26 Mar 2015

မိဘနှစ်ပါးကို သတ်ပြီး ချက်ပြုတ် စားသောက်တဲ့ သားမိုက်ကို သေဒဏ် ချမှတ်


  
  ဟောင်ကောင်မှာ ပြီးခဲ့တဲ့နှစ်က ဖြစ်ပွားခဲ့တဲ့ မှုခင်း ဖြစ်ရပ်နဲ့ ပတ်သက်ပြီး အမိန့်ချမှတ်မှု ပြုလုပ် လိုက်ပြီ ဖြစ်ပါတယ်။ ဒီအမှုဟာ ဟောင်ကောင် ဒေသ တစ်ခုလုံး တုန်လှုပ်ခြောက်ခြား သွားခဲ့တဲ့ အထိ  ဖြစ်ခဲ့ပါတယ်။ ဘာဖြစ်လို့လဲ ဆိုတော့ သားအရင်းက မိဘနှစ်ပါးကို သတ်ဖြတ်ပြီး ချက်ပြုတ် စားသောက် ခဲ့တာကြောင့် ဖြစ်ပါတယ်။

    အသက် (၃၁)နှစ် အရွယ်ရှိပြီ ဖြစ်တဲ့ ဟင်နရီချောင်ဟာ အသက် (၆၃)နှစ်ရှိပြီ ဖြစ်တဲ့ မိခင်နဲ့  အသက် (၆၅)နှစ်ရှိပြီ ဖြစ်တဲ့ ဖခင်တို့ကို အပိုင်းပိုင်း ခုတ်ထစ်ပြီး မိုက်ခရိုဝေ့ဖ်မီးဖိုနဲ့ ချက်ပြုတ် စားသောက်ခဲ့တာ ဖြစ်ပါတယ်။ ဒီနောက် ဦးခေါင်းတွေကို ရေခဲသေတ္တာထဲမှာ သိမ်းဆည်းထားခဲ့ ပါတယ်။ ဟင်နရီချောင်ဟာ မိဘတွေနဲ့ စကားများ ပြီးနောက် သူငယ်ချင်း ဖြစ်သူရဲ့အိမ်ကိုခေါ် သွားပြီး  သတ်ဖြတ် လိုက်ခြင်း ဖြစ်ပါတယ်။

  ဟင်နရီချောင်ဟာ ပီယာနိုတီးခတ်သူ တစ်ဦး ဖြစ်ပြီး၊ ဘ၀ကို ပေါ့ပေါ့တွေးခဲ့ တာကြောင့် မိဘတွေနဲ့ အဆင်မပြေ ဖြစ်ခဲ့ပါတယ်။ မိဘနှစ်ပါးက အလုပ်လုပ်ဖို့ တွန်းအားပေး တာနဲ့ ပတ်သက်ပြီး အချေအတင် ဖြစ်ခဲ့ပါတယ်။ ပာင်နရီချောင်ရဲ့ အစ်ကိုဖြစ်သူဟာ မိဘနှစ်ပါး ပျောက်ဆုံးနေ တာမို့ စုံစမ်းရာမှ တစ်ဆင့် ဒီအမှုကို ဖော်ထုတ်နိုင်ခဲ့ခြင်းဖြစ်ပါတယ်။

 ဟင်နရီချောင်ပာာ မိဘတွေပျောက်နေ တာကို တရုတ်ပြည်မကြီး သွားလည်ခဲ့ တယ်လို့ လိမ်ညာခဲ့ ပါတယ်။ ဒီနောက် ဟင်နရီချောင်ကို စုံစမ်းခဲ့ရာမှာ သူ့ သူငယ်ချင်းအိမ်က ရေခဲသေတ္တာထဲမှာ မိဘနှစ်ပါးရဲ့ ဦးခေါင်းတွေကို သိမ်းဆည်းထားခဲ့ ပါတယ်။ ဟင်နရီချောင်ဟာ ဦးခေါင်းတွေကို သိမ်းဆည်းပြီး ကျန်တဲ့ အပိုင်းအစတွေကို ချက်ပြုတ်စားသောက် လိုက်ခြင်း ဖြစ်တယ်လို့ ရဲတပ်ဖွဲ့က ယူဆခဲ့ပါတယ်။ အလောင်းတွေကို ဖျောက်ပစ်လိုတာကြောင့် ဒီလိုလုပ်ခဲ့ခြင်း ဖြစ်ပုံရ တယ်လို့ ယူဆထား ပါတယ်။

 တရားသူကြီးကတော့ ဟင်နရီချောင်ရဲ့လုပ်ရပ်ဟာ လက်ခံနိုင်စရာမရှိတာ ကြောင့် ထိုက်တန်တဲ့ ပြစ်ဒဏ် ချမှတ်လိုက်ခြင်း ဖြစ်ကြောင်း ဆိုခဲ့ပါတယ်။

 ဟင်နရီချောင်ဟာ ဒီဖြစ်ရပ်ကို မကျူးလွန်ခင် ခြောက်လ အလိုမှာ ကိုယ့်ကိုယ် ကိုယ် သတ်သေဖို့ ကြိုးစားခဲ့ဖူးပါတယ်။ ဟင်နရီချောင်ရဲ့ သူငယ်ချင်း ဖြစ်သူဟာ ပူးပေါင်း ကြံစည်ခဲ့ပေမယ့် ထောင်ဒဏ် တစ်နှစ်သာ ချမှတ်ခံရ ပါတယ်။ ဘာဖြစ်လို့လဲ ဆိုတော့ ဟင်နရီချောင်ဟာ သူငယ်ချင်းဖြစ်သူရဲ့ မိဘတွေကိုပါ သတ်ပစ်မယ်လို့ ခြိမ်းခြောက်ခဲ့ တာကြောင့် ကူညီပေးခဲ့ ရတာ ဖြစ်ပါတယ်။


အေသင်အောင်

The Messenger Media


မြန်မာ နိုင်ငံသားများ အဓမ္မ စေခိုင်း နှိပ်စက်ခံနေရ



မြန်မာ နိုင်ငံသားများ အဓမ္မ စေခိုင်း နှိပ်စက်ခံနေရ


အင်ဒိုနီးရှားနိုင်ငံ ကျွန်းရွာတခုဖြစ်တဲ့ Benjina ရွာမှာ မြန်မာ နိုင်ငံသားတွေဟာ အတင်းအဓမ္မ ငါးဖမ်းလုပ်ငန်းမှာ စေခိုင်းခံနေရပြီး နှိပ်စက် ညှဉ်းပန်းခံနေကြရပါတယ်။
မြန်မာ အမျိုးသားတွေဟာ ငါးဖမ်းအလုပ်သမားအဖြစ် လုပ်ကိုင်ဖို့ အင်ဒိုနီးရှား ကျွန်းကို အပို့ခံရပြီး အဆိပ်ရှိတဲ့ လိပ်ကျောက်မြီးနဲ့ အရိုက်ခံရတာ၊ ကန်ကျောက်ခံရတာ၊ လှောင်အိမ်တွေထဲမှာ လှောင်ထားခံရတာ စတဲ့ ညှဉ်းပန်းမှုတွေ ခံနေရတာကို အေပီသတင်းဌာနက စုံစမ်းစစ်ဆေး တွေ့ရှိခဲ့ပါတယ်။


ထိုင်းနိုင်ငံကတဆင့် Benjina ရွာကို ငါးဖမ်းဖို့ အဓမ္မ ပို့ဆောင် စေခိုင်းခံရတဲ့ ငါးဖမ်းအလုပ်သမား ၄၀ ကျော်ကို တနှစ်တာကာလအတွင်း တွေ့ဆုံမေးမြန်းထားတာ ဖြစ်ပါတယ်။
ငါးဖမ်းအလုပ်သမားတွေဟာ သောက်ရေသန့်မရှိဘဲ လှေပေါ်မှာ နာရီ ၂၀ ကနေ ၂၂ နာရီအထိ အလုပ်လုပ်ရပြီး လုပ်ခအနေနဲ့ မရသူတွေ ရှိသလို ရတဲ့သူတွေကလည်း အနည်းအကျဉ်းသာ ရကြတယ်လို့ ဆိုပါတယ်။


ဒါ့အပြင် လုပ်ငန်းခွင်မှာ ခဏတဖြုတ် အနားယူရင် လိပ်ကျောက်မြီးနဲ့ အရိုက်ခံရတာတွေ၊ ပင်လယ်ပြင်မှာ သေဆုံးသူတွေ ရှိတယ်လို့ ထွက်ပြေး လွတ်မြောက်လာသူတဦးဖြစ်တဲ့ ငါးဖမ်းလုပ်သား ကိုလှိုင်မင်းက ပြောပါတယ်။


အမေရိကန်တွေနဲ့ ဥရောပနိုင်ငံသားတွေ ငါးစားမယ်ဆိုရင် ကျနော်တို့ကို သတိရသင့်ပါတယ်။ ပင်လယ်ကြမ်းပြင်မှာ အရိုးတွေ တောင်လို ပုံနေလိမ့်မယ်၊ လူအရိုးတွေ တောင်လိုပုံနေမှာပါ လို့ ကိုလှိုင်မင်းက ဆိုပါတယ်။


Benjina က ဖမ်းဆီးရရှိတဲ့ ငါးနဲ့ ပင်လယ်စာတွေကို ထိုင်းနိုင်ငံ ဆိပ်ကမ်းက တဆင့် ကုန်တိုက်ကြီးတွေ စားသောက်ဆိုင်တွေနဲ့ စည်သွတ်ဗူးအဖြစ် ပြုပြင်ပြောင်းလဲပြီး အမေရိကန်နိုင်ငံက တိရစ္ဆာန်အစာ ရောင်းတဲ့ဆိုင်တွေကို နိုင်ငံတကာ ကုန်သွယ်မှုလမ်းကြောင်းကနေ တင်ပို့နေတာ ဖြစ်ပါတယ်။


အမေရိကန်ရှိ ကုန်စုံဆိုင်တချို့နဲ့ Kroger ၊ Albertsons ၊ Safeway ၊ Wal-Mart၊ Sysco စတဲ့ ကုန်တိုက်တွေအပြင် ဥရောပနဲ့ အာရှနိုင်ငံတွေကိုလည်း တင်ပို့နေတာ ဖြစ်ပါတယ်။
ငါးဖမ်းအလုပ်သမားဟောင်း တဦးဖြစ်တဲ့ ကိုလှဖြိုးကတော့ ယခင်က လှေပေါ်မှာ သေတဲ့အလုပ်သမားဆိုရင် လှေကြီးကြပ်သူက အလောင်းကို ရေထဲပစ်ချလိုက်တာပဲလို့ ပြောပါတယ်။


နောက်ပိုင်းမှာတော့ အာဏာပိုင်တွေနဲ့ ကုမ္မဏီတွေရဲ့ တောင်းဆိုချက်အရ လှေပေါ်မှာ သေဆုံးသူရှိပါက ငါးဖမ်းလုပ်သားတွေရဲ့ တာဝန်ကျစာရင်းနဲ့အညီ အလောင်းကို Benjina ကျွန်းအထိ ပြန်သယ်လာတယ်လို့ ဆိုပါတယ်။


မြန်မာ နိုင်ငံသားတွေ နေထိုင်ရာ Benjina ကျွန်းပေါ်က တောထဲမှာတော့ သချိုင်းမြေပုံ ၆၀ ကျော်လောက် ရှိနေပါတယ်။


အသက်အန္တရာယ်ကြားက လုပ်ကိုင်နေရတဲ့ ငါးဖမ်းသမားအချို့က မိမိတို့ အိမ်ပြန်လိုကြောင်း သတင်းထောက်တွေကို ပြောဆိုခဲ့ကြတယ်လို့ သိရပါတယ်။


 BBC Burmese

ဧပြီလအတွက် လစာမှစ၍ ၀န်ထမ်းလစာတိုးပြီ



 နိုင်ငံဝန်ထမ်းလစာများအား အနိမ့်ဆုံးလစာ တစ်သိန်းနှစ်သောင်းကျပ်မှ အမြင့်ဆုံးလစာ ကျပ်ငါးသိန်း အထိ တိုးမြှင့်ပေးလိုက်ပါတယ်။  ကာကွယ်ရေး ဦးစီးချုပ်ရဲ့  လစာကိုတော့  ၁၂ သိန်းကနေ သိန်း ၃၀ အထိ တိုးမြှင့် ပေးထားပါတယ်။ လစာနှုန်းထားများ တိုးမြှင့်မှုကြောင့် မူလက ပေးအပ်ထားတဲ့ ရှားပါးစရိတ် သုံးသောင်းကျပ်ကိုလည်း ပယ်ဖျက်လိုက်ပြီ ဖြစ်ပါတယ်။



http://www.thithtoolwin.com

24 Mar 2015

Penang ( ပီနန်း ) ဆောက်လုပ်ရေး လုပ်ငန်းခွင်တခုကို အော်ပရာဇီ ဝင်ရောက်ဖမ်း



Penang ( ပီနန်း ) ဆောက်လုပ်ရေး လုပ်ငန်းခွင်တခုကို ပါမစ် မရှိသူ
နိုင်ငံခြားသား အလုပ်သမား ( ၁၀၇ ) ဦးအားဖမ်းဆီးခဲ့ (၂၂.၃.၂၀၁၅)
Penang ( ပီနန်း ) ဆောက်လုပ်ရေး လုပ်ငန်းခွင်တခုကို အော်ပရာဇီ ဝင်ရောက်ဖမ်းဆီးခဲ့ရာ
တရားဝင် အလုပ်လုပ်ခွင့် ပါမစ် မရှိသူ နိုင်ငံခြားသား အလုပ်သမား ( ၁၀၇ ) ဦး ဖမ်းဆီး ထိန်းသိမ်း
ထားသည်ဟု သိရပါတယ်။

