15 Sept 2015

မှိုင်းတိုက်သူများ


မှိုင်းတိုက်သူများ

“သူတို့က အရေးကြုံလာရင် ၁၉၄၇ ဥပဒေမှာ ဗိုလ်ချုပ်အောင်ဆန်းကိုယ်တိုင်ထည့်ခဲ့တာလို့ ဗြောင်လိမ်တော့၊ ပြည်သူက အတောင်နှစ်ဆယ်ဝတ်တွေရဲ့ လျှာဟာ၊ သုံးတောင်ဝတ်မိန်းမ ပါးစပ်လောက်တောင် အမှန်စကား မပြောဘူးရယ်လို့ ထပ်အထင်သေးကြပြန်ပါရော . . . ”
----- ----- ----- ----- -----
၂၀၁၅ ရွေးကောက်ပွဲနီးလာတော့၊ လှုပ်ခတ်လာတဲ့ အခြေအနေတွေထဲမှာ ထူးခြားတာက ဒီ-ချုပ် ပါတီကို နည်းမျိုးစုံနဲ့ တိုက်ခိုက်လာတာနဲ့ လူထုကို ဘာသာရေးမှိုင်း၊ နက္ခတ်ဗေဒင် ယတြာမှိုင်းတွေနဲ့ တိုက်ခိုက်လာတာ ပါ။
ပါတီတခုက ဦးဆောင်ပြီး ကျင်းပတဲ့ တချို့ပွဲတွေမှာ အင်အယ်လ်ဒီကို တိုက်ခိုက်တဲ့စာတွေ၊ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို တိုက်ခိုက်တဲ့စာရွက်တွေဝေပါတယ်။ ဒီလိုဝေတာ ပုဒ်မ ၁၈ နဲ့လည်း မငြိ၊ တခြား ပုဒ်မတွေနဲ့လည်း ငြိပုံမရပါဘူး။ ဒီနေ့ထိ ဘယ်ဂျာနယ်၊ ဘယ်သတင်းစာမှာမှ အင်အယ်လ်ဒီကို အပုပ်ချတဲ့ စာတွေဝေတဲ့သူတွေကို သက်ဆိုင်ရာတာဝန်ရှိသူတွေက တရားဥပဒေနဲ့အညီ ဖော်ထုတ်ပေးတာ၊ ဟန့်တားတာ၊ အရေးယူတာ လုံးဝမတွေ့ရပါဘူး။

ဒီလိုအောက်တန်းကျတဲ့နည်းသုံးလေ၊ အင်အယ်လ်ဒီကိုသနားပြီး မဲပေးမယ့် လူများလာလေဖြစ်ကြောင်း လူထုက သဘောပေါက်တယ်။ ဒီလို အောက်လမ်းနည်းတွေကို စီမံပေးနေတဲ့သူ တွေသာ မသိကြတာ။
စာရေးသူတို့ ငယ်ငယ်တုန်းကကြည့်ရတဲ့ ရာဇဝင်ကားတွေမှာ ဘုရင်ကို ပုဏ္ဏားက ဂုံးတိုက်လို့ မင်းသား၊ မင်းသမီးတွေ နှိပ်စက်ခံရပြီဆိုရင်၊ ရုပ်ရှင်ကြည့်ပရိသတ်က ပုဏ္ဏားနဲ့ ဘုရင်ကို မုန်းကြ။ မင်းသား၊ မင်းသမီးကို သနားကြရော။ မြို့ပေါ်က ရုပ်ရှင်ရုံတွေမှာတော့ ပရိသတ်က စိတ်နဲ့ပဲ ပုဏ္ဏားနဲ့ဘုရင်ကို မုန်းကြတာ။ တောမြို့ လေးတွေမှာဆို ဈေးလာဝယ်ရင်း ရုပ်ရှင်ဝင်ကြည့်တဲ့ တောသူတောင်သားတွေရှိတာကိုး။ သူတို့က ဟိုတုန်းက တမတ်တန်းခေါ်တဲ့ ရှေ့ဆုံးတန်းက ကြည့်ကြတာ။

