည်သူများကဝေဖန်ပြော ဆိုကြသည်။
ထို့အပြင် အခြားတစ်ဖက်၌ ထိုသို့သော တရားမဝင်အွန်လိုင်းမီဒီယာများကြောင့် စစ် မှန်သောမီဒီယာသမားများနှင့် စာနယ်ဇင်း သမားများ၏ အကျိုးစီးပွားအားထိခိုက်စေလျက်ရှိသည့် အပြင်စ စ်မှန် သောစာနယ်ဇင်း လောက သားများအပေါ် ပြည်သူလူ ထုမှ အထင် အမြင်လွဲမှားမှုများဖြစ်ပေါ်လာ နိုင်ဖွယ်ရှိ    ကြောင်း ပြည်တွင်းရှိ ပုဂ္ဂလိကစာနယ်ဇင်းမီဒီယာ သမားများက ဆိုကြ သည်။

''စာနယ်ဇင်းကျင့်ဝတ် ထဲမှာ ပဋိပက္ခဖြစ် စေမယ့် အရေးအသားမျိုး၊ သွေးထိုးလှုံ့ဆော် မှုမျိုးတွေရေးသားခြင်း၊ ထုတ်လွှင့်ခြင်း၊ ပုံနှိပ် ဖော်ပြခြင်းမပြုရဘူးဆိုတာပါပေမယ့် တရား မဝင်အွန် လိုင်းမီဒီယာတွေက မီဒီယာကျင့် ဝတ်ဆိုတာကိုလိုက်နာမှုမရှိဘဲ တရားဝင် သတင်းဌာနတွေက သတင်းတွေကိုခွင့်ပြု ချက်မရှိဘဲ ခိုးယူဖော်ပြတာတွေ၊ တရားဝင် သတင်းဌာတွေနဲ့ ပုဂ္ဂလိက သတင်းစာနဲ့ ဂျာနယ် တွေကသတင်းတွေကို ခိုးယူပြီးလိုသလိုဖြည့် စွက်တာတွေလုပ်နေကြတယ်၊ သူတို့ကအမှန် တကယ်လည်း သတင်းသွားရောက်ယူတာ မျိုးမရှိဘဲ သူများ လုပ်ထား တာကိုခိုးယူပြီး သူတို့ ကြော်ငြာခရရေးအတွက်ပဲလုပ်နေတဲ့ အပြင် တာဝန်ယူမှု တာဝန်ခံမှုဆိုတာလည်း မရှိဘူး။ အခုဖြစ်သွားတဲ့ကိစ္စမှာဆိုရင် တာဝန်ယူမှုရှိ သင့်တယ်။ ဒီလို တရားမဝင် အွန်လိုင်းသတင်း မီဒီယာတွေကြောင့် အမှန်တကယ်နိုင်ငံတော် ရဲ့ခွင့်ပြုချက်နဲ့ လုပ်ကိုင်နေတဲ့ သတင်းမီဒီယာ တွေအနေနဲ့ ဆုံးရှုံးနစ်နာမှုတွေအများကြီး ဖြစ်ပေါ်သလို လက်ရှိ ပြည်တွင်းပုဂ္ဂလိက သတင်းစာတွေနဲ့ ဂျာနယ်တွေအရှုံးပေါ်ရ တာလည်း ဒီလိုစာနယ်ဇင်းကျင့်ဝတ်နဲ့မညီတဲ့ တရားမဝင်အွန်လိုင်းသတင်းမီဒီယာတွေ ကြောင့်ပဲ''ဟု ပုဂ္ဂလိက နေ့စဉ်ထုတ် သတင်းစာ အချို့မှ စာနယ်ဇင်းသမားများက သုံးသပ်ပြော ကြားသည်။

ထို့အပြင် မြန်မာနိုင်ငံစာနယ်ဇင်းကောင်စီ (ယာယီ)မှ အတွင်းရေးမှူး ဦးကျော်မင်းဆွေက ''ဒီသစ်ထူးလွင်ဘလော့ဂ်ကကျင့် ဝတ်မရှိဘူး။ကော်ပီရိုက်ကိုချိုးဖောက်ပြီး တကယ့်မီဒီယာ သမား တွေပင်ပင်ပန်းပန်းနဲ့ ကြိုးစားထားတဲ့ သတင်းတွေကို အညွန့်ခူးစားတာပဲ။ ဒီဘလော့ဂ် ကိုဝင်ကြည့်တဲ့သူတွေကလဲ များလာတော့ နာမည်ကြီးဝက်ဘ်ဆိုဒ်ဖြစ်လာပြီး ဒီအပေါ်မှာ အကြမ်း ဖက်လုပ်ရပ်ကိုအားပေးတဲ့ ရင်းမြစ် တစ်ခုဖြစ်သွားတာ။ နောက်ပြီး အကြမ်းဖက် လုပ်ရပ်ကို လုပ်လိုသူတွေက သူ့ကိုအသုံးချ သွားတဲ့သဘောပဲ။ ဒီကိစ္စမှာ သူကိုယ်တိုင် ပါပါ၊ မပါပါ အန္တရာ ယ်ရှိတာကတော့အမှန်ပဲ။ ဒါကြောင့် တရားဝင်ရပ်တည်နေတဲ့ မီဒီယာ တွေအနေနဲ့ သူတို့ရဲ့သတင်းတွေကိုသုံးစွဲခွင့် မပြုတဲ့ အကြောင်းတရားဝင်လှမ်းပြီး ကန့်ကွက် သင့်တယ်။ နောက်စာ နယ်ဇင်း ကောင်စီကို လည်း တိုင်ကြားဖို့လိုသလိုသက်ဆိုင်ရာ ရှေ့ နေတွေနဲ့လည်းတိုင်ပင်ပြီး ဥပဒေကြောင်းအရ ရေးယူမှုတွေလုပ်သင့်တယ်ဟု ပြောသည်။
လက်ရှိအခြေအနေများအရ မြန်မာနိုင်ငံ တွင် အင်တာနက်သုံးစွဲသူဦးရေမှာ ခြောက် သန်းနီးပါးခန့်အ ထိမြင့်တက်လာ ပြီး ဖေ့စ်ဘွတ် ခေါ်လူမှုရေး ကွန်ရက်စာမျက်နှာအားအသုံး ပြုသူမှာ ၄ ဒသမ ၃ သန်းနှင့် ဗိုက်ဘာခေါ် အင်တာနက်အခမဲ့ ဖုန်းသုံးစွဲသူမှာ ၃ ဒသမ ၈ သန်းခန့်ရှိသကဲ့သို့ အင်တာနက်မှတစ်ဆင့် အွန်လိုင်းသတင်း များအား ဝင်ရောက် ကြည့်ရှုမှုနှုန်း မှာ ငါးသန်းကျော်ခန့်ရှိကြောင်း၊ ထိုသို့ သော အွန်လိုင်းသတင်းများအားတင်ဆက်သူများတွင် ပြည်တွင်းပြည်ပမှ တရားဝင်ခွင့် ပြုချက် ရ ယူထားသော သတင်းမီဒီ ယာများ ပါဝင်သကဲ့သို့ တရားဝင်ခွင့်ပြုချက် များရယူ ထားခြင်းမရှိသော သတင်းမီဒီယာများလည်း ပါဝင်လျက်ရှိကြောင်း သိရသည်။ ထို့အပြင် အွန်လိုင်းမှ တစ်ဆင့်သတင်းများဝင်ရောက် ဖတ်ရှု လေ့လာသူ များအနေဖြင့် တရားမဝင် အွန်လိုင်းသတင်းဌာနများနှင့် စာနယ်ဇင်းမီဒီယာ သမားများမဟုတ်သော အကြမ်းဖက်မှုဖြစ် ပွားစေရန် သွေးထိုး လှုံ့ဆော်သူများ၏ ဖေ့စ် ဘွတ်စ်ပေါ်မှ သတင်း ဖော်ပြချက် များအား ယုံကြည်မှုမရှိရန်လိုအပ်ကြောင်း ပြည်တွင်း အပတ်စဉ်ထုတ်ဂျာနယ်တစ်ခုမှ တာဝန်ခံ အယ်ဒီတာတစ်ဦးက ဆိုသည်။

''အွန်လိုင်းက သတင်းတွေကိုယ်အမြဲတမ်း ဝင်ဖတ်ကြည့်ပေမယ့် တချို့သတင်းတွေက အမှန်မဟုတ်ဘူးဆိုတာ၊ လူတိုင်းကသိ သင့် တယ်လို့တော့ထင်တယ်။ အဓိကကအွန်လိုင်း ကတစ်ဆင့်သွေးထိုးလှုံ့ဆော်မှုတွေဟာမှန်၊ မမှန်ဆိုတာကို စဉ်းစားချင့်ချိန် ဖို့တော့ လိုတာ အမှန်ပဲ။ မဟုတ်မမှန်သတင်းတွေလွှင့်ပြီး ဝါဒဖြန့်တာတွေ၊ ပဋိပက္ခဖြစ်အောင်သွေးထိုး လှုံ့ဆော်တာတွေက အရင်နှစ်တွေကတည်းက ဖြစ်နေခဲ့တာကို ပြည်သူတွေအနေနဲ့ သတိရှိပြီး လေ့လာဖို့ကလည်းအရေးကြီးတယ်လို့ထင်တယ်။ သူများသွေးထိုးတိုင်း လူမျိုးတစ်မျိုးနဲ့ တစ်မျိုး၊ ဘာသာတစ်ခုနဲ့တစ်ခုအကြားမှာ ပဋိပက္ခတွေထပ်မဖြစ်စေချင်တော့ဘူး။ သွေးထိုး လှုံ့ဆော်တဲ့သူတွေကလည်း မိမိရဲ့အတ္တနဲ့ အစွန်းရောက်မှုတွေ မိမိရဲ့သွေးထိုးလှုံ့ဆော် မှုကြောင့် အပြစ်မဲ့တဲ့ သူတွေထိခိုက်သေ ဆုံးရတာတွေကို ကိုယ်ချင်းစာစိတ်ထားပြီး ပြုပြင်ဖို့လိုတယ်လို့တော့ ယူဆပါတယ်''ဟု ရုပ်ရှင်နှင့် ဗီဒီယိုသရုပ်ဆောင် ကေကေ မိုးမြင့် က သူ့အမြင်အားပြောသည်။
''အင်တာနက်အသုံးပြုတဲ့နှုန်းတိုးတက် လာတာကောင်းပေမယ့် ကောင်းတဲ့နေရာမှာပဲ အကျိုးရှိရှိအသုံးချသင့်တယ်။ အခုက မကောင်း တဲ့နေ ရာတွေမှာ အသုံးပြုတဲ့အပိုင်းကများနေ တယ်။ ဒီတော့လမ်းမှားတွေရာက်ပြီး ရာဇဝတ် မှုကျူးလွန်ဖောက် ဖျက် တဲ့ အဆင့်အထိကို ရောက်လာကြတာပဲ''ဟု ယင်းကဆက်လက်သုံး သပ်ပြောကြားသည်။
ယင်းအပြင် လူ့အခွင့်အရေးစောင့်ကြည့် ကာကွယ်ရေးကွန်ရက်အဖွဲ့ဝင် ဦးထွန်းဦးကမြန်မာနိုင်ငံ၌အင်တာ နက်နှင့် ဖေ့စ်ဘုတ်စ်သုံး စွဲ မှုမြင့်မား လာသော်လည်း အကျိုးရှိစွာအသုံး ပြုမှုမှာ နည်းပါးလျက်ရှိပြီး အပျော်အပါးအ တွက် သုံးသူကများလျက်ရှိကြောင်း၊ အင်တာ နက်နှင့် ဖေ့စ်ဘုတ်စ်တို့မှနည်းပညာပိုင်းတိုးတတ်လာခြင်းသည် အကျိုးရှိဖို့ရည်ရွယ်သော် လည်း ထိုအပေါ်တွင်မကောင်းမှုများအား အသုံး ပြုလာသည့် အခါတွင်မလိုလားအပ်တဲ့ ပြဿ နာ တွေဖြစ်ပေါ် လာသည်ကို တွေ့ရကြောင်း ဆို သည်။

အိုင်တီခေါ်ဆက်သွယ်ရေး နည်းပညာများတိုးတက်လာမှုကြောင့် ကမ္ဘာ့သည်ရွာကြီး တစ်ရွာသဖွယ်ဖြစ်ပေါ်လာသည့် နည်း တူ ပြောင်းလဲတိုးတက်လာသော နည်းပညာ များအားအသုံးပြု၍ ခေတ်မီ ဖွံ့ဖြိုးတိုးတက်လာ သော နိုင်ငံများလည်းများ စွာပေါ်ထွက်လာခဲ့ သည်။ ထို့အတူ မြန်မာနိုင်ငံတွင်လည်း ဒီမိုက ရေစီအရပ်သားအစိုးရလက်ထက်၌ သတင်း အချက်အလက်နှင့် ဆက်သွယ် ရေးနည်း ပညာများတိုးတက်လာခဲ့သည့်အပြင် အစိုးရ ၏ တန်ဖိုးနည်းဖုန်းများရောင်းချပေးမှု အစီအစဉ်အရ လူတန်းစားမရွေးမိုဘိုင်းဖုန်းများအားကိုင်ဆောင်လာနိုင်ကြသည်သာမက မို ဘိုင်းဖုန်းဖြင့် အင်တာ နက် အသုံးပြုမှုနှုန်းမှာ လည်း ဒီမိုကရေစီအစိုးရသုံးနှစ်တာသက် တမ်းကာလအတွင်း တစ်ဟုန်ထိုးမြင့်မားတိုး တက်လာခဲ့သည်။