ပြည်နယ် လူဝင်မှုကြီးကြပ်ရေး နှင့် လက်ထောက်အရာရှိ မှ ပြောကြားရာမှာ
Jalan Chain Ferry ရှိ ( ၇ )ထပ် အဆောက်အဦးတစ်ခုကို ဝင်ရောက် စီးနင်းရာမှာလဲ မြန်မာ၊ဘင်္ဂလားဒေ့၊ နီပေါ၊ နီပေါ၊

ပါကစ်စတန် နိုင်ငံခြားသား အလုပ်သမား စုစုပေါင်း ( ၄၆၇ ) ဦး ဖမ်းဆီး ထားသည့် သတင်းကို The Star သတင်းစာတွင်
နေ့စဉ်ဖော်ပြထားသည် ။


ဖမ်းဆီး ထိန်းသိမ်းခံရသူများကို Seberang Jaya ဌာနချုပ်သို့ ခေါ်ဆောင်သွားခဲ့ပါသည်။ ထိုမှ တဆင့် ထိန်းသိမ်းခံရသူများကို
Juru လဝက ထိန်းသိမ်းရေး ကမ့်တွင် ထိန်းသိမ်းထားသည်ဟု သိရပါသည်။


Credit To@Myo Nyunt
သတင်း - Chitthu Sky


 https://www.facebook.com/nay.zawlin1

သွားတိုက်ဆေးအသုံးဝင်ပုံများ



သွားတိုက်ဆေးကို လူတိုင်းသုံးနေကြ၊ သိနေကြပေမယ့် သွားတိုက်ရုံသာမက အခြားနေရာတွေမှာပါ သွားတိုက်ဆေးက အလွန်အသုံးဝင်တယ်ဆိုတာ worldinsidepictures.com မှာ တင်ပြထားပါတယ်။

သွားတိုက်ဆေးမှာ ပါဝင်တဲ့ ဓာတ်ပစ္စည်းတွေက ဘ၀မှာ ပိုမိုသက်သာအဆင်ပြေမယ့် နည်းလမ်း ၁၈ သွယ်ရှိပါတယ် တဲ့။ အဲဒီ နည်းလမ်း ၁၈ သွယ်ကို ဖော်ပြထားတာမှာတော့…

၁။ အိမ်သာ ကြွေခွက် ( မိလ္လာခုံ) ကို သွားတိုက်ဆေးသုံးပြီး အညစ်အကြေး ကြေးညှော်တွေကင်းစင်ပြီး ၀င်းလက် တောက် ပအောင် လုပ်နိုင်စွမ်း ရှိပါတယ်။

၂။ DVD/ CD ခွေတွေမှာ အစွန်း၊ အစင်းတွေကို သွားတိုက်ဆေးနဲ့ ညင်သာစွာ ပွတ်တိုက်ပေးခြင်းနဲ့ အစင်းနဲ့ အစွန်း တွေ ပျောက်ကင်းကာ အခွေထစ်တာတွေမဖြစ်အောင်လည်း အသုံးပြုနိုင်ပါတယ်။

၃။ သစ်သားနဲ့ လုပ်ထားတဲ့ စားပွဲ၊ ကုလားထိုင်စတဲ့ လူ့အသုံးအဆောင်ပစ္စည်းတွေမှာ Permanent Marker လို့ခေါ်တဲ့ အလွယ်တကူ ပြန်ချွတ်လို့မရတဲ့ မင်နဲ့ ရေးမှတ်ထားတာတွေကိုလည်း သွားတိုက်ဆေးနဲ့ ပွတ်ပြီး သန့်ရှင်းလှပတောက်ပြောင်သွားအောင် လုပ်ပေးနိုင်ပါတယ်။

၎။ ငွေထည် အသုံးအဆောင်ပစ္စည်းတွေ အရောင်မှိန်ပြီး မည်းညစ်နေတာတွေကိုလည်း သွားတိုက်ဆေးနဲ့ပွတ်ပြီး တောက်ပြောင်လှပအောင် လုပ်ဆောင်နိုင်ပါတယ်။

၅။ အိမ်မှာရှိတဲ့ နေလောင်လို့ပဲဖြစ်ဖြစ်၊ သက်တမ်းကြာလို့ အရောင်မတောက်ပတဲ့ ကြေးမုံပြင် အပါအ၀င်
မော်တော် ကား မီးလုံးကာ မှန်တွေကိုလည်း သွားတိုက်ဆေးနဲ့ပွတ်ပြီး တိုက်ပေးရင် ကြည်လင်တောက်ပ လာပါမယ်။

၆။ ကိုယ်ရဲ့ ရတနာ ပစ္စည်းတွေ အရောင်မှိန်နေတာ၊ ကြေးညှော်တွေနဲ့ မလှမပဖြစ်နေရင်လည်း သွားတိုက်ဆေးပွတ် ပြီး အရောင်တင်ပေးလို့ရပါတယ်။

၇။ အခု ခေတ်ပေါ် စမတ်မိုဘိုင်းတယ်လီဖုန်း ဟန်းစက်တွေရဲ့ ထိတွေ့မျက်နှာပြင်မှာ အစင်းရာတွေ ရှိနေရင်လည်း သွားတိုက်ဆေးနဲ့ ညင်သာစွာ ပွတ်ပေးရင် အစင်းတွေ ပျောက်ကင်းသွားပါလိမ့်မယ်။

၈။ ပလပ်စတစ်နဲ့လုပ်ထားတဲ့ အခင်း၊ အခြား နိုင်လွန်အပါအ၀င် အထည်အ၀တ်တွေမှာ စွန်းထင်းနေမှုတွေကိုလည်း သွားတိုက်ဆေးပွတ်လိမ်းပြီး သန့်ရှင်းသွားအောင် လုပ်ဆောင်နိုင်ပါတယ်။

၉။ လျှစ်စစ်မီးပူ အပါအ၀င် မီးပူတွေရဲ့ အောက်ခြေ သံပြားမှာ အပူကြောင့် မီးကျွမ်းနေလို့ အ၀ါရောင် အစွန်းအထင်း တွေ ရှိနေတာကိုလည်း သွားတိုက်ဆေးပွတ်လိမ်းပြီး ကြည်လင်သန့်ရှင်းတဲ့ မီးပူ သံပြားဖြစ်အောင် စွမ်းနိုင်တယ်။

၁၀။ ကော်ဖီစားပွဲ၊ ထမင်းစားပွဲတွေမှာ ရေစက်၊ ဟင်းစက်၊ ဆီစက်တွေကြောင့် အစွန်းအကွက်ဖြစ်နေ တာတွေကိုလည်း သွားတိုက်ဆေးသုံးကာ ပွတ်ပေးလိုက်ခြင်းနဲ့ သန့်ရှင်းကြည်လင်လှပသွားစေမှာပါ။

၁၁။ စန္ဒယား ခလုပ်တွေ အရောင်ဝါကြင်ကြင်ဖြစ်နေပြီး ဖြူဖွေးမနေတာတွေကို
ဖြူဖွေးသန့်ရှင်းသွားအောင် သွားတိုက် ဆေးသုံး ပွတ်ပြီး လှပဖြူစင်သွားအောင် လုပ်ဆောင်နိုင်ပါတယ်။

၁၂။ အိမ်က နံရံတွေမှာ ကလေးတွေက မှင်တွေနဲ့ လျှောက်ခြစ်ထားလို့ အရုပ်ဆိုးနေတာတွေကို လှပသန့်ရှင်းတဲ့ နံရံ ဖြစ်ဖို့ သွားတိုက်ဆေးသုံးပြီး ပွတ်ကာ သန့်ရှင်းတောက်ပတဲ့ နံရံဖြစ်အောင် စွမ်းဆောင်နိုင်ပါတယ်။

၁၃။ ရှုးဖိနပ်အပါအ၀င် ဖိနပ်ခုံအဖြူတွေမှာ အ၀ါရောင်သန်းပြီး ညစ်ထေးနေတာတွေကိုလည်း သွားတိုက်ဆေးနဲ့ ဖြူစင် လှပအောင် လုပ်နိုင်ပါတယ်။

၁၄။ အင်္ကျီ၊ ဘောင်းဘီ၊ ပုဆိုးစတဲ့ အ၀တ်အထည်တွေမှာ ကော်ဖီ၊ လက်ဘက်ရည်စတဲ့ ဖျော်ရည်တွေ ကြောင့်စွန်းသွားတာတွေရှိရင်လည်း သွားတိုက်ဆေးသုံးပြီး အစွန်းတွေကို ဖျောက်လို့ ရပါတယ်။

၁၅။ မျက်နှာမှာ မှဲ့ခြောက်၊ အစက်၊ အပြောက်တွေဖြစ်နေတာ၊ ဆားဝက်ခြံဖြစ်နေတာတွေကို ပျောက်ကင်း ဖို့အတွက်လည်း သွားတိုက်ဆေး အနည်းငယ် “တို့” ပေးပြီး လှပချောမွေ့တဲ့ မျက်နှာလေး ဖြစ်အောင် စွမ်းနိုင်ပါတယ်။

၁၆။ လက်သည်း၊ ခြေသည်တွေ အရောင်မထွက်တာ၊ အထစ်အထစ် မညီမညာဖြစ်နေတာ စတဲ့ ပြဿနာ တွေကိုလည်း သွားတိုက်ဆေးပွတ်ပြီး လှပတောက်ပြောင်တဲ့ လက်သည်း၊ ခြေသည်းတွေဖြစ်အောင် လည်း စွမ်းဆောင်နိုင်ပါတယ်။

၁၇။ ငါးပိအပါအ၀င် အနံပြင်းတဲ့ အစားအသောက်တွေ ကိုင်တွယ်စားသောက်မိတဲ့ လက်တွေကို အနံ့ကင်းစင်သွာ စေဖို့ သွားတိုက်ဆေးကို လက်ဆေးဆပ်ပြာအဖြစ် အသုံးပြုလိုက်မယ်ဆိုရင် အနံဆိုးတွေလုံးဝ ကင်းစင်သွားမှာဖြစ်ပါတယ်။

၁၈။ နောက်ထပ်အစွမ်းတခုကတော့ ဆံပင်မွေးညှင်းတွေနဲ့ အ၀တ်အထည်တွေမှာ ပီကေ လို့ခေါ်တဲ့ Chewing Gum တွေကို သွားတိုက်ဆေးအသုံးပြုပြီး ဖယ်ရှားသန့်ရှင်းအောင် လုပ်ဆောင်နိုင်ပါတယ်။

အခု ဖော်ပြထားတဲ့ သွားတိုက်ဆေးအစွမ်း ၁၈ မျိုးကတော့ worldinsidepictures.com က ဖော်ပြထားတာ ဖြစ်ပြီး အခြား အစွမ်းထက်တဲ့ အသုံးဝင်မှုလည်း ရှိနိုင်ပါသေးတယ်။

အိမ့်သံစဉ် ~ ဧရာဝတီ
 
 

21 Mar 2015

မြန်မာအလုပ်သမား ၁၀၀ ကျော် စစ်သင်္ဘောဖြင့် မလေးရှားမှ ပြန်ခေါ်မည်

မြန်မာအလုပ်သမားများကို ပြန်ခေါ်လာမည့် ဓာတ်ပုံ (mmmilitary.blogspot.com)


မလေးရှားနိုင်ငံမှာ ဖမ်းဆီးခံထားရတဲ့ တရားမ၀င် မြန်မာအလုပ်သမား ၁၀၀ ကျော်ကို တပ်မတော်ရေတပ် စစ်သင်္ဘောနဲ့ မြန်မာနိုင်ငံကို ပြန်ခေါ်လာမယ်လို့ အစိုးရက မတ်လ ၂၀ ရက်နေ့က  သတင်းထုတ်ပြန်ပါတယ်။


မလေးရှားနိုင်ငံမှာ မတ်လ ၁၇ ရက်နေ့ကနေ ၂၁ ရက်အထိ ကျင်းပနေတဲ့ လန်က၀ီ နိုင်ငံတကာ ရေကြောင်းနဲ့ လေကြောင်းပြပွဲမှာ ပူးပေါင်းပါဝင်နေတဲ့  မြန်မာ့တပ်မတော် ( ရေ ) တပ်က မဟာသီဟသူရ ( အက်ဖ် – ၂၃) သဘောင်္နဲ့  အလုပ်သမားတွေကို တင်ဆောင်ကာ  မတ်လ ၂၇ ရက်နေ့  မြန်မာ ရေပိုင်နက်ထဲ ၀င်ရောက်မယ်လို့ သတင်းမှာ ဖော်ပြပါတယ်။


ဒီကိစ္စနဲ့ ပတ်သက်ပြီး မလေးရှားနိုင်ငံဆိုင်ရာ မြန်မာသံရုံးနဲ့ နီးစပ်သူ ကိုသီဟကျော်က အလုပ်သမားအများစုဟာ အိုဗာစတေး ရက်လွန်နေထိုင်မှုနဲ့ ဖမ်းဆီးထိန်းသိမ်းခံထားရတာ ဖြစ်ပြီး မတ်လ ၂၅ ရက်နေ့ မလေးရှားကနေ ထွက်ခွာနိုင်အောင် မြန်မာသံရုံးက စီစဉ်နေ တယ်လို့ ဒီဗွီဘီကို ပြောပါတယ်။


“ပြီးခဲ့တဲ့ ရက်ပိုင်းက နိုင်ငံတော်သမ္မတ ဦးသိန်းစိန်ရဲ့  မလေးရှားခရီးစဉ်မှာ သူတို့ကို ပြန်ခေါ်ဖို့ ပြောခဲ့တာလည်း ပါပါတယ်။ ဒီမတိုင်ခင် မြန်မာသံရုံးက စီစဉ်ဆောင်ရွက်ထားတာတွေလည်း အဓိကပါပါတယ်ခင်ဗျ။ ၂၅ ရက်နေ့ကို မြန်မာ့ တပ်မတော်ပိုင်စစ်သင်္ဘောနဲ့ ပြန်ခေါ်ဖို့ မြန်မာသံရုံးက သံအမတ်ကြီးတို့ စီစဉ်ဆောင်ရွက်နေ ပါတယ် ၊ လုမွတ်ဆိုတဲ့ ဆိပ်ကမ်းမြို့ကနေ ထွက်ခွါမယ်လို့ ပြောပါတယ်။”