ဒီတော့ ပုဏ္ဏားက ဘုရင်ကို ဂုံးချောပြီဆိုရင်၊ ပုဏ္ဏားကိုဆဲပြီး ပြောင်းဖူးရိုးတွေ၊ ခဲလုံးတွေနဲ့ ပိတ်ကားကို ပစ်ကြ ပေါက်ကြပါလေရော။ ဘုရင်ကိုတော့ ရှင်ဘုရင်လုပ်နေပြီး စဉ်းစားဥာဏ်မရှိရကောင်းလားဆိုပြီး ဆဲကြ၊ ပြောင်း ဖူးရိုးနဲ့ ပေါက်ကြပြန်ရော။

ခုလည်း ဒီ-ချုပ်ကို အောက်လမ်းနည်းတွေနဲ့ ကလေးစကားပြောရရင် ဘလိုင်းကြီးခွပ်နေတော့၊ လူတွေက နေနှင့်ဦး။ မဲထည့်ကိုထည့်လိုက်မယ် ဒီ-ချုပ်ကိုဆိုတဲ့ စိတ်ချဉ်ပေါက်မှုတွေဖြစ်လာရော။ ဗုဒ္ဓတရားတော်အရ ကိုယ်စိုက်တဲ့အပင် ကိုယ်ရိတ်သိမ်းရတာပါ။ တဖက်က တိုက်ခိုက်နေသူတွေက ဒေါ်အောင်ဆန်းစုကြည်ရဲ့ ပါတီ မဲနိုင်ရင် မြန်မာနိုင်ငံဟာ၊ မူဆလင်နိုင်ငံဖြစ်သွားမယ် ဘာညာသာရကာတွေနဲ့ တိုက်တာကိုး။

မြန်မာလူထုက အောက်လမ်းနည်းသုံးသူတွေထင်သလောက်၊ မတုံးမအကြတော့၊ ကဲ- တကယ်မူဆလင်နိုင်ငံ ဖြစ်မယ်ဆိုရင်တောင်၊ ဗုဒ္ဓဘာသာ အမည်ခံပြီး၊ မြို့လယ်ခေါင်မှာ ကိုယ့်ပြည်သူကို ပြန်သတ်၊ ရဟန်းသံဃာကို ပြန်သတ်သူတွေထက်စာရင် တော်သေးတာပဲလို့ ရွှဲ့ပြောသူတွေတောင် ရှိလာပါတယ်။
အခြေခံဥပဒေတွေကို လေ့လာထားတဲ့သူတွေက၊ ၁၉၄၇ ဥပဒေမှာ ရော၊ ၁၉၇၄ ဥပဒေမှာ ပါ သမ္မတဖြစ်ရမယ့် အရည်အချင်း ကန့်သတ်ချက်မှာ၊ သားသမီး ချွေးမ၊ သမက်တို့နဲ့ ပတ်သက်တဲ့ ကန့်သတ်ချက်မပါဘူးဆိုတာ သိကြတယ်။

သူတို့က အရေးကြုံလာရင် ၁၉၄၇ ဥပဒေမှာ ဗိုလ်ချုပ်အောင်ဆန်းကိုယ်တိုင်ထည့်ခဲ့တာလို့ ဗြောင်လိမ်တော့၊ ပြည်သူက အတောင်နှစ်ဆယ်ဝတ်တွေရဲ့ လျှာဟာ၊ သုံးတောင်ဝတ်မိန်းမ ပါးစပ်လောက်တောင် အမှန်စကား မပြောဘူးရယ်လို့ ထပ်အထင်သေးကြပြန်ပါရော။ သူတို့က အရင်တုန်းက ရည်းစားအိမ်သွားဖို့ ဘတ်စ်ကားစီးခဲ့ရ တာတို့၊ တပ်ထဲဝင်ဖို့ စစ်သားစုဆောင်းရေးကို သူငယ်ချင်းက စက်ဘီးပေါ်တင်ပြီး လိုက်ပို့ရတာတို့ ( လိုင်းကားခ တမတ်မရှိလို့) ဆိုတာတွေကို ယောင်လို့တောင် သတိမရတော့ဘဲ၊ ကားကြီးကားငယ် အသွယ်သွယ်နဲ့ စည်းစိမ် အလျှံအပယ်နဲ့ နေရတဲ့ဘဝတွေကိုး။ ပြည်သူကြားမဆင်းတော့ သူတို့ကို လူတွေ ဘယ်လောက်အထင်သေး တယ်။ ရွံ့ရှာစက်ဆုပ်ကြတယ်ဆိုတာ မသိကြတော့ဘူး။ ဒီလို အောက်တန်းစားနည်းတွေသုံးတဲ့အတွက် တကယ်ထိခိုက်နေတာက လုပ်ပေးသူတွေမဟုတ်ဘူး။ မမြင်ရတဲ့ မျက်နှာမည်းကြီးတွေ၊ လက်မည်းကြီးတွေဆို တော့ ဒီ- ချုပ်က အမြတ်ထွက်ပါတယ်။

