22 Apr 2015

ပြည်ခိုင်ဖြိုးပါတီ ရွေးကောက်ပွဲမှာ ၁၁၁၂ နေရာဝင်ရောက် ယှဉ်ပြိုင် မည်

 လူငယ်ဖိုရမ် ၂၀၁၄ ပိတ်ပွဲအခမ်းအနားကို သြဂုတ် ၃ ရက်နေ့က ရန်ကုန်တိုင်းဒေသကြီး ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီရုံးခန်းတွင် ပြုလုပ်စဉ်။ Photo:Usdp Yangon
 
၂၀၁၅ ခုနှစ် အထွေထွေရွေးကောက်ပွဲမှာ ပြည်ထောင်စု ကြံ့ခိုင်ရေးနဲ့ ဖံွ့ဖြိုးရေးပါတီက မဲဆန္ဒနယ်မြေ အားလုံး အတွက် လွှတ်တော်ကိုယ်စားလှယ်လောင်း တစ်ထောင့် တစ်ရာကျော် ၀င်ရောက်ယှဉ်ပြိုင်ဖို့ ပြင်ဆင်နေတယ်လို့ ပါတီရဲ့ ဗဟိုကော်မတီဝင် တွေက ပြောပါတယ်။


လွှတ်တော်ဥက္ကဌ နှစ်ဦးနဲ့ ၀န်ကြီး၊ ဒုတိယ၀န်ကြီးတွေ အပြင် လွှတ်တော်မှာ လက်ရှိ ကိုယ်စားလှယ်ဖြစ်နေ သူတွေကို ဦးစားပေးပြီး ၂၀၁၅ ရွေးကောက်ပွဲမှာ ၀င်ရောက် ယှဉ်ပြိုင်ဖို့ အဆိုပြုထားတာတွေရှိတယ်လို့ ပါတီဗဟိုကော်မတီဝင် ဗိုလ်မှူးတင့်ဇော်က ပြောပါတယ်။


"ကြံ့ဖွံ့ပါတီကတော့ ၂၀၁၀ ရွေးကောက်ပွဲ မှာ နိုင်ထားတဲ့လွှတ်တော်ကိုယ်စားလှယ်ပေါ့၊ အဲ့ဒီကိုယ်စားလှယ်တွေကိုတော့ ၂၀၁၅ မှာဝင် ဖို့တော့ ပါတီတွေ နဲ့ သဘောထား ရှိပါတယ်၊ ၂၀၁၀ တုန်းကနိုင်တယ်၊ နိုင်ပြီးတော့ လွှတ်တော်ထဲရောက် တယ်၊ လွှတ်တော်ထဲရောက်ပြီးတော့ အစိုးရအဖွဲ့ထဲမှာ တာဝန်ပေးတယ်၊ အစိုးရအဖွဲ့ထဲ ရောက်နေတဲ့အချိန် မှာ ပါတီတာဝန်တွေ မထမ်းဆောင်ရတော့ဘူး၊ ၂၀၁၅ မှာရွေးခံဖို့ ဆန္ဒရှိလား ဆိုတဲ့သဘောထားတွေမေးပါ တယ်၊ ဆန္ဒရှိတယ်၊ ပါတီကလည်းလိုလား တယ်ဆိုရင် ဗဟိုအလုပ်အမှုဆောင်ကော်မတီကနေပြီးတော့ ဒီပုဂ္ဂိုလ်ကိုတော့ ဝန်ကြီး၊ ဒုဝန်ကြီးဝင်သင့်တယ်ထင်ရင်တော့ သူတို့ဝင်ရမှာပေါ့၊ ဦးရွှေမန်းက လည်းရွေးပါမယ်၊ ဦးအောင်ခင်မြင့်လည်းရွေးပါ့မယ်၊ လူကြီးတွေပြန်ရွေးဖို့လည်း အဆိုပြုတာပေါ့၊ သူတို့ရဲ့ အရှိန်အဝါကိုလည်း ပါတီကလိုချင်တာပေါ့"