ပြန်လာမည့်သူတွေဟာ ဗီဇာနေထိုင်ခွင့် ရက်ကျော်လွန်နေထိုင်သူတွေဖြစ်လို့ မလေးရှားမှာ ထောင် ၃ လ ကျခံရပြီးတဲ့နောက် နေရပ်ပြန်ဖို့အတွက် ယာယီထိန်းသိမ်း စခန်းမှာရှိနေပြီး  အိမ်ပြန်ဖို့မိသားစုနဲ့ အဆက်အသွယ်မရတဲ့ သူတွေ ၊ ပြန်ဖို့ လမ်းစရိတ်မရှိတဲ့သူနဲ့ နာမကျန်းသူတွေကို  အစိုးရအစီအစဉ်နဲ့  ပြန်ခေါ်တာလို့ သူက ဆက်ပြောပါတယ်။


မလေးရှားနိုင်ငံမှာ ဒုက္ခရောက်နေတဲ့ မြန်မာနိုင်ငံသားအလုပ်သမားတွေကို အစိုးရက စစ်သင်္ဘောနဲ့  ပြန်ခေါ်ယူတာဟာ ခုတကြိမ်ဟာ ပထမဆုံးအကြိမ်ဖြစ်ပြီး ဒီမတိုင်ခင်ကတော့ သီတဂူ ဆရာတော်က လေယာဉ်စင်းလုံးငှားပြီး ကူညီခေါ်ဆောင်ခဲ့ဖူးပါတယ်။



http://burmese.dvb.no/archives/86399

14 Mar 2015

လက်ပတ်နီ လူရမ်းကားတွေကို ဘယ်သူ တာဝန်ခံမှာလဲ

စွမ်းအားရှင်, ရန်ကုန်

 ရန်ကုန်မြို့တော် ခန်းမရှေ့က တုတ်ကိုင် လက်ပတ်နီများ (ဓာတ်ပုံ – ဧရာဝတီ)



ရန်ကုန်မြို့တွင် မတ်လ ၄ ရက်နှင့် ၅ ရက်နေ့ များက အရပ်သားပုံစံဝတ်စားသူများ၏ အကူအညီဖြင့် ရဲတပ်ဖွဲ့ က ဆန္ဒပြပွဲ ၂ခုကို ဖြိုခွင်းခဲ့သည်။ အရပ်သား ပြည်သူများနှင့် ခွဲခြားရန် မလွယ်ကူနိုင်သည့် ၎င်းတို့၏ လက်မောင်းများတွင်  “တာဝန်” ၊ “စည်းကမ်း”ဟု မြန်မာဘာသာဖြင့် ရေးထိုးထားသော အနီရောင် လက်ပတ် များ ပတ်ထားကြသည်။ ၎င်းတို့ကို တာဝန်နှင့် လက်ပတ်နီများဟု အလွယ်ခေါ်ကြသည်။
မတ်လ ၄ ရက်နေ့က ပြုလုပ်ခဲ့သည့် ရွှေပြည် သာ စက်မှုဇုန်မှ အလုပ်သမား ဆန္ဒပြပွဲတခုကို ရဲ တပ်ဖွဲ့က ဖြိုခွဲရာတွင် ယင်းတာဝန်နှင့် လက်ပတ်နီ များက ကူညီခဲ့ကြသည်။ သတင်းထောက် ၂ ဦးနှင့် အထည်ချုပ်စက်ရုံ မှ အမျိုးသမီး အလုပ်သမား တဒါဇင်ခန့်လည်း ဖမ်းဆီးခြင်း ခံခဲ့ရသည်။


မတ်လ ၅ ရက်နေ့ ညနေပိုင်းတွင်လည်း တာဝန်နှင့် လက်ပတ်နီများသည် ရန်ကုန်မြို့လယ်သို့ ရောက်ရှိလာကြ ပြီး ဆူးလေစေတီတော် အနီးတွင် ဆန္ဒပြနေကြသော ကျောင်းသားများကို ရန်စ လှုံ့ဆော်ရန် အားထုတ်ခဲ့ကြ သည်။ ထို့နောက် ဆန္ဒပြပွဲ ပြိုကွဲသွားစေရန် ရဲအဖွဲ့ဝင်များက တုတ်များ ဝှေ့ယမ်းပြီး ဝင်ရောက်လာကြသည်။ ထို့အပြင် အဆို ပါ အရပ်ဝတ်နှင့် လူများက ဆန္ဒပြသူများကို ချုပ်နှောင်ပြီး ရဲအချုပ်သို့ ပို့ဆောင်ရန် ထရပ်ကား များ ဆီသို့ ဆွဲခေါ်သွားကြသည်။


လူမှုကွန်ရက် Facebook စာမျက်နှာတွေမှာ ချိုင်းပြတ်စွပ်ကျယ်၊ ဘောင်းဘီတိုဝတ်ထားပြီး လက် ၂ ဖက်တွင် လည်း ဆေးမင်ကြောင်အပြည့်နှင့် လူငယ်တဦးက ဆန္ဒပြကျောင်းသူလေးတဦးကို သိုင်းဖက် ဖမ်းဆီးသည့် ဓာတ်ပုံကြောင့်လူများပို၍ စိတ်ဆိုး ဒေါသ ထွက်ခဲ့ကြသည်။ (ထိုလူငယ်မှာဒလမြို့တွင်နေထိုင်၍ သာကေတ တွင် ကားစပယ်ယာလိုက်ကြောင်း တချို့ကပြောဆိုသကဲ့သို့ဆိုက်ကားသမား၊ ကုန်ထမ်းတဲ့သူဟုလည်း ပြောဆိုသူများရှိသည်။)
ထိုလက်ပတ်နီများမှာ မည်သူများ ဖြစ်ကြသနည်း။


စွမ်းအားရှင် တကျော့ပြန်သလော

ဖေ့စ်ဘွတ်လူမှုကွန်ရက်တွင်လည်း ရန်ကုန်မြို့ တော်ခန်းမရှေ့ ဆန္ဒပြသူများအား အင်အားသုံး နှိမ်နင်းရာတွင် ပါဝင်သော လက်ပတ်နီဝတ် အရပ် သားများ ဓာတ်ပုံများ ပျံ့နှံ့နေပြီး ၎င်းတို့မှာ အလုံ၊ ကြည့်မြင်တိုင်၊ ဒလ၊ ဒေါပုံ၊ သာကေတ အပါအဝင် ရန်ကုန်တိုင်းအတွင်းရှိ မြို့နယ်အတော်များများမှ ဖြစ်သည်ဟု ဖော်ထုတ်ရေးသား နေကြသည်။
ငြိမ်းချမ်းစွာ ဆန္ဒပြသူများကို အကြမ်းဖက် ဖြိုခွင်းခဲ့ကြသည့် ထိုလူအုပ်စုများကြောင့် ပြည်သူ လူထုက ယခင်စစ် အစိုးရ လက်ထက်တွင် နာမည် ဆိုးဖြင့် ကျော်ကြားခဲ့သည့် “စွမ်းအားရှင်” ဆိုသူများအား ပြန်လည် အမှတ်ရစေ ခဲ့သည်။
ယခုလုပ်ရပ်မှာ နိုင်ငံနှင့်ချီပြီး အရှက်ရစေရုံသာ မက ၂၀ဝ၃ ခုနှစ် ဒီပဲယင်း အကြမ်းဖက်မှု၊ ၂၀ဝ၇ ခုနှစ် ရွှေဝါရောင် တော်လှန်ရေးတို့တွင် အကြမ်းဖက် ခံရမှုများ ဖြစ်ပွားခဲ့မှုတို့ကို လူတိုင်း သတိရ ခံစားမှု ဖြစ်စေ သည်။


၂၀ဝ၃ မေလအတွင်းက အတိုက်အခံ ခေါင်း ဆောင် ဒေါ်အောင်ဆန်းစုကြည် လိုက်ပါလာသည့် ယာဉ်တန်းကို လူတစုက ဝင်ရောက် အကြမ်းဖက် တိုက်ခိုက်၍ လူပေါင်းများစွာသေကျေ ဒဏ်ရာရခဲ့သော ဒီပဲယင်း အရေး အခင်းတွင် စွမ်းအားရှင်အဖွဲ့ ပါဝင်ပတ်သက်ခဲ့သည်ဟု စွပ်စွဲမှုများ ရှိခဲ့သလို အကြမ်းဖက်မှုတွင် ပါဝင်ပတ်သက် ခဲ့သူများကို ယနေ့ ထက်တိုင် ဖော်ထုတ်အရေးယူ ဖမ်းဆီးနိုင်ခဲ့ခြင်း လည်း မရှိခဲ့ပေ။


ဒီပဲယင်း အရေးအခင်းတွင် ထိုစဉ်က နိုင်ငံတော် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ ဥက္ကဋ္ဌ ဗိုလ်ချုပ် မှူးကြီး သန်းရွှေက ဒေါ်အောင်ဆန်းစုကြည် ၏ ယာဉ်တန်းကို ဖြစ်သည့်နည်လမ်းဖြင့် တားဆီး ခိုင်းခဲ့ကြောင်း၊ ဗိုလ်ချုပ်ကြီး ခင်ညွှန့်က အကြမ်းဖက် တားဆီးခြင်းကို မလုပ်သင့်ကြောင်း အကြံပြုရာတွင် သူအား မခိုင်းတော့ ဘဲ ဒုတိယ ဗိုလ်ချုပ်ကြီးစိုးဝင်းကို ဦးဆောင်စေကာ ဒုတိယ ဗိုလ်ချုပ်ကြီး ရဲမြင့်နှင့်အတူ မုံရွာသို့ စေလွှတ်လိုက် သည်ဟု  (ဗိုလ်ချုပ်ကြီးဟောင်း) ဦးခင်ညွှန့် ရေးသားသည့်  “ကြုံတွေ့ခဲ့ရ ကျနော့်ဘဝ အထွေထွေ” စာအုပ် တွင် ဖော်ပြထားသည်။


စွမ်းအားရှင်ဆိုသည့် နာမည်နှင့် ပူးတွဲနာမည် ကြီးသူတဦးမှာ တောင်သာမြို့နယ်အမတ်၊ ကြံ့ခိုင်ရေးပါတီ ခေါင်းဆောင်တဦးဖြစ်သူ ဦးအောင်သောင်း ဖြစ်သည်။ သမ္မတ ဦးသိန်းစိန်လက်ထက် လူမျိုးရေး ဘာသာရေးနှင့် ဆက်နွှယ်သော ဆူပူအကြမ်းဖက် မှုများလည်း နောက်ကွယ်က ပါဝင်ပတ်သက်နေ ကြောင်း စွပ်စွဲခံရပြီး အမေရိကန် အစိုးရက နာမည် ပျက်စာရင်းထည့်သွင်းခြင်း ခံခဲ့ရသည်။


အငြိမ်းစားဗိုလ်မှူးကြီးတဦးဖြစ်သည့် ဦးအောင် သောင်းသည် စစ်အစိုးရ လက်ထက်တွင် အမှတ် (၁) စက်မှု ဝန်ကြီးဌာန ဝန်ကြီးအဖြစ် ၁၉၉၇ ခုနှစ်မှ စတင်၍ အရပ်ဘက် အစိုးရသို့ အာဏာလွှဲပြောင်း ပေးခဲ့သည့် ၂၀၁၁ ခုနှစ်အထိ ကာလ ကြာရှည်စွာ တာဝန်ထမ်းဆောင်ခဲ့သူဖြစ်သည်။
ယခင် စစ်အစိုးရ ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး ဟောင်း ဦးသန်းရွှေနှင့် အထူးတလည် ရင်းနှီးမှုရှိသူ ဟု ဆိုကြ သည့် ဦးအောင်သောင်းသည် ပြည်ထောင် စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးအသင်း စတင် တည်ထောင်ချိန်မှ စတင် ၍ ဗဟိုအလုပ်အမှုဆောင် တဦးအဖြစ် ပါဝင်ခဲ့ပြီး နောက်ပိုင်းတွင် တွဲဖက် အထွေထွေ အတွင်းရေးမှူး ဖြစ်လာခဲ့ သည်။ စွမ်း အားရှင်အဖွဲ့ကို ကြီးကြပ်ကွပ်ကဲရသူ အဖြစ်လည်း လူပြောများခဲ့သူ ဖြစ်သည်။

 
စွမ်းအားရှင်အဖွဲ့ကို ထိုစဉ်က ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးအသင်း (ယခု ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ) ၏ အစိတ်အပိုင်းတခု အဖြစ်လည်း သတ်မှတ်ခြင်း ခံခဲ့ရသည်။
ပြန်ကြားရေးဝန်ကြီး ဦးရဲထွဋ်က လက်ရှိအစိုးရ လက်ထက် “စွမ်းအားရှင်”အဖွဲ့ မရှိတော့ဟု ဒီဗီဘီ သတင်းဌာန သို့ ပြောကြားသလို အာဏာရ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဗဟိုဌာနချုပ်ကလည်း လတ်တ လော ဖြစ်ပွားနေသော ဆန္ဒပြသူ များနှင့် လုံခြုံရေး အာဏာပိုင်များအကြား တင်းမာ နေမှုများတွင် “မိမိတို့ ပါတီအနေဖြင့် အင်အားသုံး ပါဝင်ဆောင်ရွက်ခြင်း မပြုရန်” ညွှန်ကြားထားသည် ဟု ထုတ်ပြန်ကြေညာသည်။


မတ်လ ၄ ရက် အထည်ချုပ်စက်ရုံအလုပ်သမား များ ဆန္ဒပြမှုကို ဖြိုခွဲဖမ်းဆီးရာတွင် အကူအညီပေးခဲ့ သည့် အဖွဲ့နှင့် ပတ်သက်၍ ရန်ကုန်အရှေ့ပိုင်း ခရိုင် ရဲတပ်ဖွဲ့မှူး ရဲမှူးကြီး မြင့်ထွေးက  “သူတို့တွေဟာ တရား ဥပဒေကို ထိန်းသိမ်းစောင့်ရှောက်ချင်ကြတဲ့ ရပ်ရွာအထောက်အကူပြု အဖွဲ့ဝင်တွေသာ ဖြစ်ပါတယ်” ဟု မီဒီယာများသို့ ပြောကြားခဲ့သည်။