ထိုသို့မိုဘိုင်းဖုန်းများအသုံး ပြုမှုတွင်ကျယ်လာမှုနှင့် အင်တာနက်အသုံး ပြုသူများတိုးတက်များပြားလာခြင်းမှာ နိုင်ငံရှိ ပြည်သူများ၏ လူနေမှုဘဝများဖွံ့ဖြိုးတိုးတက် လာသည်ဟု ယူဆဖွယ်ရာ ရှိသော်လည်း အခြားတစ်ဖက်တွင်ကား အဆိုပါတိုးတက် လာသော ဆက်သွယ်ရေးနည်းပညာများအား အလွဲအသုံးပြုသူများက ပဋိပက္ခများဖြစ်စေ ရန်ဖန်တီးလှုံ့ဆော်မှုများ၊ လူပုဂ္ဂိုလ် တစ်ဦး ဦး၏ ဂုဏ်သိက္ခာအား ထိခိုက်ညိုးနွမ်းစေရန် ရည်ရွယ်သောပြုမူဆောင်ရွက်ချက်များ၊ လူငယ်လူရွယ်များအတုယူမှားစေမည့် ညစ် ညမ်းဓာတ်ပုံ၊ ဗီဒီယိုများအားဖန်တီးပြုလုပ် ခြင်းများနှင့် လူသတ်မှု၊ လုယက်မှု၊ မုဒိမ်းမှုများ အပြင် ပြည့်တန်ဆာဈေး ကွက်ရှာဖွေ ချဲ့ထွင် ခြင်းများအထိ ရာဇဝတ်မှုနှင့်မကင်းသော အပြုအမှုများကို ဆောင်ရွက် ကျူးလွန် လျက် ရှိနေသည့်အပြင် လက်တွေ့တွင်ဖြစ် ပွားခဲ့သော ပဋိပက္ခနှင့် ဆူပူအကြမ်းဖက်မှုဖြစ်စဉ်များက အွန်လိုင်းများမှ တစ်ဆင့်စတင်ဖြစ်သန္ဓေ တည်လာသည် ကို တွေ့မြင် လာ ရသော ကြောင့်  ပဋိပက္ခအသွင်ဖြစ်အောင် အားပေးဖော် ဆောင်နေသည့် တရားမဝင်အွန်လိုင်းမီဒီယာ များ၊ အင်တာနက် အလွဲသုံးပြု၍ ပဋိပက္ခဖြစ် ပွား စေရန် ပြုလုပ်ဆောင်ရွက်နေသူများကို ဥပဒေများ၊ ကျင့်ဝတ် များနှင့်အညီ ထိရောက် စွာအရေးယူ သင့်ပြီဖြစ်ပါကြောင်း ရေးသား လိုက်ရပါသည်။

သူရထွန်း
[--Democracy today Daily Newspaper--]


မန္တလေးမှာ လူ ၅ ဦး ထပ်မံ ဖမ်းဆီး


မန္တလေးမြို့မှာ ဖြစ်ပွားတဲ့ အဓိကရုဏ်းနဲ့ ပတ်သက်ပြီး ဒီကနေ့မနက်က လူငါးဦးကို ထပ်မံဖမ်းဆီးလိုက်တယ် လို့ ခရိုင်ရဲတပ်ဖွဲ့က RFA ကိုပြောပါတယ်။

ဇူလိုင်လ၁ရက်နေ့ညက စတင်ဖြစ်ပွားတဲ့ ဆူပူ အကြမ်းဖက်မှုတွေနဲ့ ပတ်သက်ပြီး မနေ့ကအထိ ဖမ်းစီးထားသူ ၄ ဦးရှိပါတယ်။ ဒီကနေ့ ဆက်လက် ဖမ်းဆီးလိုက်သူ ၅ ဦးစလုံးဟာ အစ္စလာမ်ဘာသာ ၀င်တွေဖြစ်ပြီး ဗလီတစ်ခုအတွင်း ဓါး၊ လှံလက်နက်တချို့ နဲ့ အတူဖမ်းမိခဲ့တာလို့ မန္တလေးခရိုင်ရဲတပ်ဖွဲ့ က ရဲမှူး ဦးစိန်ထွန်းကပြောပါတယ်။

"မနက်က ဂျွန်းဗလီကို ဝင်ရှာလိုက်တော့ ဒီလူ ၅ ယောက်ကိုတော့ ဓါးတွေ၊ လှံတွေ၊ ဂွတွေနဲ့တွေ့လို့ အရေးယူလိုက်ရတယ်"

ရဲတပ်ဖွဲ့သိမ်းစီးသွားတဲ့ ဓါးတွေဟာ ဘာသာရေးအခမ်းအနားတွေမှာ အသုံးပြုတဲ့ဓါးတွေဖြစ်တယ်လို့ အစ္စလာမ်အသိုင်းအ၀ိုင်းက ဆိုပါတယ်။

ဒီကနေ့လည်း  ဇူလိုင်လ ၂ရက်နေ့က ဆူပူမှုများအတွင်းသေဆုံးခဲ့သူ ကိုထွန်းထွန်းရဲ့အသုဘကို ကြာနီကန်သုဿန်မှာ သင်္ဂြိုဟ်ရာမှာ အသုဘလိုက်ပို့သူတချို့က သုဿန်အတွင်း ဖျက်ဆီးမှုတချို့ ပြုလုပ်ခဲ့ကြတယ်လို့သိရပါတယ်။ အသုဘလိုက်ပို့သူတွေဟာ အစ္စလာမ်ဘာသာဝင် သုဿန်အတွင်းက သုတအေးရိပ်ငြိမ် ဗလီကို မီးရှို့ဖို့ ကြိုးစားပေမဲ့ မအောင်မြင်ခဲ့ဘူးလို့ မျက်မြင်သက်သေတွေက ပြောပါတယ်။

ကိုထွန်းထွန်းရဲ့အသုဘကို လိုက်လံပို့ဆောင်သူ ၅ထောင်ခန့်ရှိပြီး ကြာနီကန် သုဿန်အတွင်း ရောက်ချိန်မှာ လူတချို့စိတ်မထိန်းနိုင်ဘဲ ဖျက်ဆီးမှုတွေပြုလုပ်ခဲ့တာလို့ ရဲတပ်ဖွဲ့က ပြောပါတယ်။ ဒီကနေ့ညနေပိုင်းမှာလည်း မြို့အတွင်းလူစုရုံးမှုတချို့ရှိနေပြီး ရဲတပ်ဖွဲ့ဝင်တွေက လိုက်လံလူစုခွဲနေတယ်လို့ သိရပါတယ်။ မန္တလေးမြို့က အခြေအနေနဲ့ပတ်သက်ပြီး သတင်းပေးပို့ချက်ကို ဦးတင်အောင်ခိုင်က ဆက်လက်တင်ပြပါမယ်။

ဒီအတောအတွင်း မန္တလေးမြို့မှာဖြစ်ပွားတဲ့ အဓိကရုဏ်းကြောင့် ပုဒ်မ ၁၄၄ ညမထွက်ရအမိန့် ထုတ်ပြန်လိုက်တဲ့ ဇူလိုင် ၃ ရက် မနေ့ညက မြန်မာနိုင်ငံတွင်းမှာ FaceBook လူမှုရေးကွန်ရက် အင်တာနက်ဝက်ဘ်ဆိုဒ် နာရီအတန်ကြာ ယာယီပိတ်သွားခဲ့ပါတယ်။ ဒီအခြေအနေတွေနဲ့ ပတ်သက်လို့ မန္တလေးမြို့ အိုင်တီနည်းပညာ ကျွမ်းကျင်ပုဂ္ဂိုလ်တစ်ဦးဖြစ်တဲ့ ဦးရဲမြတ်သူကို RFA အဖွဲ့သား ကိုကျော်ကျော်အောင်က ဆက်သွယ်မေးမြန်းထား ပါတယ်။

မန္တလေးမြို့ ဒီနေ့ အခြေအနေ
RFA


၁၀ တန်းမအောင် မပူပေါင် ဟိုလူကြီးတောင် ဒေါက်တာဖြစ်သေး


‘သမီးက အောင်သလား’

‘အောင်တယ် ပြောတာပဲ’

‘ဟောဗျာ၊ အောင်စာရင်းကြည့်လာပြီး မကြည့်ဘူးလား’

‘ဟင့် ဟင်၊ မကြည့်ဘူး’

‘ဒါဆို သမီးအောင်တယ်လို့ ဘယ်သူကပြောတာလဲ’

‘သူငယ်ချင်တွေ၊ သူတို့ပြောကြတာ’

‘ဟောဗျာခက်ပြီ၊ ကိုယ့်အောင်စာရင်းကို ကိုယ်တိုင်မကြည့်ရဘူးဆိုတော့ တယ်ခက်ပါလား’

‘ဂုဏ်ထူးပါသေးလား’

‘တစ်ဘာသာပါတယ် ပြောတာပဲ’

‘ဒါကိုဒေါသဖြစ်နေတယ်ထင်တယ်၊ သမီးက ဘယ်နှဘာသာဂုဏ်ထူးမှန်းထားတာလဲ’

‘သမီး အဖြေတိုက်တုန်းက လေးဘာသာ၊ ငါးဘာသာဂုဏ်ထူးရမယ်လို့ ဆရာမကလည်း ပြောထား တာ၊ အခုတစ်ဘာသာဆိုတော့ ဘာမှလုပ်မရဘူး၊ ကျတာကမှ နောက်နှစ်ပြန်ဖြေရင်ရဦးမယ်၊ ကျတာ ထက်ဆိုးတယ်’

‘သမီးကဆရာဝန်လုပ်ချင်တာလား။’

‘သမီးက ဆရာဝန်တော့ မမှန်းပါဘူး၊ သူနာပြုလုပ်ဖို့မှန်းထားတာ၊ ဘာလွဲသွားသလဲ မပြောတတ်ပါဘူး’၊ ‘စိတ်အားမငယ်ပါနဲ့သမီးရယ်၊ ဘယ်ဘာသာပဲဖြစ်ဖြစ်၊ ထူးချွန်အောင်သာကြိုးစားပါ’ ဟုပြောလိုက်ရ သည်။

‘အောင်တယ်ကွ၊ အောင်တယ်၊ ဟေ့ကောင်မင်းလည်းအောင်တယ်၊ လာကြသွားစားကြမယ်၊ သောက် ကြမယ်’

‘ဂျပုမလေးလည်း အောင်တယ်ကွ’

‘မအောင်ပါဘူးကွ၊ ငါနဲ့မနက်ကတွေ့တော့ မေးကြည့်တာကျတယ်တဲ့၊ ကျအောင်ဖြေခဲ့တာတဲ့၊ သင်္ချာမ ရဘူးပြောတယ်’

‘မင်းကိုလိမ်ပြောတာ၊ သူ့ခုံနံပါတ်ငါသိတယ်၊ ငါနဲ့သုံးယောက်ခြားတာ၊ ဂျပုမလေးအောင်တယ်၊ လာ လာဂေဇက်ကို ငါပြမယ်’

‘အလကားပါကွာ၊ သူကလည်းလေးဘာသာဂုဏ်ထူးမှန်းထားတာ အခုတစ်ဘာသာမှ ဂုဏ်ထူးမပါလို့ ဒေါသဖြစ်နေတာ’

၇-၆-၂၀၁၄ ရက် နံနက်ကဖြစ်ပါ၏။ စာရေးသူ၏မြေးလည်း ၁၀ တန်းဖြေထားသဖြင့် အောင်စာရင်းကို စာရေးသူကိုယ်တိုင်သွားပြီး ကြည့်နေခြင်းဖြစ်သည်။ စာရေးသူ၏ မြေးလည်းဘာဂုဏ်ထူးမှ မပါဝင်ပါ။ သူကအစကတည်းက ဂုဏ်ထူးမမှန်း၊ ရိုးရိုးအောင်မည်ဟု ပြောသည်။ ၁၀ တန်းအောင်သည်အထိ တစ်နှစ်မှမကျဘူး။ ဒါကိုပင် သူ၏မိဘတွေက ဝမ်းသာမဆုံးဖြစ်နေသည်။

စာရေးသူသည် မြန်မာနိုင်ငံမှာ ကလေးတွေ၏ ပညာရေးကိုစဉ်းစားနေမိတော့သည်။ ဒါနဲ့ပဲစာအုပ်စင် ပေါ်မှ စာအုပ်အနီကြီး Staistical Year Book 2010 ကိုဆွဲချပြီး ပညာရေးကဏ္ဍကို ဖွင့်ကြည့်မိပါတော့ ၏။

