15 Jan 2012

*လောကနီတိ (၁)*

“နီတိ” ဟူသော ဝေါဟာရသည် သင်္သကရိုက်ပါဠိ ဘာသာစကားဖြစ်၍ လမ်းညွှန် ဟု အဓိပ္ပာယ် ဖွင့်ဆို နိုင်ပေသည်။ လောက လူသားတို့ သိမှတ် လိုက်နာအပ်သည့် လူမှုကျင့်ဝတ်နှင့် လူမှုစည်းကမ်းများ ဆိုင်ရာ ထုတ်ဖော် လမ်းညွှန်ထားချက်များကို ပေါင်းရုံး၍ လောကနီတိ ဟု ခေါ်ဝေါ်သုံးနှုန်းခြင်း ဖြစ်သည်။
လောကနီတိသည် ဘုရားဟော မဟုတ်ဟုဆိုနိုင်သော်လည်း ဘုရားဟောကျမ်းဂန် များစွာမှ လောကီရေးရာများနှင့် ပတ်သက်သည့် အဆိုအမိန့်များ၊ ရှေးသူဟောင်းတို့ ထားရစ်ခဲ့သော စကားပုံများ၊ မှတ်သားလိုက်နာဖွယ် အဆိုအမိန့်များ၊ သင်ခန်းစာရယူဖွယ် ဇာတ်ကြောင်းပုံပြင်များမှ ကောင်းနိုးရာရာများကို စုစည်းဖော်ထုတ်၍ ထည့်သွင်းပြုစုထားသော ကျမ်းဖြစ်ပါသည်။ ဤကျမ်းသည် ဘာသာမရွေး၊ လူမျိုးမရွေး အရွယ်သုံးပါး လိုက်နာအပ်သည်ဖြစ်၍ အထူးပင် နှစ်လိုဖွယ် ကောင်းလှပါပေသည်။
နီတိကျမ်းများစွာရှိသည်ဖြစ်ရာ ထင်ရှားသော နီတိကျမ်းများမှာ ငါးကျမ်းရှိသည်ဟု ဆို၏။ ယင်းတို့သည်ကား ကျွန်းနီတိ၊ လောကနီတိ၊ ရာဇနီတိ၊ ဓမ္မနိတိနှင့် မဟာရဟနီတိ တို့ဖြစ်ပါသည်။ လောကီနီတိသည် လူအများသိသော ကျမ်းတစ်စောင်ဖြစ်ပါသည်။ မြန်မာတို့အတွက် လောကနီတိကျမ်းကို သက္ကရာဇ် ၇၀၄ ခုနှစ်တွင် သီဟသူရ မင်းလက်ထက်၌ အမတ်ပညာရှိကြီး စတုရင်္ဂဗလက ကျမ်းအစောင်အစောင်မှ သင့်နိုးရာရာကို ကောက်နုတ်ပြင်ဆင်၍ ပါဠိဘာသာဖြင့် ရေးသားပြုစုခဲပါသည်။ စတုရင်္ဂဗလ၏ ကျမ်းရင်းကို ဘကြီးတော်မင်းတရားကြီးလက်ထက် သက္ကရာဇ် ၁၁၉၆ တွင် စက္ကိဒ္ဓဘီသီရိသဒ္ဓမ္မ ဓဇ မဟာရာဇဓိရာဇ ဂုရု ဘွဲ့တံဆိပ်တော်ရ အောင်မြေဘုံစံ အုတ်ကျောင်းဆရာတော် ဦးဗုဓ်က မြန်မာပြန်ဆိုခဲ့ပါသည်။
လောကနီတိကျမ်းကို လေ့လာသင်ကြားသူအဖို့ -
သာရော = အနှစ်သာရ မည်၏။
မာတာပီတု = မိဖသဖွယ် မည်၏။
အာစရိယော = ဆရာသမားနှင့် တူ၏ ။
မိတ္တော = မိတ်ဆွေနှင့် တူ၏ ဟူသော ဂုဏ်လေးမျိုး ရှိလေသည်။ အကျိုးတရားများမှာ -