ရာဇဝတ်မှုဆိုင်ရာ ကျင့်ထုံး ဥပဒေ ပုဒ်မ ၁၂၈ အရ ခွင့်ပြုချက်မရှိသော တရားမဝင် လူစုလူဝေးက လူစုခွဲရန် ငြင်းဆန်ခဲ့လျှင် ရာဇဝတ်တရားသူကြီးနှင့် ရဲစခန်း အကြီးအကဲက လူစုလူဝေးကို ဖြိုခွဲရန်နှင့် ဖမ်းဆီးရာတွင် ကူညီရန် အရပ်သား ယောကျာ်းများကို စုစည်းနိုင်ခွင့် ရှိသည်ဟု ဆိုသည်။
အဆိုပါ ဥပဒေကို ၁၈၉၈ ခုနှစ်တွင် ဗြိတိသျှ ဥပဒေပြုစနစ်အရ ပြည်သူများ လူ ၅ ယောက်ထက် ပို၍ စုစည်း ခြင်းမှ တားမြစ်ရန် ပြဋ္ဌာန်းခဲ့ခြင်း ဖြစ် သည်။ ထိုစဉ်က ဗြိတိသျှ ကိုလိုနီအစိုးရက မျိုးချစ် ဗမာများကို နှိပ်ကွပ်ရန် ထုတ်ပြန်ခဲ့သည့် ဥပဒေ ဖြစ်သဖြင့် ဦးသိန်းစိန် အစိုးရက ဒီမိုကရေစီ အမည်ခံထားရာ လိုက်ဖက်မှုလုံးဝမရှိ ကြောင်း ဝေဖန် သူများက ဆိုသည်။
သင်္ဃန်းကျွန်းမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးသိန်းညွန့်က “အခုလို ပေါ်ပေါက် လာတဲ့ အခြေအနေအရ အခုလာမယ့် လွှတ်တော်မှာ ဒီပြစ်မှုဆိုင်ရာ ကျင့်ထုံးဥပဒေကို ပြင်ဆင်ဖို့ ကြိုးစား ပါဦးမယ်။ ဥပဒေတခုဟာ ပြည်သူလူထုကို ဖိနှိပ် တယ်။ ဖိနှိပ်အောင် အကူအညီပေးတယ်ဆိုရင် ပြင်ဖို့ လုပ်ဆောင်ရမှာ ပါပဲ”ဟု ဦးသိန်းညွန့်က ပြော သည်။



ဥရောပသမဂ္ဂ (EU) နဲ့ မြန်မာရဲ


မတ်လ ၆ ရက်နေ့က ဥရောပသမဂ္ဂ (EU)ကို ကန့်ကွက်ရှုတ်ချသည့် အနေဖြင့် ရန်ကုန်မြို့ လှည်းတန်း လမ်းဆုံရှိ EU ရုံးရှေ့၌ ဗမာနိုင်ငံလုံး ဆိုင်ရာ ကျောင်းသားသမဂ္ဂများ အဖွဲ့ချုပ်(ဗဟို) ကျောင်းသားများက ဦးဆောင်ပြီး ဆန္ဒပြခဲ့သည်။


အမျိုးသား ပညာရေးဥပဒေ ကန့်ကွက်မှုကြောင့် တားဆီးခံထားရသည့် ကျောင်းသားများ လွတ် မြောက်ရေး ဆန္ဒပြသူများကို ရဲ တပ်ဖွဲ့က အင်အားသုံး ဖြိုခွင်းမှုနှင့် ပတ်သက်၍ နောက်ဆက်တွဲ အခြေအနေကို EU က တာဝန်ယူရန်ဆန္ဒပြခြင်းဖြစ် သည်။


“ရဲဝန်ထမ်းတွေကို EU က ၂၀၁၂ ခုနှစ်ကစပြီး သင်တန်းတွေပေးတယ်။ အဲဒီသင်တန်းတွေက ကျနော်တို့ ကျောင်းသားတွေ၊ ပြည်သူတွေကို ရိုက်နှက်ဖမ်းဆီးဖို့ ဖြစ်နေပြီ။ ဒါကြောင့် အဲဒါကို ကန့်ကွက် ရှုတ်ချတယ်။ ဒီအခြေအနေကို EU  အဖွဲ့က သိစေ ချင်လို့ လှည်းတန်းက ရုံးရှေ့မှာ ဆန္ဒပြတာပါ”ဟု ဗကသအဖွဲ့ဝင် ကျောင်းသား တဦးက ပြောသည်။


EU က မြန်မာနိုင်ငံကို ဒီမိုကရေစီ နိုင်ငံအဖြစ် အသွင်းကူးပြောင်းရာတွင် အဓိကကျသော ပြုပြင် ပြောင်းလဲရေး တခုဖြစ်သည့် ရဲတပ်ဖွဲ့ ပြုပြင်ပြောင်းလဲရေးအတွက် လူစုလူဝေး စနစ်တကျ ထိန်းသိမ်းမှု သင်တန်းကို ၂၀၁၄ ခုနှစ် ဖေဖော်ဝါရီလအတွင်းက ရန်ကုန်မြို့တွင် ပို့ချခဲ့ခြင်း ဖြစ်သည်။


သို့သော် ရန်ကုန်မြို့ ဆန္ဒပြပွဲများတွင် အဓိ ကရုဏ်း ဖြိုခွဲသူများမှာ ရဲလုံထိန်းများ မဟုတ်ဘဲ တာဝန်နှင့် လက်ပတ်နီများ ဖြစ်သောအခါ “ဥရောပ သမဂ္ဂက မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ကိုသာ သင်တန်းပေး ခဲ့ခြင်းဖြစ်ပြီး အခြားအဖွဲ့အစည်းများကို သင်တန်း ပို့ချခဲ့ခြင်း မရှိကြောင်း” ထုတ်ပြန်ရတော့သည်။
ဖြစ်ပေါ်နေသော ကျောင်းသား ဆန္ဒပြပွဲများနှင့် သက်ဆိုင်သည့် လတ်တလော ထိပ်တိုက် ရင်ဆိုင်မှု များအတွက် EU အဖွဲ့က စိုးရိမ်ကြောင့်ကြရကြောင်း၊ လွတ်လပ်စွာ ထုတ်ဖော်ခွင့်သည် တရားဝင် ဖြစ်ခွင့်၊ ငြိမ်းချမ်းစွာ စုဝေးခွင့်နှင့် အတူယှဉ်တွဲ၍ ဒီမိုကရေစီ၏ အဓိပ္ပာယ်တွင် အလွန်ပဓာနကျသည့်အပြင် သင်တန်း ပေးရခြင်း၏ ရည်ရွယ်ချက်မှာ လူ့အခွင့် အရေးကို အလေးပေးမှု တိုးတက်လာစေရန်၊ ညှိနှိုင်း ဆွေးနွေးခြင်း၏ အရေးပါမှုကို သိရှိစေရန်နှင့် သင့်လျော်မျှတ အချိုးညီမျှသော အင်အားကိုသာ အသုံးပြု၍ လူစုလူဝေးကို ဖြိုခွဲခြင်းသည် နောက်ဆုံးမှသာ ရွေးချယ်ရမည့် စီမံခန့်ခွဲမှု တခုဖြစ်ကြောင်း သိရှိစေရန် ဖြစ်သည်ဟု ဆိုသည်။


“လတ်တလော ဖြစ်ရပ်များက ပိုမိုလေ့ကျင့် သင်တန်းပေးရန် လိုအပ်နေကြောင်း ထင်ရှားစွာ ဖော်ပြနေပါသည်” ဟု  ဥရောပသမဂ္ဂက ထုတ်ပြန်ခဲ့ သည်။
EU က မည်သို့ သင်တန်းပေးသည် ဖြစ်စေ အစိုးရကမူ လူအခွင့်အရေးနှင့် တရားဥပဒေ စိုးမိုးရေးထက် မြန်မာနည်း၊ မြန်မာ့ဟန်ဖြင့် အကြမ်းဖက် ဖြေရှင်းခဲ့ပြီး ဖြစ်သည်။
“သူတို့ (လက်ပတ်နီ) က လက်သီးတွေနဲ့ ထိုး တယ်။ ခြေထောက်တွေနဲ့ ကန်တယ်။ အဲဒါ ပထမ တကြိမ် ဖြစ်တာ။ နောက် လူပြန်ရှဲသွားတယ်။ အဲဒီ မှာ ကျနော်တို့က လူပြန်စုတယ်။ နောက်တကြိမ် ထပ်ကာထားတယ်။ ဒုတိယ တခေါက်လည်း ကျရော လုံထိန်းတွေကပါ နံပါတ်တုတ်တွေနဲ့ ဝင်ရိုက်တဲ့အခါ လူစုက လုံးဝကွဲသွား တယ်” ဟု ဒဂုံတက္ကသိုလ် ကျောင်းသား ကိုဖိုးသားက မြို့တော်ခန်းမရှေ့က အတွေ့အကြုံကို ပြန်လည် ပြောပြခဲ့သည်။


မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင် တချို့ကမူ ယခုကဲ့သို့ တာဝန်နှင့် လက်ပတ်နီများ ခေါ်ယူအသုံးပြုခြင်းကို သဘောမကျကြောင်း ဧရာဝတီသို့ ပြောသည်။


ထိုလက်ပတ်နီများ အားလုံးတို့မှာ ရန်ကုန်တိုင်း ဒေသကြီး အထွေထွေ အုပ်ချုပ်ရေး ဦးစီးဋ္ဌာနက တာဝန် ပေးစေခိုင်းထားသူများပင် ဖြစ်သည်။


မြို့တော် ခန်းမရှေ့ ဆန္ဒပြပွဲများကို နှိမ်နင်း ရာတွင် ပါဝင်ခဲ့သူတဦးက “အားလုံး အင်အား ၃၀ဝ ကျော်လောက် ကို မြို့တော်ခန်းမထဲမှာ ထည့်ထားတာ။ လာတဲ့သူတွေက မြို့နယ်အစုံပဲ။ တရပ်ကွက်ကို လူ ၁၀ ယောက် လောက် အနည်းဆုံး စုပြီး လာတယ်။ လှိုင်သာယာ၊ တောင်ဥက္ကလာနဲ့ ကြည့်မြင်တိုင် တဖက်ကမ်းက လူတွေ လည်း ပါတယ်။ နေ့တွက် ပိုက်ဆံ ၅၀ဝ၀နဲ့ ဒံပေါက်ကျွေးပြီး ခေါ် လာတာ” ဟု ဧရာဝတီသို့ ပြောသည်။


ထိုသူများကို ဆန္ဒပြသူများ ရောက်မလာမီ ၃ နာရီလောက် အလိုကတည်းကပင် မြို့တော်ခန်းမထဲသို့ ခေါ်ယူ ထည့်သွင်းထားပြီး ၎င်းတို့အတွက် ရေသန့်ဘူး၊ ကွမ်းယာ၊ ဆေးလိပ်က အစပင် စီစဉ် ပေးထားခဲ့သည်။ တချို့ သူများမှာ အရက် မူးနေကြကြောင်း မျက်မြင်သက်သေတချို့က ဆိုသည်။
“ကျနော်တို့ အဖမ်းခံရတဲ့အချိန်မှာ ရဲကို မေးလိုက်တယ်။ ကျနော်တို့ကို အကြမ်းဖက်ပြီး စွဲချက်တင်တဲ့ တာဝန် လက်ပတ် ပတ်ထားတဲ့သူတွေက ဘယ်သူလဲဆိုတော့ အဲဒီလူတွေက ရဲနဲ့ မဆိုင် ဘူးတဲ့။ အုပ်ချုပ်ရေးပိုင်းက စီစဉ်တာ။ တိုင်းအစိုးရ ရဲ့ အစီအစဉ်လို့ ပြောတယ်”ဟု အဖမ်းခံရပြီးနောက် ပြန်လည် လွတ်မြောက်လာသည့် ဒဂုံတက္ကသိုလ် ကျောင်းသား ကိုဖိုးသားက ပြောပြသည်။


ဘယ်သူ တာဝန်ခံလဲ


“တာဝန်” အနီရောင် လက်ပတ်ဝတ်သူတွေကို ခေါ်ယူပြီး ငြိမ်းချမ်းစွာ ဆန္ဒပြနေသူတွေကို ဖမ်းဆီး တိုက်ခိုက် ခိုင်းတာဘယ်သူလဲ။ ဒီလုပ်ရပ်ကို နေပြည် တော်က တိုက်ရိုက် ကိုင်တွယ်ခဲ့တာလား။ သမ္မတရုံးက ညွှန်ကြားခဲ့ တာလား။ (သမ္မတရုံး ညွှန်ကြား ရေးမှူး ဦးဇော်ဌေးကမူ ကိုလိုနီခေတ် ပုဒ်မ ၁၂၇ /၁၂၈ ကိုးကားပြီးလုပ်သင့် ကြောင်း ရှင်းသည်။) သို့မဟုတ် ပြည်ထဲရေးက ကိုင်တွယ်ခဲ့တာလား။ ရန်ကုန်တိုင်း အစိုးရနှင့် ဝန်ကြီးချုပ်၏ အခန်းကဏ္ဍ ဘယ်လောက်ပါ နေသလဲဆိုသည့် မေးခွန်းများက လူများ၏ အတွေးတွင် တန်းစီနေ သည်။