မြန်မာနိုင်ငံတွင် ပညာသင်ကြားနေကြသော အခြေခံပညာကျောင်းသားဦးရေ

(က)    မူလတန်းကျောင်းသားပေါင်း ၅၀၁၃၅၈၁-၆၆ ရာခိုင်နှုန်း

(ခ)     အလယ်တန်းကျောင်းသားပေါင်း ၂၀၄၇၇၉၆-၂၆ ရာခိုင်နှုန်း

(ဂ)     အထက်တန်းကျောင်းသားပေါင်း ၆၃၈၄၀၂-၈ ရာခိုင်နှုန်း

စုစုပေါင်း ၇၆၉၉၇၇၉-၁၀၀ ရာခိုင်နှုန်း

ဤစာရင်းသည် ဘုန်းကြီးကျောင်းတွေမှာ ပညာသင်နေသော ကလေးများမပါဝင်ပေ။ ပညာသင်နေ သော ကလေးများမပါဝင်ပေ။ ဘာသာရေးကျောင်း၊ လူမှုရေးကျောင်း၊ အလွတ်သင်ကျောင်းများတွင် စာသင်နေကြသော ကျောင်းသား၊ ကျောင်းသူများစာရင်းလည်း မပါဝင်ပေ။

အကြမ်းဖျင်းခြုံငုံကြည့်လျှင် မြန်မာနိုင်ငံလူဦးရေ၏ ၁၀ ရာခိုင်နှုန်းသည် စာသင်ခန်းများအတွင်းရှိနေ သည်။ မူလတန်းတွင် ငါးသန်းရှိသော်လည်း အထက်တန်းကျောင်းများတွင် ခြောက်သိန်းကျန်တော့ သဖြင့် လေးသန်းကျော်မှာ မူလတန်း၊ အလယ်တန်းအဆင့်မှာပင် ကျောင်းထွက်ကြရသည်။ သုံးသန်း မှာ မူလတန်းအဆင့်မှာပင် ကျောင်းထွက်ကြရသည်။

အထက်တန်းအဆင့်တွင်လည်း ၁၀ တန်းစာမေးပွဲတွင် ဖြေဆိုသူငါးသိန်းကျော်ရှိသော်လည်း နှစ်စဉ် တစ်သိန်းအောင်သဖြင့် ကျောင်းသားလေးသိန်းမှာ ကျောင်းထွက်ကြရပြန်သည်။ တက္ကသိုလ်ကျောင်း သားတစ်ဦးဖြစ်ဖို့မှာ ကံကောင်းမှဖလောင်းဖားဖြစ်သလို ခက်ခဲလှပါ၏။ တက္ကသိုလ်ရောက်သွားလျှင် တော့တတ်သည်ဖြစ်စေ၊ မတတ်သည်ဖြစ်စေ အအောင်ပေးလိုက်ကြသည်။ ငွေပေးလျှင်အောင်တာပဲ ဟုဆိုသည်။

သာမန်ဘွဲ့တွေကို မဆိုနှင့်၊ ပါရဂူဒေါက်တာဘွဲ့ရသူများ စာရင်းမှာပင် ၂၀၀၆-၂၀၀၇ ခုနှစ်တွင် ၁၄၃၆ ဦး၊ ၂၀၀၇-၂၀၀၈ ခုနှစ်တွင် ၇၇၃ ဦး၊ ၂၀၀၈-၂၀၀၉ ခုနှစ်တွင် ၅၂၇ ဦး၊ ၂၀၀၉-၂၀၁၀ ပြည့်နှစ်တွင် ၆၉၀ ပေါ်ထွက်ခဲ့သည်ဟုဆိုသဖြင့် လေးနှစ်အတွင်း ဒေါက်တာဘွဲ့ရသူ ၃၄၂၈ ဦးပေါ်ထွက်ခဲ့သည်။ ထို့ကြောင့်ပင် ဒီဒီဟိုဟိုတက္ကသိုလ်မြင်မြင်သမျှ ပါမောက္ခ၊ ဆရာဖြစ်မူ ပါရဂူဟု တက္ကသိုလ်ပညာရေး လောကမှစာဆိုထွက်လာပါသည်။

ဤမျှပညာရှင်တွေ မွေးထုတ်ပေးနေပါသော်လည်း နိုင်ငံတော်၏ စီးပွားရေးမှာတစ်နေ့တခြားနိမ့်ကျလာ နေပါသည်။ ပညာရေးသည် နိုင်ငံ၏စီးပွားရေးကို အထောက်အကူပြုရပါမည်။ မြနမာနိုင်ငံ၏ ပညာရေး ကတော့ စီးပွားရေးနှင့်ဆက်စပ်မှုလုံးဝမရှိ။ ယခုတော့ ပညာရေးနှင့်စီးပွားရေးက ပြဒါးတစ်လမ်း၊ သံ တစ်လမ်းဖြစ်နေသည်။

အထက်တန်းနှင့် အခြေခံပညာရေးအဆင့်မှ ကျောင်းထွက်ခဲ့ရသူများသည် ဂုဏ်သိက္ခာရှိရှိနှင့် လူ့ဘဝ ထဲမှာနေနိုင်အောင် စုပေါင်းအဖြေရှာသင့်ကြပြီ။ ထိုကိစ္စကို ပညာရေးလောကမှ အငြိမ်းစားယူထားကြ သော ပါမောက္ခ၊ ညွှန်/မှူး ဆရာအတတ်သင်ကျောင်းအုပ်ကြီး၊ မြို့နယ်ပညာရေးမှူး၊ အထက်တန်းပြ ဆရာကြီးများနှင့် ဆွေးနွေးမေးမြန်းကြည့်ခဲ့သည်။

ပညာရေးလောကမှာ အဆုံးအဖြတ်ညွှန်ကြားပေးနိုင်သည့် ရာထူးများတွင်စစ်ဗိုလ်များရှိသေးသရွေ့ ပညာရေးပြုပြင်ရန် မဖြစ်နိုင်ဟုဆရာကြီးတစ်ဦးက ဥပမာများဖြင့်ပြောပြသည်။ ပညာရေးပြုပြင်ပြောင်း လဲလျှင် စာမေးပွဲစနစ်နှင့် မေးခွန်းစနစ်ပြောင်းလဲရမည်။ သင်ထောက်ကူပစ္စည်း ဥပမာ-မှန်ဘီလူးလုံလုံ လောက်လောက်ရှိရမည်။ ကျောင်းသား၊ ကျောင်းသူ ၁၀၀ အတွက် မှန်ဘီလူးတစ်လက်နှုန်းလောက် နှင့်သင်ရတာ ဘာမျှတတ်အောင် မသင်ကြားနိုင်ကြောင်း ပါမောက္ခကြီးကပြောပြသည်။

ပညာရေးတက္ကသိုလ်များအတွက် တိုးရသည့်ဘတ်ဂျက်များကို ကျောင်းတွေဆောက်ပစ်တာ သဲထဲရေ သွန်ပစ်တာပဲ။ သင်ထောက်ကူပစ္စည်းတွေဝယ်ရမည်။ ဆရာ၊ ဆရာမတွေကို လေ့ကျင့်သင်ကြားပေးရ မည်ဖြစ်သည်။ နိုင်ငံခြားကို ပညာသင်တွေများများလွှတ်ရမည်။ ကျောင်းများကောင်းလာရုံနှင့် ပညာ ရေးမတိုးတက်နိုင်၊ သင်ကြားရေးကောင်းမှ ပညာရေးတိုးတက်မည်ဖြစ်သည်။

ဒါဟာလည်း လွဲမှားသည့်စီမံချက်တွေပဲဟု တစ်ဦးကပြောသည်။ ဒါကလည်းစစ်ဗိုလ်တွေဝင်ရှုပ်တာပဲ ဟု တစ်ဦးကဆွေးနွေးလာပြန်သည်။ ‘ဒါကတော့ ဆရာရယ်၊ ပညာရေးမှာမှ မဟုတ်ပါဘူး။ အုပ်ချုပ်ရေး ပိုင်းတွေမှာလည်း စစ်ဗိုလ်ဟောင်းတွေဝင်ရှုပ်နေတာပဲ’ ဟုတစ်ဦးက ဆိုလာပြန်သည်။ အခုရွေး ကောက်ပွဲကော်မရှင်တွေဆိုပြီး စစ်ဗိုလ်တွေခန့်လိုက်ပြန်ပြီ။ ရှုပ်ကြဦးမည်။ စစ်တပ်မှာဗိုလ်သင်တန်းလို့ သာခေါ်တာ။ တပည့်လုပ်နည်း သင်တန်းပဲဗျ။ အမိန့်နာခံဖို့ပဲ ရိုက်သွင်းထားတာ။ ရေဘူးပေါက်တာကို မပြောနဲ့၊ ရေပါတာပဲ လိုချင်တယ်ဆိုသည် စစ်ဗိုလ်တွေပြောနေကျ စကားပဲဗျ။ ရေဘူးကိုမဖာဘဲနှင့် ဘယ်လိုလုပ်ပြီး ရေပါမှာလဲ။ သူတို့မှာမဖာဘဲနှင့်ဘယ်လိုလုပ်ပြီး ရေပါမှာလဲ။ သူတို့မှာ ကိုယ့်ဦးနှောက် ကခန်းခြောက်နေပြီ။ စစ်ဗိုလ်သင်တန်းဆင်းရင် စစ်တိုက်ရာမှာပဲ သုံးပါ။ တခြားဌာနတွေမှာ မသုံးပါနဲ့။ စစ်ဗိုလ်တွေကို မလိုတော့ရင် လျော်ကြေးပေးပြီး အငြိမ်းစားပေးလိုက်ပါ။ ဟိုဌာန ပို့၊ ဒီဌာနပို့မလုပ်သင့် တော့ပါဘူး’ ဟုလည်းဆွေးနွေးခဲ့ကြသည်။

ပညာရေးဌာန၊ ပညာရေးစနစ်ကိုတကယ်ပြုပြင်ချင်ရင်ဗျာ ဘယ်နိုင်ငံ၊ ဘယ်တက္ကသိုလ်ပုံစံကို ယူမလဲ။ လွှတ်တော်မှာဆုံးဖြတ်ပါ။ အဲဒီတက္ကသိုလ်ပုံစံကိုသာယူလိုက်၊ မြန်မာ့နည်းမြန်မာ့ဟန်တွေမလုပ်နဲ့ လုပ်ရင်မှားမယ်။ မအောင်မြင်ဘူး။ စနစ်သစ်ဆိုပြီး ကျွန်တော်တို့ပြင်ခဲ့ကြတာ ခုနှစ်ကြိမ်ရှိပြီ။ ဘယ် စနစ်မှမကောင်းဘူး။ ဥပမာ-အောက်စ်ဖို့တက္ကသိုလ်ပုံစံယူမလား၊ ဟားဗတ်တက္ကသိုလ်ပုံစံ ယူမလား၊ ကိန်းဘရစ်တက္ကသိုလ်ပုံစံယူမလား စသည်ပေါ့ဗျာ။

အဲဒီတက္ကသိုလ်ကို သွားကြည့်၊ အဲဒီတက္ကသိုလ်က ဆရာကြီးတွေထံ အကူအညီတောင်းရင်ရပါတယ်။ လွယ်ပါတယ်။ အဲဒါပေမဲ့ဒေါ်အောင်ဆန်းစုကြည်လုပ်မှဖြစ်မှာ။ နောက်ဆုံးတော့ အဲဒီဗိုလ်ချုပ်တွေ ကျောင်းပဲပြန်ရောက်သွားတာပါပဲဗျာ။ စစ်ဗိုလ်တွေအုပ်ချုပ်နေသမျှ တိုင်းပြည်ဘယ်တော့မှ မတိုးတက် နိုင်ဘူးဟု သဘောတူကြရပါတော့၏။ ဘုရားကားအောက် မျောက်ကားအထက်စနစ်ကို ပြောင်း အောင်၊ တော်လှန်ပစ်မှသာ တိုင်းပြည်တိုးတက်မှာပဲဟု မှတ်ချက်ချကြပါတော့၏။

‘ဒေါ်အောင်ဆန်းစုကြည် ဘယ်လိုပညာရေးစနစ်ကို လိုချင်ပါသလဲ’ ဟု ဥရောပခရီးစဉ်တွင်မေးကြ သည်။ ‘ကျွန်မလိုချင်တဲ့ ပညာရေးစနစ်က ဘဝစိန်ခေါ်မှုတွေကို ဖြေရှင်းနိုင်တဲ့ ပညာရေးစနစ်ပါ’ ဟု တိုတိုရှင်းရှင်းဖြေခဲ့သည်။ ဘယ်အဆင့်၊ ဘယ်အတန်းနဲ့ပဲကျောင်းထွက်ရ၊ ထွက်ရကျောင်းကသင်ပေး လိုက်တဲ့ပညာနဲ့ ဘဝစိန်ခေါ်မှု၊ စီးပွားရေးစိန်ခေါ်မှု၊ လူမှုရေးစိန်ခေါ်မှု၊ ဘာသာရေးစိန်ခေါ်မှု၊ နိုင်ငံရေး စိန်ခေါ်မှုစတာတွေကို ဖြေရှင်းပေးနိုင်မည့် ပညာရေးစနစ်ကိုဆိုလိုသည်။ ခိုး၊ ဝှက်၊ လိမ်၊ လု မတရား သိမ်းယူလို့ ကြီးပွားသွားကြသည့် ပညာရေးစနစ်ကို မလိုချင်ဟုလည်း ဆိုလိုသည်။

