19 Jan 2015

စားသုံးရန်မသင့်ဟု ကြေညာထားသည့် မုန့်လေးမျိုးကို ဈေးနှင့် ကျောင်းမုန့်ဈေးတန်း များမှ တွေ့ရှိခြင်း


နေပြည်တော် ၊ ၂၀-၁-၂၀၁၅

တရုတ် နိုင်ငံထုတ် ကလေး အစားအစာ သရေစာ ဆီးသီးထုပ် ယိုစုံနှစ်မျိုး နှင့် အချိုရည် နှစ်မျိုးတို့တွင် တားမြစ်ဆိုးဆေး သုံးစွဲထား သည်ကို တွေ့ရှိရသဖြင့် စားသုံးရန် မသင့်ဟု ကျန်းမာရေး ဝန်ကြီးဌာန က သတိပေး ထုတ်ပြန် ပေးထားကြောင်း သိရသည်။


စားသုံးရန် မသင့်ဟု ကြေညာ လိုက်သည့် ကုန်ပစ္စည်း များမှာ ဆီးသီးထုပ် အမှတ်တံဆိပ် Miko-ko နှင့် တွင်ကျယ်၊ အားဖျန်း အချိုရည်နှစ်မျိုး ဖြစ်ပြီး ယခုတွေ့ရှိသည့် တားမြစ် ဆိုးဆေးသုံး အစားအသောက် များကို ဈေးများနှင့် ကျောင်း မုန့်ဈေးတန်း များမှ စစ်ဆေး တွေ့ရှိခဲ့ခြင်း ဖြစ်သည်ဟု အစားအသောက် နှင့် ဆေးဝါးကွပ်ကဲရေး ဦးစီးဌာနမှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။


ကျန်းမာရေး ဝန်ကြီးဌာန အစားအသောက် နှင့် ဆေးဝါးကွပ်ကဲ ရေးဦးစီးဌာနမှ စားသုံးရန် မသင့်သော အစားအသောက် များကို ဓာတ်ခွဲ စစ်ဆေး စမ်းသပ်ချက် အဖြေများအရ စားသုံးသူများ သိရှိစေရန် ထုတ်ပြန် ကြေညာ ပေးခဲ့သည်မှာ အမျိုးပေါင်း ၂ဝ ကျော်ရှိပြီး ဖြစ်ကာ အများစုမှာ တရုတ်မုန့်ဟု ပြောရမည် ဆိုသော်လည်း အချို့သော တရုတ်စာတန်းပါ မုန့်များသည် ပြည်တွင်း ထုတ်လုပ်မှုများ ဖြစ်နေသည်ဟု သိရသည်။


''စားသုံးရန် မသင့်ဆိုတဲ့ အစားအသောက် တွေအားလုံးမှာ တရုတ်မုန့်တွေလို့ ပြောရပေမယ့် အထူးသဖြင့် အစပ်ချောင်းလို မုန့်အုပ်စု တွေမှာ တရုတ်စာတွေနဲ့ ရေးထားတယ်။ ဒါပေမဲ့ ပြည်တွင်း မှာပဲပြုလုပ် နေတာမျိုးလဲ ရှိတယ်။ တရုတ်စာနဲ့ ရေးထားတိုင်း တရုတ်နိုင်ငံက သွင်းတယ်လို့ ဆိုမရပြန်ဘူး။ အခု အနေအထား မှာက နယ်စပ်မြို့တွေမှာ ကုန်သွယ်မှု အတွက်ကို နှစ်နိုင်ငံ ပူးပေါင်း စစ်ဆေးမှုတွေ အပြင် ပြည်တွင်း ဌာနပေါင်းစုံရဲ့ စစ်ဆေးမှု၊ မိုဘိုင်းတင်း အဖွဲ့တွေရဲ့ စစ်ဆေးမှု တွေကြောင့် တရားမဝင် ဝင်ရောက်နေတဲ့ ကုန်စည် စီးဆင်းမှုက အထိုက် အလျောက် လျော့ပါးလာပြီ ဖြစ်ပါတယ် .. '' ဟု စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေး ဝန်ကြီးဌာနမှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။


ယခုအခါ ကျန်းမာရေး ဝန်ကြီးဌာနမှ စားသုံးရန် မသင့်သော အစားအသောက် များကို စစ်ဆေးတွေ့ရှိ သည်နှင့် စားသုံးသူများ သိရှိရန် သတင်းထုတ်ပြန် ပေးနေ သော်လည်း စီးပွားရေး လောဘသား များ၏ ကိုယ်ကျိုးကြည့် ထုတ်လုပ်နေမှု များကြောင့် ယခုကဲ့သို့ သုံးစွဲရန် မသင့်ဆိုသည် များ ထပ်မံတွေ့ရှိ နေဦးမည် ဖြစ်သည်ဟု မန္တလေး မိုဘိုင်းတင်း အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။


ပြည်တွင်း၌ အစားအသောက် ထုတ်လုပ်ရာတွင် ကျန်းမာရေး ဝန်ကြီးဌာနမှ မသုံးစွဲရန် တားမြစ်ပိတ်ပင် ထားသည့် ဓာတုဆိုးဆေးများ လုံးဝ အသုံးမပြု ရန်နှင့် မလိုက်နာ ပါက အမျိုးသား အစားအသောက် ဥပဒေ ပုဒ်မ၂၈(က) အရ တရားစွဲဆို အရေးယူ နိုင်သည်ဟု သိရသည်။


ယခုအခါ မြန်မာနိုင်ငံ အတွင်း ရှိ မိုဘိုင်းတင်း အဖွဲ့များ အနေဖြင့် ကျန်းမာရေး ဝန်ကြီးဌာနမှ စားသုံးရန် မသင့်ဟု ထုတ်ပြန် ကြေညာထားသည့် အစားအသောက် များကို ဈေးများနှင့် ကျောင်းမုန့်ဈေးတန်း များတွင် ရောင်းချမှုများ စစ်ဆေး တွေ့ရှိသည် နှင့် ထို အစားအစာ များကို ဆက်လက် ရောင်းချခွင့် မပြုဘဲ သိမ်းဆည်း ဖျက်ဆီး မှုများကို လုပ်ဆောင်လျက် ရှိသည်ဟု သိရသည်။
 

#Yadanarpondaily
 

#ရတနာပုံနေ့စဉ်