15 Jan 2015

မလေးရှား၌ တစ်ပတ်အတွင်း မြန်မာ အပါအဝင် အခြား အလုပ်သမား (၁၂၀၀) ခန့် ဖမ်းဆီး ထိန်းသိမ်းခံရ

တရာမဝင် နိုင်ငံခြားသား အလုပ်သမား များအား မလေးရှား အာဏာပိုင် များမှ ဖမ်းဆီး ခေါ်ဆောင်လာစဉ် ဓါတ်ပုံ - AFP
 
မလေးရှား နိုင်ငံ၌ တရားမ၀င် နိုင်ငံခြားသား အလုပ်သမား များအား စီမံချက် တစ်ရပ်ဖြင့် ဖမ်းဆီး ထိန်းသိမ်း နေသည့် ယခု ကာလတွင် တစ်ပတ် အတွင်း၌ တရားမဝင် မြန်မာ အပါအဝင် နိုင်ငံခြားသား အလုပ်သမား (၁၂၀၀) ခန့်ကို မလေးရှား အာဏာပိုင် များက ဖမ်းဆီး ထိန်းသိမ်း ထားကြောင်း မလေးရှား နိုင်ငံ ကပုန်းမြို့ မြန်မာ လူမှု အကူအညီ ပေးရေး အဖွဲ့ ဥက္ကဋ္ဌ ဦးဆန်းဝင်းက ရွှေဟင်္သာ သတင်း ဌာနအား ဇန်နဝါရီလ (၁၄) ရက်နေ့၌ ပြောကြား ခဲ့သည်။


“တနင်္ဂနွေ နေ့မှာ ဆိုရင်ကွာရာလမ်ပူ မြို့မှာ ကား (၁၂) စီး လောက် ဖမ်းသွားတယ်။ ရဲအချုပ်ကား တွေက မဆန့် တော့ဘူး။ စည်ပင်က အချုပ်ကားတွေ ခေါ်ပြီး ဖမ်းတယ်။ကွာရာလမ်ပူ မြို့လယ်ခေါင် ကိုတာရာယာ ပါတ်ဝန်းကျင်မှာ မြန်မာ၊ ဘင်္ဂလားဒေ့ရှ်၊ နီပေါ၊ အိန္ဒိယ နိုင်ငံက လူပေါင်းစုံ စုနေတယ်။ ရဲတွေက ၀င်ပေါက်ေ တွကို ပိတ်ပြီး ဖမ်းတယ်။အဲဒီမှာ (၁၂၀၀) လောက် ဖမ်းသွားတယ်” ဟု ဦးဆန်းဝင်းက ပြောသည်။


ထိုအဖမ်း အဆီး ခံရသည့် တရားမဝင် နိုင်ငံခြားသား အလုပ်သမား (၁၂၀၀) အနက် မြန်မာ နိုင်ငံသား (၁၃၀) ဦး ပါဝင်ကာ ကျန် တရားမဝင် နိုင်ငံခြားသား အလုပ်သမားများမှာ ဘင်္ဂလားဒေ့ရှ်၊ ဖိလစ်ပိုင်၊ အင်ဒိုနီးရှား ၊ နီပေါ နှင့် အန္ဒိယ နိုင်ငံသားများ ဖြစ်ကြကြောင်း ဦးဆန်းဝင်းက ဆက်ပြောသည်။


အလားတူ မလေးရှား ရဲတပ်ဖွဲ့မှလည်း ကွာလာလမ်ပူမြို့ ကိုတာရာယာအရပ်နှင့် မိုင်ဒင်း မြို့တို့၌ တရားမဝင် နိုင်ငံခြားသား အလုပ်သမား များအား ဖမ်းဆီး ခဲ့စဉ်တွင် တရားမဝင် နိုင်ငံခြားသား အလုပ်သမားပေါင်း ၁၁၉၈ ဦး တို့အား ဖမ်းဆီး ရမိ ထားကြောင်း ရဲတပ်ဖွဲ့မှ သတင်း ထုတ်ပြန်ချက် တစ်ရပ်၌ ဖော်ပြ ထားပါသည်။


ယခု ကဲ့သို့ မလေးရှား အာဏာပိုင် များမှ တရားမဝင် နိုင်ငံခြားသား အလုပ်သမား များအား ဖမ်းဆီး နေသည့် ကာလတွင် စာရွက် စာတမ်း အထောက် အထား ရှိသည့် မြန်မာ နိုင်ငံသား အလုပ်သမား များအား မြန်မာ သံရုံးမှ ကူညီ လုပ်ဆောင် ပေးနိုင် သော်လည်း အထောက်အထားမဲ့ များကိုမူ အကူအညီ ပေးနိုင်ရေး အခက်တွေ့ နေကြောင်း မလေးရှား နိုင်ငံ ဆိုင်ရာ မြန်မာ သံရုံး ဝန်ထမ်း တစ်ဦး ကလည်း ရွှေဟင်္သာသတင်းဌာနအား ဇန်နဝါရီလ (၁၄) ရက်နေ့၌ ပြောကြားသည်။