မနေ့ကပဲ စာရေးသူ၏ အလုပ်သမားမိသားစုတစ်စုရောက်လာပြီး ငွေကျပ်နှစ်သိန်းချေးပေးရန် ပူဆာ လာသည်။ ဘာလုပ်ဖို့လဲမေးတော့ သားက ၁၀ တန်းစာမေးပွဲကျတာ မော်တော်ဆိုင်ကယ်မရှိလို့ဟု ပြောပြီး ကြိမ်းမောင်းသွားသဖြင့် ရွာပြန်ပြီးမြေပဲခင်းပေါင်ထားတာကို ငွေထပ်တောင်းတော့ ကျပ်တစ် သိန်းရခဲ့သည်။ ယခုကျပ်နှစ်သိန်းလိုနေသဖြင့် ဆရာကြီးထံအကူအညီတောင်းရတာပါဟု ဆို၏။

အေးဗျာ၊ ခင်ဗျားသားကို ဆိုင်ကယ်ဝယ်ပေးရင် ဓာတ်ဆီဖိုးက တစ်နေ့ကျပ်တစ်ထောင်ကုန်ဦးမယ်။ ကျူရှင်လခက တစ်လကျပ်တစ်သောင်း၊ နှစ်သောင်းကုန်ဦးမယ်။ စဉ်းစားကြပါကွာ။ ကျောင်းမတက် ချင်ရင်ကျောင်းထုတ်လိုက်၊ ၁၀ တန်း မအောင်တဲ့လူတွေတောင် ငွေရှိရင်ဒေါက်တာဘွဲ့ရပြီး လွှတ် တော်အမတ်ကြီးတွေဖြစ်နေတဲ့ ခေတ်ပဲဗျဟု ဘုကျကျပြောလိုက်ရပါတော့၏။

၁၀ တန်းမအောင် မပူပေါင်၊ ဟိုလူကြီးတောင် ဒေါက်တာဖြစ်သေးဆိုတဲ့ စာလေးမှတ်ပြီး ပြန်ကြဗျာ။ ဆိုင်ကယ်ဝယ်မယ့်ပိုက်ဆံသုံးသိန်းနဲ့ စီးပွားရေးလုပ်ငန်းတစ်ခုလုပ်ကြ။ ငါးပေါင်းကြော်ဆိုင်လုပ်မလား။ ကွမ်းယာဆိုင်လုပ်မလား၊ ဂျာနယ်၊ သတင်းစာအရောင်းဆိုင်ဖွင့်မလား၊ ကွန်ပျူတာသင်မလား၊ အလုပ် လုပ်ကြ။ ငွေချေးပေးမယ်ဟု ပြောလိုက်ရပါတော့၏။

စံတော်ချိန်သတင်းစာ

ဇွန် (၁၃) ရက်၊ ၂၀၁၄ ခုနှစ်


ရုပ်လှစရာမလို အနေလှဖို့သာလို



မိန်းကလေး တစ်ယောက်ဟာ မွေးရာပါ ရုပ်မလှချင်နေ ဒါပေမဲ့ ဘဝမှာ လှလှပပတော့ ရှင်သန်သင့်တယ်။

ဘယ်အချိန်အခါပဲဖြစ်ဖြစ် ပြည့်စုံတဲ့ အသိပညာ၊ ကောင်းမွန်တဲ့စရိတ္တ၊ ထက်မြက်တဲ့ အပြုအမူ၊ သိမ်မွေ့တဲ့ အပြောအဆို၊ ကြီးမြတ်တဲ့ စိတ်သဘောထားနဲ့ မေတ္တာနဲ့ပြည့်တဲ့ နှလုံးသားတစ်စုံရှိတဲ့ မိန်းကလေး တစ်ယောက်ဟာ ရုပ်ရည်မလှသည့်တိုင် ဘဝကို အမှန်တကယ် လှပစေနိုင်ပါတယ်။ ဘဝမှာ လှလှပပ ရှင်သန်နိုင်သူဟာ လှပတဲ့ စိတ်ခံစားမှု၊ အဆင့်တစ်ခု၊ စိတ်ဝိညာဉ်တစ်ခုကို ပိုင်ဆိုင်နိုင်မှာဖြစ်တယ်။ ကိုယ့်ကိုယ်ကို မစွန့်လွှတ်သရွေ့ ဘယ်သူကမှ ကိုယ့်တက်လှမ်းကို တားဆီးပိတ်ပင်နိုင်မှာ မဟုတ်ဘူး။

တချို့က မိန်းကလေးတွေဟာ "တောင်တန်း"ပါတဲ့။ ခန့်ညားဝင့်ထည်ပြီး သဘောထားကြီးသတဲ့။

တချို့က မိန်းကလေးတွေဟာ "ရေ" ပါတဲ့။ နူးညံ့ပျော့ပျောင်းပြီး ညင်သာသတဲ့။

မိန်းမကောင်းဆိုတာ စာအုပ်ဖြစ်တယ်။ အသိပညာတွေနဲ့ ပြည့်နှက်လို့နေတယ်။

မိန်းမကောင်းဆိုတာ ဆိပ်ကမ်းဖြစ်တယ်။ ဘေးဒုက္ခကြုံသူကို လုံလုံခြုံခြုံ နားခိုခွင့်ပေးတယ်။

မိန်းမကောင်းဆိုတာ အရက်ဖြစ်တယ်။ မွှေးကြိုင်ခြင်းနဲ့ ပြည့်စုံတယ်။

မိန်းမကောင်းဆိုတာ ရေနွေးကြမ်းဖြစ်တယ်။ အရသာခံသောက်လေ မွှေးလေဖြစ်တယ်။

မိန်းမကောင်းဆိုတာ တက်မဖြစ်တယ်။ အိမ်ထောင်ရေးလမ်းကြောင်းကို ပဲ့ကိုင်ပေးတယ်။

မိန်းမကောင်းဆိုတာ ရူခင်းဖြစ်တယ်။ ရာသီအလိုက် ရောင်စုံပန်းမန်တွေနဲ့ လှပစေတယ်။

မိန်းမကောင်းဆိုတိုင်း ရုပ်ရှည်လှပနေမှ မဟုတ်ဘူး။ ဖြူစင်ရိုးသားတဲ့စိတ် ရှိတယ်။ ကျော်ကြားခြင်းနဲ့ ကြွယ်ဝခြင်းရဲ့ ဖြားယောင်းမြူဆွယ်မှုကြောင့် စိတ်ကို မညစ်နွမ်းစေဘဲ ကိုယ့်လမ်းကိုယ် ဆက်လျှောက်သူ၊ လုပ်သင့်တာကို ဆက်လုပ်သူဖြစ်တယ်။ အနေနိမ့်ကျ၊ ဆင်းရဲဒုက္ခနဲ့ ရင်ဆိုင်ရသည့်တိုင် ရင်ကိုကော့ ခေါင်းကိုမော့ပြီး အပြုံးမပျက်သူဖြစ်တယ်။

ရိုးသားကြင်နာခြင်းဆိုတာ လောကမှာ အလှဆုံးပန်းတစ်ပွင့်ဖြစ်တယ်။ ဘယ်သူတစ်ဦး တစ်ယောက်ကမှ အဲဒီပန်း ဖူးပွင့်ဖို့ မငြင်းဆန်တတ်ကြဘူး။ မိန်းမကောင်းဆိုတာ မိခင်ကောင်း၊ ဇနီးကောင်းတစ်ဦးဖြစ် တယ်။ မိန်းမကောင်းဆိုတာ အဲဒီအလှဆုံးပန်းဖြစ်တယ်။ မိန်းမကောင်းတွေဟာ ကိုယ့်ဘဝခရီး တစ်လျောက်ကို ပန်းတစ်ပွင့်ရဲ့ ကြန်အင်လက္ခဏာတွေနဲ့ ပြည့်စုံစေတယ်။

မိန်းမကောင်းတွေက မျက်ရည်နဲ့အပြုံးကို ကွယ်ဝှက်ထားစရာမလိုဘူး။ ရိုးသားကြင်နာခြင်းဟာ သာမန် မိန်းကလေးတစ်ဦးကို ပိုလှပစေတယ်။ ပိုနှစ်လိုစေတယ်။ ကိုယ့်ကိုယ်တိုင်ကို ချစ်ခင်နှစ်သက်မယ်၊ ဆွေမျိုး သားချင်းတွေကို ချစ်မယ်၊ သူငယ်ချင်း မိတ်ဆွေတွေကိုချစ်မယ်၊ သဘာဝ၊ သက်ရှိအားလုံး... လောကမှာ ချစ်လို့ရတဲ့အရာတွေကို ချစ်ခင်နှစ်သက်မယ်။ နှလုံးသားထဲ ချစ်ခြင်းမေတ္တာရှိတဲ့ မိန်းကလေး တစ်ယောက် ဟာ ဘယ်လောက်ပဲ ရုပ်ဆိုးနေပါစေ သူ့မျက်ဝန်းထဲကနေ နွေးထွေး၊ ကြင်နာတဲ့ အရိပ်တွေကို တွေ့နိုင် တယ်။ လင်းလက်တဲ့ အပြုံးကို တွေ့မြင်နိုင်တယ်။

မိန်းမကောင်းဆိုတာ စားပွဲပေါ်မှာအလှထားတဲ့ ပန်းအိုးမဟုတ်ဘူး။ သူတစ်ပါး တန်ဆာဆင်မှ လှပတာ မဟုတ်ဘူး။ မိန်းမကောင်းဆိုတာ ကိုယ့်ကိုယ်လေးစားမှုရှိတယ်၊ ပျော့ညံ့သူမဟုတ်ဘူး။ ယောက်ျားတွေကို မှီခိုသူမဟုတ်ဘူး။ ဘုရားသခင်က အာဒံကို ဖန်ဆင်းခဲ့တယ်။ ဧဝကိုလည်း ဖန်ဆင်းခဲ့တာဟာ ယောက်ျား သားတွေနဲ့အတူ ဒီလောကကို ကူညီထမ်းပိုးဖို့ဖြစ်တယ်။ မိန်းကလေးတိုင်း ထူးချွန်ထက်မြက်မှာ မဟုတ် ဘူး။ ထင်ရှားမှာမဟုတ်ဘူး။ ဒါပေမဲ့ ရိုးရှင်းတဲ့ဘဝမှာ သမီးက သမီးဝတ္တရား၊ မယားက မယားဝတ္တရား၊ မိခင်က မိခင်ဝတ္တရားနဲ့ ကိုယ့်ဝတ္တရားကို အတတ်နိုင်ဆုံး၊ အကောင်းဆုံး ကျေကျေပွန်ပွန် ဆောင်ရွက်ပြီး နားလည်မှုနဲ့ လေးစားမှုကို အောင်နိုင်ရယူသူတွေဖြစ်တယ်။

မွေးဖွားရာဒေသကို ကျွန်မတို့ ရွေးချယ်ခွင့်မရှိခဲ့ဘူး။ မွေးရာပါရုပ်ရှည်လှပဖို့လည်း ကျွန်မတို့ မစွမ်းသာခဲ့ ဘူး။ ဆင်းရဲသားမိသားစု၊ ချမ်းသာတဲ့မိသားစုမှာ မွေးဖွားနိုင်ဖို့လည်း ကျွန်မတို့ ရွေးချယ်ခွင့်မရှိခဲ့ဘူး။ ဒါပေမဲ့ ရုပ်ရှည်မလှပလို့၊ မချမ်းသာလို့ ကျွန်မတို့ သိမ်ငယ်စရာမလိုဘူး။ စိတ်လှဖို့ကိုတော့ ကျွန်မတို့ ကိုယ်တိုင် ဖမ်းဆုပ်နိုင်ပါတယ်။

တကယ့် မိန်းမချော၊ မိန်းမလှဆိုတာ ပိန်တာ၊ ဝတာနဲ့မဆိုင်ဘူး။ မျက်နှာပေါက် လှတယ်၊ မလှဘူးနဲ့ မဆိုင်ဘူး။ သဘာဝနဲ့ဆိုင်တယ်။ ဆွဲဆောင်နိုင်တဲ့ အရည်အချင်းနဲ့ ပိုဆိုင်တယ်။ ပြင်ပအလှဖြစ်တဲ့ ရုပ်ဆိုး တယ်၊ ဝတယ်၊ ပိန်တယ်ဆိုတာကို ပြောင်းလဲဖို့ခက်ပေမယ့် တကယ့်စိတ်ထဲကဖြစ်လာတဲ့ နှစ်လို့ဖွယ်အလှ ကိုတော့ လူတိုင်းလုပ်နိုင်တယ်၊ ကျင့်ကြံနိုင်ပါတယ်။

(၁) နာလိုစိတ်မရှိတဲ့ မိန်းကလေးတွေဟာ အေးဆေးတည်ငြိမ်တယ်။ မျက်နှာက လမင်းလို ကြည်လင်ဝင်း ပတယ်။

(၂) အမုန်းရန်ငြိုးမရှိတဲ့ မိန်းကလေးတွေဟာ နူးညံ့သိမ်မွေ့တယ်။ မျက်ဝန်းထဲမှာ စစ်မှန်တဲ့ ရိုးသားမှုတွေရှိ တယ်။

(၃) စကားပြော ညင်သာပျော့ပျောင်းပြီး စကားကြမ်းမပြောတဲ့ မိန်းကလေးတွေဟာ ပန်းလေးတစ်ပွင့်နဲ့ တူတယ်။ ခူးယူသူရဲ့လက်ကို ရနံ့တွေနဲ့ မွှေးကြိုင်စေတယ်။