ဥာဏိ = ဥာဏ်ကြီးရှင် ဖြစ်နိုင်ခြင်း
မဟာ = ကြီးကျယ် မြင့်မြတ်သူ ဖြစ်နိုင်ခြင်း
ဗဟုသုတော = အကြားအမြင် များနိုင်ခြင်း ဟူသော အကျိုးကျေးဇူးများလည်း ရရှိနိုင်လေသည်။ ထို့ကြောင့် လူအများ လိုက်နာကျင့်သုံးဖွယ်ရာ၊ မှတ်သားဖွယ်ရာ ဗဟုသုတ ရရှိစေရန်အလို့ငှာ လောကနီတိ စာအုပ်မှ ကူးယူးပြီး ဖော်ပြလိုက်ခြင်းဖြစ်ပါသည်။

အခန်း (၁)
ပဏ္ဍိတ ကဏ္ဍ
ပညာရှိတို့ကိုဆိုသောအခန်း
(၁)။ ပျင်းသောသူအား အတတ်ပညာ အဘယ်မှာ တတ်အံ့နည်း။ အတတ်ပညာ မရှိသောသူအား ဥစ္စာအဘယ်မှာ ရအံ့နည်း။ ဥစ္စာမရှိသောသူအား အဆွေခင်ပွန်းအဘယ်မှာ ရအံ့နည်း။ အဆွေခင်ပွန်းမရှိသောသူအား ချမ်းသာ အဘယ်မှာ ရအံ့နည်း။ ချမ်းသာမရှိသောသူအား ကောင်းမှုအဘယ်မှာ ရအံ့နည်း။ ကောင်းမှုမရှိသောသူအား နိဗ္ဗာန် အဘယ်မှာ ရနိုင်အံ့နည်း။
(၂)။ အတတ်နှင့်တူသော ဥစ္စာသည်မရှိ။ အတတ်ကိုခိုးသူတို့သည် မယူနိုင်ကုန်။ ဤလောက၌ အတတ်သည်ကား အဆွေခင်ပွန်းဖြစ်၏။ တမလွန်ဘ၀၌ ချမ်းသာကို ဆောင်တတ်၏။
(၃)။ အကြားအမြင်ပညာကို နည်း၏ဟူ၍ မအောက်မေ့ရာ။ မိမိစိတ်ထဲ၌ သွင်းထားရာ၏။ တောင်ပို့၌ ရေပေါက်သည် ကျဖန်များစွာ ကြာရှည်သဖြင့် ပြည့်သကဲ့သို့တည်း။
(၄)။ နှုတ်မှုပညာကို လည်းကောင်း၊ လက်မှုပညာကိုလည်းကောင်း ငယ်သည်ဟူ၍ မအောက်မေ့ရာ။ ကုန်စင်အောင် တတ်မူကား တစ်ခုသော အတတ်သည်လည်း အသက်မွေးဝမ်းကျောင်း ဖြစ်ပါသည်သာလျှင်တည်း။
(၅)။ သုတနှင့်ပြည့်စုံသော ပညာရှိသည် အကြင်အရပ်၌ ရှိ၏ဟူ၍ ကြားငြားအံ့၊ ထိုအရပ်သို့ သုတရှာသော အမျိုးကောင်းသားသည် သည်းစွာအားထုတ်၍ သွားရာသည်သာလျှင်တည်း။
(၆)။ အတတ်ကို ဖြည်းဖြည်းသင်ရာ၏၊ ဥစ္စာကို ဖြည်းဖြည်းရှာရာ၏၊ တောင်ကို တက်သောသူသည် ဖြည်းဖြည်းတက်ရာ၏၊ ကာမဂုဏ်ကို ဖြည်းဖြည်းလိုရာ၏၊ အမျက်ကို ဖြည်းဖြည်းထွက်ရာ၏၊ ဤငါးပါးတို့ကို ဖြည်းဖြည်းအလိုရှိရာ၏။
