26 Apr 2014

အငြင်းပွားနေရသော ပုဒ်မ (၅၉)



သမ္မတ ဆိုတာက ရုပ်ပြ ငပေါကြီးဖြစ်အောင် လုပ်ထားတာ မြန်မာတနိုင်ငံပဲ ရှိတယ်။ နိုင်ငံတကာမှာတော့ သမ္မတ စနစ်ကျင့်သုံးတဲ့ နိုင်ငံတိုင်း သမ္မတက ရပ်ဆို စစ်တပ်က ဆက်မတိုက်တော့ဘူး။

တပ်မတော်က ဘယ်လောက် အာဏာယူထားသလဲဆိုတာ ဖွဲ့စည်းပုံအခြေခံဥပဒေမှာ... ရုပ်သေး သမ္မတ သမ္မတကြီး ဦးသိန်းစိန် အစိုးရသည် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၏ ညွန်ကြားချက်အောက်မှာသော်လည်းကောင်း၊ ကာချုပ်၏ သဘောတူညီမူဖြင့်သော်လည်းကောင်း လှုပ်ရှားနေရတယ်ဆိုတာ သိသာမည်ဟု ယုံကြပါသည်..။ နောက်တစ်ခု အထက်မှာဖော်ပြခဲ့သည်အတိုင်း အခန်း (၇) တပ်မတော် အခန်းမှာပါဝင်သော ပုဒ်မများအရ ၃၃၉ ပုဒ်မ၀ယ် စစ်ရေးစစ်ရာ ဟူသမျှ တပ်မတော်က ဦးဆောင်ရမည်ဟု ပါရှိသည့်အတွက်၊ ဘယ်သူ့ကို တိုက်တိုက် ဘယ်တိုင်းရင်းသားလက်နက်ကိုင်ကိုတိုက်တိုက် သမ္မတ ဘာမှလုပ်ပိုင်ခွင့် ပြောပိုင်ခွင့် တားဆီးပိုင်ခွင့်ကို မရရှိပါဘူး..။ စစ်ဖြစ်ဖို့ဟာ လိုအပ်ချက်မှန်း သိလို့စစ်ဖြစ်လို့ ရအောင် ၂၀၀၈ အခြေခံဥပဒေကို ရည်ရွယ်ရေးထားပါတယ်..


အငြင်းပွားနေရသော ပုဒ်မ (၅၉)

```````````````````````````````````````````

သူငယ်ချင်း မိတ်ဆွေအပေါင်းကို အငြင်းပွားနေရသော ပုဒ်မ (၅၉ ) ကို ကျနော် ဥာဏ်မီသလောက် တင်ပြမှာဖြစ်ပါတယ်၊ ရှေ့ဦးစွာ တောင်းပန်လိုသည်မှာ ကျနော် ဥပဒေပညာရှင်မဟုတ်သည့်အတွက် အခြားသော နိုင်ငံများ၏ အခြေခံဥပဒေများကို မကိုးကားနိုင်ပါ (တိတိကျကျ)ပေါ့..။

၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ အခန်း (၃) နိုင်ငံတော်သမ္မတနှင့် ဒုတိယသမ္မတများ အခန်းဖြစ်ပါတယ်၊

ပုဒ်မ (၅၇) နိုင်ငံတော် သမ္မတနှင့် ဒုတိယ သမ္မတများသည် နိုင်ငံတော်ကို ကိုယ်စားပြုသည်။

ပုဒ်မ (၅၈) နိုင်ငံတော်သမ္မတသည် ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံ တစ်ဝန်းလုံးတွင် နိုင်ငံသားအားလုံး၏ အထွတ်အထိပ်နေရာ ရရှိသည်။

ပုဒ်မ (၅၉) နိုင်ငံတော်သမ္မနှင့် ဒုတိယသမ္မတများ၏ အရည်အချင်းများမှာ အောက်ပါအတိုင်းဖြစ်သည်။

(က) နိုင်ငံတော်နှင့် နိုင်ငံသားများအပေါ် သစ္စာရှိသူ ဖြစ်ရမည်။

(ခ ) မိမိနှင့် မိမိမိဘနှစ်ပါးလုံး နိုင်ငံတော်၏အာဏာ ပိုင်နက်အတွင်း၌ မွေးဖွားသော တိုင်းရင်းသားမှ ဖြစ်သည့် မြန်မာနိုင်ငံသားများ ဖြစ်ရမည်။

(ဂ) ရွှေးချယ်တင်မြှောက်ခြင်း ခံရသူသည် အနည်းဆုံး အသက်လေးဆယ့်ငါးနှစ် ပြည့်ပြီးသူ ဖြစ်ရမည်။

(ဃ) နိုင်ငံတော် အရေးအရာများ ဖြစ်သော နိုင်ငံရေး၊ အုပ်ချုပ်ရေး၊ စီးပွားရေး၊ စစ်ရေးစသည့် အမြင်များ ရှိရမည်။

(င ) သမ္မအဖြစ် ရွှေးချယ်တင်မြှောက်ခံရသည့် အချိန်နှင့်တစ်ဆက်တည်း အနည်းဆုံးအနှစ် (၂၀) နိုင်ငံတော်တွင် အခြေချနေထိုင်ခဲ့သူဖြစ်ရမည်။

(စ ) မိမိကိုယ်တိုင်သော်လည်းကောင်း၊ မိမိ၏ မိဘတစ်ပါးပါးသော်လည်းကောင်း၊ မိမိ၏ဇနီး သို့မဟုတ် ခင်ပွန်းသော်လည်းကောင်း၊ မိမိ၏ တရားဝင် သားသမီးသားသမီးတစ်ဦးဦးသော်လည်းကောင်း၊ ထိုတရားဝင် သားသမီးတစ်ဦးဦး၏ ဇနီး သို့မဟုတ် ခင်ပွန်းသော်လည်းကောင်း၊ နိုင်ငံခြားအစိုးရ၏ ကျေးဇူးသစ္စာတော်ကို ခံယူစောင့်ရှောက်ရိုသေသူ သို့မဟုတ် နိုင်ငံခြားအစိုးရ၏ လက်အောက်ခံဖြစ်သူ သို့မဟုတ် တိုင်းတစ်ပါး၏ နိုင်ငံသား ဖြစ်သူများ မဖြစ်စေရ။ ထိုသူများသည် နိုင်ငံခြားအစိုးရ၏ ဖြစ်သူသော်လည်းကောင်း၊ တိုင်းတစ်ပါး၏ နိုင်ငံသား သော်လည်းကောင်း၊ ခံစားရသော အခွင့်အရေးများနှင့် ကျေးဇူးခံစားခွင့်များကို ခံစားနိုင်ခွင့်ရှိသူများ မဖြစ်စေရ၊

(ဆ) လွှတ်တော် ရွှေးကောက်ပွဲ၌ ရွှေးကောက်တင်မြှောက် ခံပိုင်ခွင့်အတွက် သတ်မှတ်ထားသည့် အရည်အချင်းများအပြင် နိုင်ငံတော် သမ္မတအတွက် သီးခြား သတ်မှတ်ထားသော အရည်အချင်းများ နှင့်လည်း ပြည့်စုံရမည်။

````````````````````````````````````````````````````````````````````

ယခု ဖတ်ခဲ့ရသော (၅၉) ပုဒ်မသည် သမ္မတအရည်အချင်းဆိုင်ရာ သတ်မှတ်ချက်ဖြစ်ပါသည်။
မရှင်းပါက မိတ်ဆွေများအနေဖြင့် ပြန်ဖတ်သင့်သည်ဟု အကြံပြုပါရစေ၊