လတ်တလော လာနေတဲ့ မှိုင်းက၊ ဗေဒင် နက္ခတ် ယတြာမှိုင်း။ ဒီမှိုင်းကတော့ လူထုအတွက် အသစ်မဟုတ်ပေ မယ့်၊ အလှူပွဲတွေမှာ တရားပွဲတွေမှာ ဒေါ်အောင်ဆန်းစုကြည်မကောင်းကြောင်း၊ အင်အယ်လ်ဒီအဖွဲ့ မကောင်း ကြောင်းဝေတဲ့ စာရွက်တွေထက် ထိရောက်မှု ပိုရှိနိုင်တယ်။ မဲအတွက် မဟုတ်ရင်တောင်၊ ပြည်သူက အကောင်းမမြင်တဲ့ ခေါင်းဆောင်ဟောင်းတယောက်ရဲ့ပုံရိပ်ကို စိတ်ဓာတ်စစ်ဆင်ရေးလုပ်ပြီး၊ ဝေဝါးစေတာ၊ အတွေးထွေပြားစေတာတွေ ဖြစ်အောင်ကြိုးပမ်းမှုပါ။
ကမ္ဘာပေါ်က လူသားအားလုံး အတိတ်တွေ၊ နမိတ်တွေ၊ တန်ခိုးရှင်တွေ ဖန်တီးရှင်တွေကို ယုံကြကြောင်း၊ ဘာသာရေးစာပေတွေ၊ ကိုးကွယ်ယုံကြည်မှုဆိုင်ရာ စာပေတွေကိုလေ့လာကြည့်ရင်သိနိုင်ပါတယ်။ မပြော ပလောက်တဲ့ လူနည်းစုလောက်သာ ဒီလိုယုံကြည်မှုတွေက ကင်းလွတ်ကြပါမယ်။

နောက်တချက်က လူ့သဘာဝပါ။ ဗုဒ္ဓဟောကြားတော်မူခဲ့တဲ့ အတိုင်း၊ လူက မိမိကိုယ်မိမိ အချစ်ဆုံးပါ။ ဒါကြောင့် ကိုယ့်ရဲ့ အနာဂတ်ကို ကြိုသိချင်ကြတယ်။ ကိုယ်ရဲ့ အနာဂတ် ကောင်းသထက်ကောင်းအောင်၊ ဗေဒင်၊ နက္ခတ်၊ လက်ဖွဲ့ အဆောင် ယတြာ၊ လက္ခဏာ၊ ဓာတ်၊ နတ်တွေကိုလည်း အသုံးချဖို့ကြိုးစားကြတယ်။