ရွေးကောက်ပွဲမှာ ၀င်ရောက်ယှဉ်ပြိုင်ဖို့ ပြည်သူ့လွှတ်တော်အတွက် ၃၁၄ ဦး၊ အမျိုးသားလွှတ်တော်အတွက် ၁၅၉ ဦး နဲ့ တိုင်းဒေသကြီးနဲ့ ပြည်နယ်လွှတ်တော် အတွက် ၆၃၉ ဦး စုစုပေါင်း ၁၁၁၂ ဦးရဲ့ ကိုယ်စားလှယ်လောင်း အမည် စာရင်းတွေကို ဗဟိုအလုပ်အမှုဆောင် ကော်မတီထံ တင်ပြထားတယ်လို့ သိရပါတယ်။


၂၀၁၅ ရွေးကောက်ပွဲအတွက် အောင်နိုင်ရေး ကော်မတီကို ပါတီ ဥက္ကဌဖြစ်တဲ့ သူရဦးရွှေမန်းနဲ့ ဗဟိုအလုပ် အမှုဆောင်ကော်မတီဝင် ၄၃ ဦးက တာဝန်ယူ လုပ်ကိုင်နေပြီး ပါတီရဲ့ ကိုယ်စားလှယ်လောင်း အမည်စာရင်းတွေကို လာမယ့် ဇွန်လအတွင်းမှာ ထုတ်ပြန်မှာဖြစ်တယ်လို့ သိရပါတယ်။


ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီဟာ လက်ရှိ လွှတ်တော်အသီးသီးမှာ ကိုယ်စားလှယ် ၈၈၂ ဦး နေရာရရှိထားတဲ့ ပါတီဖြစ်ပါတယ်။



21 Apr 2015

မူလတန်း ကျောင်းသားများကို ယခုနှစ်မှစ၍ ကျောင်းဝတ်စုံ အခမဲ့ ပံ့ပိုးပေးမည်

 
 
 
ရန်ကုန်၊ ဧပြီ ၁၉

အခမဲ့ မူလတန်းပညာရေး စီမံကိန်းအတွက် လာ မည့် ၂၀၁၅-၂၀၁၆ ပညာသင်နှစ်မှစ၍ မူလတန်း ကျောင်းသား၊ ကျောင်းသူများကို ကျောင်းဝတ်စုံ ယူနီဖောင်းများ အခမဲ့ပံ့ပိုးပေးရန် တိုင်းဒေသကြီးနှင့် ပြည်နယ် ပညာရေးမှူးများက ဧပြီလ ၂၄ ရက်တွင် အစည်းအဝေး ပြုလုပ်မည်ဖြစ်ကြောင်း ပညာရေး ဝန်ကြီးဌာနမှ စုံစမ်းသိရှိရသည်။

ယခင် ကျောင်းလခကြေးနှင့် ပြဋ္ဌာန်းစာအုပ်များကို အခမဲ့ ပံ့ပိုးပေးရာမှ လာမည့်နှစ်မှစ၍ ကျောင်းဝတ်စုံ ကိုပါ ပံ့ပိုးပေးရန် စီစဉ်ခဲ့ခြင်းဖြစ်ပြီး ဧပြီလ ၂၄ ရက် အစည်းအဝေးတွင် တိုင်းဒေသကြီးနှင့် ပြည်နယ် ပညာရေး မှူးများက တင်သွင်းသော ကျောင်းသားစာရင်းများအလိုက် ကျောင်းဝတ်စုံများ ထောက်ပံ့ သွားမည် ဖြစ်ကြောင်း ပညာရေး အသိုင်းအဝိုင်းထံမှ သိရသည်။

မူလတန်းအဆင့် ကျောင်းသား၊ ကျောင်းသူများကို ကျောင်းဝတ်စုံများ ပံ့ပိုးပေးမည်ဖြစ်ကြောင်း ဒီဇင်ဘာလ ၅ ရက်က နေပြည်တော်တွင် ကျင်းပသော ကမ္ဘာ့အမျိုးသမီးဖိုရမ်တွင် ပညာရေးဝန်ကြီး ဒေါက်တာဒေါ်ခင်စန်းရီက ပြောကြားထားပြီး ဖြစ်သည်။