ပုဒ်မတစ်ခုချင်းဆီကို ရှင်းကြပါစို့နော်..။ ပုဒ်မ (၅၈) နိုင်ငံတော်သမ္မတသည် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် တစ်ဝန်းလုံးတွင် နိုင်ငံသား အားလုံး၏ အထွတ်အထိပ်နေရာ ရရှိသည်..။ ဒီလိုပြန်ဌာန်းထားတာကို တွေ့ရမှာ ဖြစ်ပါတယ်၊။ တောသားလို ပြောမယ်ဆိုရင် လုပ်ပိုင်ခွင့် အခွင့်အာဏာ အရှိဆုံးသည် သမ္မတသာဖြစ်တယ်လို့ ဆိုလိုပါတယ်၊ ဒီပုဒ်မဟာ ဖြစ်သင့်ဖြစ်ထိုက်သည်ဟုလည်း ယူဆပါသည်..။ ဒီနေရာမှာ နိုင်ငံတစ်ဝန်းလုံးဆိုတဲ့ ၀ိသေသ ပါလာပြန်ပါတယ်၊ မြန်မာပြည် နယ်နိမိတ် အပိုင်းအခြားမှာ ရှိရှိသမျှသော လူသားအားလုံး၏ လက်နက်ကိုင် လက်နက်မကိုင်သော လူများအားလုံး၏ အထွတ်အထိပ်နေရာကို ရရှိတာ ဖြစ်တယ်လို့ ဆိုပါတယ်၊။
တကယ်ရော ဟုတ်ရဲ့လား ဆိုတာကို သူနဲ့ ဆန့်ကြင်စွာ ပြဌာန်းထားတဲ့ ပုဒ်မကို ထုတ်ပြပါမယ်၊

ဒါ့အပြင် အခန်း( ၅) အုပ်ချုပ်ရေး ခေါင်းစဉ်အောက်က အမျိုးသား ကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ ဖွဲ့စည်းခြင်း။ ပုဒ်မ (၂၀၁ )ဖွဲ့စည်းပုံ အခြေခံဥပဒေအရသော်လည်းကောင်း၊ ဥပဒေတစ်ရပ်ရပ်အရသော်လည်းကောင်း၊ ပေးအပ်လာသည့်တာဝန်များကို ထမ်းဆောင်နိုင်ရန် နိုင်ငံတော်သမ္မတ ဦးဆောင်သည့် အမျိုးသား ကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီကို အောက်ပါပုဂ္ဂိုလ်များဖြင့် ဖွဲ့စည်သည်။

(က) နိုင်ငံတော် သမ္မတ

(ခ ) ဒုတိယသမ္မတ

(ဂ )ဒုတိယသမ္မတ

(ဃ) ပြည့်သူ့လွတ်တော်ဥက္ကဌ

(င)အမျိုးသားလွှတ်တော်ဥက္ကဌ

(စ )တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်၊

(ဆ)ဒုတိယတပ်မတော်ကာကွယ်ရေး ဦးစီးချုပ်၊

(ဇ) ကာကွယ်ရေးဝန်ကြီးဌာန ၀န်ကြီး၊

(ဈ ) နိုင်ငံခြားရေး ၀န်ကြီးဌာန ၀န်ကြီး၊

(ည) ပြည်ထဲရေး ၀န်ကြီးဌာန ၀န်ကြီး၊

(ဋ) နယ်စပ်ရေးရာဝန်ကြီးဌာန ၀န်ကြီး၊

အားလုံးပေါင်း (၁၁) နဲ့ ဖွဲ့စည်းထားသည်ကို မိတ်ဆွေများ သတိထားမိပါလိမ့်မယ်။

နောက်ပုဒ်မ တစ်ခုကို လေ့လာကြရအောင်ပါ မိတ်ဆွေတို့..။

(အဲ့ဒါကတော့ ပြည်ထောင်စု ၀န်ကြီးများနှင့် ဒုတိယ၀န်ကြီးများ ) ခန့်အပ်ခြင်ဆိုင်ရာဖြစ်ပါတယ်..။

ပုဒ်မ (၂၃၂ ) (ခ) နိုင်ငံတော် သမ္မတသည် ပြည်ထောင်စု ၀န်ကြီးများအဖြစ် ခန့်အပ်တာဝန်ပေးရန်၊

(၁) လွတ်တော်ကိုယ်စားလှယ်ထဲကဖြစ်စေ၊ လွတ်တော်ကိုယ်စားလှယ်မဟုတ်သူများထဲကဖြစ်စေ ပုဒ်မခွဲ (က)ပါ သတ်မှတ်ထားသည့် အရည်အချင်းများနှင့် ပြည့်စုံသော သင့်လျှော်သည့် ပုဂ္ဂိုလ်များကို ရွှေးချယ်ရမည်။

(၂) ကာကွယ်ရေး ၀န်ကြီးဌာန၊ ပြည်ထဲရေးဝန်ကြီးဌာနနှင့် နယ်စပ်ရေးရာဝန်ကြီးဌာနများအတွက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ထံမှ သင့်လျှော်သည့် တပ်မတော်သားများ၏ အမည်စာရင်းကို ရယူရမည်။

(၃) ကာကွယ်ရေးဝန်ကြီးဌာန ၊ ပြည်ထဲရေးဝန်ကြီးဌာနနှင့် နယ်စပ်ရေးရာ ၀န်ကြီးဌာနများအပြင် အခြားဝန်ကြီးဌာနများတွင် တပ်မတော်သားများအား ပြည်ထောင်စုဝန်ကြီးများအဖြစ် ခန့်အပ်တာဝန်ပေးလိုလျှင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် ညှိနှိုင်းဆောင်ရွက်ရမည်။

``````````````````````````````````````````````````````````````````

ပိုပြီးတော့ ထင်ရှားပေါ်လွင်အောင် ပုဒ်မတစ်ခုကို ထုတ်ပြခြင်ပါသေးတယ်..၊ လေ့လာကြပါဦးနော်.။

အခန်း (၇) ပုဒ်မ (၃၃၇) တပ်မတော်သည် နိုင်ငံတော်ကာကွယ်ရေးအတွက် အဓိကအကျဆုံးသော လက်နက်ကိုင် တပ်ဖွဲ့ဖြစ်သည်။

ပုဒ်မ(၃၃၈ )နိုင်ငံတော်အတွင်းရှိ လက်နက်ကိုင်အဖွဲ့အစည်းအားလုံးသည် တပ်မတော်၏ ကွပ်ကဲမူအောက်တွင် ရှိသည်။

ပုဒ်မ (၃၃၉) နိုင်ငံတော်အား ပြည်တွင်း၊ ပြည်ပ အန္တရာယ်များမှ ကာကွယ်ရေးအတွက် တပ်မတော်က ဥိးဆောင်ရမည်။

ပုဒ်မ (၃၄၃) စစ်ဘက်တရားစီရင်ရာတွင်

(က) တပ်မတော်သားများအတွက် အဖွဲ့ဖြင့်ဖြစ်စေ၊ တစ်ဦးတည်းဖြစ်စေ၊ ဥပဒေနှင့်အညီ စီရင်နိုင်သည်။

(ခ) တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်၏ အဆုံးအဖြတ်သည် အပြီးပြတ်ဖြစ်သည်..။

````````````````````````````````````````````````````````````

အစက နိုင်ငံတော်သမ္မတသည် နိုင်ငံ၏ အကြီးအကဲဖြစ်တယ်ဆိုတာ သတိထားမိပါလိမ့်မယ်..။

နောက် ပုဒ်မတွေက အရာအားလုံးသည် ကာကွယ်ရေးဦးစီးချုပ်၏ ညှိနိုင်းမူကို ရယူပြီး လုပ်ဆောင်ရမည်ဟု ပါရှိသည်ကို သတိပြုမိမယ်ထင်ပါတယ်..။ နောက် တပ်မတော်သားများသည် ပြည်သူပြည်သားများထဲမှ ပေါက်ဖွားလာသည်ဟု ဆိုသော်ငြားလည်း ဥပဒေအရ အခွင့်ထူးခံ လူတန်းစားတစ်ရပ်ဖြစ်နေပါတယ်၊ မြန်မာပြည်ထဲမှာ ဘာပဲလုပ်ခဲ့လုပ်ခဲ့ ဒါးမြပဲတိုက်တိုက် လူပဲသတ်သတ် ခိုးပဲခိုးခိုး မုဒိန်းပဲကျင့်ကျင့် အရပ်ဖက်တရားစီရင်ရေးက စွက်ဖက်ခွင့်မရှိဘူးဆိုတာ သိမယ်လို့ထင်ပါတယ်..။ မိတ္ထီလာမှာ ဘဏ်ကိုဒါးပြတိုက်သော ဗိုလ်ကြီးကို အရပ်ဖက်တရားစီရင်ရေးက ဘာမှလုပ်မရပါဘူး တပ်ကိုပဲလွဲပေးလိုက်ရတာ သိမယ်လို့ထင်ပါတယ်၊ ကာကွယ်ရေးဦးစီးချုပ်၏ အဆုံးအဖြတ်သာ အဓိကဖြစ်နေလို့ပါပဲ..။ တရားမျှတလား မမျှတလား ဆိုတာ သိမြင်မည်ဟု ယုံကြပါတယ်..။