(၄) ရမ္မက်လောဘ ကင်းရှင်းတဲ့ မိန်းကလေးတွေဟာ မြင့်မြတ်တဲ့ရုပ်ကိုဆောင်တယ်။ ရည်မွန်ကျော့ရှင်း တယ်။

(၅) စိတ်ကြီးမဝင်တဲ့ မိန်းကလေးတွေဟာ ရိုးသားစစ်မှန်တယ်။ စိမ့်စမ်းရေလို အေးမြတယ်။

(၆) သက်ရှိတွေအပေါ် ချစ်ခင်နှစ်သက်တဲ့ မိန်းကလေးတွေဟာ တန်းတူမေတ္တာနဲ့ ပေးဆပ်တဲ့မိခင်လို မေတ္တာရောင်ခြည်မျိုး ထွန်းတောက်တယ်။ ညှာတာကြင်နာတယ်။

(၇) အလိုမကြီး၊ မငြီးတွားတဲ့ မိန်းကလေးတွေဟာ ကြည်လင်ပြီး စိတ်ရောကိုယ်ပါ ကျန်းမာတယ်။

(၈) အာရုံစိုက်ပြီး လုပ်တတ်တဲ့၊ စိတ်ရိုးရှင်းတဲ့ မိန်းကလေးတွေဟာ အသားအရည်ဝင်းပပြီး တည်ကြည် တယ်။ လရဲ့အလင်းတန်းလို ကြည်လင်ပြီး ဆွဲဆောင်မှုနဲ့ ပြည့်လို့နေပါတယ်။

မိန်းကလေးတိုင်း မွေးရာပါ ရုပ်ရှည်မလှပချင်နေပါစေ ဘဝကိုတော့ လှလှပပ ရှင်သန်နေထိုင်သင့်တယ်။

မူရင်းလင့် ---- http://bbs.tianya.cn/post-210-116936-1.shtml


နိုင်းနိုင်းစနေ (Friday, September 17, 2010)


အသည်းရောဂါ ခံစားနေရသော လူသားများအတွက် ကျန်းမာလာဘ်တစ်ပါး ဝမ်းမြောက်စေသည့် သခွတ်ပြုတ်ဆေးရည်


ဘီပိုး စီပိုး အသည်းသမားများ သခွတ်ကိုသောက် ရောဂါပျောက်၏…. (အသည်းရောဂါ ဖြစ်နေသော မိသားစုဝင်များအား စိတ်ချမ်းသာမှု ဖြစ်စေပြီး လူ့ သက်တမ်းအပြည့် နေနိုင်သောကြောင့် Mg Mandalay မှ လေးနက်စွာ မျှဝေပါသည်။ )
အခုဖော်ပြသော သခွတ်အစွမ်းကြောင့် စီပိုး အသည်းသမားသည် ပိုးကောင်ရေ သိန်းချီရာမှ ဆယ်ဂဏန်း မျှသာကျန်ရှိတော့ပြီး ရောဂါမှာ သိသိသာသာ ပျောက်ကင်းသွားသလောက် ဖြစ်သွားသောကြောင့် အ သည်း အထူးကု ဒေါက်တာခင်မောင်ဝင်း ဆရာကြီးကိုယ်တိုင် အံ့အားသင့်လို့  သခွတ်သောက်သော လူနာကို မှတ်တမ်းအပြု့ ခံလိုက်ရသော မြန်မာတို့ ၏ သခွတ်ပင်သာဖြစ်ပါသည်။ ဆရာကြီးစီမှာ အသည်း အတွက် သောကများစွာ ငွေမြောက်များစွာ ကုန်ကျနေပြီးမှ ရရှိလာသော အစွမ်းထက်ဆေးနည်းလည်း ဖြစ်ပါသည် ထိုစီပိုးလူနာ၏ ကိုယ်တွေ့ ဆေးဖြစ်သောကြောင့် လူနာကိုယ်တိုင်းမှ ဌင်းကဲ့သို့  ပိုက်ဆံ ရာပေါင်းများစွာ ကုန်ကျခြင်းလည်း မရှိစေဘဲ တကယ်လည်းသောက် တကယ် စီပိုးပျောက်ခဲ့ရလို့ သူကိုယ် တိုင်လည်း ဆေးကုသိုလ် ပြု့ နေပါသေးသည် ။

လုပ်ဆောင် သောက်သုံးရန်မှာ ….

သခွတ်ပင်၏ အပွင့် အရွက် အခေါက် တို့ကိုယူပါ အပွင့်နှင့်အရွက်ကိုတော့ နေအနည်းရသော နေရာမှာ အခြောက်ခံလိုက်ပါ (လက်ဖက်ခြောက်လို့ လည်း သောက်သုံးလို့ ရနိုင်စေရန်အတွက်) အခေါက်ကိုတော့ ရေဆေးပြီး ကြာရှည်သိမ်းထားလို့ ရအောင် နေဖန့် ဖန့် ပြပြီး အခေါက်ကို သုံးစွဲရပါမည် ။

ဆေးရည်ကျိုနည်း ….

ပထမဦးစွာ ဆေးကျိုရန်အတွက် မြေအိုးအသစ်တလုံးကို ရယူပါ။ မြေအိုးထဲတွင် သခွတ်ပွင့်၊ အရွက် နှင့် အခေါက်တို့ကို ရေနဲ့ သုံးခွက်တခွက် ကျော်ကျော်လောက် ပြုတ်ပြီး သောက်သုံးပေးပါ။ တနေ့ကို သုံးကြိမ် (သို့ ) နှစ်ကြိမ်လောက် လုပ်ဆောင်သောက်သုံးပေးပါ။ အခေါက် တစ်မျိုးတည်းကိုလည်း ကြိုချက်သောက် သုံးနိုင်ပါသည်။ 

အရွက်အခြောက်နှင့် အပွင့်အခြောက်ကိုတော့ အောက်ဖော်ပြပါအတိုင်း သောက်သုံး လည်းရပါသည်။
အရွက်ခြောက်နဲ့  အပွင့်ခြောက် အနည်းငယ်ကိုလည်း လက်ခြောက်ပုံစံ ပြုလုပ်ပြီးတော့လည်း ဆေးအ ဖြစ် သောက်သုံးနိုင်ပါသေးသည်၊ လက်ဖက်ခြောက်ခပ်သည့် ပုံစံလို လက်ဖက်ခြောက်အစား သခွတ်အ ရွက်ခြောက်နှင့် အပွင့်ခြောက် အနည်းငယ်ထည့်ခပ် ရေနွေးကြမ်း သောက်သုံးသလို့ လည်း လုပ်သောက် ခြင်းဖြင့် အသည်းရောဂါအတွက် ကြိုတင်ကာကွယ်ခြင်း အကျိုးကျေးဇူး ရရှိပါသည်။

သခွတ်ဆေးရည်သည် အသည်းနဲ့ ပတ်သက်သော အသည်းအဆီဖုံးခြင်းနှင့် ဘီပိုး စီပိုး အသည်းရောဂါ ဖြစ်နေသူများအတွက် အကောင်းဆုံး ဆေးစွမ်းထက်မြတ် ပေးစွမ်းနိုင်သော သခွတ်ပင်၏ ကျေးဇူးများသာ ဖြစ်ပါတော့သည်။

ရောဂါဟူသမျှ တခဏဖြစ်ကြပါစေ………



ဇူလိုင် ၃ ရက် ညပိုင်းမှစ၍ ပြည်တွင်း၌ Facebook လူမှုကွန်ရက်အွန်လိုင်းစာမျက်နှာ အသုံးပြု၍ မရတော့ကြောင်း သိရ


ဇူလိုင် ၃ ရက်ညပိုင်းတွင် ပြည်တွင်း၌ Facebook လူမှုကွန်ရက်အွန်လိုင်းစာမျက်နှာ
 သုံးစွဲ၍မရတော့ဘဲ လိုင်းပြတ်တောက်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။


ထိုသို့ဖြစ်ပွားခြင်းမှာ ည ၉ နာရီဝန်းကျင်ခန့်တွင် စတင်ခဲ့ပြီး ည့ဉ်နက်ပိုင်းအထိ လိုင်းပြတ်တောက်နေဆဲဖြစ်ကြောင်း သိရသည်။ မိုဘိုင်းApp ဖြင့် သုံးစွဲသူများရော Desktop ဖြင့် သုံးစွဲသူများပါ ကြုံတွေ့ခဲ့ရခြင်း ဖြစ်ကြောင်းသိရသည်။

ထိုသို့ဖြစ်ရခြင်းမှာ ပြည်တွင်း ISP (Internet Service Provider) မှ ပိတ်လိုက်ခြင်း ဖြစ်နိုင်ကြောင်း အိုင်တီပညာရှင်အချို့က သုံးသပ်ခဲ့ကြသည်။ နိုင်ငံတကာတွင် Facebook ကို ပုံမှန်အတိုင်း သုံးစွဲနေနိုင်ကြောင်းလည်း သိရသည်။

“ခုလိုဖြစ်သွားတာက ISP ကနေ ပိတ်လိုက်တာလည်း ဖြစ်နိုင်ပါတယ်။ ဒါမျိုးကို ISP ကနေလုပ်လို့ရပြီး ဒါကလွယ်ပါတယ်။ သေချာချင်ရင်တော့ Proxy နဲ့ကျော်ဝင်တဲ့အခါ Facebook တက်သေးတယ်ဆိုရင် ISP က ပိတ်လိုက်တာ သေချာပါတယ်”ဟု မြန်မာနိုင်ငံ ကွန်ပျူတာပညာရှင်အသင်းမှ အလုပ်အမှုဆောင် ဦးဇော်ဝင်းထွန်းက ပြောကြားခဲ့သည်။

“Facebook မရတော့တာက ISP က ပိတ်လိုက်တာကြောင့် ဖြစ်နိုင်ပါတယ်။ ပထမတော့ အင်တာနက်လိုင်း မကောင်းလို့ မတက်တော့တာများလား ထင်မိသေးတယ်။ နောက်တော့မှ လုံးဝသုံးလို့ မရတော့တာဖြစ်သွားတယ်။ Twitter မှာ ပြည်ပကသုံးစွဲသူတွေ ပြည်တွင်းမှာတော့ Facebook ပိတ်လိုက်ပြီဆို ပြီးပြောဆိုနေကြတာတွေ ရှိတယ်”ဟု MIDO မှ မထိုက်ထိုက်အောင်က ပြောကြားသည်။

“ည ၈ နာရီကျော်ကျော်တုန်းကတောင် Facebook ကို သုံးလို့ရသေးတယ်။ ည ၉ နာ ရီလောက်မှာ ဝင်ကြည့်တော့ လုံးဝမရတော့ဘူး။

ဒါပေမဲ့ Proxy နဲ့ကျော်ဝင်ကြည့်တော့ ရတယ်။ အဲဒါကြောင့် ပြည်တွင်းမှာပဲ မရတော့တာ ဖြစ်ပါတယ်။ ခုလို အွန်လိုင်းမှာပွက်လောရိုက်ပြီး ရှုပ်ထွေးနေတဲ့အချိန်မှာ သုံးလို့မရတော့တာလည်း တစ်မျိုးကောင်းပါတယ်။ ဒါပေမဲ့ တခြားကိစ္စတွေအတွက် သုံးစွဲသူတွေအနေနဲ့ ကသိကအောက် ဖြစ်ရပါတယ်”ဟု Facebook သုံးစွဲသူ ကိုတိုးက ဆိုသည်။ ဇူလိုင် ၄ ရက် နံနက် ၂း၃ဝ နာရီအထိ Facebook အသုံးပြု၍ မရရှိသေးကြောင်းသိရသည်။

ပြီးခဲ့သော ၂ဝ၁၄၊ ဇွန် ၁၉ ရက် မွန်းလွဲပိုင်းတွင်လည်း Facebook လူမှုကွန်ရက်မှာ မိနစ် ၂ဝ ခန့် ပြတ်တောက်မှုဖြစ်ပွားခဲ့ပြီး ယင်းသို့ ဖြစ်ပွားမှုမှာ ပြည်တွင်း၌သာမက နိုင်ငံတကာတွင်ပါ ကြုံတွေ့ခဲ့ရခြင်း ဖြစ်ကြောင်းသိရသည်။ ယင်းမှာFacebook ဆာဗာမှ ဖြစ်ပွားခဲ့ခြင်းဟု သိရသည်။ ပြည်တွင်း၌ Facebook သုံးစွဲသူ အရေအတွက်မှာ တစ်သန်းကျော်ရှိနေပြီး အများစုမှာ မိုဘိုင်းဖုန်းဖြင့် သုံးစွဲကြခြင်းဖြစ်ကြောင်း သိရသည်။

မန္တလေးမြို့တွင် ဇူလိုင် ၁ ရက် ညပိုင်းက လူစုလူဝေးနှင့် ပဋိပက္ခအသွင်ဖြစ်ပေါ်ခဲ့ပြီး ယင်းမှာ Facebook စာမျက်နှာတွင် ကောလာဟလသတင်းများ ပျံ့နှံ့မှုနှင့်ဆက်နွှယ်နေခဲ့ကြောင်း သိရသည်။ ထိုသို့ဖြစ်ပွားပြီး နှစ်ရက်အကြာတွင် ယခုကဲ့သို့ သုံးစွဲ၍မရတော့ခြင်း ဖြစ်သည်။