မြန်မာနိုင်ငံတွင် မိမိတို့၏ နစ်နာမှုကို ကျေနပ် မှုမရှိလျှင် ဆန္ဒပြပွဲများက ဆက်လက် ရှိနေမှာ ဖြစ်ပြီး ဆန္ဒပြပွဲများကို ယခုကဲ့သို့ အရပ်ဝတ်များကို လုံခြုံရေး လက်ပတ်ပေးကာ အကြမ်းဖက် ရိုက်နှက် ဖမ်းဆီးခိုင်းခြင်းသည် မည်သူက တာဝန်အပ်နှင်း ပေးထားသနည်း၊ ယခင် စစ်အစိုးရခေတ်ကို ပြန် ရောက်သွားပြီလားဟု ၈၈ မျိုးဆက် ကျောင်းသား ခေါင်းဆောင်တဦးဖြစ်သူ ဦးမင်းကိုနိုင်က မတ်လ ၅ ရက်နေ့က ၈၈ မျိုးဆက် ပွင့်လင်းအဖွဲ့အစည်း၏ ရုံးခန်းတွင် ကျင်းပသော သတင်းစာ ရှင်းလင်းပွဲတွင် ပြောကြားသည်။


“ငြိမ်းချမ်းစွာ ဆန္ဒဖော်ထုတ်တဲ့ပွဲ၊ ကျောင်းသား သပိတ်တွေကို အကြမ်းမဖက်ဖို့ တောင်းဆိုတဲ့ပွဲ။ အဲဒါတွေကို ဖြေရှင်းပုံမှာ အရင်ခေတ်က စွမ်းအား ရှင်တွေ ပုံစံမျိုးနဲ့ အကြမ်းဖက် ဖြိုခွဲတာကို ၈၈ အဖွဲ့အနေနဲ့ လုံးဝလက်မခံ ပါဘူး။ သည်းညည်းလည်း မခံပါဘူး။ လက်ပတ်နဲ့ အကြမ်းဖက်ခွင့်တွေကို ဘယ်သူက ဦးဆောင် တာဝန်ပေး တာလဲ။ ဒါကို အစိုးရ အဖွဲ့အနေနဲ့ ဖော်ထုတ်ပေးဖို့လိုပါတယ်”ဟု ဦးမင်းကိုနိုင်က ပြောသည်။


ရန်ကုန် စီးပွားရေး၊ နိုင်ငံရေး အသိုင်းအဝိုင်း တွင် ယခုကဲ့သို့ အကြမ်းကိုင် ဖြိုခွင်းမှုနှင့် ပတ်သက်ပြီး ရန်ကုန် တိုင်း ဝန်ကြီးချုပ် ဦးမြင့်ဆွေ၏ လက်ရာကင်းမည် မဟုတ်ကြောင်း ထင်ကြေးပေးပြောဆို နေကြသည်။
ဦးမြင့်ဆွေသည် ဗိုလ်ချုပ်မှူးကြီးဟောင်း သန်းရွှေ ယုံကြည်အားကိုးရသော တပ်မှူးတဦး ဖြစ်သည်။ DSA အပတ်စဉ် ၁၅ ဆင်းခဲ့သူဖြစ်ပြီး နာမည်ကြီး တပ်မ (၁၁) တွင် တာဝန်ယူခဲ့ဖူးကာ ရန်ကုန် လုံခြုံရေးကို အဓိက တာဝန်ယူရသူဖြစ်သည်။


ကစထ (၅) အကြီးအကဲအဖြစ် တာဝန်ထမ်း ဆောင်ချိန်တွင် ၂၀ဝ၄ ခုနှစ် ဗိုလ်ချုပ်ကြီး ခင်ညွန့်၏ ထောက်လှမ်း ရေးအဖွဲ့ကို တပ်မတော် (ကြည်း) မှ ရှင်းထုတ်သည့် Operation ကို ကိုင်တွယ်ရသူ ဖြစ်ခဲ့သလို ၂၀ဝ၇ ရွှေဝါရောင် သံဃာအရေး လှုပ်ရှားမှာလည်း သူကိုယ်တိုင် ဆန္ဒပြပွဲ ဖြိုခွင်းရေး ဦးစီးတာဝန်ယူရသူ ဖြစ်ခဲ့သည်။


သို့သော် ရန်ကုန်တိုင်း ဝန်ကြီးချုပ်သာမက ပြည်ထောင်စု အစိုးရအဖွဲ့အနေနှင့်လည်း တာဝန် ယူရမည်ဖြစ် ကြောင်း ပြောဆိုလျက် ရှိသည်။
ရန်ကုန်မြို့တော်ခန်းမရှေ့ ဖမ်းဆီး ရိုက်နှက်ခံခဲ့ရသူ တဦးဖြစ်သူ ဦးမျိုးသန့်က “ဒီအကြမ်းဖက်မှုမှာ ဦးမြင့်ဆွေ (ရန်ကုန်တိုင်း ဝန်ကြီးချုပ်) အစိုးရအဖွဲ့ တရပ်တည်းမှာ တာဝန်ရှိတာ မဟုတ်ဘူး။ တာဝန်ယူမှု တာဝန်ခံမှုဆို တာ အောက်ကိုလည်း ဆင့်ကဲ ဆင့်ကဲ ရှိသလို၊ အထက်ကိုလည်း ဆင့်ကဲ ဆင့်ကဲ တင်ပြရတာရှိတယ်။ သူတို့ (ပြည်ထောင်စု အစိုးရ) က မီးစိမ်း ပြလိုက်လား၊ မပြလိုက်လား ကျနော်မသိဘူး။ တကယ် တာဝန်အရှိဆုံးက ပြည်ထောင်စု အစိုးရပေါ့”ဟု ဧရာဝတီသို့ ပြောသည်။


ယခုလုပ်ရပ်အတွက် အစိုးရ အဖွဲ့မှာသာမက အာဏာရ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီမှာပါ တာဝန်ရှိသဖြင့် အာဏာရပါတီအနေဖြင့် တရားဝင် ဖြေရှင်းပေးသင့်ကြောင်း၊ ဆန္ဒပြမှုတွင် အကြမ်းဖက် ဖြိုခွင်းခံရသူများအနေဖြင့် ပြည်တွင်း တရားရုံးတွင်သာမက နိုင်ငံတကာ တရားရုံးများသို့ပါ တိုင်ကြားသင့် ကြောင်းလည်း နိုင်ငံရေး လေ့လာ သုံးသပ်သူ ဒေါက်တာရန်မျိုးသိမ်းက ပြောသည်။
ဧရာဝတီက တွေ့ဆုံမေးမြန်းခဲ့သူ လက်ပတ်နီ တဦးက သူသည် ယခုဖြစ်စဉ်တွင် ပါဝင်ခဲ့သလို ၂၀ဝ၇ ရွှေဝါရောင် တော်လှန်ရေးတွင်လည်း ဘုန်းကြီးများကို ရိုက်နှက်ရာတွင် ပါဝင်ခဲ့ဖူးကြောင်း ပြောပြသည်။ ထို့ကြောင့် ထိုသို့ ရမ်းကားသူ လက်ပတ်နီများကို ကြည့်ပြီး “စွမ်းအားရှင် တကျော့ ပြန်လာပြီ” ဟု လူအများက သုံးသပ်ကြခြင်း ဖြစ် သည်။


သန့်ရှင်းသော အစိုးရ၊ ကောင်းမွန်သော အုပ်ချုပ်ရေးစနစ်၊ ပွင့်လင်းမြင်သာမှုနှင့် တာဝန်ခံမှု တို့ကို တွင်တွင် ပြောဆိုပြီး ဒီမိုကရေစီရေး အပြောင်း အလဲ လုပ်ဆောင်နေသည်ဟူသော အချိန်တွင် အစိုးရအနေဖြင့် ခေတ် နောက်ပြန်ဆွဲ ရမ်းကားမှုများ အပေါ် တာဝန်မခံပါက နိုင်ငံရေးယုံကြည်ချက် ပျောက်ဆုံးကာ ရှေ့အလားအလာ မကောင်းနိုင်။
လူမိုက်အားပေးလုပ်ရပ်ကို အစိုးရက မှားကြောင်း ဝန်ခံ၍ တရားဝင် စုံစမ်းစစ်ဆေးမှုများ လုပ်ဆောင်မည်ဆို လျှင် မြန်မာပြည်ရဲ့ ပြုပြင် ပြောင်းလဲရေးမှာ မျှော်လင့်ချက်တချို့ ရှိမည်ဖြစ် သည်။ ထိုသို့ မဟုတ်ဘဲ လူရမ်းကား လက်ပတ်နီများကို တာဝန်မဲ့ ဆက်လက် အသုံးပြုနေမည် ဆိုပါက မြန်မာပြည်သည် အဆိုးကျော့ သံသရာထဲ ရေစုန်မျောပြီဟုသာ ဆိုရပေတော့မည်။


လီကွမ်ယု အထင်မသေးရဲလောက်တဲ့ မြန်မာလူတော်တွေ




လီကွမ်ယု အထင်မသေးရဲလောက်တဲ့ မြန်မာလူတော်တွေ

======================================


“အရောင်မွဲခြောက်ခြောက် မြင်း၂ ကောင်က မြင်းဖြူလေး မွေးဖို့ဆိုတာ တော်တော်ခက်ခဲပါတယ်။ အထီးရော အမရော မြင်းဖြူဆိုရင် မြင်းဖြူလေးရဖို့ ရာခိုင်နှုန်းပိုများတာပေါ့။
ပညာတတ်တစ်ယောက်က ပညာတတ်တစ်ယောက်ကို လက်ထပ်လိုက်တယ်။ ကလေးတွေ ရလာတော့ သူတို့ကလေးတွေက အလုပ်ကြမ်းသမား ကလေးတွေထက် ပိုတော်ဖို့များတာပေါ့။ အလုပ်ကြမ်းကလေးသမားတိုင်း ညံ့တယ်လို့တော့ မပြောပါဘူး။


ဟန်ဖု(က်)ကွမ်နဲ့အဖွဲ့တို့ လီကွမ်ယုကို ဝိုင်းဝန်းအင်တာဗျူးစဉ် ဖြေကြားခဲ့တဲ့ စကားလေး တစ်ခွန်းပါ။
လီကွမ်ယုဟာ သူအုပ်ချုပ်စဉ်ကာလမှာ ကလေး ၂ယောက်ထက် ပိုမယူဖို့ ၊ပိုယူခဲ့ရင် ကြီးလေးတဲ့ ဒဏ်ကြေးတပ်တဲ့ ဥပေဒထုတ်ပြန်ခဲ့ပါတယ်။ အခြေခံလူတန်းစားက ကလေးတွေအများကြီးယူပြီး စင်ကာပူမှာ ခပ်ထူထူ လူတွေ များလာမှာ စိုးလို့ဖြစ်တယ်လို့ ခပ်ရှင်းရှင်းပြောခဲ့ပါတယ်။ ပညာတတ်လူတန်းစားတွေက ဒဏ်ကြေးပေးနိုင်လို့ ကလေး ၂ယောက်ထက်ပိုယူချင် ယူဆိုတဲ့ သဘောပေါ့။


အခြားနိုင်ငံတွေက ပညာ သိပ်တော်သူလာမယ်ဆိုရင် စင်ကာပူကအမြဲ welcome ပါပဲ။ citizenship အလွယ်တကူ ရပါတယ်။ လီကွမ်ယုက မြင်းဖြူလေးတွေ မရမှာ အမြဲပူနေတတ်ပါတယ်။ သူ့နိုင်ငံမှာလည်း လူဦးရေ ၃ သုံးသန်း ကျော်ပဲ ရှိလို့ လူတော် ရွေးရတာ ခက်ခဲတယ်လို့ အမြဲ ညဉ်းညူ တတ်ပါတယ်။
သူ့ကို ဆက်ခံတဲ့ ဝန်ကြီးချုပ် ဂိုချောက်တောင် ကလည်း စင်္ကာပူနိုင်ငံ သား များ တွင် လူတော်တွေ မများကြောင်း .. သာမာန်အဆင့်ပြည်သူများသာ ရှိကြတယ်လို့ ဝန်ခံပါတယ်။ ဒါကြောင့်လည်း စင်ကာပူဆီကို ယိုစီးလာတဲ့ ဦးနှောက်တွေကို ဖမ်းဖို့ အစီအမံကောင်းကောင်း ချထားပါတယ်။
လီကွမ်ယုက တရုပ်၊ အိန္ဒိယနိုင်ငံသားတွေ တော်ကြတယ်။ ဗီယက်နမ်ကလည်း လူတော်တွေလာတယ်။ သူက အလယ်အလတ် ဦးနှောက်ပိုင်ရှင်လို့ ဒဲ့ပြောတဲ့နိုင်ငံတွေက အင်ဒိုနီးရှား၊ ဖိလစ်ပိုင်၊ ဘင်္ဂလားဒေ့ရှ်တို့ပါပဲ။


- မြန်မာနိုင်ငံကိုတော့ စိတ်နာနေလို့ ထည့်မပြောပေမယ့် တော်တဲ့နိုင်ငံတွေထဲမှာထည့်ထားပုံရပါတယ်။ ဒါကြောင့် ၁၉၈၉ တံခါးဖွင့်ပြီလဲဆိုရင် မြန်မာပြည် တိုးတက်တော့မယ်တွက်ပြီး ဟိုတယ်လုပ်ငန်းရှင် အများအပြားကို ရင်းနှီးမြုပ်နှံဖို့ ခေါ်ဆောင်လာခဲ့တာပေါ့။ ဒါပေမယ့် ဗိုလ်ချုပ်တွေက ရွေးကောက်ပွဲနိုင် ပါတီကို အာဏာ မလွှဲဘဲ ကတိဖျက်တော့ မှန်းချက်နဲ့ နှမ်းထွက် မကိုက်ဖြစ်ခဲ့ရတယ်။
စင်ကာပူမှာ နိုင်ငံခြားသား ၁ သန်းကျော်ရှိပြီး မြန်မာလူမျိုး တစ်သိန်းခန့်ရှိတယ် ခန့်မှန်းကြတယ်။