နောက်တစ်ခု အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီကိုဖွဲ့စည်းခြင်း ဆိုတာကို ပြန်ပြီး ဖတ်စေလိုပါတယ်..။ အားလုံးပေါင်း ၁၁ ယောက်ဆိုတာကို သတိထားမိမယ်ထင်ပါတယ်၊ ဘယ်ဌာနတွေပါတယ်ဆိုတာကိုလည်း သတိထားမိမယ်ထင်ပါတယ်၊ ပြည်တွင်းမှာသော်လည်းကောင်း ပြည်ပရန်ကို တွန်းလှန်ရာတွင်သော်လည်းကောင်း အမျိုးသားကာကွယ်ရေး ကောင်စီက အစီးအဝေးထိုင်ပြီး ဒီမိုကရေစီကျကျ မဲခွဲကြမယ်ဆိုရင်ကိုပဲ သမ္မတမှာ အင်အားမရှိပါဘူး.။ ရှင်းပြပါအံ့

အရပ်ဖွဲ့ အဖွဲ့အစည်းဟု နာမယ်ခံထားသော နိုင်ငံတော် သမ္မတ ဒု သမ္မတ နှစ်ယောက် ၊ ပြည်သူ့လွှတ်တော် အမျိုးသားလွှတ်တော်ဥက္ကဌများ အားလုံးပေါင်း (၅) ယောက်ဆိုတာ သတိထားမိမယ်ထင်ပါတယ်၊ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် မှစပြီး နယ်စပ်ရေးရာဝန်ကြီးဌာနအထိ ( ၆) ယောက် ဆိုတာ သတိထားမိပါလိမ့်မယ်၊..။

နယ်စပ်ရေးရာဝန်ကြီးဌာနများ စသည်တို့ကို သမ္မတက တိုက်ရိုက် ခန့်ပိုင်ခွင့်အား ပုဒ်မ (၂၃၂) ခ ပုဒ်မခွဲ (၁) (၂) (၃) တို့ဖြင့် ပြန်လည်ပြီး ချုပ်ကိုင်ထားတာကို မြင်သိရပါလိမ့်မယ်..။