ဒီအချက်တွေကို ကောင်းကောင်းနားလည်သဘောပေါက်သူတွေက၊ ဒီလို မိမိကိုယ်မိမိ ချစ်တဲ့ဇောကြီးပြီး၊ ဖြစ်ချင်တာတွေများတဲ့ လူတွေကို ကောင်းကောင်းလုပ်စားလို့ရလာပါတော့တယ်။ ဥပမာ - လူတွေဟာ ဗေဒင်၊ လက္ခဏာကို အပျော်မကြည့်ကြပါဘူး။ အခက်အခဲတခုကြုံရင်၊ ဖြစ်ချင်တဲ့ဆန္ဒက ကိုယ်လုပ်နိုင်စွမ်းထက် အများ ကြီးပိုနေရင်၊ ရိုးရိုးနည်းလမ်းသုံးလို့ မရတော့ဘူး။ နတ်တို့ ဓာတ်တို့ ဗေဒင်တို့ အားကိုးရတော့မယ်။ ဒီတော့ အပူရုပ်နည်းနည်းပေါက်နေသူကို ဗေဒင်ဆရာက၊ “ဝမ်းနည်းစရာ ကိစ္စတွေများနေပြီ မဟုတ်လားလို့“ စပြော ပြီး ကျုံးသွင်းနိုင်သလို၊ မျှော်လင့်ချက်နဲ့လာသူကိုတော့ “အကြံအစည်တွေက များနေတယ်။ ကြီးနေတယ်“ ဆိုတဲ့ စကားဦးသမ်းပြီး ကိုယ့်ဘက်ဆွဲယူရင်း အလိုက်အထိုက် ဟောလို့ရပြီလေ။ ဒီလောက်ပစ်သွင်းလိုက်ရင်၊ တဖက် ကလူက သူဘာကြောင့် လာကြောင်းစပြောတော့မှာကိုး။
လွန်ခဲ့တဲ့ နှစ်ပတ်လောက်က၊ တီဗွီပေါ်မှာ စာဖတ်သူတို့ ရုပ်သံလိုင်းကနေ နိုင်ငံကျော် ဗေဒင်နက္ခတ်ဆရာ စံဇာဏီဘိုက ၁၉၈၉ ကတည်းက ထောင်ထဲမှာ၊ ဆရာမင်းသိင်္ခက ၂၀၁၅ ဒီဇင်ဘာရောက်ရင် ဒေါ်အောင်ဆန်း စုကြည် သမ္မတဖြစ်မယ်လို့ ဟောခဲ့တယ်ဆိုလိုက်တာကိုး။

ဒီတော့ ၅၉(စ)နဲ့ကာကွယ်ထားတဲ့ကြားက၊ ဒါနဲ့တောင် မလုံလောက်သေးဘူးထင်လို့ အမျိုး၊ ဘာသာ၊ သာသနာ ခေါင်းစဉ်အောက်ရောက်အောင်၊ ဒေါ်အောင်ဆန်းစုကြည်ကို အမဲဖျက်နေပါရဲ့ စံဇာဏီဘိုလို ဗေဒင်လက္ခဏာ အကျော်အမော်ကြီးက တီဗွီပေါ်ကနေ တိုင်းသိပြည်သိပြောလိုက်တော့ တဖက်က တော်တော်တုန်လှုပ်သွားပုံရ ပါတယ်။

ချက်ချင်း မနှေးမနှောင်းမှာပဲ ဗေဒင်နက္ခတ်ဟောစတမ်းသာမက ဘုရားဗျာဒိတ်တွေပါပါတဲ့ ပုဂ္ဂိုလ်ရေး ဘုန်း တော်ဘွဲ့တွေ ထွက်လာတော့တာပါပဲ။ စံဇာဏီဘိုပစ်လိုက်တဲ့ခဲက အဲဒီလောက်ကို အရှိန်ပြင်းပါတယ်။ ဒီတော့ စစ်ဗိုလ်လူထွက် ဗေဒင်နက္ခတ်ဆရာလေးကို သမတဲ့ သရောတဲ့ ဆောင်းပါးတွေ အလျှိုလျှို ထွက်လာပြန်ပါရော။ အင်း - ၂၀၁၅ ရွေးကောက်ပွဲ အကြိုလှုပ်ခတ်ပုံတွေက လိုင်းစုံလာပြီ။ မှိုင်းတိုက်ပုံစုံလာပြီ။

ကဲ - မြန်မာပြည်သူတို့ရေ၊ စာရေးသူက လူတတ်လူသိကြီးမဟုတ်ပါဘူး။ ဒါပေမဲ့ ခေါင်းအေးအေးနဲ့အတူ စဉ်းစားကြရအောင်နော်။ ပထမဆုံး စဉ်းစားရမှာက ဧရာမမှိုင်းလုံးကြီးကို စလွှင့်လိုက်တဲ့ နိုင်ငံကျော် ဆရာစံဇာဏီဘို အကြောင်း။ သူက ရိုးရိုး ဗေဒင်ဆရာ မဟုတ်။ နိုင်ငံရေးအကျဉ်းသားအဖြစ် ထောင်ထဲ ဝင်လိုက်ထွက်လိုက် လည်ပတ်နေသူ။ ပြီးတော့ ဘာကိုမှ အမှုမထားသလို အင်မတန် ကွက်ကျော်မြင်သူ။