Eleven Media Group


အမုန်းတရား ဖြန့်ဖြူးသူမဟုတ် အမှန်တရားသာ ဟောပြောဟု ဦးဝီရသူမိန့်ကြား


မင်းမင်း| သောကြာနေ့၊ ဇူလိုင် ၄ ရက်၊ ၂၀၁၄ ခုနှစ်

မုန်းတီးမှုဖြစ်ပွားစေမည့် ပြုမူ၊ ပြောဆို၊ ရေးသားမှုများနှင့် လှုံ့ဆော်မှုများ မလုပ်ရန် တိုက်တွန်းထားသည့် သမ္မတ၏ မိန့်ခွန်းကို ကမ္ဘာကျော် TIME မဂ္ဂဇင်းတွင် “ဗုဒ္ဓဘာသာ အကြမ်းဖက်သမား”ဟု သုံးနှုန်းဖော်ပြခံရသည့် ဆရာတော်ဦးဝီရသူက ပြောသင့်သည့်စကားဟု မှတ်ချက်ပြုလိုက်သည်။ ထို့ပြင် မိမိ၏ ဟောပြောမှုများသည် အမှန်တရားသာဖြစ်ပြီး အမုန်းတရားဖြန့်ဖြူးသည်ဟု ဆို၍မရဟု ဇူလိုင် ၃ ရက်တွင် မဇ္ဈိမကို မိန့်ကြားလိုက်သည်။

“ကျွန်တော်တို့ လူ့အဖွဲ့အစည်းအနေနဲ့ ရှုတ်ချ ပြစ်တင်ဆန့်ကျင်ကြရမှာ ဖြစ်ပါတယ်”ဟု ဇူလိုင် ၃ ရက် ရေဒီယိုမှတစ်ဆင့် သမ္မတဦးသိန်းစိန်က မိန့်ခွန်းခြွေခဲ့ခြင်း ဖြစ်သည်။

သမ္မတ၏ မိန့်ခွန်းသည် မြန်မာနိုင်ငံ၏ ဒုတိယမြောက်မြို့တော် မန္တလေး၌ အကြမ်းဖက်မှုများ ဖြစ်ပွားနေချိန်တွင် ပြောဆိုခြင်းလည်း ဖြစ်သည်။ မန္တလေး၊ မစိုးရိမ်တိုက်သစ်ဆရာတော် ဦးဝီရသူကမူ အဆိုပါဖြစ်စဉ်များသည် အများရှုမြင်သကဲ့သို့ လူမျိုးရေးအကြမ်းဖက်မှု၊ ဘာသာရေးပဋိပက္ခများမဟုတ်ဘဲ ဘာသာခြားတို့၏ ရည်ရွယ်ချက်ရှိရှိ ဆောင်ရွက်နေသော စီမံကိန်းများကြောင့်သာ ဖြစ်သည်ဟု မဇ္ဈိမကို မိန့်သည်။

“အားလုံးပြေလည်သွားစေချင်တယ်ဆိုရင်တော့ မွတ်ဆလင်တွေရဲ့ စီမံကိန်းကြီးကို ရပ်တန်းက ရပ်မှရမယ်” ဟု ၎င်းက မိန့်သည်။ သို့သော်မည်သို့သော စီမံကိန်းမျိုးဖြစ်သည်ကိုမူ ဦးဝီရသူက တိတိကျကျ မိန့်ဆိုခြင်း မရှိဘဲ ဘာသာခြားများ ကိုယ်တိုင် ၎င်းတို့၏ စီမံကိန်းကို မစွန့်လွှတ်ပါက အစိုးရသည်ပင်လျှင် ပြဿနာများကို ဖြေရှင်းနိုင်မည် မဟုတ်ဟု ဆိုသည်။

ဒီမိုကရက်တစ်ပါတီ (မြန်မာ)မှ ဒေါ်သန်းသန်းနုကမူ ပဋိပက္ခများသည် အားပေးအားမြှောက်လုပ်သူများရှိနေ၍ ဖြစ်ပွားနေသည်ဟု သုံးသပ်သည်။ “အာဏာရပုဂ်္ဂိုလ်များကနေပြီးတော့ သွေးထိုးမြှောက် ပင့်နေတဲ့ဟာတွေပေါ့လေ။ အုပ်စု နှစ်ဖက်စလုံးမှာရှိနေတယ်လို့ ကျွန်မထင်တယ်”ဟု သုံးသပ်သည်။

သမ္မတနှင့် သမ္မတရုံးဝန်ကြီး ဦးအောင်မင်းတို့က လွန်ခဲ့သော နှစ်နှစ်ခန့်ကတည်းက ထင်ရှားစွာ ဖြစ်ပွားခဲ့သည့် ရခိုင်၊ မိတ္တီလာ၊ လားရှိုးပဋိပက္ခကာလများအပြီးတွင် နောက်ကွယ်၌ ကြိုးကိုင်နေသူများကို ထိရောက်စွာ ဖော်ထုတ်အရေးယူမည်ဟု မိန့်ခွန်းများ၊ မီဒီယာများမှ တစ်ဆင့်ပြောဆိုခဲ့ကြသည်။ သို့သော် ဖြစ်စဉ်အတွင်း ပြစ်မှုကျူးလွန်သူများကိုသာ ဖမ်းဆီးနိုင်ခဲ့သည်။

မန္တလေးတွင် ပဋိပက္ခဖြေရှင်းခဲ့သူ ဂဠုန်နီဆရာတော် ဦးကာဝိယက“အလှကြည့်နေတယ်”ဟု တာဝန်ရှိသူတို့အပေါ် သုံးသပ်သည်။ အမျိုးသားဒီမိုကရေစီအင်အားစုပါတီ ဥက္ကဋ္ဌ ဦးခင်မောင်ဆွေကမူ “အခြေအနေ တစ်ခုကို နောက်အခြေအနေတစ်ခုနဲ့ တိုက်ချချင်ရင် ဒီလိုပယောဂတွေနဲ့ ကျင့်သုံးနေကျပါပဲ”ဟု မှတ်ချက်ပြုသည်။

လက်ရှိတွင် သမ္မတဦးသိန်းစိန်အစိုးရသည် ၂၀၁၂ ခုနှစ် က စတင်ဖြစ်ပေါ်ခဲ့သည့် ဘာသာရေး၊ လူမျိုးရေး အသွင်ဆောင်သည့် ပဋိပက္ခများကို အစိုးရသက်တမ်းတစ်နှစ်ကျော်သာ ကျန်တော့ချိန်တွင် အဆုံးသတ်သည်အထိ ကိုင်တွယ်နိုင်သည်ကို မတွေ့ရသေးပေ။

Mizzima Burmese


ပဋိပက္ခဖြစ်ပွားကာ လူနှစ်ဦးအသတ်ခံရပြီးနောက် မန္တလေးလူထု စိုးရိမ်ထိတ်လန့်နေ


မန္တလေးမြို့ ခြောက်မြို့နယ်အတွင်း ည ၉နာရီမှ နံနက် ၅ နာရီအထိ ညမထွက်ရအမိန့်
ပုဒ်မ ၁၄၄ ကို သက်ဆိုင်ရာမြို့နယ်အလိုက် အထွေထွေအုပ်ချုပ်ရေးရုံးများမှ ထုတ်ပြန်
လိုက်ကြောင်း သတင်းရရှိသည်။



မန္တလေးခရိုင် ခုနစ်မြို့နယ်တွင် ဇူလိုင် ၃ ရက် ညနေပိုင်းက ယင်းအမိန့်ကို ပုသိမ်ကြီးမြို့နယ်မှအပ ကျန်ခြောက်မြို့နယ်အတွင်း ထုတ်ပြန်ခဲ့ခြင်းဖြစ်ပြီး မဟာအောင်မြေမြို့နယ်၊ ချမ်းမြသာစည်မြို့နယ်၊ ပြည်ကြီးတံခွန်မြို့နယ်၊ ချမ်းအေးသာစံမြို့နယ်နှင့် အောင်မြေသာစံမြို့နယ်၊ အမရပူရမြို့နယ်တို့တွင် အကျုံးဝင်ကြောင်း သိရသည်။

လက်ရှိ ဖြစ်ပွားနေသည့် ပဋိပက္ခဖြစ်စဉ်များအရ ယခုကဲ့သို့ ညမထွက်ရအမိန့် ထုတ်ပြန်ခဲ့ခြင်းနှင့်ပတ်သက်၍ တိုင်းရဲတပ်ဖွဲ့မှ ဒုတိယရဲမှူးကြီးဇော်မင်းဦးက “ပုသိမ်ကြီးမြို့နယ် မပါဝင်ပါဘူး။ ကျန်ခြောက်မြို့နယ်မှာ ၁၄၄ ထုတ်ပြန်လိုက်တာပါ။သက်ဆိုင်ရာ အထွေထွေအုပ်ချုပ်ရေးရုံးတွေကနေ ထုတ်ပြန်လိုက်တာပါ”ဟု  အတည်ပြု ပြောကြားသည်။

ဘာသာရေးအကြောင်းပြ ဆူပူလှုံ့ဆော်မှုနှင့် မတည်မငြိမ်ဖြစ်အောင် လုပ်ဆောင်မှုများကြောင့် ပဋိပက္ခဖြစ်ပွားကာ လူနှစ်ဦးအသတ်ခံရပြီးနောက် မန္တလေးလူထု စိုးရိမ်ထိတ်လန့်နေကြောင်း ဇူလိုင် ၃ ရက်တွင် စုံစမ်းသိရသည်။

မန္တလေးတွင် ဇူလိုင် ၁ ရက် ည ၈ နာရီခွဲမှ စတင်ဖြစ်ပွားခဲ့သည့် လူစုလူဝေးနှင့် ဖျက်ဆီးရန်ပြုမှုများကြောင့် ဇူလိုင် ၃ ရက် နံနက်အထိ ၁၄ ဦး ဒဏ်ရာရရှိကာ၊ အမျိုးသားနှစ်ဦး သတ်ဖြတ်ခံခဲ့ရကြောင်း ခဲဖြင့်ပစ်ပေါက်ရမ်းကားသူ လေးဦးကို အရေးယူထားကြောင်း မန္တလေးတိုင်း ရဲတပ်ဖွဲ့မှူးရုံးတွင် ဇူလိုင် ၃ ရက်က ပြုလုပ်သော သတင်းစာရှင်းလင်းပွဲမှ ထုတ်ပြန်ခဲ့သည်။

“ပထမရက်က လူစုစုဖြစ်တယ်။  အဲဒါကို သံဃာတော်အသိုင်းအ၀ိုင်းနဲ့ အစ္စလာမ်ဘာသာဝင်အသိုင်းအ၀ိုင်းက လူကြီးတွေ ၀ိုင်းဝန်းပြီး ထိန်းလိုက်တော့ လူစုကွဲသွားတယ်။ နောက်တစ်ခါ နံနက်ပိုင်းကျတော့ အဲဒီလူစုက အနောက်ဘက်ကနေ တက်လာပြီး ဆိုင်တွေကို ခဲနဲ့ထု၊ ကားတွေကို ဖျက်ဆီးသွားတယ်။ မနေ့ညကျတော့ ၈၃-၃၄လမ်း ၀န်းကျင်နားက ဗလီကနေပြီး အော်ဟစ်တာမျိုးရှိလို့ အမှတ်(၈)ရဲစခန်းကို လှမ်းပြီး အကြောင်းကြားပေမယ့် နာရီဝက်လောက်ထိ လာရောက်ထိန်းသိမ်းတာမျိုး မရှိဘူး။ နောက်တစ်ကြိမ် ပြန်ဆက်တော့ကျတော့ သူတို့လည်း လူအင်အားမရှိပါဘူး၊ ဒါကြောင့်လူစုပြီးတော့ လွှတ်လိုက်ပါ့မယ်ဆိုပြီး ထပ်ပြောတယ်။

ဒါပေမဲ့ နံနက် ၄ နာရီလောက်ကျတော့ မျိုးသိန်းအီလက်ထရွန်နစ်ဆိုင်ရှေ့ မှာ ဦးစိုးသိန်းဆိုတဲ့ အစ္စလာမ်ဘာသာဝင် တစ်ယောက် ဓားနဲ့ခုတ်ပြီး အသတ်ခံခဲ့ရတယ်။ သူက စက်ဘီးအပိုပစ္စည်းရောင်းတဲ့ ကျွန်တော်တို့ မိတ်ဆွေပါ။  နောက်တစ်ခုကျတော့ ကိုရံတော်ဗလီဝင်းနားမှာ မြန်မာတစ်ယောက် အသတ်ခံရတယ်ကြားတယ်။ ဆိုင်ကယ်တွေနဲ့ ဓားကိုင်ပြီး အော်ဟစ် သွားလာနေတဲ့သူတွေကို နိုင်နင်းအောင် ထိန်းသိမ်းနိုင်ခြင်း မရှိဘူး။ အဲလိုလူတွေဝန်းကျင်မှာ ရဲကားတွေရှိနေတာတော့ တွေ့တယ်။