ဒီတော့ ကျနော်တို့တစ်တွေ သမ္မကြီး ဦးသိန်းစိန်ဟာ ရုပ်သေး သမ္မတ သမ္မတကြီး ဦးသိန်းစိန် အစိုးရသည် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၏ ညွန်ကြားချက်အောက်မှာသော်လည်းကောင်း၊ ကာချုပ်၏ သဘောတူညီမူဖြင့်သော်လည်းကောင်း လှုပ်ရှားနေရတယ်ဆိုတာ သိသာမည်ဟု ယုံကြပါသည်..။ နောက်တစ်ခု အထက်မှာဖော်ပြခဲ့သည်အတိုင်း အခန်း (၇) တပ်မတော် အခန်းမှာပါဝင်သော ပုဒ်မများအရ ၃၃၉ ပုဒ်မ၀ယ် စစ်ရေးစစ်ရာ ဟူသမျှ တပ်မတော်က ဦးဆောင်ရမည်ဟု ပါရှိသည့်အတွက်၊ ဘယ်သူ့ကို တိုက်တိုက် ဘယ်တိုင်းရင်းသားလက်နက်ကိုင်ကိုတိုက်တိုက် သမ္မတ ဘာမှလုပ်ပိုင်ခွင့် ပြောပိုင်ခွင့် တားဆီးပိုင်ခွင့်ကို မရရှိပါဘူး..။ သိပ်ဝမ်းနဲစရာကောင်းပါတယ်..။ ဒါမို့ ကချင်ကိုတိုက်နေခြင်းဟာ သမ္မတကို အသိပေးစရာမလိုပဲ တိုက်လို့ရနေပါတယ်၊ သမ္မတ၏ ညွှန်ကြားချက်မလိုပါဘူး၊ ကာချုပ်၏ အမိန့်ဖြင့် တိုက်လို့ရနေတယ်ဆိုတာကို သတိပြုစေလိုပါတယ်..။ တပ်မတော်က ဘယ်လောက် အာဏာယူထားသလဲဆိုတာ ဖွဲ့စည်းပုံအခြေခံဥပဒေတွင် အလွန်သိသာပါတယ်၊ ဒီထက်မက ထုတ်ပြစရာတွေ အများကြီး ပါနေပါသေးတယ်..။

```````````````````````````````````````````````````````````````````````
အငြင်ပွားနေရတဲ့ ၅၉ ကို စတင်ပြီး လေ့လာကြရအောင်ပါခင်များ..။

ပုဒ်မ ခွဲ (က) ကတော့ ထင်ရှားနေပါတယ်..။ ဒါတောင်ပဲ သစ္စာရှိသူ ဖြစ်ရမည်ဆိုတာ ဘယ်လိုသစ္စာရှိသူကို ခေါ်တာလဲဆိုတဲ့ မေးခွန်း ရှိလာနိုင်ပါတယ်၊ (ကျနော် အတွေးလွန်တာလဲ ဖြစ်ချင်ဖြစ်ပါမယ် ၊)

နောက်တစ်ခု (ခ) ကတော့ လုံးဝ ငြင်းစရာမလိုတဲ့ ပုဒ်မခွဲ ဖြစ်ပါတယ်..။ သံသယလဲ ရှိစရာမလိုပါဘူး..။ နောက် ပုဒ်မခွဲ (ဂ) ဒါကတော့ သမ္မတ၏ အသက် ကန့်သတ်ချက်ပါ..။ ပြဿနာတက်စရာမလိုပါဘူး..။

နောက် ပုဒ်မခွဲ (ဃ) နိုင်ငံတော် အရေးအရာများဖြစ်သော နိုင်ငံရေး အုပ်ချုပ်ရေး စီးပွားရေး ၊ စစ်ရေး အမြင်များ ရှိရမည် ၊ လို့ သတ်မှတ်ထားပါတယ်..။ ဒီနေရာမှာ ပြောစရာက အခြားသော နိုင်ငံတွေမှာ သမ္မတတစ်ယောက် ဖြစ်လာဘို့အတွက် မြို.နယ်အုပ်ချုပ်နေရးမှူး ကို ပြည်သူတို့ကိုတိုင် ရွှေးချယ်ရပါတယ်၊ ပါတီတစ်ခုခုကပေါ့.။ မိမိတို့ အကျိုး မြို့နယ်အကျိုးကို စွမ်းစွမ်းတမံ ဆောင်ရွက်သူကို ပြည်သူများက ရွှေးချယ်တင်မြှောက်ကြပါတယ်..။နောက် မြို့နယ်မှသည် ခရိုင်၊ ခရိုင်မှသည် တိုင်း/ ပြည်နယ်များသို့ အုပ်ချုပ်ရေးမှူး အဆင့်အဆင့် ဖြတ်သန်းရပါတယ်၊ ပေါ်တော်မူတွေ မဟုတ်ရပါဘူး၊ အထက်ကအမိန့်ဆိုတာတွေ မပါရပါဘူး၊။ တိုင်း ဒေသကြီး ပြည်နယ် စသည်တို့မှ သိက္ခာ သမာဓိ စွမ်းရည်သတ္တိ စီးပွားရေး တိုးတက်မူ လူနေမူအဆင့်အတန်း မြင့်မားမူ စသည်တို့ဖြင့် မိမိတို့ တိုင်း မိမိတို့ပြည်နယ်များကို အကျိုးဆောင်ရပါတယ်..။ အဲ့ဒီလို အကျိုးဆောင်ပြီး မှတ်ကျောက်တင်ခံပြီးမှ ဗဟိုအုပ်ချုပ်ရေးနား ကပ်ရပါတယ်၊ အဲ့ဒီတော့ စစ်ရေး စီးပွားရေး အုပ်ချုပ်ရေး နိုင်ငံရေးအမြင်ဆိုတာကို ထင်ရှားပါတယ်..။ ပြည်သူတွေက ရွှေးကောက်တင်မြှောက်ခြင်း ဖြစ်ပါတယ်၊ အထက်က ခန့်အပ်တာမဟုတ်ပါဘူး.။

ဒီတော့ ကျနော်တို့ နိုင်ငံရေးဆိုတာကတော့ ပါတီတစ်ခုခုကို ဦးဆောင်နေပြီဆိုရင် နိုင်ငံရေးအမြင်ရှိလို့ ဟုသတ်မှတ်နိုင်ပါတယ်.။ အုပ်ချုပ်ရေးအမြင်.. န၀တ ခေတ်က ငြိမ်ဝတ်ပိပြားရေး ဆိုတာမျိုး ဖြစ်မှာ စိုးရပါတယ်။။ လက်နက်နဲ့ ငြိမ်နေအောင် လုပ်တာမျိုး ဖြစ်နေမှာစိုးရပါတယ်.။ ဒါက စကားချပ်ပါ..။ အုပ်ချုပ်ရေးအမြင် လောလောဆယ် အရပ်သား ဖြစ်နေကြတဲ့အတွက် ဘယ်လိုအုပ်ချုပ်ရမလဲဆိုတာ မသိကြပါဘူး. ဥပဒေကျောင်းဆင်း တွေမှအပပေါ့.။ ဥပဒေကျောင်းဆင်းတွေကတော့ ဥပဒေအရ သိနားလယ်လို့ တော်သေးတယ်၊ ထားတော့..

နောက် စီးပွားရေးအမြင် ရှိရမယ်.. ဘယ်လိုစီးပွားရေးအမြင်လဲ..သန်းကြွယ်သူဌေးဖြစ်နေတာကို ဆိုလိုတာလား.. စီးပွားရေးနဲ့ ဘွဲ့ရထားသူ ကိုဆိုလိုတာလား..။ စဉ်းစားစရာတွေပါ..။ အုပ်ချုပ်ပြီးမှ တိုးတက်မူ ဆုတ်ယုတ်မူကို တိုင်းတာမှာလား..။