၂၀၁၅ ဒီဇင်ဘာ မှာ ဒေါ်အောင်ဆန်းစုကြည် သမ္မတဖြစ်ရင် အကြောင်းမဟုတ်ပေမယ့်၊ မဖြစ်ခဲ့ရင် လက်ရှိသူ့ ပရိသတ်က ဗိုလ်ချုပ်မှုးကြီးသန်းရွှေဟာ ဗျာဒိတ်ရထားသူပါဆိုတဲ့၊ စစ်ဗိုလ်ဟောင်း ဗေဒင်ဆရာဇေယျာကိုရဲ့ ပရိသတ်ဖြစ်ကုန်မှာပေါ့။ ဘာကြောင့်ဆို ဆရာဇေယျာကိုကို ကျွန်မက ယသောဓယာလောင်းလား၊ ကျွန်တော် က အရှင်သာရိပုတ္တရာလောင်းလား မေးမယ့်လူတွေ တန်းစီကုန်မှာကိုး။
ဗေဒင်နက္ခတ်ဆရာဆိုတာ ဒီလောက်တော့ကြိုမြင်ပြီးသား။ ၁၉၈၉ တုန်းက ဆရာမင်းသိင်္ခဟောခဲ့တာလို့ပြော ထားတော့၊ ဒေါ်အောင်ဆန်းစုကြည် သမ္မတမဖြစ်တော့ရော၊ သူဘာမှဖြစ်မသွားဘူးလေ။ ဆရာမင်းသိင်္ခဆိုတာ လည်း ကွယ်လွန်ပြီမို့ ဘယ်သူက မမှန်တာတွေဟောသွားပါလိမ့်လို့ ဘယ်နေရာ လိုက်မေးကြ၊ ရန်တွေ့ကြရမှာ တဲ့တုန်း။

စံဇာဏီဘို ပစ်လိုက်တဲ့ခဲက တည့်တည့်မှန်သူတွေခမျာ ဘယ်လောက်တုန်လှုပ်သွားကြသလဲဆိုတဲ့ အဖြေက ဘုရားဗျာဒိတ်ပါရတဲ့သူအဖြစ် အနားယူစာဖတ်နေသူကြီးကို ပို့ဆောင်ပေးရပါတော့တယ်။ ချစ်လှစွာသောမြန်မာ ပြည်သူတွေနဲ့ စာရေးသူ ဆက်ဆွေးနွေးကြပါစို့ရဲ့။

မြန်မာအများစုက ဗုဒ္ဓဘာသာဝင်တွေပါ။ ဒါပေမဲ့ ခက်တာက ဗုဒ္ဓဘာသာကို အလေးအနက်သိသူနည်းပြီး၊ မိရိုးဖလာဗုဒ္ဓဘာသာ တွေများနေလို့၊ ဒီနိုင်ငံမှာ ဒီလို လှိမ့်လုံးတွေ၊ ဖိန့်လုံးတွေနဲ့ မှိုင်းတိုက်လို့ရနေတာပါ။
ဗုဒ္ဓဘာသာအများစုက ၅၅၀ ဇာတ်ကို ဘုရားလောင်းနုစဉ်ဘဝဖြစ်စဉ်တွေ၊ ဇာတ်ကြီးဆယ်ဘွဲ့ကို ဘုရား လောင်းရဲ့နောက်ဆုံး ဆယ်ဘဝအဖြစ် လက်ခံထားကြပါတယ်။ တချို့ဗုဒ္ဓဘာသာဝင်တွေက ဒါကို လုံးဝမယုံကြ ပါဘူး။ နည်းနည်းမှမယုံတဲ့ အဘကြီးတယောက်အကြောင်း နောင်လိုအပ်ရင်ရေးပါမယ်။ ဒီမှာတော့ ယုံတဲ့ ရှုထောင့်က ရပ်ပြီး ရေးမှာပါ။
ဘုရားလောင်းနုစဉ်ဘဝဖြစ်စဉ် ဇာတ်တော် ၅၅၀ လို့ စာရေးသူတို့ ပြောကြရေးကြပေမယ့်၊ တကယ်က ဇာတ်တော် ၅၄၇ ပဲရှိတာပါ။ ဒီဇာတ်တော်တွေကို လေ့လာလိုက်ရင် ယေဘုယျအချက် ၄ ချက်တွေ့နိုင်ပါတယ်။ ဘုရားလောင်းက တိရစ္ဆာန်ပဲ ဖြစ်ဖြစ်၊ လူပဲဖြစ်ဖြစ်၊ ဖြစ်ရာဘဝမှာ ဥာဏ်ပညာကြီးမားတယ်။ တခြားသူတွေကို ကယ်တဲ့သူဖြစ်တယ်။ လမ်းညွှန်တဲ့သူဖြစ်တယ်။ ကိုယ်ကျိုးစွန့် အနစ်နာခံတယ်။စွန့်ခြင်းကြီး ဆယ်ပါးကို စွန့်ပြီး ပါရမီဖြည့်တယ်၊ ဆိုတဲ့ အချက် ၄ ချက်ကို ဖြစ်ရာဘဝတိုင်းမှာ တွေ့နိုင်ပါတယ်။

