13 Aug 2014

တပ်သိမ်းမြေ ပြန်ရရေး ကန့်ဘလူ တောင်သူ ၁ သောင်းခန့် ဆန္ဒပြမည်

   
ကန့်ဘလူ လယ်သမားများ ထွန်တုံးတိုက်ပွဲ ဆင်နွှဲစဉ်က
 
တပ်သိမ်းမြေ အားလုံး မူလပိုင်ရှင်တွေ ပြန်လည်ရရှိရေး အတွက် စစ်ကိုင်းတိုင်း ဒေသကြီး ကန့်ဘလူ မြို့နယ် တောင်သူ ၁ သောင်းလောက် ဒီနေ့ ဆန္ဒပြကြမှာ ဖြစ်ပါတယ်။

ငြိမ်းချမ်းစွာ စုဝေးခွင့်နဲ့ ငြိမ်းချမ်းစွာ စီတန်းလှည့်လည်ခြင်း ဆိုင်ရာ ပုဒ်မ ၅ အရ ခွင့်ပြုချက် တောင်းခံ ရာမှာ ကန့်ဘလူမြို့နယ် ရဲတပ်ဖွဲ့မှူးရုံးရဲ့ ခွင့်ပြုချက်အရ အခုလို ဆန္ဒပြကြ မှာ ဖြစ်ပါတယ်။

ဆန္ဒပြပွဲကို ကန့်ဘ လူမြို့ နယ် ဘောလုံး ကွင်းကနေ တပင်ရွှေထီးလမ်း၊ မဟာဗန္ဓုလလမ်း၊ စည်ပင်သာယာလမ်းနဲ့ ဗိုလ်ချုပ်အောင်ဆန်းလမ်းမှတဆင့် ဘောလုံးကွင်းကို လမ်းလျှောက် ဆန္ဒပြကြမယ်လို့ သိရပါတယ်။

ဆန္ဒပြသူတွေက တပ်သိမ်းမြေအားလုံး မူလပိုင်ရှင်တွေ ပြန်လည်ရရှိရေး၊ စစ်တပ်က ဥပဒေမဲ့ သီးနှံဖျက်ဆီးနေမှု ရပ်တန့်ရေး၊ တရားစွဲခံ တောင်သူများအမှု ပြန်လည် ရုပ်သိမ်းပေးရေး၊ အကျဉ်းကျခံတောင်သူများ ပြန်လည်လွတ်မြောက်ရေး၊ သီးစားများ မူလပိုင်ရှင်ရဲ့ မြေယာထဲက ထွက်ခွာပေးရေး စတဲ့အချက်တွေကို တောင်းဆိုသွားမယ်လို့ ဆိုပါတယ်။

ကန့်ဘလူမြို့နယ် ဒေသခံတောင်သူလယ်သမားများပိုင် မြေဧက ၁၃ဝဝဝ လောက်ကို ၁၉၉၁ ခုနှစ်တုန်းက စစ်တပ်က သိမ်းယူခဲ့ပြီး လက်ရှိမှာ တပ်မ ၃၃၊ ခမရတပ် ၁၆ နဲ့ ၁၃ က သီးစားတွေကို ထပ်ငှားထားတာ ဖြစ်ပါတယ်။

တပ်သိမ်းမြေတွေ ပြန်ရရေး ထွန်တုံးတိုက်ပွဲဆင်နွှဲခဲ့ကြတဲ့ ကန့်ဘလူတောင်သူ ၄၀၀ လောက်ကို တရားစွဲဆိုထားပြီး ၅၇ ဦးကို ထောင်ဒဏ်အသီးသီး ချမှတ်ခဲ့တဲ့အတွက် အခုလို ဆန္ဒပြ တောင်းဆိုကြမှာ ဖြစ်ပါတယ်။

 By ဒီဗွီဘီ