ပညာရေး ဝန်ကြီးဌာနက ၂၀၁၅-၂၀၁၆ ပညာသင်နှစ်တွင် မူလတန်း ကျောင်းသားတိုင်းအတွက် ကျောင်းဝတ်စုံတစ်စုံစီ ထောက်ပံ့ပေးမည် ဖြစ်ကြောင်း၊ ယခင်က မူလတန်းအဆင့် ကျောင်းသားတိုင်းကို ငွေကျပ်တစ်ထောင်စီ ထောက်ပံ့ပေးခြင်းကိုမူ လာမည့်နှစ်တွင် မပံ့ပိုးတော့ကြောင်း ပညာရေး ဝန်ထမ်းများ ထံမှ သိရှိရသည်။

ကျောင်းဝတ်စုံ ပံ့ပိုးပေးရန် ကျောင်းသား၊ ကျောင်းသူ စာရင်းကို ကြိုတင်တောင်းခံထားခြင်း မရှိသေးကြောင်း၊ ပညာရေးမှူးများ ဆွေးနွေးပွဲပြီးမှသာ ကျောင်းဝတ်စုံ ပံ့ပိုးပေးမည့် အစီအစဉ် အပြည့်အစုံ ကို သိရှိမည် ဖြစ်ကြောင်း ရခိုင်ပြည်နယ် ပညာရေးမှူးရုံးမှ တာဝန်ရှိသူတစ်ဦးက ဆိုသည်။

ဧပြီလ ၂၄ ရက်တွင် ကျင်းပမည့် ပြည်နှင့်တိုင်း ပညာရေးမှူးများ ဆွေးနွေးပွဲတွင် စတုတ္ထတန်းနှင့် အဋ္ဌမတန်း ကျောင်းသား၊ ကျောင်းသူများ၏ ကုစားစာမေးပွဲ အစီအစဉ်များ၊ ပြဋ္ဌာန်းစာအုပ် ဖြန့်ဝေမှု အခြေ အနေနှင့် ထူးချွန်ကျောင်းများ စီစဉ်ရွေးချယ်ခြင်းတို့ကို တိုင်ပင်ဆွေးနွေးကြမည် ဖြစ်ကြောင်း ပညာရေး ဝန်ကြီးဌာနက ကြေညာထားသည်။

ပညာရေး ဝန်ကြီးဌာန အနေနှင့် ၂၀၁၄-၂၀၁၅ ပညာသင်နှစ်တွင် နိုင်ငံတော်ဘတ်ဂျက်၏ ၅ ဒသမ ၉၆ ရာခိုင်နှုန်း ခွဲဝေရရှိခဲ့သည်။

 
The Voice Journal


20 Apr 2015

ဂွမ်းစောင်ပေါ်က သိန်းသောင်းပေါင်း များစွာ သော ပိုးမွှား များကို ဖြေရှင်းနည်း


 
ဂွမ်းစောင်ပေါ်က သိန်းသောင်းပေါင်း များစွာ သော ပိုးမွှား များကို ဖြေရှင်းနည်း

========================================
 

အိမ်ထောင်စု တော်တော် များက ကတော့ ဂွမ်းစောင်ကို နေပူလှန်း လိုက်တာနဲ့ စိတ်ရှုတ်စရာ ဒီအကောင်တွေ သေဆုံးသွား မှာပဲလို့ ထင်နေကြတယ်။

-
ဒါပေမဲ့ နေပူထဲ လှန်းရုံနဲ့ ဒီပိုးမွှားတွေကို အမြစ်ဖြုတ် အသေ မသတ်နိုင်ပါဘူး။
မှန်ဘီလူးနဲ့ အကျယ်ချဲ့  ကြည့်လိုက်ရင် နေပူကျဲကျဲမှာ လှန်းထားတဲ့
ဂွမ်းစောင် ထဲမှာ ဒီ ပိုးမွှားတွေကို တွေ့နေ ရအုံးမှာပဲ။