ဘုရားလောင်းရဲ့နောက်ဆုံး ဆယ်ဘဝဆိုတဲ့ ဇာတ်ကြီးဆယ်ဘွဲ့မှာတော့ ဘုရားလောင်းက လူ့ဘဝတွေပဲ ကျင်လည်တော့တယ်။ ဒါပေမဲ့ ဇာတ်တော် ၅၅၀ တုန်းကလိုပဲ၊ ဥာဏ်ပညာကြီးမားတယ်။ ညည်းခံမှုကြီးမား တယ်။ ဇွဲလုံ့လကြီးတယ်။ စွန့်ခြင်းကြီး ဆယ်ပါးကိုစွန့်တယ်။ သူတော်ကောင်းတရား လက်ကိုင်ထားတယ်။ ဒါ ဘုရားမဖြစ်သေးတဲ့ အလောင်းအလျာဘဝမှာ ဖြည့်ရတဲ့ ဘုရားလောင်းရဲ့ ပါရမီတွေပါ။

ဒီတော့ စာဖတ်သူတို့ကိုယ်တိုင် လက်ရှိမြန်မာခေါင်းဆောင်တွေထဲမှာ ဒီအချက်တွေနဲ့ နီးစပ်သူ ဘယ်သူရှိသလဲ။ အဖြေရှာကြည့်ပါ။ ဘုရားအလောင်းဘဝတိုင်းထိန်းတဲ့ သီလရှိပါသေးတယ်။ ဘုရားအလောင်းက နုစဉ်ဘဝတွေ မှာ လူဆိုးလည်း ဖြစ်ခဲ့ဖူးပါတယ်။ ဒါပေမဲ့ ဇာတ်တော်တွေရဲ့အဆိုအရ ဘုရားလောင်းဟာ ကံငါးပါးအနက် ဘယ်ဘဝမှာမှ မုသာဝါဒ (လိမ်ညာ၊ မကောင်းပြောမှု)ကို မကျူးလွန်ခဲ့ပါဘူးတဲ့။

ကဲ မြန်မာတို့တတွေ ၁၉၆၂ နောက်ပိုင်း ည ၈ နာရီသတင်းကြေညာချိန်မတိုင်မီ တီးတဲ့တီးလုံးကို နောင်ပိန် နောင်ပိန်လို့ ပြောရမယ့်အစား၊ ဗြောင်လိမ် ဗြောင်လိမ် တိန် တိန်လို့ လူပျက်တွေပျက်ခဲ့တာ မှတ်မိကြမှာပါ။ အခုပဲ ရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌက သူ့ကိုမယုံကြသူများ ဥပဒေကို ယုံပါပြောနေပြီလေ။ လက်ရှိရွေး ကောက်ပွဲကော်မရှင်ဥက္ကဋ္ဌကို ဘယ်သူက ခန့်တာတဲ့တုန်း၊ အဲဒီ ခန့်တဲ့သူနောက်မှာ ဘယ်သူရှိနေသတဲ့တုန်း ဆိုတာ လက်ရှိမြန်မာလူထု အသိပါပဲလေ။