(၇)။ အကြားအမြင်အတတ်သည် လည်းကောင်း၊ ဓမ္မအတတ်သည် လည်းကောင်း၊ သင်္ချာဂဏန်း အတတ်သည်လည်းကောင်း၊ တံစည်းစူးဆောက် အတတ်သည်လည်းကောင်း၊ နီတိကျမ်းအတတ်သည် လည်းကောင်း၊ ယာယီယတြာစသော ဗျာကရိုဏ်း အတတ်သည် လည်းကောင်း၊ စောင်းစသော ကဗျာအတတ်သည်လည်းကောင်း၊ လက်ပစ်အတတ်သည် လည်းကောင်း၊ ဒူးလေး လင်းလေး အတတ်သည် လည်းကောင်း၊ စကားဟောင်းအတတ်သည် လည်းကောင်း၊ ဆေးအတတ်သည် လည်းကောင်း၊ ရယ်ရွှင်မှု အတတ်သည်လည်းကောင်း၊ ဗေဒင်အတတ်သည်လည်းကောင်း၊ လှည့်ပတ်တတ်သောအတတ်သည လည်းကောင်း၊ ဆန်းကျမ်းအတတ်သည် လည်းကောင်း၊ သံတမန်အတတ်သည် လည်းကောင်း၊ မန္တန်အတတ်သည် လည်းကောင်း၊ သဒ္ဒါကျမ်းအတတ်သည် လည်းကောင်း ဤသည်တို့ကား ဆယ့်ရှစ်ပါးသော အတတ်တို့တည်း။
(၈)။ လောက၌ ပညာရှိသူသည် မမေးမူကား စည်ကြီးသဖွယ်ဖြစ်၏။ သူတည်း မေးမူကား မိုးကြိုးသဖွယ်ဖြစ်၏။ လူမိုက်သည် မေးသော်လည်းကောင်း၊ မမေးသော်လည်းကောင်း အခါခပ်သိမ်းများစွာလည်း ဟောတတ် ပြောတတ်သည်သာလျှင်တည်း။
(၉)။ လောက၌ ပေတို့၌ အကြင်အတတ်သည် လည်းကောင်း၊ သူတပါးတို့၏ လက်တို့၌ အကြင်ဥစ္စာသည် လည်းကောင်း ရှိ၏။ ပြုဖွယ်ကိစ္စသည် ဖြစ်လတ်သော် ထိုပေ၌ရှိသော အတတ်သည် လည်းကောင်း၊ အတတ်မမည်။ ထိုသူတစ်ပါးတို့၏ လက်၌ရှိသော ဥစ္စာသည်လည်း ဥစ္စာမမည်။
(၁၀)။ လောက၌ ရေတိမ်ရေနက်ကိုကား ပုဒ္ဒမာကြာကို မြင်သဖြင့် သိအပ်၏။ အမျိုးယုတ်မြတ်ကိုကား ကိုယ်အမူအရာ၊ နှုတ်အမူအရာအားဖြင့် သိအပ်၏။ မြေကောင်းမကောင်းကိုကား မြက်ညှိုးမညှိုးကို မြင်သဖြင့် သိအပ်၏။
(၁၁)။ လောက၌ နည်းသောသုတရှိသူသည် နည်းသော သုတကို အများအောက်မေ့တတ်၏။ မာန်မာနရှိတတ်၏။ အဘယ်သို့နည်းဟူမူကား သမုဒ္ဒရာရေပြင်ကို မမြင်ဘူးသော ဖားသူငယ်သည် တွင်းဝ၌ ရေကို အများထင်သကဲ့သို့တည်း။
(၁၂)။ လောက၌ ပထမအရွယ်၌ကား အတတ်မရတုံအံ့။ ဒုတိယအရွယ်၌ကား ဥစ္စာမရတုံအံ့။ တတိယအရွယ်၌ကား တရားမရတုံအံ့။ စတုတ္တအရွယ်တိုင်မှာကား အဘယ်မူစအံ့နည်း။