နောက်တစ်ခု စစ်ရေးအမြင်… ဒါကပိုဆိုးသည်.. စစ်ရေးအမြင် DSA ကျောင်းမှ ဘွဲ့ရထားတာကို ဆိုလိုတာလား..။ အရပ်သားဆိုတာ ဘယ်လိုစစ်ရေးအမြင်ရှိနိုင်မလဲ..။ စစ်ရေးအမြင်ရှိရမယ်ဆိုရင် ကာချုပ်ကို ဘာလို့ခန့်နေမှာလဲ..။ မလိုဘူးပေါ့… စဉ်းစားစရာကို တင်ပြခြင်းပါ..။ ဒီနေရာမှာ စစ်ရေးအမြင်ဆိုတာထက် ကျနော့်အလို ငြိမ်းချမ်းရေးအမြင်ရှိသူ လို့တောင် ပြင်လိုက်ချင်ပါတယ်..။ ဘာဖြစ်လို့လဲ .. ခု ကျနော်တို့ တိုင်းပြည်ကို ၁၉၆၂ ခုနှစ်မှ စပြီး ၂၀၁၀ အထိ အုပ်ချုပ်လာတာ အရပ်သား မဟုတ်ပါဘူး.။ စစ်ဗိုလ်ချုပ်တွေပါ.. နောက် ဆုံး ခရိုင်အုပ်ချုပ်ရေးမှူးကစပြီး ဦးနေ၀င်း ဦးစောမောင် ဦးစန်းယု ဦးစိန်လွင် နောက်ဆုံးဆုံး ဦးသန်းရွှေတို့ ဆိုတဲ့ နိုင်ငံအာဏာကို ရယူထားသူ အားလုံးသည် စစ်ဗိုလ်ချုပ်များ ဖြစ်ကြပါတယ်၊ စစ်ရေးအမြင်ရှိသူများ ဖြစ်ကြပါတယ်.။ ကျနော်တို့ နိုင်ငံမှာ တိုင်းရင်းသား လက်နက်ကိုင်တွေ တစ်ခုပြီးတစ်ခု ပေါ်ပေါက်လာပါတယ်၊ စစ်ဗိုလ်ချုပ်ကြီးတွေ အပြီးပြတ် တိုက်ပွဲမဆင်နိုင်ပါဘူး..။ တစ်ဖွဲ့နဲ့ ငြိမ်းချမ်းရေးယူလိုက် နောက်တစ်ဖွဲ့နဲ့ ချလိုက် ဖြစ်နေပါတယ်.။ နှစ်ပေါင်း ၆၀ ကျော်ပါပြီ။ စစ်ရေးအမြင်သာရှိပြီး ငြိမ်းချမ်းရေးအမြင်မရှိသည့်အတွက် မြန်မာပြည် မငြိမ်းချမ်းနိုင်တာ တစ်တိုင်းပြည်လုံးတင်မက တစ်ကမ္ဘာလုံးက သိနေတဲ့ကိစ္စပါ..။ ဒါမို့ စစ်ရေးအမြင်ထက် ငြိမ်းချမ်းရေးအမြင် ရှိရမည် ဟု ထည့်သွင်းတာက ပိုကောင်းမယ်လို့ ထင်ပါတယ်။

ဒါမို့ ဒီ ပုဒ်မခွဲ (ဃ) သည် အရပ်သားဟူသမျှ သမ္မတရာထူးကို မရနိုင်တော့ပါဘူး..။ မပြင်ရင်ပေါ့..။

စစ်ရေးအမြင် ဆိုတာကို သိသာအောင် တိုက်ပွဲတစ်ခုကို ဖန်တီးပြီး အုပ်ချုပ်ခိုင်းရမည် ဖြစ်နေပါတယ်..၊

နောက် ပုဒ်မခွဲ (င) ဆိုတာကတော့ ရှင်းပါတယ် အငြင်းပွားစရာမလိုပါဘူး။

နောက် ပုဒ်မခွဲ (စ) ၁၉၄၇ ခု ဖွဲ့စည်းပုံအခြေခံဥပဒေမှာလဲ မပါပါဘူး၊ ဒီလို ရေးဆွဲထားတာကို ၊ တိုင်းရင်းသား မိဘနှစ်ပါးက မွေးဖွားလာသူ ဖြစ်ရမည် နိုင်ငံတော်အပေါ် သစ္စာစောင့်သိသူ ဖြစ်ရမည်၊

ဒါတွေလောက်ပါပဲ..။ ခု အထက်က ဖတ်ခဲ့တဲ့ ပုဒ်မကို မိတ်ဆွေများ ပြန်လည်သတိရမိမယ်လို့ ထင်ပါတယ်၊ တိတိကျကျ သက်သေမပြနိုင်ပေမဲ့ အခြား ဒီမိုကရေစီနိုင်ငံမှာ မရှိပါဘူးတဲ့၊ ခုဟာက သားသမိးတွင်မကဘူး သားသမီး၏ ချွေးမ သားမက် တွေ အကုန်ပါနေပါတယ်၊ ဒီလောက်ကြီး ဖြစ်စရာလဲ မရှိပါဘူး၊ ဒါမို့ ဥပဒေပညာရှင်များနှင့် ကမ္ဘာ့အသိုင်းအ၀ိုင်းက ဒီဥပဒေဟာ ဒေါ်အောင်ဆန်းစုကြည်ကို သမ္မတမဖြစ်အောင် တမင်ရည်ရွယ်ပြီး ရေးထားသည်ဟု သုံးသပ်ကြပါတယ်၊

အခြေခံဥပဒေဆိုတာ အခြားသော ရာဇသတ်ကြီး ဦးပဒေများ၏ Mother Naw ဖြစ်ပါတယ်၊ အခြေခံဥပဒေကို ရေးဆွဲသည့်နေရာမှာ တရားမျှတခြင်း လွတ်လွပ်ခြင်း ၊ တန်းတူညီမျှခြင်း စတဲ့ သဘောတရားတွေကို အခြေခံရပါတယ်၊။။

ဒီ ၂၀၀၈ ဖွဲ့စည်းပုံမှ တရားမျှတခြင်းတွေ အများကြီး ခေါင်းပါးနေပါတယ်..။ မိတ်တွေများ လေ့လာစေလိုပါတယ်..။

ဒီတော့ ကျနော်ပြောလိုတာက ဒီဥပဒေကို မပြင်မချင်း… တိုင်းရင်းသားရော ဗမာပြည်သူပြည်သားတွေ ဘယ်လောက်ပဲ မိုးပျံအောင်တော်နေပါစေ ဘယ်တော့မှ သမ္မတမဖြစ်ဘူးဆိုတာ သိစေခြင်ပါတယ်၊

နောက်ပြီး ဒီဥပဒေကို မပြင်သမျှ ကျနော်တို့ ရရှိလာတဲ့ သမ္မတဟာ ဘာတစ်ခုမှ ထိထိရောက်ရောက် လုပ်ပိုင်ခွင့်လည်း ရှိလာမှာမဟုတ်ပါဘူး၊ ဒါမို့ ယခုသမ္မတ ဦးသိန်းစိန်ဟာ အများအမြင်မှာ ရုပ်သေးသမ္မတဖြစ်နေပါတယ်၊ အကယ်၍ မရှင်းပါက တတ်သိနားလယ်သော ဥပဒေပညာရှင်များကို မေးမြန်စေလိုပါတယ်..။ ကျနော်ကတော့ မိတ်ဆွေများကို တင်ပြယုံသက်သက်ပါ..။

အမြင်မတူတာတွေ ရှိလာနိုင်ပါတယ်၊ ကွဲလွဲနိုင်ပါတယ်ခင်များ။

ကျေးဇူးအထူးတင်ပါတယ်၊

မိုးတိမ်လွှာ (၂၀.၄.၂၀၁၄)
 

ရိုင်ယန်ဂစ်သည် မန်ချက်စတာယူနိုက်တက် မန်နေဂျာရာထူးအတွက် ထိုက်တန်သူဖြစ်ကြောင်း ဖာဂူဆန် မှတ်ချက်ပြု



ယာယီ မန်နေဂျာ ရိုင်ယန်ဂစ်သည် အိုးထရတ်ဖို့ဒ်၏ အမြဲတမ်း မန်နေဂျာ ရာထူးနှင့် ထိုက်တန်သူ ဖြစ်ကြောင်း မန်ချက်စတာယူနိုက်တက် မန်နေဂျာဟောင်း ဆာအဲလက်စ် ဖာဂူဆန်က ထောက်ခံ ပြောကြားလိုက်သည်။

ဒေးဗစ်မိုယက်စ် ထုတ်ပယ်ခံရပြီးနောက် ယူနိုက်တက်၏ ယာယီ မန်နေဂျာ ဖြစ်လာသည့် အသက် ၄၀ နှစ်အရွယ် ဂစ်သည် ၎င်း၏ ပထမဦးဆုံး မန်နေဂျာ ဘဝကို စနေနေ့တွင် နော်ဝစ်ခ်ျနှင့် ကစားရမည့် ပွဲ၌ စတင်ရမည် ဖြစ်သည်။

မန်ချက်စတာယူနိုက်တက်သည် ဂစ်ကို ယာယီ မန်နေဂျာအဖြစ် တာဝန်ပေးထားချိန်တွင် အသင်း၏ အမြဲတမ်း မန်နေဂျာ ရာထူးအတွက် ရီးယဲမက်ဒရစ် နည်းပြ ကာလို အန်ဆယ်လော့တီနှင့် နယ်သာလန် နည်းပြ လူးဝစ်ဗန်ဂါး တို့ကို စိတ်ဝင်စားလျက်ရှိသည်။

ကမ္ဘာ့ဖလားအပြီးတွင် နယ်သာလန် နည်းပြအဖြစ်မှ နှုတ်ထွက်ဖွယ်ရှိသည့် ဗန်ဂါးသည် ယူနိုက်တက်၏ မန်နေဂျာ ရာထူးအတွက် ရေပန်းစားလျက်ရှိပြီး ၎င်းကိုယ်တိုင်ကလည်း အိုးထရတ်ဖို့ဒ်သို့ လာရောက်ရန် စိတ်အားထက်သန် နေကြောင်း ဆိုထားသည်။

သို့သော်လည်း ဆာအဲလက်စ် ဖာဂူဆန်က ဂစ်တွင် ယူနိုက်တက်၏ အမြဲတမ်း မန်နေဂျာ ဖြစ်လာနိုင်မည့် အရည်အချင်းများ ရှိကြောင်း မှတ်ချက်ပြုခဲ့သည်။