ကဲ နေပြည်တော်က ဘုရားဗျာဒိတ်ရမြို့တော်၊ နေပြည်တော်ကို တည်ထောင်သူက ဘုရားလောင်းအဖြစ် ဗျာဒိတ်ရထားသူလို့ဆိုတာကို ဘုရားလောင်းဘဝဖြစ်စဉ်တွေနဲ့ ဆက်တိုင်းတာကြတာပေါ့။
ဘုရားလောင်းက ဖြစ်ရာဘဝမှာ အနစ်နာခံခဲ့တယ်။ လက်အောက်ငယ်သားနောက်လိုက်တွေ ကောင်းကျိုး ဆောင်ခဲ့တယ်။ နေပြည်တော်ဟာ လျှပ်စစ်မီးထိန်ထိန်ငြီးနေချိန်မှာ နေပြည်တော်နဲ့ မိုင်နည်းနည်းပဲဝေးတဲ့ အနီး အနားက ရွာတွေမှာ မီးလုံးဝမရတဲ့ ရွာအတော်များပါတယ်။ အခု ၂၀၁၅ ရွေးကောက်ပွဲနီးတော့ မီးရအောင်လုပ် ပေးတယ်ကြားရတာတွေ ရှိပါတယ်။

နေပြည်တော်တည်ဖို့ နေရာဖယ်ပေးရတဲ့ တောင်သူလယ်သမားတွေ၊ လျှော်ကြေးမရပေမယ့် ဒီနေရာတွေမှာ ဆောက်တဲ့ ဝန်ကြီးအိမ်၊ ဝန်ကလေးအိမ်၊ ထိပ်တန်းစစ်ဗိုလ်ချုပ်တွေအတွက် အိမ်တွေက နန်းတော်ကြီးတွေလိုပဲ ခန့်ညားလိုက်တာတဲ့။ အဲဒီမှာ နန်းတည်ပြီးတဲ့နောက် အလွန်ဆိုးသတင်းနဲ့ နာမည်ကြီးတဲ့ သမီးတော်တွေဆို တာ အမေအရွယ်တွေက ဒူးထောက်ခစားရတာဆိုပဲ။
အဲဒီ ပေတံနည်းနည်းနဲ့တိုင်းရင်တောင် စစ်ဗိုလ်ဟောင်း ဗေဒင်နက္ခတ်ပညာရှင်လေး အမွှမ်းတင်ပေးရတဲ့ ဗျာဒိတ် ရ ပုဂ္ဂိုလ်ကြီး ဘုရားလောင်း ဖြစ်နိုင်မဖြစ်နိုင် စာဖတ်သူများကိုယ်ပိုင်ဥာဏ်နဲ့ ဆုံးဖြတ်နိုင်ကြပါပြီ။

ပညာရှင်တဦး လက်တွေ့ပြောသွားတာလေး မျှဝေပါဦးမယ်။ ၁၉၈၈ နောက်ပိုင်း ကုလသမဂ္ဂက စီးပွားရေး ဆိုင်ရာအဖွဲ့တဖွဲ့မှာ ထိပ်တန်းရာထူးတာဝန်ယူခဲ့သူတဦးဖြစ်တဲ့ ဦးသက်ထွန်းဆိုသူ မြန်မာပြည်ကို ပြန်လာ ပါတယ်။ အဲဒီတုန်းက နဝတ အစိုးရအုပ်ချုပ်နေပါတယ်။ ဦးသက်ထွန်းက မြန်မာနိုင်ငံရဲ့အခြေအနေကိုကြည့်ပြီး စိုးရိမ်တယ်။ ဒါကြောင့် အဆင့်ဆင့်ကြိုးစားပြီး၊ တာဝန်အရှိဆုံးပုဂ္ဂိုလ်ကြီးနဲ့ တွေ့ခွင့်တောင်းတယ်။ ကံအား လျော်စွာ တွေ့ခွင့်ရတယ်။ ဒီတော့ ဆရာကြီးဦးသက်ထွန်းက တိုင်းပြည်စီးပွားရေးနာလန်ပြန်ထူစေဖို့ လိုအပ်တဲ့ အခြေခံအချက်တွေကို ရှင်းပြတယ်။ ဒါပေမဲ့ ပြောရင်းကပဲ သူပြောတာတွေကို တာဝန်အရှိဆုံး ပုဂ္ဂိုလ်ကြီးဘာမှ နားမလည်ဘူးဆိုတာ သဘောပေါက်လာတယ်။
သူ့ကို တာဝန်အရှိဆုံး ပုဂ္ဂိုလ်ကြီးပြန်ပြောတဲ့စကားကတော့ ပက်လက်လန်စေတဲ့စကားပါတဲ့။ သစ်ခုတ်လို့ ချမ်းသာလာတဲ့ ခရိုနီလို့ အပြောခံနေရသူရဲ့နာမည်ကို ပါးစပ်က ရွတ်လိုက်ပြီး၊ အဲဒီလို လူ ၁၀ ယောက်လောက် တိုင်းပြည်မှာရှိမယ်ဆိုရင် မြန်မာနိုင်ငံရဲ့စီးပွားရေးကို ပူစရာမလိုတော့ဘူးလို့ ပြန်ပြောသတဲ့။ ဒါကိုကြားရတော့ စီးပွားရေးပညာရှင် တဦးအနေနဲ့ မြန်မာပြည်ရဲ့စီးပွားရေးအတွက် အတော် စိတ်မချမ်းမသာဖြစ်ခဲ့သူပါ။ ဒီလို ဥာဏ်ပညာရှုထောင့်အရ တိုင်းရင်လည်း ဘုရားဗျာဒိတ်ရ ဟုတ်၊ မဟုတ် ဆုံးဖြတ်လို့ရကြမှာပါ။