-
နေလှန်းချင်တဲ့ ဂွမ်းစောင်၊ အင်္ကျီ ၊ အရုပ်၊ ကောဇော စသဖြင့် ကို အမဲရောင် ကျွတ်ကျွတ်အိတ်နဲ့ (အမဲရောင်နော်) အသေအချာ ထုတ်ပိုးပြီးထားပါ။

-
နေရောင် ပြင်းပြင်း အောက်မှာ 1-2 နာရီ ထားပါ ။
အမဲရောင်က အပူကို ပိုစုပ် ယူတဲ့ အတွက် အိတ်ထဲက ပစ္စည်းများကို အပူချိန် ပိုမြင့်စေပါတယ်။ ပိုးမွှားတွေဟာ အပူချိန် 50 ဒီဂရီ ရောက်ရင် သေဆုံး ကုန်ပါတယ်။ 

-
ကျွန်တော်တို့ မျက်စိနဲ့ မမြင်နိုင်ပေမဲ့ ၊ မှန်ဘီလူးနဲ့ နောက်ထပ်တခါ
အကျယ်ချဲ့  ကြည့်လိုက်ရင်တော့ ဒီပိုးမွှားတွေ သေဆုံးကုန်တာကို တွေ့ပါလိမ့်မယ် ။
တကယ်ကောင်းတဲ့ နည်းပါ ။
 

===========

CHO PHYU PHYU MYINT

18 Apr 2015

ရွှေကျင်ဂိုဏ်းက ဒေါ်အောင်ဆန်းစုကြည်ကို သံဃာ့မိခင်ဘွဲ့ချီးမြှင့်

DASSK



 ရန်ကုန် (မဇ္ဈိမ) ။ ။ ရွှေကျင်သာသနာပိုင် သံဃာဂိုဏ်းက ပစ္စည်းလေးပါးဒါယိကာ၊ သံဃာမိခင်ဘွဲ့ဖြစ်သည့် စတုပစ္စယ သံဃာ့မာတာ ဘွဲ့တံဆိပ်ကို အပ်နှင်းလိုက်ကြောင်း ရွှေကျင်သာသနာပိုင်ဆရာတော်၊  ဘဒ္ဒန္တအဂ္ဂိယက ဧပြီလ ၁၈ရက်တွင် မဇ္ဈိမသို့ မိန့်ကြားသည်။

"အင်မတန်ကြီးကျယ်တဲ့ ဘွဲ့ပါ၊ သံဃာတွေရဲ့မိခင်ဆိုတာ၊ အဲဒီဘွဲ့ကို ပေးအပ်ခဲ့တာ၊ အဓိကက ပစ္စည်းလေးပါးကို သံဃာတွေအတွက် မိခင်အဖြစ် ထောက်ပံပေးတဲ့ အဓိပ္ပါယ်ရှိတယ်" ဟု ဘဒ္ဒန္တအဂ္ဂိယ က မိန့်သည်။


အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို ၂၀၁၅ခုနှစ် ဇန်နဝါရီလ ၂၇၊ ၂၈နှင့် ၂၉ ရက်ထိ သုံးရက်ကြာ မှော်ဘီမြို့နယ်တွင်း ပြုလုပ်သည့် ၁၉ကြိမ်မြောက် ရွှေကျင်သာသနာပိုင် သံဃာ့အစည်းအဝေးက ဆုံးဖြတ်ကာ ပေးအပ်ခဲ့ခြင်းဖြစ်သည်။