(၁၃)။ ချစ်သားတို့ ... အတတ်ပညာသင်ကုန်လော့။ အဘယ်ကြောင့် ပျင်းရိဘိသနည်း။ ချစ်သားတို့ နေ့တိုင်း နေ့တိုင်း အတတ်ပညာ သင်ကုန်လော့။ အတတ်ပညာ မရှိသောသူသည် သူ၏ ၀န်ထမ်းဖြစ်တတ်၏။ အတတ်ပညာရှိသူကို လောက၌ သူတစ်ပါးတို့ ပူဇော်အပ်၏။
(၁၄)။ အကြင်အမိသည် သားငယ်ကို အတတ်ပညာသင်မပေး။ အတတ်ပညာသင်၍ မပေးသော အမိသည် ရန်သူမည်၏။ အကြင်အဖသည် အတတ်ပညာ သင်၍မပေး။ အတတ်ပညာသင်၍ မပေးသော အဖသည် ရန်သူမည်၏။ ထိုအတတ်ပညာ မရှိသောသူသည် ဟင်္သာတို့အလယ်၌ ဗျိုင်းကဲ့သို့ သဘင်အလယ်တွင် မတင့်တယ်။
(၁၅)။ တောင်ချောက်ကြား၌ ရောက်သောဆူးကို ဘယ်သူထက် စိမ့်ချွန်သနည်း။ မိမိ အလိုလိုသာလျှင် ထက်ပချေ၏။ သမင်တို့၏ မျက်စိ၌ ဘယ်သူမျက်စဉ်းခတ်၍ ကြည်သနည်း။ မိမိအလိုလိုသာလျှင် ကြည်ပချေ၏။ ညွန်၌ကြာကို ဘယ်သူအနံ့ကောင်း ထည့်ပေးချေသနည်း။ အလိုလိုသာလျှင် အနံ့ကောင်းထုံ၏။ အမျိုးကောင်းသား၏ သဘောသည် ဘယ်သူပြု၍ ဖြစ်သနည်း။ မိမိအလိုသာ ဖြစ်ပချေ၏။
(၁၆)။ ထုံးမရှိသော ကွမ်းသည် အရသာမရှိ။ ဥစ္စာမရှိသူ၏ တန်ဆာဆင်ခြင်သည်လည်း အရသာမရှိ။ ဆားမရှိသော စားဖွယ်သည်လည်း အရသာမရှိ။ အတတ်မရှိသောသူ၏ ပျို့ကဗျာ ဖွဲ့ခြင်းသည်လည်း အရသာမရှိ။
(၁၇)။ နာခြင်း မှတ်ခြင်း၌ ကောင်းစွာ အားတုတ်သော သူသည် သုတဖြင့် ပြည့်စုံ၏။ သုတပညာဖြင့် ပွား၏။ သုတပညာဖြင့် အနက်ကိုသိ၏။ သိအပ်သော အနက်သည် ချမ်းသာကို ဆောင်၏။
(၁၈)။ လောက၌ အစာစားခြင်းသည် လည်းကောင်း၊ မေထှန်မှီဝဲခြင်းသည် လည်းကောင်း၊ အိပ်ခြင်းသည် လည်းကောင်း၊ နွား၌လည်းကောင်း၊ ယောက်ျား၌ လည်းကောင်း ရှိ၏။ အတတ်ပညာ ဟူသည်ကား ယောက်ျားအား အထူးပေးတည်း။ အတတ်ပညာမှ ယုတ်ခဲ့မူကား နွားနှင့်တူသည် ဖြစ်၏။
(၁၉)။ လောက၌ အတတ်ပညာနှင့်တူသော အဆွေခင်ပွန်းသည် မရှိ။ အနာနှင့်တူသော ရန်သူသည် မရှိ။ ကိုယ်နှင့်တူသော ချစ်သော သူမည်သည် မရှိ။ ကံနှင့် တူသော အားသည်မရှိ။
(၂၀)။ လောက၌ ဟင်္သာသည် ကျီးတို့၏အလယ်၌ မတင့်တယ်။ ခြင်္သေ့သည် နွားတို့၏ အလယ်၌ မတင့်တယ်။ မြင်းသည် မြည်းတို့၏ အလယ်၌ မတင့်တယ်။ လူမိုက်တို့၏ အလယ်၌ ပညာရှိသည် မတင့်တယ်။