 ပြဿ နာတွေမဖြစ်အောင်တော့ ထိန်းသိမ်းနိုင်ခြင်းမရှိဘူး။ ခုအခြေအနေကို စိုးရိမ်ထိတ်လန့်မှု ဖြစ်တာပေါ့။ ပြဿနာမဖြစ်ဖြစ်အောင် လုပ်ကြံသတင်းတွေ လွှင့်တယ်။ ဒီလိုမဟုတ်တဲ့ ပြဿနာတွေကို ရှင်းရှင်းလင်းလင်းဖြစ်အောင် မလုပ်ခဲ့တဲ့အတွက် မြို့ခံ၊ နယ်ခံမဟုတ်တဲ့ ဘယ်ကမှန်းမသိတဲ့ လူစုလူဝေးတွေ ဖြစ်လာတယ်။ အဲလူတွေက မျက်မြင်တွေပြောစကားအရတော့ မူးယစ်ဆေးသုံးထားတာမျိုး ရူးကြောင်ကြောင်တွေလို့ သိရတယ်။တကယ်တမ်း ဒါတွေကို စနစ်တကျ တားဆီးမယ်ဆိုရင် တားဆီးနိုင်ပါတယ်။ ဘာကြောင့်များ ဒါတွေကို မထိန်းသိမ်းနိုင်တာလဲ။

အခုဖြစ်နေတဲ့အဖြစ်အပျက်တွေက အကွက်ကျကျ စီစဉ်ထားသလို ခံစားရတယ်။ ဒါတွေကို တာဝန်ရှိတဲ့သူတွေအနေနဲ့ တိတိကျကျ ဖော်ထုတ်အရေးယူသင့်တယ်” ဟု ၈၃ လမ်း အခင်းဖြစ်နေရာအနီး နေထိုင်သူ ဦးညီညီက ဆိုသည်။

ဇူလိုင် ၂ ရက်တွင် မြို့တွင်းလုံခြုံရေးချထားပြီး မွန်းလွဲ ၃ နာရီနောက်ပိုင်း ဗလီနှင့် အစ္စလာမ်ဘာသာဝင်အများစုနေထိုင်သည့်နေရာ အ၀င်အထွက်များတွင် လုံခြုံရေး ပိုမိုတင်းကျပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

 ည ၁၁ နာရီခန့်က ၃၅လမ်း၊ ၇၄ နှင့် ၇၅ လမ်းကြားရှိ ကွမ်းယာဆိုင်တွင် ကွမ်းယာဝယ်နေသူ ခုနစ်ဦးခန့်ကို အစ္စလာမ်ဘာသာဝင်အချို့မှ ညာသံပေးပြီး ၀ိုင်းဝန်းရိုက်နှက်သဖြင့် ခုနစ်ဦး ဒဏ်ရာရရှိခဲ့သည်။ ဆက်လက်ပြီး ၂၆ လမ်း၊ ၈၉x၉၀ လမ်းကြားရှိ အမှတ်(၆) ရဲစခန်းကိုလည်း လူ ၅၀ ခန့်မှ ခဲဖြင့် ပစ်ပေါက်ခဲ့မှုဖြစ်ပွားခဲ့ပြီး ယင်းအတွက် လေးဦးကို အမှုဖွင့်စစ်ဆေးလျက်ရှိကြောင်း သိရသည်။ ဆက်လက်ပြီး ည ၁၁ နာရီနောက်ပိုင်းတွင်မှ လူစုလူဝေးများ စတင်ပေါ်ပေါက်လာပြီး  ဗလီမီးချောင်းအား လေသေနတ်ဖြင့် ပစ်ခတ်ခြင်း၊  လူစုလူဝေးဖြင့် ရမ်းကားခြင်းများ jဖစ်ပေါ်ခဲ့သည်။


ထိုကဲ့သို့ ဖြစ်စဉ်များဖြစ်ပွားနေသကဲ့သို့ မဟာအောင်မြေမြို့နယ် ၃၅လမ်းအတိုင်း ကိုထွန်းထွန်း (၃၀နှစ်ခန့်) နှင့် ကိုထွေး (၂၄ နှစ်) တို့ ဆိုင်ကယ်မောင်းနှင်လာရာ ၈၃ လမ်း၊ ၃၄ လမ်းနှင့် ၃၅ ကြားအရောက်တွင် အစ္စလမ်ဘာသာဝင် အမျိုးသားအချို့မှ ဆိုင်ကယ်ကိုတားကာ ပါလာသည့် ပစ္စည်းများထုတ်ပေးရန်ပြောသဖြင့် ထုတ်ပေးခဲ့ပြီး ဆိုင်ကယ်မောင်းနှင်ရန်ပြုလုပ်စဉ် ဓားဖြင့်ခုတ်ခဲ့ကြောင်း၊ ထို့ကြောင့် ဆိုင်ကယ်မောင်းလာသူ ကိုထွန်းထွန်းမှာ အခင်းဖြစ်ပွားရာတွင် သေဆုံးခဲ့ပြီး နောက်မှ ထိုင်လိုက်လာသူ ကိုထွေးမှာ ဒဏ်ရာများဖြင့်ရှိနေစဉ် ကားတစ်စီးမှ အကူညီပေးကာ ဆေးရုံသို့ပို့ပေးခဲ့ကြောင်း၊ ယင်းဖြစ်စဉ်အတွက် (ပ)၅၁၂/၂၀၁၄ ပြစ်မှုပုဒ်မ ၃၉၂/၃၀၂/၁၁၄ဖြင့် ချမ်းအေးသာစံမြို့မရဲစခန်းတွင် အမှုဖွင့်ထားကြောင်း သိရသည်။



ဇူလိုင် ၂ ရက် ည ၁၀ နာရီကျော်က ၂၆ လမ်းနှင့် ၈၆ လမ်းထောင့်တွင် ဆိုင်ကယ်ဖြင့် ရောက်ရှိလာသော လူတစ်စု နိုင်ငံတော်သီချင်းသီဆိုပြီးနောက် ဆဲရေးတိုင်းထွာမှုများ ပြုလုပ်နေစဉ်

“ဒီလိုမျိုးကိစ္စတွေက မဖြစ်သင့်ဘူးပေါ့။ အခု မြို့လူထုအနေနဲ့ ကျီးလန့်စာစားဖြစ်နေတယ်။ သာမန်ဖြစ်စဉ်ထက် ဘာသာရေးတွေပါနေပြီး ဖြစ်စဉ်တွေက နေ့ပိုင်းမှာအေးပြီး ညပိုင်းမှာချည်းဖြစ်နေတော့ မကောင်းဘူး။
ရိုးသားမှုမရှိဘဲ သွေးထိုးလှုံ့ဆော်မှုတွေကြောင့် ဖြစ်ပွားနေတယ်လို့ သံသယဖြစ်မိပါတယ်။ မြို့ခံလူထုအနေနဲ့ ဒီလောက်ထိ မရိုင်းပါဘူး။ အခုက အသက်ဆုံးရှုံးမှုတွေပါ ဖြစ်ပွားနေပြီဖြစ်တာကြောင့် သက်ဆိုင်ရာအနေနဲ့ အချိန်မီ တားဆီးပေးစေချင်ပါတယ်” ဟု ဦးလှအောင် ချမ်းမြသုခလူမှုကူညီရေးအသင်း (အတွင်းရေးမှူး)က ဆိုသည်။

ထို့နောက် ဇူလိုင် ၃ ရက် နံနက် ၄ နာရီတွင် ၈၃x၃၁ လမ်းထောင့်နေ ဦးစိုးမင်းထွေး (၄၈ နှစ်) အစ္စလာမ်၊ စက်ဘီးရောင်းချသူသည် ဗလီတက်ရန် နေအိမ်မှ ထွက်ခွာလာရာ ၂၉x၈၃ လမ်းထောင့်အရောက် အမည်မသိ ဗမာတစ်စုနှင့်တွေ့ဆုံပြီး ၀ိုင်းဝန်းရိုက်နှက်ခံခဲ့ရရာ အခင်းဖြစ်နေရာတွင် သေဆုံးခဲ့ကြောင်း၊ ချမ်းအေးသာစံမြို့မရဲစခန်းတွင် (ပ)၅၁၄/ ၂၀၁၄ ပြစ်မှုပုဒ်မ ၃၀၂/၁၁၄ဖြင့် အမှုဖွင့်ဆောင်ရွက်နေကြောင်း သက်ဆိုင်ရာမြို့နယ်မှူးများက ရှင်းပြခဲ့သည်။ ဇွန် ၃ ရက် နံနက် ၄ နာရီ ၄၅ မိနစ်ခန့်တွင်လည်း ၉၃ လမ်း၊ ၃၄ နှင့် ၃၅ လမ်းကြားနေထိုင်သူ ဦးမြင့်လွင် (ခရစ်ယာန်ဘာသာဝင်) အစ္စလာမ်ဘာသာဝင်ပုံပေါက်နေသူတစ်ဦးကိုလည်း မြန်မာလူငယ်သုံးဦးက ရိုက်နှက်ခဲ့မှုဖြစ်ပွားခဲ့ပြီး အရေးပေါ်ဌာနတွင် စိုးရိမ်ရပြီး ကုသနေကြောင်း သိရသည်။

မန္တလေးမြို့လုံခြုံရေးအခြေအနေနှင့်ပတ်သက်ပြီး ဆောင်ရွက်နေမှုအခြေနေများကို နယ်စပ်ရေးရာနှင့်လုံခြုံရေးဝန်ကြီး ဗိုလ်မှူးကြီး အောင်ကျော်မိုးက “ အခုဖြစ်ပွားမှုတွေကို ကြည့်ရင် ည၁၁ နာရီနောက်ပိုင်းမှာပဲ ဖြစ်ပွားတာ တွေ့ရပါတယ်။

အခု လူသတ်မှုဖြစ်သွားတဲ့ အနေထားဟာဆိုရင်လည်း ရဲတပ်ဖွဲ့လုံခြုံရေးလှည့်လည်နေတဲ့ အချိန်ကျော်သွားတဲ့အချိန်အခါမျိုးနဲ့ လူစုလူဝေးအချင်းချင်း သတ်ဖြတ်တာမျိုးမဟုတ်ပါဘဲ တစ်ယောက် စ၊ နှစ်ယောက် စ အုပ်စုနဲ့ထိပ်တိုက်တိုးမိလို့ ဖြစ်ခဲ့တာပါ။ တုတ်၊ကိုင်ရမ်းကား ခဲနဲ့ ပေါက်နေတာမျိုးတွေကိုတော့ မလိုလားအပ်တဲ့ ဆိုးရွားတဲ့ဖြစ်စဉ်ထိမရောက်အောင်တော့ စောင့်ကြည့်တာပါ။ အရေးမယူတာ မဟုတ်ပါဘူး”ဟု ပြောကြားသည်။

ပြဿနာစတင်ဖြစ်ပွားရသည့် အကြောင်းရင်းဖြစ်သော လက်ဖက်ရည်ဆိုင်ပိုင်ရှင်မှ မုဒိမ်းကျင့်ခံရသည့် အလုပ်သမား မစိုးစိုး အမှုကိစ္စနှင့် ပတ်သက်၍လည်း လက်ရှိ ပျဉ်းမနားရဲစခန်းတွင် မစိုးစိုးကို ထိန်းသိမ်းစောင့်ရှောက်ထားကြောင်း၊ တိုင်ကြားထားသည့်အမှု နှင့် ပတ်သက်၍လည်း စုံစမ်းစစ်ဆေး ဆောင်ရွက်နေကြောင်း မန္တလေးတိုင်းရဲတပ်ဖွဲ့မှူး ရဲမှူးကြီး ဇော်ဝင်းအောင်က ဆိုသည်။

ယင်းကဲ့သို့ ဆူပူမှုများအတွင်း လူသတ်မှုနှင့်ပတ်သက်၍ ကျူးလွန်ခဲ့သူများကို ယခုအချိန်အထိ ဖမ်းဆီးရမိခြင်းမရှိသေးဘဲ စုံစမ်းစစ်ဆေးနေသည့်အဆင့်သာရှိနေကြောင်း နှင့် တည်ငြိမ်အေးချမ်းမှုကို အနှောင့်အယှက်ပြုခဲ့သည့် အမျိုးသားလေးဦးကိုသာ ဖမ်းဆီးစစ်ဆေးနေကြောင်း သိရသည်။

“အခု မန္တလေးတိုင်းဒေသကြီးအတွင်းမှာ ဖြစ်ပွားနေသည့် အခြေအနေတွေကို ထိန်းသိမ်းနိုင်ဖို့နဲ့ ကူးစက်မှုမရှိအောင် စီမံချက်တွေချ တ်ပြီး ဆောင်ရွက်နေတယ်။ လုံခြုံရေးတွေကိုလည်း ထပ်မံတိုးမြှင့်ထားတယ်။ သေဆုံးခဲ့သူတွေကတော့ အစ္စလာမ်ဘာသာဝင်တစ်ဦးနဲ့ ဗုဒ္ဓဘာသာဝင်တစ်ဦးတို့ ဖြစ်တယ်။

 ဒီလူသတ်မှုတွေနဲ့ပတ်သက်ပြီးတော့ ကျူးလွန်သွားတဲ့သူတွေကို အမြန်ဆုံးဖမ်းမိအောင် ဆောင်ရွက်နေတယ်။ အဆောက်အအုံတွေကို ဖျက်ဆီးတဲ့သူတွေနဲ့၊ တားမြစ်တာကို လက်မခံတဲ့သူလေးဦးကို ဖမ်းဆီးစစ်ဆေးနေပါတယ်” ဟု မန္တလေးတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှ တာဝန်ရှိသူဒုတိယရဲမှူးကြီး ဇော်မင်းဦးက ပြောကြားသည်။