“ကျွန်တော့်အထင်တော့ ဂစ်အနေနဲ့ ယူနိုက်တက်ရဲ့ အမြဲတမ်း မန်နေဂျာ ဖြစ်လာနိုင်ပါတယ်။ သူက မန်ချက်စတာ ယူနိုက်တက်နဲ့ နှစ် ၂၀ ကျော် အတွေ့အကြုံရှိထားသူပါ။ ကျွန်တော်သူ့ကို ၁၃ နှစ်အရွယ် ကတည်းက အသင်းကို ခေါ်ယူခဲ့တာပါ။ သူ့အနေနဲ့ အသင်းမှာ ဘယ်လို ကစားသမားမျိုး လိုအပ်တယ်ဆိုတာကို အသေအချာ သိပါတယ်။ နောက်ပြီး ပေါလ်စခိုးနဲ့ နစ်ကီဘတ်ကို နည်းပြအဖွဲ့ဝင်ထဲ ခေါ်ယူခဲ့တဲ့အတွက် ကျေနပ်မိပါတယ်။ သူတို့အားလုံးက အသင်းရဲ့ အကြောင်းကို အသေအချာ နားလည်သူတွေပါ” ဟု ဖာဂူဆန်က မန်ချက်စတာတွင် ပြုလုပ်ခဲ့သည့် ညစာစားပွဲတစ်ခုတွင် ပြောကြားခဲ့သည်။

Ref: Goal
Soccer Myanmar


ကျောင်းအနီးနားရှိ ဈေးဆိုင်များဆေးလိပ်နှင့်ဆေးရွက်ကြီး ရောင်းချပါက အရေးယူမည်


ရန်ကုန်၊ ဧပြီ ၂၆

ယခုနှစ် ကျောင်းဖွင့် ရာသီမှ စ၍ အခြေခံမူလတန်းကျောင်း၊ အထက်ကျောင်းများရှိအနီး၌ ရောင်းချက်လျက်ရှိသောအစားအသောက်နှင့် ဆေးလိပ်နှင့်
ဆေးရွက်ကြီးများအားစားသုံးသူ ကာကွယ်ရေးအသင်းနှင့်စည်ပင်ရဲ၊ပညာရေးဦးစီးဌာနမှတာဝန်ရှိသူများနှင့်အတူလိုက်လံစစ်ဆေးကာ အရေးယူဆောင်ရွက် သွားနိုင်ရန်စီစဉ်လျက်ရှိကြောင်းသိရသည်။

ဒဂုံမြောက်ပိုင်း၊ ဒဂုံတောင်ပိုင်းများတွင် စတင်စစ်ဆေးမည်ဖြစ်ပြီးကျောင်းအနီး ၌ဆေးလိပ်နှင့် ဆေးရွက်ကြီးများ ရောင်းချနေခြင်းအားတွေ့ရှိပါက
၂၀၀၄ ခုနှစ်က ပြဌာန်းခဲ့သောဆေးလိပ် ဆေးရွက်ကြီးထွက် ပစ္စည်းသောက်သုံးမှု ထိန်းချုပ်ရေးဥပဒေအရအရေးယူသွားမည်ဖြစ်ကြောင်းစားသုံးသူ
ကာကွယ်ရေးအသင်းမှ ဦးဗအုပ်ခိုင်ကပြောသည်။

” ကျွန်တော်တို့ရယ်၊ စည်ပင်၊ ရဲနဲ့ ပညာရေးကတာဝန်ရှိတဲ့သူနဲ့ ပူးပေါင်းလုပ်သွားဖို့ရှိတယ်။ ကျောင်းတွေကိုစစ်ဆေးဖို့ပြောထားတာတော့
အဆင်ပြေတယ်။ ရောင်းချတာကိုတွေ့ရှိတယ် ဆိုရင်တော့ ပထမတစ်ကြိမ်မှာပစ္စည်းကိုသိမ်းမယ်။ ဒဏ်ငွေတွေချပါမယ်။ ဒုတိယတစ်ကြိမ်
ဆိုရင်တော့  တရားဥပဒေ လမ်းကြောင်းအရသာသွားမှာပါ “ဟုဦးဗအုပ်ခိုင် ကဆိုသည်။

ကျောင်းများတွင် အဆိုပါကဲ့သို့ စစ်ဆေးခြင်းလုပ်ငန်းများအားကျန်းမာရေးဝန်ကြီးဌာနလက်အောက်ရှိအစားအသောက်နှင့်ဆေးဝါးစစ်ဆေးရေး
ဦးစီးဌာနအနေဖြင့် ဆောင်ရွက်သွားရန်ရှိနေသေးကြောင်းသိရသည်။

” ကျွန်မတို့လဲစစ်ဆေးသွားဖို့တော့ ရှိပါတယ်။ ဧရာဝတီတိုင်းထဲမှာရှိတဲ့ ကျောင်းတွေမှာတော့ ဆေးလိမ်နဲ့ ဆေးရွက်ကြီးကိုစတင်ပြီးစစ်ဆေး
နေပြီ၊ ရန်ကုန်မှာလဲလုပ်သွားဖို့ရှိပါတယ် “ဟု ကျန်းမာရေးဝန်ကြီးဌာနမှ ညွှန်ကြားရေးမှူး ဒေါက်တာဒေါ်ခင်ချစ်ဆိုသည်။

ဆေးလိပ် ဆေးရွက်ကြီးထွက် ပစ္စည်းသောက်သုံးမှု ထိန်းချုပ်ရေးဥပဒေအရဆေးလိပ် သောက်ခွင့် မရှိသော နေရာများတွင် ကျောင်းပတ်ဝန်းကျင်လည်း
ပါဝင်သည့် အတွက် ကျောင်းအုပ်များကို ပညာရေးဝန်ကြီးဌာန က ညွှန်ကြားချက် များရှိရာကျောင်းပတ်ဝန်းကျင် တွင် ဆေးလိပ် ရောင်းနေသောဆိုင်
မရှိစေရန် ကျောင်းအုပ် များကလည်းဆောင်ရွက်ရန် လိုသည်။

“  ဒီဟာကို ကြားတာအခုမှ မဟုတ်ပါဘူး ကျွန်မဒီကျောင်းနားမှာဈေးမရောင်းခင် တစ်နှစ်နှစ်နှစ်ထဲက ထွက်နေတာ ဒီမှာရောင်းနေကြတာပဲလေ
ဘာမှအရေးယူမှုတော့မရှိဘူး” ဟုပုဇွန်တောင်မြို့နယ်ရှိ ကျောင်းအနီး တွင် မုန်ဆိုင်ဖွင့်လှစ်ရောင်းချသူဒေါ်အုန်းကဆိုသည်။

ရန်ကုန်တိုင်းဒေသကြီးအင်းစိန် မြို့နယ်တွင်းစာသင် ကျောင်းခုနစ် ကျောင်းအနီးတစ်ဝိုက် ရှိဆေးလိပ် အရောင်းဆိုင် ၁၀ ဆိုင်ကိုပိတ်သိမ်းရန်စားသုံးသူ
ကာကွယ်ရေးအသင်းက ၂၀၁၃ ခုနှစ်အောက်တိုဘာ လ ၃၀ ရက်နေ့ တွင် လိုက်လံနှိုးဆော် သတိပေးခဲ့ပြီးကျောင်းအနီးတွင် ရောင်းချသည်ထက်
လမ်းသွားလမ်းလာများ ကိုသာရောင်းချသည့်အတွက်ကြောင့် ပစ္စည်းများကိုသာသိမ်းဆည်းရုံမှအပအဆိုပါဆိုင်များအား အရေးယူနိုင်ခြင်း မရှိခဲ့ကြောင်းဦးဗအုပ်ခိုင်၏ထပ်မံပြောပြချက်အရသိရသည်။

နှင်းနွယ်
The Myanma Age


ကန်တော်ကြီးရေကြည်လင်ရန်အမေရိကန်နည်း ပညာရှင်များဖြင့်ဆောင်ရွက်မည်


ကန်တော်ကြီးပတ်ဝန်းကျင် နှင့် ကန်တော်ကြီးရေကြည်လင် လာစေရေးအတွက် အမေရိကန် နိုင်ငံမှနည်းပညာရှင်များဖြင့်ဆောင် ရွက်သွားရန်ရှိကြောင်းသိရသည်။

အဆိုပါကဲ့သို့ဖြစ်လာစေရန် အတွက်ကန်တော်ကြီးမှရေကို နမူနာဓါတ်ခွဲရန်အမေရိကန်နိုင်ငံ သို့ပို့ထားပြီး စမ်းသပ်တိုင်းတာမှု ကို ယခုနှစ် ဧပြီလ ၁ ရက်နေ့စတင် ကာလုပ်ဆောင်နေလျက်ရှိကြောင်း အမေရိကန်မှပညာရှင်များနှင့်ပူး ပေါင်းလုပ်ဆောင်သည့်Myan mar Mega Tran ကုမ္ပဏီမှတာဝန် ရှိသူကိုဇော်ကပြောသည်။

““ဧပြီလ ၁ ရက်နေ့ကစပြီး တော့လုပ်နေပြီ၊ ရေကလည်းတော် တော်လေးကိုကြည်နေပါပြီ။ ၉၉ ရာခိုင်နှုန်းအထိရေကိုကြည် သွားအောင်လုပ်ဖို့ရှိပါတယ်””ဟုကိုဇော်ကဆို သည်။