“အခု လောလော ဆယ်ဆယ်တော့အချုပ်ခန်းထဲ ၀င်လို့ မရဘူးလေ။သူတို့ နိုင်ငံရဲ့ စီမံချက်နဲ့ ဖမ်းနေတယ် ဆိုတော့တရားမ၀င် သူတွေ အနေနဲ့တော့ထိုက်သင့်တဲ့ အပြစ်ဒဏ်ကို ခံရမယ်။ပြီးမှ သံရုံးကနေ သူတို့ကို တွေ့ပြီးတော့ပတ်စ်ပို့ ရှိရင်ဒါမှ မဟုတ် သူတို့ရဲ့မြန်မာ နိုင်ငံသား မှတ်ပုံတင် ရှိလို့ ရှိရင်မြန်မာ နိုင်ငံကို ပြန်လို့ ရတာ ပေါ့နော်။အဲဒီ ကိစ္စ တခုဘဲ ကူညီလို့ ရတယ်” ဟုအမည် မဖော်လိုသည့် မလေးရှား နိုင်ငံ ဆိုင်ရာ မြန်မာသံရုံးမှ ဝန်ထမ်း တဦးက ပြောသည်။


ထို့ပြင် မြန်မာ နိုင်ငံသား များအား အသွားအလာ ဆင်ခြင် ကြရန်နှင့်နေ့ကြီး ရက်ကြီး များ၌ လူစည်ကားသည့် နေရာ များသို့ မသွားလာ ကြရန်၊ စနေ၊ တနင်္ဂနွေ အလုပ်ပိတ်ရက်များ၌ အပြင် မထွက် ကြရန် မြန်မာ အလုပ်သမား များအား မြန်မာ သံရုံးမှ ဆော်သြော် ပြောကြား ထားကြောင်း ၎င်းက ဆက်ပြောသည်။


ယခု အကြိမ် မလေးရှား အာဏာပိုင် များ၏ ဖမ်းဆီး မှုတွင် တရားဝင် အထောက်အထား ရှိသည့် သူများပါ မကျန် ဖမ်းဆီး နေခြင်းကြောင့် သွားရေး လာရေး၌ အခက်အခဲ ကြီးစွာ ဖြစ်နေကြောင်း မြန်မာ အလုပ်သမား များက ရွှေဟင်္သာ သတင်းဌာနအား ပြောကြား ကြသည်။


ထိုစီမံချက်၌ ဖမ်းဆီး ခံရသည့် ကုလသမဂ္ဂ ဒုက္ခသည်များ ဆိုင်ရာ မဟာ မင်းကြီးရုံး (UNHCR) လက်မှတ် ကိုင်ဆောင်ထားသည့် သူများအား ရုံးမှ တဆင့် လာရောက် ထုတ်ယူ နေကြောင်း မလေးရှား နိုင်ငံရောက် တိုင်းရင်းသား အဖွဲ့အစည်း များမှ တာဝန်ရှိသူ များက ရွှေဟင်္သာ သတင်း ဌာနအား အတည်ပြု ပြောသည်။


မလေးရှား လူဝင်မှု ကြီးကြပ်ရေး ဦးစီးဌာန၏ ညွှန်ကြားရေးမှူးချုပ်မှ လာမည့် ၂၀၁၅ ခုနှစ် ဆန်းမှ စ၍ တရားမဝင် နိုင်ငံခြားသား အလုပ်သမား များအား ဖမ်းဆီးမည် ဖြစ်ကာ၊ ၂၀၁၄ ဒီဇင်ဘာ ၃၁ ရက် နောက်ဆုံးထား၍ မလေးရှား နိုင်ငံ တွင်းမှ ထွက်ခွာ ပေးရန် ၂၀၁၄ ခုနှစ် ဒီဇင်ဘာ လတွင်း၌ မလေးရှား အာဏာပိုင် များမှ တရားဝင် ထုတ်ပြန် ကြေငြာ ထားခဲ့သည်။


သို့မဟုတ်ပါက မလေးရှား နိုင်ငံ၌ တရားမဝင် နေထိုင်သည့် နိုင်ငံခြားသား မျာအား မလေးရှား အာဏါပိုင် များမှ ဖမ်းဆီး ရမိခဲ့ ပါက ထောင်ဒဏ် (၃) လနှင့် ကြိမ်ဒဏ် တစ်ချက် ချမှတ် ခံရမြည် ဖြစ်ကြောင်း ထုတ်ပြန် ကြေငြာ ထားသည်။


Written by  ရွှေဟင်္သာသတင်းဌာန



0 comments:

Post a Comment