ဆက်လက်၍ ၎င်းင်းက “ဒီဖြစ်စဉ်မှာ နောက်ကွယ်ကနေ လှုံ့ဆော်ခဲ့တဲ့သူတွေ ရှိ မရှိကိုလည်း စုံစမ်းစစ်ဆေးနေပါပြီ။ ရာဇ၀တ်မှု ကျူးလွန်တဲ့သူတွေကိုလည်း စုံစမ်းနေပါတယ်” ဟု ပြောကြားသည်။

“မြို့ထဲက အစ္စလာမ္မစ်ဆိုင်တွေ ပိတ်ထားကြတယ်။ အလုပ်တွေလည်း စောစောပိတ်ပြီး အလုပ်သမားတွေ ပြန်လွှတ်လိုက်တယ်။  မနေ့ညကလည်း နှစ်ယောက်အသတ်ခံရတော့။ လက်ရှိအချိန်မှာတော့ နှစ်ဖက်စလုံး သာမန် မီးလန့်တာလေးကအစ အထိတ်တလန့် ဖြစ်နေကြရတယ်။ ကောလာဟလတွေလည်း အမျိုးမျိုးထွက်နေတယ်။ ရဲတပ်ဖွဲ့ဝင်တွေ လုံခြုံရေးဆောင်ရွက်နေပေမယ့် လုံခြုံမှုမရှိသလို ခံစားနေရတယ်” ဟု မန္တလေးမြို့ ချမ်းအေးသာစံမြို့နယ်နေ ကိုအောင်ဇင်က ပြောကြားသည်။

“ကျွန်တော်တို့ဘဏ်မှာတော့ အမျိုးသမီးတွေကို စောစောပြန်လွှတ်လိုက်ပြီး ရှိတဲ့ယောက်ျားလေးတွေအကုန်လုံး Stand by နေနေရတယ်။   ငွေကြေးနဲ့ ၀န်ထမ်းလုံခြုံရေးအတွက် ညွှန်ကြားထားပါတယ်။ ညပိုင်းလုံခြုံရေးအတွက်တော့ ပုံမှန်ပဲထားရှိထားပြီး လိုအပ်ရင် အကုန်ဆင်းဖို့ မှာထားပါတယ်။ ၀န်ထမ်းတွေအနေနဲ့ကတော့ မီးသတ်ဆေးဘူးအပါအ၀င် လုံခြုံရေးကိရိယာတွေနဲ့ အဆင်သင့်ရှိနေပါတယ်။ ၈၂ လမ်း ၂၆ လမ်းထောင့် ကနေ ၈၂ လမ်း လမ်း ၃၀ ထောင့်ထိ လုံခြုံရေးချထားတယ်။ ဘဏ်အနီးမှာ ဗလီတစ်ခုလည်းရှိတော့ ရဲတပ်ဖွဲ့ဝင်တွေလည်း ချထားတာတွေ့ရတယ်” အစိုးရဘဏ်ဝန်ထမ်းတစ်ဦးက ဆိုသည်။

“ဈေးမှ အရောင်းပါးပါတယ်ဆိုနေမှ ဟိုက ဆူဆူပူပူ၊ ဒီက ဆူဆူပူပူ ဖြစ်နေတော့ တခြားဆိုင်တွေကပိတ်တော့ ကိုယ်တွေကပါ လိုက်ပိတ်နေရတယ်။  ဘာပဲဖြစ်ဖြစ်ပေါ့လေ ဘာပြဿနာမှမဖြစ်တာ အကောင်းဆုံးပါပဲ။ တစ်ခုခုဆိုရင် အားလုံးပဲ နစ်နာရတာဆိုတော့ ဘာမှမဖြစ်ပါစေနဲ့လို့ပဲ ဆုတောင်းနေရတယ်” ဟု ဈေးချိုတော်မှ ကုန်မျိုးစုံပိုင်ရှင်တစ်ဦး ဆိုသည်။

“ကျွန်တော်တို့အနေနဲ့တော့ ဒီကိစ္စက နိုင်ငံရေးနဲ့ပတ်သက်နေမယ်လို့ ထင်မြင်မိတယ်။ ဥပမာ ရခိုင်မှာ စဖြစ်လာတယ်။ အဲဒီကနေ လူမျိုးရေးပဋိပက္ခတွေကတစ်ဆင့် နိုင်ငံရေးကို သွားသက်ရောက်တာတွေ ရှိလာတယ်။ ဒီတစ်ခေါက်ကိစ္စက နိုင်ငံရေး အခင်းအကျင်းတွေဖြစ်လာခါနီးမှာ ဖြစ်တတ်တဲ့အမျိုးသားရေး လှုံ့ဆော်မှုမျိုးလိုဖြစ်နေတယ်။

ဘာပဲပြောပြော ရှေ့ဥပမာတွေအရ ဒါကိုဆက်ပြီး မကြီးထွားအောင်တော့ ထိန်းသိမ်းသင့်တယ်။  ဒါကြောင့် ကျွန်တော်တို့အနေနဲ့ နိုင်ငံရေးကို ဦးတည်တဲ့ကိစ္စကိုတော့ ပါဝင်ပြီးမှတ်ချက်ပေးသွားမှာ မဟုတ်ပါဘူး။

ကျွန်တော်တို့ အဖွဲ့အစည်းက ဘာသာပေါင်းစုံငြိမ်းချမ်းရေးကိုသာ ဦးတည်ပါတယ်။ ဘာသာတိုင်း ငြိမ်းချမ်းဖို့ ရည်ရွယ်ပါတယ်။ ငြိမ်းချမ်းစွာ လုပ်ဆောင်တာတွေကို အားပေးပါတယ်။ကျွန်တော်တို့ ကိုယ်တိုင်လည်း ရှေ့ဆက်ပြီး ဘာသာတိုင်း ငြိမ်းချမ်းရေးကိုရှေးရှုပြီး လုပ်ဆောင်သွားမယ်။ ဒါ ကျွန်တော်တို့အနေနဲ့ ဘာသာပေါင်းစုံ ငြိမ်းချမ်းရေးအဖွဲ့ထဲမှာပါတဲ့ ဘာသာပေါင်းစုံကိုယ်စားပြောတာပါ”ဟု ဘာသာပေါင်းစုံ ငြိမ်းချမ်းရေးအဖွဲ့ဥက္ကဋ္ဌ ဦးမြင့်ဆွေက ဆိုသည်။

ရဲတပ်ဖွဲ့အနေဖြင့် သတင်းဦးရရှိရေး၊ ပြဿနာတစ်စုံတစ်ရာ ဖြစ်ပေါ်လာပါက အမြန်ဆုံးသွားရောက်ပြီး ဖြေရှင်းခြင်း၊ ဥပဒေအရ ဆောင်ရွက်ခြင်းနှင့် ဖြစ်ပေါ်လာသည့် အခြေအနေပေါ်မူတည်ပြီးတော့  အမြန်ဆုံးထိန်းသိမ်းနိုင်ရန် လုံခြုံရေးရဲတပ်ဖွဲ့အင်အား ကိုလည်း တိုးမြှင့်ထားသည့်အပြင် အရန်အသင့်လည်း အဆင်သင့်ထားရှိထားကြောင်း စုံစမ်းသိရသည်။

“နယ်မြေတွေအလိုက် လုံခြုံရေးဆောင်ရွက်ချက်တွေကို တိုးမြှင့်ထားတယ်။ ရဲတပ်ဖွဲ့အင်အားတွေကိုလည်း တိုးမြှင့်ထားပါတယ်။ ၀ိုင်းဝန်းထိန်းသိမ်းဖို့ကိုလည်း အဆင့်ဆင့်ဆွေးနွေးမှုတွေ ပြုလုပ်နေပါတယ်” ဟု နေပြည်တော်ရဲတပ်ဖွဲ့မှူးရုံးမှ တပ်ဖွဲ့မှူးဖြစ်သူ ရဲမှူးကြီး ကိုကိုအောင်က ဇူလိုင် ၃ ရက် နံနက်ပိုင်းတွင် ပြောကြားသည်။

ရန်ကုန်တိုင်းဒေသကြီး အမှတ် (၃) လုံခြုံရေးရဲကွပ်ကဲမှုအဖွဲ့ခွဲ ကွပ်ကဲမှုအဖွဲ့ခွဲမှူး ရဲမှူးကြီး သက်လွင်က “ကျွန်တော်တို့ ရဲတပ်ဖွဲ့အနေနဲ့တော့ ဘာဖြစ်လာရင် ဘာလုပ်ရမယ်။  အရန်အသင့် တပ်ဖွဲ့ဝင်တွေကိုလည်း အသင့်ဖြစ်အောင် ဆောင်ရွက်ထားတယ်။ ဒီကိစ္စတွေကိုတော့ တိုင်းရဲတပ်ဖွဲ့က အရင်ဆုံးကိုင်တွယ်ရမယ်။ ပြီးမှ ကျွန်တော်တို့က ဆောင်ရွက်ပေးရမှာဖြစ်တယ်။ သစ်ထူးလွင် လူမှုကွန်ရက်စာမျက်နှာကသတင်းကို တင်ပြီး ဖွလိုက်လို့ မန္တလေးမှာ ပဋိပက္ခဖြစ်ပွားခဲ့တယ်လို့ ယူဆရတယ်။ အဓိကကတော့ ဒီသတင်းကို ဘယ်သူကပို့တာလဲဆိုတာ အရေးကြီးပါတယ်”ဟု ဇူလိုင် ၃ ရက်က ပြောကြားသည်။

ပဋိပက္ခဖြစ်ပွားခဲ့မှုကြောင့် ပုဒ်မ ၁၄၄ ထုတ် ပြန်ထားသည့် သံတွဲခရိုင်၌ လက်ရှိအခြေအနေမှာ အေးချမ်းလျက်ရှိနေပြီး ရှိနေသည့် ရဲတပ်ဖွဲ့အင်အားဖြင့် လုံခြုံရေးကို တင်းကြပ်စွာဆောင်ရွက်နေကြောင်း သံတွဲခရိုင်ရဲ တပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီး ကံဝင်းက ဆိုသည်။

“ဒီနေ့ည ၁၁ နာရီကျော်အချိန် မန္တလေးမြို့မှာ ပုဒ်မ ၁၄၄ ထုတ်ပြန်ထားတာကို မသိကြဘဲ မြို့တွင်းကို ဝင်လာကြတဲ့ သမန်းကုန်းဘက်ကသူတွေကို စိစစ်ပြီး ပြန်ခိုင်းလိုက်တယ်လို့ ကြားပါတယ်။ အခု အခြေအနေကတော့ ည ၁၂ နာရီကျော်နေပါပြီ။ ဘာမှ ထူးခြားဖြစ်ပျက်မှုမရှိဘူးလို့ သိထားပါတယ်”ဟု မန္တလေးတိုင်းဒေသကြီးရဲတပ်ဖွဲ့နှင့် နီးစပ်သူတစ်ဦးက ပြောကြားသည်။

မန္တလေးမြို့တွင် ဖြစ်ပေါ်ခဲ့သည့် လူစုလူဝေးများနှင့် အကြမ်းဖက်မှုဖြစ်စဉ်များကြောင့် ပုဒ်မ ၁၄၄ ထုတ်ပြန်ပြီးနောက်ပိုင်း၌ မန္တလေးမြို့တွင် အင်တာနက်လိုင်းများ လုံးဝပျက်တောက်သွားခဲ့ကာ လတ်တလောဖြစ်စဉ်များနှင့်ပတ်သက်၍ တိုင်းဒေသကြီးရဲတပ်ဖွဲ့မှူးရုံးမှ ထုတ်ပြန်ထားသည့် ဆက်သွယ်ရမည့် ဖုန်နံပါတ်များအား အကြိမ်ကြိမ်ဆက်သွယ်ခဲ့သော်လည်း မအားသေးပါဟုသာ ပြန်လည်ဖြေကြားခဲ့သည်။

ဇူလိုင် ၃ ရက်ည ၉ နာရီမှ စတင် အသက်ဝင်ခဲ့သော ပုဒ်မ ၁၄၄ ထုတ်ပြန်အပြီးနောက်တွင် မန္တလေးမြို့တွင် ခြောက်မြို့နယ်၌ ဆူပူအကြမ်းဖက်မှုနှင်ပတ်သက်သော သတင်းအချက်အလက် တစ်စုံတစ်ရာမျှ ရရှိခဲ့ခြင်းမရှိသော်လည်း ည ၁ဝ နာရီနှင့် ၁၂ အကြားတွင် ပစ်ခတ်သံဟု သံသယဖြစ်ဖွယ်ရှိသော ပေါက်ကွဲမှု နှစ်ကြိမ်ထက်မနည်း ကြားခဲ့ရကြောင်း ချမ်းအေးသာစံမြို့နယ်အတွင်း နေထိုင်သူတစ်ဦးက  The Daily Eleven သတင်းစာသို့ ဆက်သွယ်ပြောကြားခဲ့သည်။

Eleven Media Group