အမေရိကန်မှပညာရှင်များ၏ လုပ်ငန်းဆောင်ရွက်မှုသည် ၃လ ခန့်ကြာမြင့်မည်ဖြစ်ပြီး နိုင်ငံတကာ အဆင့်မီသောနည်းပညာများဖြင့် သာဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

““ရေကြည်ဖို့အတွက်ရေထဲကို လူတွေမကြားနိုင်တဲ့လှိုင်းအသံနဲ့ ထည့်ပြီးလုပ်သွားပါမယ်။ ရေကြည် ဖို့အတွက်လူနဲ့ငါးတွေကိုအန်္တရာယ် မဖြစ်စေတဲ့ဆေးဝါးများကိုသာသုံး သွားမှာပါ””ဟုကိုဇော်ကထပ်လောင်း ပြောဆိုသည်။

ယခင်က ကန်တော်ကြီးပတ် ၀န်းကျင်နှင့် ကန်တော်ကြီးရေကြည် လင်လာစေရေးအတွကJICA ၏ အကူအညီဖြင့်ဆောင်ရွက်ခဲ့ဖူးပြီး ယခုအခါ အမေရိကန်ပညာရှင်များ ကပြန်လည်ဆောင်ရွက်ခြင်းဖြစ် ကြောင်းသိရသည်။

ဖြိုးအောင်

The Hot News Weekly



အာရှမှာ ရန်ကုန်ဟာ အွန်လိုင်းမှာ အိမ်ခြံမြေ အရှာခံများဆုံး တတိယမြို့ဖြစ်

ssshwe

ထုတ်ပြန်ထားချက် ဖြစ်ပြီး ယင်း ထုတ်ပြန်ချက် အရ အာရှ တိုက်မှာ ရန်ကုန်မြို့ဟာ တတိယမြောက် အွန်လိုင်းမှာ အိမ်ခြံမြေ အရှာခံရဆုံး မြို့ တစ်မြို့ ဖြစ်ကြောင်း သိရ ပါတယ်။
ပထမ နေရာမှာ တည်ရှိ နေတာက ပါကစ္စတန်က ကရာချီ ဖြစ်ပြီးတော့ ဒုတိယက လဟော ဖြစ် ပါတယ်။ ပြီးတော့မှ မြန်မာ နိုင်ငံရဲ့ ရန်ကုန်က တတိယ နေရာမှာ လိုက်နေခြင်း ဖြစ်ပါတယ်။ အွန်လိုင်းပေါ်မှာ ကမ္ဘာတစ်ဝန်း ကနေ ရှာဖွေတဲ့ စစ်တမ်း ဖြစ်ပါတယ်။ အမှန်တော့ ပါကစ္စတန် က မြို့ နှစ်မြို့နဲ့တောင် သိပ်မကွာ ပါဘူး။ ၂၆ ရာခိုင်နှုန်းသော အာရှမှာ Property ရှာဖွေမှုက ကရာချီ၊ ၂၂ ရာခိုင်နှုန်းက လဟော၊ ရန်ကုန် ကတော့ ၂၀ ရာခိုင်နှုန်း ဖြစ်ပါတယ်။ ဒီတော့ ကရာချီနဲ့ ၆ ရာခိုင်နှုန်းသာ ကွာခြားခြင်း ဖြစ်ပါတယ်။
ယင်းဟာ ကမ္ဘာတစ်ဝန်းက ရင်းနှီးမြှုပ်နှံ သူများဟာ မြန်မာပြည်မှာ ဝင်ရောက် လုပ်ကိုင်ဖို့ စိတ်ပါ ဝင်စားမှု အင်မတန် များပြားလာခြင်းကို ဖော်ပြနေတာ ဖြစ်ပါတယ်။ အားလုံး သိထား ကြတဲ့ အတိုင်း ရန်ကုန်ရဲ့ အိမ်ခြံမြေ ဈေး တွေဟာလည်း အဆမတန်ကို တိုးတက်လို့ နေပါတယ်။ အရောင်း ၊ အငှား အားလုံး ရဲ့ ဈေးတွေ အကုန် တက်ပြီးတော့ အိမ်ခြံမြေ မှာ ရင်းနှီးမြှုပ်နှံ သူတို့ ပိုမို စီးပွား ဖြစ်ထွန်း လာကြကြောင်း သိရ ပါတယ်။

smart pro journal(smart.com.mm)


အမျိုးသားတွေ သူ့ချစ်သူကို လမ်းခွဲတတ်တဲ့ အကြောင်းအရင်း (၁၀) ချက်


မေသော် on 2014-04-26 11:41

တစ်ခါတစ်လေ ယောင်္ကျားတွေက နားလည်ရခက်တယ်လို့ ဆိုကြလေ့ရှိပါတယ်။ ခံယူချက် အမျိုးမျိုး၊ တွေးခေါ်ပုံအမျိုးမျိုးနဲ့ သူတို့တွေရဲ့ ခံစားမှုပုံစံတွေဟာ အမျိုးသမီးတွေထက်တောင် ခန့်မှန်းရ ခက်နေတတ်ပါတယ်။ လမ်းခွဲသွားတဲ့ ကောင်လေးက ကိုယ့်ကို ဘာ့ကြောင့်များထားခဲ့ရတာလဲလို့ ကိုယ့်ဘက်က အပြစ်ရှိသလို တွေးနေတတ်တဲ့ အမျိုးသမီးတွေအတွက် သူတို့တွေလမ်းခွဲလေ့ရှိတဲ့ အကြောင်းပြချက်လေးတွေကို ခုလိုဖော်ပြပေးလိုက်ပါတယ်။

၁။သင့်ကိုမနာကျင်စေချင်လို့

သူတို့ပြောလေ့ရှိတာကတော့ သူတို့ကြောင့် ကိုယ်ခံစားနေရမှာစိုးလို့။ သူတို့ရဲ့ ပတ်ဝန်းကျင်အခြေအနေ၊ ဒါမှမဟုတ် ကိုယ်နဲ့မတွေ့ခင်က သူ့အရှုပ်တော်ပုံတွေကြောင့် ကိုယ်နဲ့ရှေ့ဆက်လက်တွဲသွားရင် ကိုယ့် ဘ၀လေး မလှပနိုင်တော့ဘူးလို့ တွေးပြီး ချစ်ရက်နဲ့ လက်တွဲဖြုတ်လိုက်တာမျိုးပေါ့။

၂။တစ်ယောက်တည်းပဲ နေတော့မလားလို့

ရန်တွေဖြစ်ရတာ၊ နှစ်ဦးနှစ်ဖက်အဆင်ပြေအောင် ညှိုနှိုင်းနေရတာ၊ သူ့မိသားစု၊ ကိုယ့်မိသားစုအပူတွေ ထည့်ထည့်တွေးပေးနေရတာတွေ စိတ်ကုန်လာလို့ တစ်ယောက်တည်းပဲ နေပါတော့မယ်ပေါ့။ အဓိပ္ပါယ် မရှိပေမယ့် ဒီလိုဆုံးဖြတ်ချက်ချပြီး ချစ်သူနဲ့ လမ်းခွဲခဲ့သူတွေ ရှိနေပါတယ်။

၃။သူချစ်တာထက် ကိုယ်ကပိုချစ်နေမိလို့

အမှန်တော့ ဒါဟာ သူ့အတွက် ကျေနပ်စရာကောင်းပါတယ်။ ဒါပေမယ့် သူတို့တွေက တင်းကျပ်မှုကို မခံစားနိုင်ကြပါဘူး။ လွတ်လပ်မှုကိုသာ မြတ်နိုးတတ်ကြတာမို့ ကိုယ်က အသေးစိတ်လိုက်ဂရုစိုက်နေတာ၊ တစ်နေ့ကို လေး၊ ငါးခါဖုန်းဆက်နေတာ၊ ဘယ်ရောက်နေလဲဆိုတဲ့အကြောင်း sms ပို့မေးတာမျိုးတွေကို သူတို့ နှစ်သက်ကြမှာ မဟုတ်ပါဘူး။

၎။အနာဂတ်မှာ ကိုယ်နဲ့ဘယ်လိုမှ အဆင်မပြေနိုင်ဘူးလို့ တွေးလိုက်လို့

ချစ်သူရည်းစားထားတဲ့အခါ အပျော်ထားတာလား၊ ဘ၀အတွက် တကယ်ရည်ရွယ်ပြီးထားတာလား ဆိုတာမျိုးရှိပါတယ်။ သူတို့က ကိုယ်နဲ့တွဲကြည့်ရင်းနဲ့ သူတို့မနှစ်ခြိုက်တဲ့ အပြုအမူ၊ သူတို့ လုံခြုံမှုမရှိဘူးလို့ ခံစားရတဲ့ အပိုင်းတွေ ရှိလာမယ်ဆိုရင် ဘ၀အတွက် ကိုယ့်ကိုလက်တွဲမှာ မဟုတ်ပါဘူး။

၅။လိင်ကိစ္စနဲ့ ပတ်သက်ပြီး သူတို့အဆင်မပြေလို့

ဒီလိုယောင်္ကျားမျိုးဆိုရင်တော့ မြန်မြန်ဒိုးလေ ကောင်းလေပေါ့နော်။ ဒါပေမယ့် သူတို့တွေဟာ ဒီအချက်ကို လည်း ထည့်စဉ်းစားလေ့ရှိပါတယ်။