“မြန်မာစီတီဇင်း ကလေးတွေဟာ ကျောင်းစတက်တော့ အင်္ဂလိပ်စာလည်း မကျွမ်းနဲ့ အူတူတူ အတတလေးတွေ။ ဒါပေမယ့် ၄ - ၅ နှစ်ကြာရော အတန်းထဲမှာ ထိပ်ဆုံးတွေရောက်ကုန်ရော” လို့ လီကွမ်ယု ဆိုတဲ့ စကားကြည့်ရင် သူဟာ မြန်မာနိုင်ငံကိုလည်း အထင်မသေးဘူးဆိုတာ သိနိုင်ပါတယ်။
စစ်အုပ်ချုပ်ရေး အောက်မှာ ဖိနှိပ်အုပ်ချုပ်ခံရပြီး ပညာရေးစနစ်လည်း မကောင်းခဲ့တော့ ဗဟုသုတ နည်း အင်္ဂလိပ်စာ ညံ့ပြီး အူတူတူ ပုံစံဖြစ်ချင်ဖြစ်မယ်။ ဒါပေမယ့် ဘယ်ကျောင်းမှာ ဖြစ်ဖြစ၊် ဘယ်အလုပ်မှာဖြစ်ဖြစ် အချိန်တိုအတွင်း သင်ယူတတ်မြောက်နိုင်စွမ်းတော့ ရှိကြတယ်။ ကျောင်းတွေ၊ တက္ကသိုလ်တွေမှာ၊ သင်္ဘောပေါ်မှာနဲ့ shore job တွေ မှာ မြန်မာတွေဟာ တော်တယ်လို့ပဲ နာမည်ထွက်ပါတယ်။


ဟိုတနေ့က DVB သတင်းတစ်ပုဒ်ကြည့်လိုက်ရတယ်။ မြန်မာရွေ့ပြောင်းအလုပ်သမား အိမ်ထောင်စုထဲက ကလေးတစ်ဦးက ထိုင်းကျောင်းမှာ ထိုင်းလိုသင်တာတောင် အဆင့် ၁ အမြဲရတယ်ဆိုတဲ့ သတင်းပေါ့။ လီကွမ်ယုစကားနဲ့ဆိုရင် မြင်းညိုလေးတွေက ရှားရှားပါးပါး မြင်းဖြူလေးမွေးတာပေါ့။
အင်္ဂလန် နိုင်ငံ City & Guilds International ( UK )က တိုက်ရိုက် စစ်ဆေး သော စာမေးပွဲမှာ တစ်ကမ္ဘာလုံး အတော်ဆုံး အင်ဂျင်နီယာ ကျောင်းသား အဖြစ် မန္တလေး မှ ကျောင်းသား မောင်အာကာဟိန်း မြို့ပြ အင်ဂျင်နီယာ ဘာသာရပ်မှာ ရွှေတံဆိပ်ဆု ရခဲ့ပြန်တယ်။

 
အမျိုးထဲမှာ ၃ နှစ်ကျော်အရွယ် ကလေးမလေးရှိတယ်။ ၂ နှစ်ကျော်လောက်ထဲက သူကြိုက်တဲ့ သီချင်းကို ၃ ခေါက်လောက်ဖွင့်ပေးလိုက်၊ အလွတ်လိုက်ဆိုနိုင်သွားတယ်။ ၂ နှစ်ခွဲလောက်မှာ ကကြီး၊ ခခွေး ရသွားတော့ အ အာ အိ အီ တွေ မသင်ရသေးဘူး။ သတင်းစာ ကောက်ကိုင် ဖတ်တယ်။ ဗီဒီယို စာတန်းထိုးတွေ လိုက်ဖတ်နိုင်တယ်။ လမ်းက ဆိုင်းဘုတ်တွေ ဖတ်တယ်။ ပါတ်ဆင့် တွေကလွဲပြီး ဖတ်နိုင်တယ်။


-မြန်မာလူမျိုးတွေ ညဏ်ကောင်းတယ်ဆိုတာ ဗုဒ္ဓတရားနဲ့ ကွက်တိပါပဲ။ ဗုဒ္ဓက သိပ်ဥာဏ်ထက်တဲ့သူတွေဟာ အရင်ဘဝက ခန္ဓာ ဥာဏ်ရောက် ဝိ ပ ဿ နာ တရားကျင့်သူတွေ လို့ဆိုတယ်။ ဝိ ပ ဿ နာ ကျင့်ထားဘူးသူတွေဟာ အရိယာ အဆင့်ဆင့် တက်လှမ်းဖို့ ဗုဒ္ဓဘာသာ နိုင်ငံတွေမှာ လူပြန်ဝင်စားကြပြီး တရားထပ် ကျင့်ကြမယ်။ ဒါကြောင့် မြန်မာနိုင်ငံမှာ ဥာဏ်ရည်ထက်မြက်တဲ့ လူတော်လေးတွေ မရှားတာဖြစ်မယ်။
လီကွမ်ယု အထင်မသေးရဲလောက်အောင်လည်း မြန်မာလူတော်တွေက ကမ္ဘာမှာ အထင်အရှားပဲလေ။


၁။ ကမ္ဘာ့ မှတ်ညဏ်အကောင်းဆုံးလူသားအဖြစ် ဂင်းနက်စ်စာအုပ်မှာ မှတ်တမ်းတင်ခံရတဲ့ မင်းကွန်းဆရာတော်ကြီး


၂။ အာရှမှ ပထမဦးဆုံး ရွေးချယ်တင်မြှောက်ခံရတဲ့ ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူး ဦးသန့်(သက်တမ်း ၂ခါဆက်)


၃။ သန့်မြင့်ဦး၊ ကမ္ဘာ့ တွေးခေါ်မှုအကောင်းဆုံး ပညာရှင် နံပါတ် (၁၅)


၎။ အမေရိကန်လွှတ်တော်ထဲထိ ခေါ်ပြီ ဂုဏ်ပြုချီးကျူရတဲ့ ဆူရှီဆိုင်လုပ်ငန်းရှင် ဖိလစ်မောင် (အမေရိကန်ရောက်စဉ် ၁၃ ဒေါ်လာသာရှိပြီး ယခု ဆိုင်ခွဲများစွာပိုင်လာခဲ့)


၅။ HTC smart phone ကုမ္ပဏီ CEO - မစ္စတာ ပီတာချူ


၆။ နာဆာ Ames Reserch Center မှာ အလုပ်လုပ်တဲ့ အင်ဂျင်နီယာ ဦးခင်ကျော် စတဲ့ မြောက်များစွာတဲ့ မြန်မာလူတော်တွေ ရှိကြတယ်လေ။


မင်းတို့နိုင်ငံက လူတော်တွေ ရှိတယ်သာဆိုတယ်၊ ဘယ်လိုဖြစ်ပြီး အဆင်းရဲဆုံးနိုင်ငံထဲရောက်နေရတာလဲလို့ အပြစ်ပြောစရာတော့ ရှိပါတယ်။ ဖြေရတော့ ခက်ခက်ပါပဲ။ ဒါပေမယ့် လီကွမ်ယု စကားယူသုံးပြီးဖြေလိုက်မယ်။ အပြေးသန်တဲ့ မြင်းဖြူလေးတွေ ရှိပါရက်နဲ့ မြင်းညိုအုပ်စုက ပိတ်ဆို့နေမှတော့ ဘယ်လို ရှေ့တန်းရောက်နိုင်တော့မှာလဲဗျာ။
၂၀၁၁ ဝီကီလိဒ်ပေါက်ကြားမှုထဲမှာတော့ လီကွမ်ယုကလည်း မြန်မာဗိုလ်ချုပ်တွေ ရဲ့ အရည်အချင်းကို နားလည်တယ်ဗျ။ stupid generalညံ့ဖျင်းတဲ့ဗိုလ်ချုပ်တွေလို့ဆိုထားပြီး သူတို့နဲ့ ပြောရတာဟာ လူသေကောင်တွေကို ပြောရသလိုပဲတဲ့ဗျာ။


Shwe Moe Hein ၏ မြင်းဖြူ မြင်းညို ဒသန

“ကျောင်းသားတွေ နိုင်တယ်“


ဒီ (၁၀) ချက်ဟာ ... “ကျောင်းသားတွေ နိုင်တယ်“ ... ဆိုတဲ့ ၁၀ ချက်ပါပဲ။

လက်ပံတန်း ဖြစ်ရပ် တစ်ခုတည်း “ကွက်“ ကြည့်ရင် .. အဖြိုခွဲခံရတယ်။ အဖမ်းခံရတယ်ပေါ့။ တချို့အမြင်မှာ ရှုံးတယ် မြင်နိုင်တယ်။ ကျွန်တော်ကတော့ သူတို့ကို စတင်ဖြိုခွဲလိုက်တယ်လို့ သိရတဲ့ အချိန်ကတည်းက ... “ကျောင်းသားတွေနိုင်တယ်“ ဆိုတာကို သေချာကို ပြောခဲ့၊ ရေးခဲ့ပါတယ်။


ဘာလို့ ပြောနိုင်သလဲ ဆိုတော့ .. နိုင်ငံရေး ဖြစ်စဉ်ကြီး တစ်ခုလုံးအတွက် သက်ရောက်မှုကို ပြန်ကြည့်။ ကျောင်းသားတွေက အပြတ်အသတ်နိုင်သွားတယ်။


..သေချာတဲ့ အနီးကပ် အနိုင်ရမှုတွေက ..


(၁) လက်ပတ်ဝတ် စွမ်းအားရှင်၊ တာဝန် ဆိုတဲ့ ကောင်တွေရဲ့ ကဏ္ဍကို တစ်ခန်းရပ်နိုင်ခဲ့တယ်။


(၂) ရဲတွေကို စစ်တပ်က ကောင်တွေက ထိန်းချုပ် အမိန့်ပေးနေတာဖြစ်ပြီး စစ်တပ်ဟာ ဒီနေ့အထိ လူမိုက် လူရမ်းကားတွေ အပြည့်ရှိနေသေးတယ် ဆိုတာကို သက်သေပြနိုင်ခဲ့တယ်။


(၃) ၂၀၁၀ အစောပိုင်းကာလတွေမှာ ဒီမိုကရေစီ ပြောင်းလဲရေး ဆိုပြီး အမှတ်တွေယူ၊ အခွင့်အရေးတွေ ယူနေတဲ့ ချိတ်ထမိန်ဝတ် သိန်းစိန်နဲ့ လူစိမ်းတသိုက်ဟာ ဒီမိုကရေစီ သူရဲကောင်းတွေ မဟုတ်ဘဲ .. အာဏာရူးဖွတ်တွေ ဖြစ်တယ် ဆိုတာကို အပြီးသတ် ပြနိုင်လိုက်တယ်။


(၄) ပညာရေး ဥပဒေဟာ ပြင်ကို ပြင်ရမယ် ဆိုတာကိုလည်း ပြည်သူတွေ အားလုံး အာရုံစိုက်လာအောင် လုပ်ပြနိုင်ခဲ့တယ်။


(၅) လက်ရှိ အစိုးရဟာ ပြည်သူ့အကျိုးထက် ကိုယ်ကျိုးကြည့် အစိုးရ ဖြစ်တယ် ဆိုတာ ပြသနိုင်ခဲ့တယ်။


(၆) ၂၀၁၅ ရွေးကောက်ပွဲအတွက် အတိုက်အခံ ပါတီတွေအတွက် မဲဆွယ်ပေးနိုင်ခဲ့တယ်။


(၇) ၂၀၁၅ ရွေးကောက်ပွဲ အတွက် ... ဘာသာရေး၊ လူမျိုးရေး အဓိကရုဏ်းတွေနဲ့ အတိုက်အခံတွေကို နှစ်ရှည်လများ စနစ်တကျ အစီအစဉ်ချပြီး သိက္ခာချခဲ့တဲ့ ပရောဂျက်ကြီး တစ်ခုလုံး ကျောင်းသားတွေရဲ့ ၂ လတာ လုပ်ဆောင်မှု အောက်မှာ နစ်မြုပ်သွားခဲ့တယ်။


(၈) ကျောင်းသား သမဂ္ဂကို နှစ်ပေါင်များစွာ ဖျက်စီးခဲ့ပေမယ့် ကျောင်းသား ရှိရင် ကျောင်းသား သမဂ္ဂရှိတယ်။ လိုအပ်ရင် ကျောင်းသားတွေက ညီညီညွတ်ညွတ်နဲ့ နိုင်ငံရေးမှာ ပါဝင်တယ်ဆိုတဲ့ သမိုင်းကို သက်သေထပ်ပြနိုင်ခဲ့တယ်။


(၉) .နိုင်ငံတကာမျက်နှာစာမှာ သိန်းစိန်ရဲ့ ဟန်ဆောင်ထားတဲ့ သရုပ်မှန်ကို အပြည့်အဝ ပျက်စီးစေခဲ့တယ်။


(၁၀) နိုင်ငံရေး အခင်းအကျဉ်း တစ်ခုလုံးမှာ စစ်တပ်က ကောင်တွေက ဒီမိုကရေစီ လိုလားလို့ ဦးဆောင် လုပ်နေသယောင် ထင်ယောင်မှား ဖြစ်နေခဲ့တာကို ...မဟုတ်ကြောင်း သက်သေပြနိုင်ခဲ့တယ်။


ဒီ (၁၀) ချက်ဟာ ... “ကျောင်းသားတွေ နိုင်တယ်“ ... ဆိုတဲ့ ၁၀ ချက်ပါပဲ။


ပညာရေး စနစ် ပြုပြင်ဖို့ ဆိုတာ နိုင်ငံရေး ဖြစ်စဉ်ထဲကနေ မွေးဖွားလာတဲ့ ဖြစ်ရပ်တစ်ခု။ .နိုင်ငံရေးဖြစ်စဉ် ဆိုတာက အဲဒီလို ဖြစ်ရပ်လေးတွေ စုပေါင်းထားတာ မဟုတ်ပါလား။


(ကိုထိုက်)
.
Credit : Thant Htike
.