အဆိုပါ ဘွဲ့သည် သာသနာရေးအတွက် အကျိုးပြုခြင်း၊ နိုင်ငံရေးအတွက် သာသနာကို အသုံးချကာ ဆောင်ရွက်ခြင်းမရှိခြင်း စသည့် အချက်များအပေါ် မူတည်ကာ ရွှေကျင်သာသနာပိုင်ဂိုဏ်းဝင် သံဃာတော်များ အားလုံး၏ ဆုံဖြတ်ချက်ဖြင့် ချီးမြှင့်ပေးအပ်ခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။
"ရွှေကျင်သာသနာပိုင်သံဃာ့ဂိုဏ်းမှ ချီးမြှင့်တာနဲ့ ပက်သက်ပြီး စာပေးပို့တာတို့ အကြောင်းကြားတာတို့ မရသေးဘူး၊ မသိသေးပါဘူး" ဟု အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုကော်မတီဝင် ဦးဥာဏ်ဝင်းက မဇ္ဈိမကို ပြောသည်။


ရခိုင်ပြည်နယ်တွင်းမှ စတင်ခဲ့သည့် ပဋိပက္ခများတွင် ဝင်ရောက် ပြောဆို၊ ဖြေရှင်းမှုများမရှိဟု ဆိုကာ ဗုဒ္ဓဘာသာနှင့် ဆက်နွယ်သည့် အဖွဲ့အစည်းများ လူမူကွန်ယက်အပါအ၀င် အခြား လူမူကွန်ယက် ဝက်ဆိုဒ်များ၊ တရားဟောပြောသည့် နေရာများတွင်ပါ ဒေါ်အောင်ဆန်းစုကြည်အား ဝေဖန်မှုများလည်း ရှိနေသည်။


http://www.mizzimaburmese.com

ဒီနေ့ကစပြီး ပျော်ရွှင်တဲ့ ဘ၀ကို ပိုင်ဆိုင်ဖို့အတွက်





၁ ။ သင့်ဘဝကို အခြားသူတွေနဲ့ မနှိုင်းယှဉ်ပါနဲ့ ၊ သူတို့ ဘဝခရီးလမ်း ဘယ်လို လျှောက်ခဲ့ရတယ် ဆိုတာ သင်မသိနိုင်ပါဘူး ။

၂ ။ သင်မထိန်းချုပ်မထားနိုင်တဲ့ အရာတွေကို အဆိုးမမြင်ပါနဲ့ ။ သင့်ရဲ့ အချိန်တွေကို အကျိုးရှိတဲ့ ပစ္စုပ္ပန် အတွက်ပဲ အသုံးချလိုက်ပါ ။

၃ ။ အလုပ်တွေကို အလွန်အကျွံ မလုပ်ပါနဲ့ ။ အတိုင်းအတာ တခုအထိပဲ လုပ်ပါ ။

၎ ။ တခြားသူတွေတောင် အလေးအနက်မထားတဲ့ အရာတွေမျိုးတွေကို လိုက်ပြီး ဦးနှောက်ခြောက်မခံပါနဲ့ ။

၅ ။ သင့်ရဲ့ တန်ဘိုးရှိတဲ့ စွမ်းအင်တွေ ၊ အချိန်တွေကို ၊ အတင်းပြောခြင်းအတွက် အလဟသ မဖြစ်ပါစေနဲ့ ။

၆ ။ အိပ်နေစဉ်မှာထက် ၊ နိုးနေစဉ်မှာ အိပ်မက် ပိုမက်ပါ ။

၇ ။ မနာလို ဝန်တိုနေခြင်းဟာ အချိန်ဖြုန်းခြင်းသက်သက်ပါ ။ သင့်အတွက် လိုအပ်တာတွေကို သဘာဝတရားကြီးက သင့်ကို ပေးအပ်ထားပြီးသားပါ ။

၈ ။ အတိတ်က အဖြစ်အပျက်တွေကို မေ့ပလိုက်ပါ ။
သင့်အဖေါ်ရဲ့ အတိတ်က အမှားတွေကိုလည်း ပြန်သတိရစေအောင် မလုပ် ၊ မပြောပါနဲ့ ။
ဒါတွေက သင့်ရဲ့ ပစ္စုပ္ပန် ပျော်ရွှင်ခြင်းတွေကို ဖျက်ဆီးပြစ်ပါလိမ့်မယ် ။