၆။ကိုယ့်ဘက်က အသင့်မဖြစ်သေးဘဲ သူတို့က အတည်ကြီးတွေ လုပ်လာတဲ့အခါ

သူနဲ့ကိုယ်နဲ့ တွဲကြည့်တဲ့အခါ ကိုယ်ကတော့ အဲ့ဒီလောက်ကြီး အသည်းအသန်မဟုတ်ပေမယ့် သူ့ဘက်က အသည်းအသန်တွေ ဖြစ်လာတဲ့အခါ ပြဿနာ နည်းနည်းရှိသွားပါပြီ။ ကိုယ့်ဘက်က သူ့ကို သူ့လောက် မချစ်ဘူးဆိုတဲ့ စွပ်စွဲချက်တွေနဲ့ ကိုယ့်ကို လမ်းခွဲဖို့ ဆုံးဖြတ်တတ်ကြပါတယ်။

၇။ကိုယ့်ကိုကြိုက်ပေမယ့် အဲ့ဒီလောက်လည်း မဟုတ်တဲ့အခါ

ချစ်သူရည်းစားတွေကြားမှာ ပြဿနာအကြီးအကျယ် မရှိပါဘဲ ကွဲသွားတဲ့အတွဲတွေ အများကြီးပါ။ အဆင် လည်းပြေတယ်၊ မျှော်လင့်ထားတာကလည်း အများကြီး။ ဒါပေမယ့် သူတို့ကိုယ်နဲ့ကြားက ဆက်ဆံရေး ကတော့ ဒီအတိုင်း အေးအေးကြီးပါပဲ။ ဒီလိုမျိုးဆိုရင်လည်း သူတို့က လက်လျှော့သွားတတ်ကြပါတယ်။

၈။အနာဂတ်အတွက် ညှိလို့မရတဲ့အခါ

အိမ်ထောင်ကျပြီးရင် ဘာတွေလုပ်ကြမယ်ဆိုတာမျိုး ချစ်သူနဲ့ပြောဖူးတဲ့အခါ သူက ကလေးလိုချင်တယ်၊ ကိုယ်က မလိုချင်ဘူး။ သူက ကိုယ့်ကို အိမ်မှာနေပြီး အိမ်အလုပ်လုပ်စေချင်တယ်၊ ကိုယ်က အဲ့ဒီလိုမျိုး မလုပ်နိုင်ဘူးဆိုပါစို့။ ဒီလိုအခြေအနေမျိုးတွေကလည်း လမ်းခွဲဖို့အတွက် ဦးတည်သွားတာပဲလေ။

၉။သူဟာ ကိုယ့်လို စွမ်းဆောင်ရည်မရှိဘူးလို့ ထင်နေလို့

သူဟာ ဘာအလုပ်မှ မယ်မယ်ရရ မရှိချိန်မှာ ကိုယ်ကတော့ ကိုယ့်အလုပ်မှာ ရာထူးခပ်ကြီးကြီးနဲ့ ထက် ထက်မြက်မြက်ရှိတဲ့သူဆို သူ့အနေနဲ့ သိမ်ငယ်လာနိုင်ပါတယ်။ သူ့အပေါင်းအသင်းနဲ့ ကိုယ့်အပေါင်း အသင်း မတူညီတာထက် ကိုယ့်အပေါင်းအသင်းမှာ သူမ၀င်ဆန့်ဘူးလို့ ထင်လာတဲ့အခါ နောက်ဆုံးတော့ ကိုယ့်ကိုချစ်ရက်နဲ့ လက်လျှော့သွားတာမျိုးပေါ့။

၁၀။အချိန်အတိုင်းအတာတစ်ခုကြောင့် လမ်းခွဲသွားတာမျိုး

တစ်ချို့ယောင်္ကျားတွေရဲ့ စိတ်ကထူးဆန်းပါတယ်။ ပုံသေကားချပ်အတိုင်း တွက်ထားပြီး ဘယ်အချိန်မှာ ဘာဖြစ်မယ်ဆိုတဲ့ ယောင်္ကျားမျိုးနဲ့ သွားတွေ့ရင်တော့ ကိုယ့်ကိုလည်း အဲ့ဒီလို တွက်ချက်နေပါလိမ့်မယ်။ ကိုယ်က သူစီစဉ်ထားတဲ့အချိန်မှာ သူဖြစ်စေချင်သလို ဖြစ်မလာလို့ ကိုယ်နဲ့လမ်းခွဲသွားတာမျိုးဆိုရင် ဒါကို ခံစားမနေဖို့ လိုပါတယ်။

Ref:cosmopolitan.com

Trend Myanmar


အုန်းစိမ်းရည် သောက်သုံးခြင်း


အုန်းစိမ်းရည်သည် မလိုင်ပါသော နို့ရည်မဟုတ်ပါ။ သို့သော် အုန်းသီးကို ခွဲလိုက်လျှင် ကြည်လင်သန့်စင်သော အုန်းရည်များကို အတွင်း၌ တွေ့နိုင်သည်။ ထိုအုန်းစိမ်းရည်သည် ကျန်းမာရေးအသိဥာဏ်ရှိသူတိုင်း
သောက်သုံးကြသည့် အသုံးအဆောင်တစ်ခုကဲ့သို့ ဖြစ်နေသည်။ သောက်သုံးရာတွင်လည်း အနံ့အရသာ ပြင်းပြခြင်းမျိုး မရှိပါ။

အုန်းစိမ်းရည်သည် သက်ရှိကိုယ်တွင်း၌ အစာခြေဖျက်မှုကို တိုးပွားစေပြီး အဆိပ်ကိုပြေစေ၍ အရွယ်ကိုပါနုပျိုစေသော ဂုဏ်သတ္တိများလည်း ရှိသည်။

အင်္ဂလန်နိုင်ငံတွင် အုန်းစိမ်းရည်ကို သောက်သုံးမှု လိုအပ်ချက် တစ်ဟုန်ထိုး တိုးတက်လျှက်ရှိသည်။ " Vita-CoCo" တံဆိပ်ဖြင့် အုန်းစိမ်းရည် ရောင်းချမှုမှာ အင်္ဂလန်နိုင်ငံ၌ ရောင်းအား အကောင်းဆုံးဖြစ်ပြီး ရောင်းချရမှုရာခိုင်နှုန်းမှာ ၁,၂၀၀ ထိ နှစ်စဉ် မြင့်တက်လျက်ရှိသည်။

သောက်သုံးသူများက ထိုအုန်းစိမ်းရည်တွင် အဓိကပါဝင်သည့် ကိုယ်တွင်းဆားဓာတ်(သို့မဟုတ်) အဏုဇီဝ အာဟာရဓာတ်များ ဖြစ်သည့် လျှပ်စစ်ဓာတ် စီးဝင်နိုင်သော အရည်(လျှပ်လိုက်ရည်)များသည် လူ၏ ကြွက်သားများ လှုပ်ရှားမှုအတွက် အဓိကကျပြီး ကိုယ်ကာယလေ့ကျင့်ခန်းများ ပြုလုပ်ပြီးချိန်တွင် ကိုယ်တွင်းရှိ အရည်ဓာတ်ကိုမျှတအောင် ဆောင်ရွက်ပေးသည်။

အဘယ့်ကြောင့်ဆိုသော် အုန်းစိမ်းရည်သည် အားကစားသမားများ သောက်သုံးသော အချိုရည်များထက် သကြားပါဝင်မှု နည်းခြင်းက ကယ်လိုရီဓာတ် ကို ပို၍ စုဆောင်းရရှိသည်။ သို့ရာတွင် သင့်အနေဖြင့် လေ့ကျင့်ခန်းများကို ပြင်းထန်စွာ မလုပ်လျှင်မူ ရေသောက်ခြင်းက ကောင်းသည်။

ထုတ်လုပ်သူများက ပြုလုပ်သည့် ကျန်းမာရေးဆိုင်ရာ ပြောဆိုချက်အပေါ် အသေးစား လေ့လာမှုတစ်ခုအရ အုန်းစိမ်းရည်ကို ပုံမှန်သောက်သုံးခြင်းသည် နှလုံးရောဂါ ဖြစ်ပွားမှုနှုန်း လျော့ပါးစေရန် အကြောင်းအချက်နှင့် ပတ်သက်ဆက်စပ်မှု ရှိနိုင်ကြောင်းတွေ့ရှိခဲ့သည်။ သွေးတိုးရောဂါခံစားနေရသူ ၇၁ ရာခိုင်နှုန်း၏ သွေးတိုးနှုန်းများကို ထူးထူးခြားခြား လျော့ကျစေသည်ဟု လည်း အချို့က တွေ့ရှိကြသည်ဟု ဖော်ပြထားပါ သည်။

(မှတ်ချက်။ ၂၀၁၃ခုနှစ်၊ မေလထုတ် သုတပဒေသာစာစောင် အတွဲ ၄၀၊ အမှတ် ၅ မှဖိုးရန်နိုင်(ကျောက်ကြီး)ရေးသားသော ဆောင်းပါးမှ ကောက်နုတ်ဖော်ပြပါ သည်။)

MOI Webportal Myanmar