13 Mar 2015

The Irrawaddy Weekly Journal - Vol 2, No 11



The Irrawaddy Weekly Journal - Vol 2, No 11 ကို download လုပ်ပြီး ဖတ်ရှုနိုင်ပါပြီ။
 
 



http://burma.irrawaddy.org
 

9 Mar 2015

ရယ်ပြသော ရုပ်ပွားတော်



ခုရက်ထဲ လိုင်းပေါ်မှာ မျက်လုံးတော် တစ်ဖက်မှိတ်တဲပုံတော်တွေ စကားပြောတဲ့ ဗွီဒီယို ဖိုင်တွေ ရယ်တော်မူတဲ့ ပုံတွေ တက်တက်လာတာတွေတွေ့နေရတယ်
ပြုံးတော်မူတာတောင် အကြောင်းရှိမှ ပြုံးတော်မူတဲ့ အတုမရှိဗုဒ္ဓမြတ်စွာကို မဖွယ်မရာ အကြည်ညိုပျက်စရာတွေ လုပ်တာကို မြင်ရတာဟာ ဘာသာသာသနာအတွက် ဝမ်းလည်းနည်းမိပါတယ်..


ဗုဒ္ဓဘာသာ အများစုဟာ ကြည်ညိုလွန်းတဲ့ သဒ္ဓါတရားတွေ အရမ်းများပြီးတော့ အကောင်းအဆိုးအကြောင်းအကျိုး အမှားအမှန်ကို ဝေဖန်ပိုင်းခြားတတ်တဲ့ ပညာဥာဏ်ကြ အရမ်းနည်းကြပါတယ်။


ဒီဥာဏ်နည်းတဲ့အတွက် သူများလိမ်တိုင်းပတ်တိုင်း ခံနေရခြင်းဖြစ်ပါတယ်။
အာ့ကြောင့် ဒီအကြောင်းနဲ့ ပတ်သက်ပြီး သိစေချင်တဲ့အတွက်မေတ္တာရှင်ဆရာတော်ရဲ့ ထေရဝါဒမှတ်ကျောက်စာအုပ်မှ ကောက်နုတ်တင်ပြချက်များကို မျှဝေပေးလိုက်ပါတယ်။
ဆုံးအောင်ဖတ်ပေးစေချင်ပါတယ်။


ရယ်ပြသော ရုပ်ပွားတော်
•••••••••••••••••••••••

၁၉၉၈ ခုနှစ်ခန့်က အမေငြိမ်းအမည်ရှိသော သားဖွားဆရာမကြီးတစ်ဦးသည် အသိမိတ်ဆွေတစ်အိမ်တွင် ရယ်လည်းရယ် မျက်စိလည်းဖွင့်ပြသော ရုပ်ပွားတစ်ဆူ ပင့်ထားသည်။
ယင်းရုပ်ပွားတော်အား ဆရာတော်ဖူးမျှော်ရန်လိုက်ခဲ့ပါဟု ပင့်သဖြင့် ဗဟုသုတရအောင် လိုက်သွားခဲ့၏
ပင့်ထားသောအိမ်က သူဌေးအိမ်ဖြစ်၏။ ဘုရားပုံတော်ကို ကြည့်လိုက်သောအခါ ဒက္ခိဏာသာခါပုံပင်ဖြစ်နေ၏။ 


ရွှေ ငွေ ကျောက် သံ ပတ္တမြားတို့ဖြင့် စီချယ်ထားလိုက်သည်မှာလည်း ဘုရားပုံတော်ပင် ပျောက်လုမခန်း ဖြစ်နေ၏။ ပင့်သူများကလည်း ထိုသို့အဖိုးတန်ပစ္စည်းများပါမှ ဂုဏ်ယူဝင့်ကြွားစွာ သူ့ထက်ငါ ပင့်ကြ၏။


ထိုသို့လူပင့်များသော ရုပ်ပွားမှန်သမျှတွင် ရတနာများ ညွတ်နေအောင် ဆင်ထားခြင်းဖြစ်၏။ အမြင်ရအဆိုးဆုံးကား ဗုဒ္ဓရုပ်ပွားတော်ကို ဆွဲကြိုးများ ထပ်နေအောင် ဆွဲထားခြင်းပင်ဖြစ်၏။ ရွှေ ငွေ ကျောက် သံ ပတ္တမြားတို့ကို ဘုရားရှင်ကိုယ်တော်တိုင်ပင် မသုံးဆွဲသလို တပည့်ရဟန်းများကိုလည်း မသုံးဆွဲရပါ။


ထိုသို့ ရွှေ ငွေ ကိုပယ်ထားသော ဗုဒ္ဓရုပ်ပွားတော်အား ရွှေ ငွေ များ ညွတ်နေအောင် ဆင်ခြင်းသည် မည်သို့မျှ မသင့်တော်ပေ။


ယခုကဲ့သို့ သိပါလျှက် ရတနာများကို ဆက်လက်ဆင်မြန်းနေမည် ဆိုလျှင် ဗုဒ္ဓဂရုက - ဘုရားကို အလေးထားခြင်း မဟုတ်တော့။ လာဘဂရုက - လာဘ်လာဘကို အလေးထားခြင်းသာ ဖြစ်၏။
ဗုဒ္ဓဂရုကသည် ဘုရားကို ကြည်ညိုသော သဒ္ဓါဓာတ် (ကုသိုလ်တရား) သာဖြစ်သည်။
လာဘဂရုကကား လာဘ်ကိုလိုချင်သော လောဘဓာတ်(အကုသိုလ်တရား)သာဖြစ်သည်။
ရုပ်ပွားပိုင်ရှင်များသည် လောဘစသော ကိလေသာကင်းသော ဘုရားကို အကြောင်းပြုပြီး မိမိကိုယ်တိုင် လောဘကင်းအောင် ကြိုးစားသင့်သည်။ လောဘပွားအောင်ကား မပြုလုပ်သင့်။
စာရေးသူတို့သည် ရုပ်ပွားတော်ကို သုံးနာရီကြာအောင် ထိုင်ဖူးသော်လည်း ရုပ်ပွားကရယ်လည်းမရယ် ပြုံးလည်းမပြုံးပြပေ။ ထို့ကြောင့် ရုပ်ပွားတော်နှင့် အတူပါလာသော ဥပါသကာကို မေးရ၏။


" ဒကာကြီးတို့ ရုပ်ပွားတော်က ဘာမှလည်းလုပ်မပြပါလား "
" ဒီလိုရယ်တာ မျက်စိဖွင့်တာ ပိတ်တာက အိမ်တိုင်းမှာတော့ မဖြစ်ဘူး ဘုရား တချို့အိမ်မှာပဲ ဖြစ်တာပါ ဘုရား "
ဒကာကြီးရေ ဦးပဉ္ဇင်းတို့ ကြားဖူးတာက --
သံဃာညွှန်ညစ် ကျွနစ်ဟိန္ဒဂူ
သားချစ်ရာဟု မျှော်ရှုပုံတူ
ကြည်းကုန်းထက်သို့ ဆွဲလျှက်တင်သူ
ကျွန့်ထိပ်ဦး ကွန့်မြူးစံတော်မူ……တဲ့။
" ဘုရားရှင်ဟာ ဝေနေယျ သတ္တဝါဟူသမျှကို ရင်သွေးရာဟုလာကဲ့သို့ တစ်တန်းတစားတည်း မေတ္တာထားတော်မူတာပါ ဗုဒ္ဓကို သုံးကြိမ်တိုင်တိုင်သေကြောင်းကြံခဲ့တဲ့ ဒေဝဒတ်အပေါ်မှာတောင် မေတ္တာပျက်တော် မမူပါဘူး။


ဒီလိုစိတ်ထားမျှတတော်မူတဲ့ ဘုရားရှင်က ဟိုအိမ်ကျတော့ မျက်လုံးဖွင့်ပြ ဒီအိမ်ကျတော့ ဖွင့်မပြဆိုရင်မျက်နှာလိုက်သလို ဖြစ်မနေဘူးလား။ "

စကားအဆုံးတွင် ထိုသူသည် စာရေးသူကို မကြည်သော အကြည့်ဖြင့် လှမ်းကြည့်နေ၏။စာရေးသူက မမြင်ဟန်ဆောင်ပြီး သည်းခံနေလိုက်၏။

ထိုသူသည် ချိုကြည့်ကြည့်ပြီးသည်နှင် အပြင်ကို ချက်ချင်းထွက်သွား၏။ ခဏကြာလျှင် ဗီဒီယိုအခွေကိုင်ပြီး ပြန်ရောက်လာ၏။ ရင်ကော့ကာ စစ်အောင်နိုင်သူ၏ လေသံမျိုးဖြင့် ……
" ရယ်ပြတာ မျက်စိမှိတ်ပြတာတွေကို ဗီဒီယိုရိုက်ထားတာ ရှိပါတယ် အရင်ပင့်တဲ့အိမ်က ကြည့်မပြီးသေးဘူးဆိုလို့ ချက်ချင်းယူမလာတာပါ အခုယူလာခဲ့ပြီ ကြည့်ပါ "
ဟု ဆိုပြီး အခွေကို ထည့်လိုက်၏ ခဏကြာလျှင် ထူးမခြားနားသီချင်းသံဖြင့် ဘုရားဘွဲ့တော် အပူဇော်ခံရာမြို့ ရပ်ကွက် အိမ် နံပါတ်နှင့်အတူ ရယ်နေသော ဘုရားပုံတော် ပေါ်လာ၏။
ဗုဒ္ဓရှင်တော်မြတ်သည် ပြုံးရုံသာ ပြုံးတော်မူလေ့ရှိ၏။ အော်ဟစ်ရယ်မောခြင်း မျက်ရည်ထွက်အောင်ရယ်ခြင်း ရှေထိုးနောက်လန် ရယ်ခြင်း ဟူသော လူညံ့ရယ်ခြင်းမျိုးကို မည်သည့်အခါမျှ ရယ်တော်မမူပေ။ 


ဗုဒ္ဓ၏ အာဝေဏိကဂုဏ်တော်(၁၀)ပါးတွင် နတ္ထိရဝါ-မြူးထူးရယ်မောခြင်း မရှိ ဟူ၍ ပြဆိုထားသည်။
ယခုရယ်နေသော ရုပ်ပွားတော်၏ ပါးစပ်သည်ကား ဦးတည်ဘွားပါးစပ်ထက်ပင် ကျယ်ဦးမည်ထင်၏။ သွားကြီးများပင် ပေါ်နေသည်ကို တွေ့ရ၏။ ဗီဒီယိုကို လှည့်စားပြီး ရိုက်ထားခြင်းသာ ဖြစ်သည်။ လိမ်သောသူသည် မပိမယိဖြစ်နေတော့သည်။ 

မြတ်စွာဘုရား ပြုံးရုံသာ ပြုံးသည် ဆိုသည်ကို သူတို့တစ်တွေ မကြားဖူးသောကြောင့် ပါးစပ်ပြဲပြီး ရယ်သောပုံကို ရိုက်ပြထားခြင်း ဖြစ်၏။

မိနစ်အတော်ကြာသောအခါ မျက်စိဖွင့်သောပုံ ပေါ်လာပြန်သည်။ တကယ်ဆိုရင် ဣနြေ္ဒရရဖြစ်အောင် နှစ်ဖက်စလုံးဖွင့်သောပုံ ဖြစ်သင့်၏။
ယခုက ဘုရားပုံဖြစ်လျှက် မျက်လုံးတစ်ဖက်သာ ဖွင့်ထားပြီး တစ်ဖက်က မှိတ်လျှက်သာ ဖြစ်၏။
မျက်လုံးတစ်ဖက်မှိတ်ရသော အလုပ်မှာ မည်သူကမည်သူ့ကို လုပ်ပြခြင်းဖြစ်ကြောင်း အရွယ်ရောက်သူတိုင်း သိနိုင်၏။

မျက်စိတစ်ဖက် ဖွင့်ပြသောပုံကို ရိုက်ပြလိုက်လျှင် မျက်စိတစ်ဖက်မှိတ်ပြသော ကလေကလားဆန်သော ပုံဖြစ်သွားမည်ကို မုသာဝါဒီ ဗီဒီယိုဆရာ ဓါတ်ပုံဆရာတို့ သတိထားမိဟန် မတူပေ။
ကျွန်ုပ်တို့ ကျောင်းသို့ပြန်ရောက်သောအခါ ပင့်သွားသူ အမေ့ငြိမ်းက
" ဆရာတော် အံသြစရာ မကောင်းဘူးလားဘုရား "
" အံ့သြစရာမကောင်းပါဘူး စိတ်ပျက်ဖို့ပဲ ကောင်းပါတယ် "
" ဘာဖြစ်လို့လဲ ဘုရား"
" ဒကာမကြီး စဉ်းစားကြည့်ပေါ့ တကယ်အစစ်အမှန်ဆိုရင် ဦးပဉ္ဇင်းတို့ ရှေ့မှာတင် ရယ်ပြ မျက်လုံးဖွင့်ပြရမှာပေါ့ အခုတော့ လုပ်ကြံပြီး ရိုက်ထားတဲ့ ဗီဒီယိုဘဲ ပြတယ် ဒီကတည်းက လိမ်နေတယ်ဆိုတာ အထင်အရှားပဲ ဒီလိုလိမ်တာကလည်း အလွယ်လေးပါ ရုပ်ပွားခေါင်းတော်ကို အရှင် သုံးမျိုး လုပ်ထားရတယ်
တမျိုးက ရိုးရိုးခေါင်း တစ်မျိုးက ရယ်နေတဲ့ခေါင်း နောက်တစ်မျိုးက မျက်လုံးတစ်ဖက်ဖွင့်လိုက် ပိတ်လိုက်လုပ်တဲ့ခေါင်းပေါ့ "