(၂၁)။ သူမိုက်သည် အသက်ထက်ဆုံးလည်း ပညာရှိကို အကယ်၍ ဆည်းကပ်ငြားအံ့၊ ထိုသူမိုက်သည် တရားကိုမသိ။ အဘယ်ကဲ့သို့ နည်းဟူမူ ယောက်မသည် ဟင်း၏ အရသာကို မသိသကဲ့သို့တည်း။
(၂၂)။ ပညာရှိသည် ခဏမျှလည်း ပညာရှိကို အကယ်၍ ဆည်းကပ်ငြားအံ့။ တရားကိုသိ၏။ အဘယ်ကဲ့သို့ နည်းဟူမူကား လျှာသည် ဟင်း၏ အရသာကို သိသကဲ့သို့တည်း။
(၂၃)။ ရဲရင့်သောသူသည် လက်နက်ကို ကင်း၍ စစ်မြေအရပ်သို့ မသွားရာ။ ထို့အတူ ပညာရှိသည် ကျမ်းဂန်ကို ကင်း၍ စကားမဆိုရာ။ အဓွန့်ရှည်သော ခရီးသို့သွားသော ကုန်သည်သည် အဖော်ကင်း၍ မသွားရာ။ အရပ်တစ်ပါးသို့ သွားသောသူသည် အဖော်ကို ကင်း၍ မသွားရာ။
(၂၄)။ လောက၌ ဥစ္စာပျက်ခြင်းသည် လည်းကောင်း၊ နှလုံးပူပန်ခြင်းသည် လည်းကောင်း၊ အိမ်၌ မကောင်းမှုကို ကျင့်ခြင်းတို့ကို လည်းကောင်း၊ လှည့်ပတ်ခြင်းကို လည်းကောင်း၊ မထီမဲ့မြင် ပြုခြင်းကိုလည်းကောင်း၊ ပညာရှိသည် ထင်ရှားမပြရာ။
(၂၅)။ လောက၌ အရေးအခွင့်ရောက်သည်နှင့် လျော်သောစကားကို လည်းကောင်း၊ ကိုယ်အား လျောက်ပတ်သော ချစ်အပ်သောသူကို လည်းကောင်း၊ ကိုယ်နှင့် တန်ရုံသော အမျက်ကို လည်းကောင်း အကြင်သူသည် သိတတ်၏။ ထိုသူသည် ပညာရှိမည်၏။
(၂၆)။ ဥစ္စာမရှိဘဲလျက် အရသာ စားကြူးသောသူ၊ ခွန်အားမရှိဘဲလျက် အသတ်အပုတ် ကြိုက်တတ်သောသူ၊ ပညာမရှိဘဲလျက် စကားလိုလားသောသူ၊ ဤသူတို့ကား သူရူးနှင့် တူကုန်၏။
(၂၇)။ သူမခေါ်ဘဲ သူ့အိမ်သို့ သွားဖန်များသောသူ၊ သူမမေးဘဲ စကားများများပြောတတ်သောသူ၊ မိမိဂုဏ်ကျေးဇူးကို ပလွှားတတ်သောသူ၊ ဤသုံးပါးသည် သူယုတ်၏ လက္ခဏာတည်း။
(၂၈)။ အဆင်းမလှသော သူသည် စကားများတတ်၏။ ပညာနည်းသောသူသည် ထင်ရှား ပြတတ်၏။ ရေမပြည့်သော အိုးသည် ချောက်ချားတတ်၏။ နို့ရည်မထွက်သော နွားမသည် ကျောက်ကန်တတ်၏။
(၂၉)။ ဖားသူငယ်သည် ဆောင့်ကြောင့်ထိုင်တတ်ကာမူ ခြင်္သေ့ဟုထင်၏။ ကျီးတည်းချီးမူကား ချစ်ဆွေ ချစ်ဆွေဟု မြည်တတ်၏။ ပညာမရှိသော သူမိုက်သည်လည်း မိမိကိုယ်ကို ပညာရှိ ထင်ခြင်းကြောင့် ပညာရှိတို့သည် မေးလတ်သော် ငါ့ရှင်ငါ့ရှင်ဟု ချစ်စဖွယ်သော စကားကို ဆိုတတ်၏။