မြတ်စွာဘုရားပွင့်လာတာ၊ အဝိဇ္ဇာ (မသိမှု)ကို သိမှု (ဝိဇ္ဇာ)အဖြစ် သွန်သင်ဖို့ပါ။ ဗုဒ္ဓတရားမှာ အဓိကက အမှန်သိမှုဆိုတဲ့ ဥာဏ်ပါ။ လူတွေကို အမှန်သိစေဖို့မလုပ်ဘဲ၊ ရည်ရွယ်ချက်တခု၊ ကိုယ်ကျိုးစီးပွားတခု အတွက် အသိမှား အမြင်မှားတွေ သွတ်သွင်းပေးတာ၊ ဗုဒ္ဓလမ်းစဉ် မဟုတ်ပါဘူး။ ဒေဝဒတ်လမ်းစဉ်သာ ဖြစ်ပါတယ်။

ဒီမိုကရေစီဆိုတာ ရာသက်ပန် ကုလားထိုင်ကို လူတယောက်တည်းက ထိုင်ပြီး လူအများကို အုပ်ချုပ် ခွင့်မရအောင် ကာကွယ်တဲ့ စနစ်ကျင့်သုံးတဲ့ နိုင်ငံရေးဝါဒပါ။ လူတွေကို လှည့်ဖျားပြီး ကြမ်းပိုးကို လိပ်လို့ ပြောသူကပြောပေမယ့်၊ မြန်မာပြည်သူတွေ ကိုယ်ပိုင်အသိဥာဏ်ခိုင်ခံ့နေရင်ကြမ်းပိုးကို ကြမ်းပိုးလို့ပဲမြင်လာမှာ ပါ။

အဲဒီလိုပဲ မှိုင်းတိုက်တာကို မှိုင်းလို့မြင်လာပါလိမ့်မယ်။ ကိုယ့်အသိဥာဏ်ကို ဝေဝါးစေသူတွေရဲ့ ရန်က လွတ်ချင်ရင် ကိုယ်ခံအားကောင်းဖို့ ပြင်ဆင်ရပါမယ်။ ၂၀၁၅ ရွေးကောက်ပွဲ မတိုင်မီ လာမယ့်မှိုင်းတွေကတော့ တလှိုင်းပြီး တလှိုင်းဖြစ်နိုင်တာမို့ သတိတမာန် ဥာဏ်မြေကတုတ် တည်ဆောက်ကြပါစို့။

ခင်နှင်းဦး

(မှတ်ချက်။ ဗုဒ္ဓရှင်တော်မြတ်ဘုရားကြီးက လောကနဲ့ လူသားတို့ကောင်းကျိုးကိုရှေးရှုပြီး ဗေဒင်သုံးပုံကို ကွယ်ဖျောက်ခဲ့တယ်လို့ ကျမ်းဂန်က ဆိုပါတယ်။)
 


0 comments:

Post a Comment