" ဒါဆိုလည်း ဆရာတော် အိမ်ရှင်တွေကို လိမ်နေတာ ဖြစ်ကြောင်း တစ်ခါတည်း ရှင်းပြခဲ့ရောပေါ့ "
" လိမ်စားနေတဲ့သူဟာ အကုသိုလ်ဖြစ်တာပါ အလိမ်ခံရတဲ့သူတွေကတော့ သဒ္ဓါဓာတ်တွေ နိုးကြားတက်ကြွနေကြတော့ ကုသိုလ်တွေ ဖြစ်နေတာပေါ့ သူတို့ရဲ့ ဖြစ်ပွားနေတဲ့ ကုသိုလ်လေးတွေ ချက်ချင်းပျက်သွားမှာစိုးလို့ မပြောခဲ့သေးတာပါ နောက်တော့ ဒီအကြောင်းကို ဆောင်းပါးရေးဦးမှာပါ နောက်တဖြည်းဖြည်းမှ ဒကာမကြီးကိုယ်တိုင်ကလည်း ရှင်ပြလိုက်အုန်းပေါ့ "


*မေတ္တာရှင် ရွှေပြည်သာ*


 May Myanmar

လက်ပတ်အနီဝတ်အရပ်သားအချို့ ပြည်သူကို တောင်းပန်လိုဟုဆို

မတ်လ ၅ ရက် ညနေက ငြိမ်းချမ်းစွာဆန္ဒပြနေသော ကျောင်းသားနှင့်ပြည်သူများကို တာဝန်နှင့်စည်းကမ်းဟု လက်ပတ်အနီဝတ်ထားသည့် အရပ်သားများနှင့် ရဲတပ်ဖွဲ့က အကြမ်းဖက်ဖြိုခွင်းနေစဉ် (ဓာတ်ပုံ − ခင်မောင်ဝင်း/အေပီ)
 

ဆူးလေစေတီအနီးတွင် မတ်လ ၅ ရက်က ငြိမ်းချမ်းစွာ ဆန္ဒပြနေသော ကျောင်းသားများ နှင့်   ပြည်သူအချို့ကို အဓိကဖြိုခွင်းခဲ့သည့် လက်ပတ်အနီဝတ်အရပ်သားများ၌ ကြည့်မြင်တိုင် တစ်ဖက်ကမ်းရှိ ရပ်ကွက်နှင့် ကျေးရွာများမှ အမျိုးသားအချို့ ပါဝင်နေပြီး ၎င်းတို့ထဲမှ အချို့မှာ ဖြစ်စဉ်ကို ဂဃနဏမသိဘဲ လိုက်ပါခဲ့ရကာ ကျောင်းသားများကို ရိုက်မိသည့်အတွက် ပြန်လည် တောင်းပန်လိုကြောင်း မိသားစုဝင်အချို့က 7Day Dailyအား ပြောသည်။

လူမှုကွန်ရက်နှင့် မီဒီယာများတွင် ပျံ့နှံ့နေသော အကြမ်းဖက် ဖမ်းဆီးမှု၌ ထင်ရှားစွာပါဝင်နေ သူအများစုမှာ ကြည့်မြင်တိုင် တစ်ဖက်ကမ်းရှိ ရပ်ကွက်အချို့ တွင် နေထိုင်သူများဖြစ်သည်ဟု ၎င်းတို့ကိုသိသော ဒေသခံများက အတည်ပြုခဲ့ကြသည်။ ထိုသို့လူ တစ်စုပါဝင်ပတ်သက်ခဲ့ခြင်း ကြောင့် ပြည်သူအများ၏ မုန်းတီး မှုကို ကျန်ဒေသခံများက ရောနှောခံစားနေရသည်ဟု ၎င်းတို့က ဆို သည်။


‘‘အဲဒီလို လက်တစ်ဆုပ်စာ လူတစ်စုကြောင့် ကြည့်မြင်တိုင် တစ်ဖက်ကမ်းကပါ ပြောတာနဲ့ ရန်ကုန်မြို့နေ လူထုက ချဉ်နေကြပြီ။  လူဆိုးလူမိုက်တွေလို့မြင်ပြီး ပေါင်းသင်းဆက်ဆံမှုမလုပ်ချင်ကြတော့ဘူး’’ဟု စက်ကလေး ကျေးရွာနေ ဇောတိက နာရေးကူညီမှုအသင်းဥက္ကဋ္ဌ ဦးအောင်မင်းကပြောသည်။
မတ်လ ၅ ရက်က ရပ်ကွက်အုပ်ချုပ်ရေးမှူးတစ်ဦးလျှင် လူ ၁၅ ဦး ခေါ်ယူခိုင်းခဲ့ကြောင်း ကြည့်မြင်တိုင်တစ်ဖက်ကမ်းမှ ရာအိမ်မှူးတစ်ဦးကပြောသည်။ 


ကြည့်မင်တိုင်တစ်ဖက်ကမ်းတွင် နေထိုင်သူအချို့အား မြို့နယ်တာဝန်ရှိသူများက အဆက်ဆက်အားကိုးခဲ့ရကြောင်းနှင့် ယခုတာဝန်လက်ပတ်များကို ၀တ်ဆင်ခိုင်းသည်မှာ နှစ်ကြိမ်ရှိပြီဖြစ်ကြောင်း ၎င်းကဆက်လက်ပြောသည်။
ခေါ်ဆောင်ခံခဲ့ရသူအချို့မှာ  အုပ်ချုပ်ရေးမှူးများက အခြားကိစ္စများ အကြောင်းပြခေါ်ခဲ့ခြင်းဖြစ်ပြီး မြို့တော်ခန်းမအတွင်းရောက်မှသာ ထိုအလုပ်ကို လုပ်ခိုင်းခြင်းဖြစ်ကြောင်း ကိုယ်တိုင် လိုက်ပါခဲ့သူတစ်ဦးကပြောသည်။
7 Day က အကြမ်းဖက်ဖြိုခွင်းမှုတွင် ပါဝင်ခဲ့သူ ၁၀ ဦးကျော်၏ နေရပ်လိပ်စာကိုသိခဲ့ပြီး ငါးဦး၏ အမည်နှင့် နေရပ်လိပ်စာ၊ ဖုန်းနံပါတ်တို့ကို ရရှိထားသည်။


‘‘အမှန်တကယ် ဒါလုပ်ရမယ်လို့ မသိခဲ့ဘူး။ ဟိုရောက်တော့မှ မြို့တော်ခန်းမထဲပိတ်ထားပြီး လူအုပ်ထဲကို အတင်း ထိုးထည့်လိုက်တာ။ အဲဒီအတွက်  ငွေကြေးတစ်စုံတစ်ရာ မရခဲ့ပါဘူး’’ဟု လက်ပတ်အနီဝတ် အမျိုးသားတစ်ဦးက မတ်လ ၇ ရက်တွင် ပြောသည်။


၎င်းအမျိုးသားမှာ လူသိရှင်ကြား ပြန်လည်တောင်းပန်လိုကြောင်း၊ ၎င်းအနေဖြင့် ကျောင်းသားများကို ယခုလိုရိုက်နှက်ရန် မစဉ်းစားခဲ့ကြောင်းနှင့် မိမိတို့ ပတ်ဝန်းကျင်ကလည်း မိမိတို့ကို ၀ိုင်းဝန်းအပြစ်တင်နေကြောင်း ၎င်း၏ ဇနီးက 7DAY Daily အား ပြောသည်။


‘‘ကျွန်မဗိုက်ထဲက မွေးလာမယ့် ကလေးတွေအတွက် အခုလို သူ့အဖေကို နာမည်ဆိုးမဖြစ်စေချင်ဘူး။ အမှန်တကယ် ဒီလိုလုပ်ဖို့လည်း ကျွန်မယောက်ျားမှာ ဆန္ဒလည်းမရှိဘူး။ နှစ်ဖက်အသိုင်းအ၀ိုင်းကလည်း ဒီလိုကိစ္စကို လက်မခံဘူး’’ဟု လက်ပတ်အနီဝတ်အရပ်သားများတွင် ပါဝင်ခဲ့သူတစ်ဦး၏ ဇနီးကဆိုသည်။
ထို့ကြောင့် အဆိုပါအမျိုးသားအပါအ၀င် အနီရောင်လက်ပတ်ဝတ်အရပ်သားများတွင် ပါဝင်သူနှစ်ဦးအား 7DAY က  မတ်လ ၈ ရက်တွင် သီးသန့် ထပ်မံ တွေ့ဆုံမေးမြန်းရန်သွားရောက်ရာ တွေ့ခွင့်မရတော့ပေ။‘‘မီးဘေးတုန်းက သွားလှူခဲ့တဲ့နေရာက သူတွေက ဒီကိစ္စမှာ ပါလာတယ်ဆိုတော့ လှူရတာ အဆိပ်ပင်ရေလောင်းသလိုဖြစ်တယ်ဆိုပြီး ကျောင်းသားတွေ ပြောတာကြားရတော့ စိတ်မကောင်းဘူး။ လူနည်းစုပဲဆိုတာ သူတို့တွေသိစေချင်တယ်’’ဟု လူအနည်းစု ပါဝင်ခဲ့ခြင်းကြောင့် ရပ်ကွက်ရှိ ပြည်သူအများစုအပေါ် အထင်သေးခံနေရခြင်းနှင့် ပတ်သက်၍ စက်ကလေးကျေးရွာမှ ကိုတင်ထွန်းအောင်ကပြောသည်။


လက်ပတ်အနီဝတ် တာဝန်အတွက် သက်ဆိုင်ရာရပ်ကွက် အုပ်ချုပ်ရေးမှူး၊ ရာအိမ်မှူး၊ ဆယ်အိမ်မှူးနှင့် နီးစပ်သူများကို ခေါ်ခဲ့ကြောင်း ဒုတိယအထွေထွေအုပ်ချုပ်ရေးမှူးတစ်ဦးက ပြောသည်။
ထိုအမျိုးသားကဲ့သို့ပင် အရပ်သားအချို့မှာလည်း အုပ်ချုပ်ရေးမှူးက အတင်းအဓမ္မခေါ်ယူခြင်းနှင့် လိမ်ညာခေါ်ယူမှုများ ရှိခဲ့သည်။ ထိုသို့ မလိမ့်တစ်ပတ် ခေါ်ယူခြင်းသည် လူကုန်ကူးမှု မြောက်ကြောင်းနှင့် လူကုန်ကူးမှု ဥပဒေဖြင့် ပြန်လည်တရားစွဲဆိုနိုင်ပြီး ခေါ်ယူသည့် အုပ်ချုပ်ရေးမှူးသာ တာဝန်ယူရမည်ဟု တရားလွှတ်တော်ရှေ့နေ ဦးရောဘတ်စန်းအောင်က ပြောသည်။


လူမှုကွန်ရက်တွင် ပျံ့နှံ့နေသည့် ဓာတ်ပုံမှ လူများကို နိုင်ငံတော်အစိုးရက အသိအမှတ်မပြု သလို လက်ရှိအာဏာရပါတီမှလည်း တာဝန်မခံကြောင်း၊  ယင်းတို့ကို ရှေ့နေများ ကွန်ရက်မှ ကာယိနြေ္ဒပျက်ပြားစေမှု၊ နာကျင်စေမှုများဖြင့် တရားစွဲသွားမည် ဖြစ်ကြောင်း ၎င်းက ဆက်လက် ပြောသည်။
‘‘တရားဥပဒေစိုးမိုးဖို့ ဥပဒေ လိုက်နာအောင် လုပ်တဲ့သူတွေမှာ တာဝန်ရှိတယ်။ ဘယ်ကမှန်းမသိတဲ့ လက်ပတ်နီကို လက်မခံဘူး။ ဥပဒေအထက်မှာ ဘယ်သူမှ မရှိစေရဘူး’’ဟု ငြိမ်းချမ်းရေး နှင့် ပွင့်လင်းလူ့အဖွဲ့အစည်းမှ ဦးမြအေးကပြောသည်။


ရန်ကုန်မြို့တော်ခန်းမကဲ့သို့ နေရာမျိုးတွင် ရမ်းကားပြီး ဥပဒေမဲ့လုပ်ရပ်ကို ပြည်ထောင်စု အစိုးရအနေဖြင့် လည်းကောင်း၊ ရန်ကုန်တိုင်းဒေသကြီး အစိုးရကသော်လည်းကောင်း တာဝန်ယူသင့်ကြောင်းနှင့် ဥပဒေနှင့်မညီကြောင်းကို သတ္တိရှိရှိဝန်ခံသင့်ကြောင်း ရန်ကုန်တိုင်း ဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာညိုညိုသင်းက ပြောသည်။


ပြည်သူကို မလိမ်ညာဘဲ ရိုးသားစွာ ဆက်ဆံသင့်ကြောင်းနှင့် အုပ်စုဖွဲ့ရမ်းကားမှုကို အစိုးရအနေဖြင့် တာဝန်မခံပါက အစိုးရအနေဖြင့် ရှေ့အလားအလာမကောင်းနိုင်ကြောင်း ၎င်းကဆိုသည်။
ရန်ကုန်မြို့နေ ပြည်သူများမှာ အဆိုပါကြည့်မြင်တိုင်တစ်ဖက်ကမ်းမှ ဒေသခံများအပေါ် ယခင်ကာလများကပင် အထင်အမြင်သေးစွာ ခွဲခြားဆက်ဆံခံနေကြပြီး ကျောင်းသားဆန္ဒပြမှုများကို အကြမ်းဖက်ဖမ်းဆီးရာတွင် အဆိုပါဒေသခံအချို့ ပါဝင်ကြောင်း သတင်းများပျံ့နှံ့ခဲ့ပြီး နောက် ၎င်းတို့အပေါ် အထင်အမြင်သေးမှုများ ထပ်မံမြင့်တက်လာမည်ကို ဒေသခံများကစိုးရိမ်နေကြကြောင်း ပြည်သူအချို့က ပြောသည်။


သို့သော် လက်ပတ်အနီဝတ်သူများမှာ ငြိမ်းချမ်းရေးကို လိုလားသော ပြည်သူများနှင့် အထောက်အကူပြုအဖွဲ့များသာဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး အထွေထွေအုပ်ချုပ်ရေးမှူးက မတ်လ ၅ ရက်တွင် ပြုလုပ်သော သတင်းစာရှင်းလင်းပွဲ၌ ဆိုခဲ့သည်။


http://7daydaily.com