(၃၀)။ ဖားသူငယ်သည်လည်း ဆောင့်ကြောင့်ထိုင်ခြင်းတူမူကား ခြင်္သေ့ တူကောင်းအံ့လော။ ၀က်သည်လည်း အုတ်အုတ်မြည်တတ်ကာမူ ကျားသစ် တူကောင်းအံ့လော။ ကြောင်သည်လည်း အဆင်းသဏ္ဌာန်တူကာမူ ကျားတူကောင်းအံ့လော။ ပညာရှိတို့သည်လည်း အတတ်ချင်း တူကောင်းအံ့လော။
(၃၁)။ မင်းတို့သဘော မည်သည့်ဥစ္စာ၌ ရောင့်ရဲခြင်းမရှိ။ မျက်စိသည်လည်း ချစ်သောသူကို မြင်ခြင်း၌ ရောင့်ရဲခြင်းမရှိ။ သမုဒ္ဒရာသည် ရေ၌ ရောင့်ရဲခြင်း မရှိ။
(၃၂)။ အဆင်းအရွယ်နှင့် ပြည့်စုံခြင်းမူလည်း၊ ပြန့်ပြောကြွယ်ဝသော အမျိုး၌ ဖြစ်လျှင်မူလည်း အတတ်ပညာမှ ယုတ်ခဲ့မူကား မတင့်တယ်ကုန်။ ပေါက်ပန်းတို့သည် အနံ့ကင်းကုန်သကဲ့သို့တည်း။
(၃၃)။ လောက၌ အမျိုးယုတ်သောသူ၏ သားဖြစ်လျက် မင်း၏ အမတ်ဖြစ်တတ်၏။ လူမိုက်၏ သားဖြစ်လျက်လည်း ပညာရှိဖြစ်တတ်၏။ ဥစ္စာမရှိသောသူ၏ သားဖြစ်လျက်လည်း ဥစ္စာများတတ်၏။
(၃၄)။ အကြင်တပည့်သည် အတတ်ပညာလိုသဖြင့် အထူးထူးအပြားပြားများစွာ သင်တတ်၏။ ထိုတပည့်လည်း အတတ်ကို အိပ်မက်ကိုမြင်သော သူအကဲ့သို့ ပြန်ဆိုခြင်းငှာ မစွမ်းနိုင်ရာ။
(၃၅)။ အိုးထိန်းသည်သည် အိုးကို ကွဲစိမ့်သောငှာ မခတ်၊ တင့်တယ်စိမ့်သောငှာ ခတ်၏။ ဆရာသည် တပည့်တို့အား အပယ်ဆင်းရဲသို့ ကျစေခြင်းငှာ မပုတ်ခတ်၊ အတတ်ပညာ အစီးအပွားဟူသော အကြောင်းကြောင့် ပုတ်ခတ်၏။
(၃၆)။ အကြင်သူသည် တောင်ဇလပ်ပန်းကိုလျှင် ပေါက်ဖက်နှင်ထုပ်၏။ ထိုသူ၏ တောင်ဇလပ်ပန်း သည်သာလျှင် ကောင်းသောအနံ့ကို လှိုင်စေသည်ကား မဟုတ်၊ ပေါက်ဖက်တို့သည်လည်း ကောင်းသော အနံ့ကို လှိုင်စေကုန်၏။ ထို့အတူ ပညာရှိနှင့် ပေါင်းဖက်မှီဝဲရသော သူတို့ကို မှတ်အပ်၏။
 
ဆက်လက်ဖော်ပြပါမည်…
မိတ်ဆွေသူငယ်ချင်းများအားလုံး ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာကြပါစေရှင်။
မြတ်လေးမွန်