၉ ။ ဘဝဟာ သိပ်တိုတယ် ၊ တပါးသူတွေကို မုန်းတီးနေခြင်းအတွက် အချိန်တွေ မကုန်ဆုံးပါစေနဲ့ ။

၁၀ ။ အတိတ်က အဖြစ်တွေနဲ့ ငြိမ်းချမ်းရေးယူလိုက်ခြင်းဟာ ပစ္စုပ္ပန်ရဲ့ အပျော်တွေကို ရေရှည်ထိမ်းသိမ်းခြင်းပါ ။

၁၁ ။ သင်သာလျှင် သင့်ရဲ့ ပျော်ရွှင်မှုတွေကို ဖျက်ဆီးနိုင်သူပါ ။ အခြားဘယ်သူကမှ မဖျက်ဆီးနိုင်ပါ ။

၁၂ ။ ဘဝဆိုတာ သင့်အတွက် သင်ယူစရာတွေ ပြည့်နေတဲ့ ကျောင်းတကျောင်းပါ ။
ပြဿနာတွေဟာ သင်ရိုးညွန်းတမ်းထဲက သချာင်္ ပုစ္ဆာတွေလိုပဲ ၊ အသစ်ပေါ်လာလိုက် ဖြေရှင်းလိုက်နဲ့ပဲ ရှိနေကြပါလိမ့်မယ် ။
ဒါပေမဲ့ ပြဿနာတွေ ဆီက ရတဲ့ သင်္ခန်းစာတွေကတော့ ဘဝအတွက် ရေရှည် အရေးပါနေကြပါလိမ့်မယ် ။

၁၃ ။ များများပြုံးပါ ၊ များများ ရီပါ ။

၁၄ ။ ဆွေးနွေးချက်တိုင်းမှာ သင်အနိုင်ရမှာ မဟုတ်ပါဘူး ။ မတူတဲ့ အမြင်တွေကို လက်ခံနိုင်အောင် ကျိုးစားပါ ။

၁၅ ။ မိသားစုကို မကြာခဏ ဖုန်းခေါ်ပါ ။

၁၆ ။ နေ့စဉ် တနေ့တခါလောက် တခြားသူတွေအတွက် ကောင်းမှုတခုလောက် လုပ်ဖို့ ကျိုးစားပါ ။

၁၇ ။ လူတိုင်းကို အရာအားလုံးအတွက် ခွင့်လွတ်ဖို့ ကျိုးစားကြည့်ပါ ။

၁၈ ။ အသက် ၇၀ ကျော်အဖိုးအဖွားတွေနဲ့ ဒါမှမဟုတ် အသက် ၆ နှစ်ထက်ငယ်တဲ့ ကလေးငယ်တွေနဲ့ အချိန်ကိုအသုံးချပါ ။

၁၉ ။ တနေ့မှာ အနည်းဆုံး လူ ၃ ယောက်လောက်ကို ပြုံးနိုင်အောင် လုပ်ပါ ။

၂၀ ။ တခြားသူတွေက သင့်ကို ဘယ်လိုထင်မြင်တယ်ဆိုတာ အရေးမကြီးပါဘူး။ ။ သင့်ကိုယ်သင် ဘယ်လိုထင်လည်းဆိုတာ ပိုအရေးကြီးပါတယ် ။

၂၁ ။ သင့်ရဲ့ အလုပ်တွေက သင်နာမကျန်းဖြစ်တဲ့အခါ သင့်ကို ဂရုစိုက်နိုင်မှာ မဟုတ်ပါဘူး ။ သင့်မိသားစုနဲ့ သူငယ်ချင်းတွေကသာ သင့်ကို ပြုစုနိုင်မှာပါ ။ ဒါကြောင့် မိသားစု ၊ မိတ်ဆွေတွေနဲ့လည်း အမြဲ အဆက်အသွယ် မပြတ်အောင် ကြိုစားပါ ။


ရဲသူရိန်မင်း