14 May 2014

တန်ဖိုးကြီး စစ်ရေး စီမံကိန်း သတင်းထုတ်


Unity Journal သတင်းကြောင့် အဖမ်းခံရ

  မြန်မာအစိုးရ က သာမန် လက်နက် စက်ရုံ ဆိုပြီး ငြင်းထားတဲ့ ပေါက်မြို့နယ်က စစ်ဘက် အဆောက်အဦ ဟာ တန်ဖိုးကြီး စစ်ရေး စီမံကိန်း ဖြစ်တယ် ဆိုပြီး ဖျက်အားပြင်း လက်နက်များ မပြန့်ပွားရေး သုတေသန CNS အဖွဲ့က ထုတ်ပြန် လိုက်ပါတယ်။

ဒီ ထုတ်ပြန်ချက် ကို ပူးတွဲ ရေးသားတဲ့ CNS အဖွဲ့ အာရှ အရှေ့ခြမ်း ရေးရာ ဌာနမှူး Dr Jeffrey Lewis က ဂြိုဟ်တု ဓာတ်ပုံ တွေကနေ တွေ့ရတဲ့ အဲဒိ အဆောက်အဦ ကြီး အပေါ် ဆန်းစစ် ထားမှုတွေကို ပြောပြ ပါတယ်။

ဒီအဆောက်အဦကြီး ရဲ့ အရွယ်အစား၊ အခင်းအကျင်း၊ တည်နေရာ၊ လုံခြုံရေးတင်းကျပ်မှု ၊ ဘားတိုက် ပုံစံ နေရာထိုင်ခင်း တွေနဲ့ အဆင့်မြင့် စစ်အရာရှိကြီး တွေ လာရောက် စစ်ဆေးတယ် ဆိုတာ ပြနေတဲ့ ရဟတ်ယာဉ် ကွင်းတွေက သာမန် လက်နက် စက်ရုံ မဟုတ်ကြောင်း ဖော်ပြနေတယ် ဆိုပြီး Dr Jeffrey Lewis က ရှင်းပြပါတယ်။

အဲဒီ့ စီမံကိန်း ရှိရာကို ဗိုလ်ချုပ်မှူးကြီး သန်းရွှေက စလို့ လက်ရှိ ကာကွယ်ရေး ဦးစီးချုပ် မင်းအောင်လှိုင် အထိ ထိပ်တန်း အဆင့်မြင့် စစ်ခေါင်းဆောင်တွေ လာခဲ့ကြောင်း ဒေသခံတွေရဲ့ ထွက်ဆိုချက် တွေ ရှိတယ်လို့ ဆိုပါတယ်။

ဒါပေမဲ့ ဒီ စက်ရုံက ဘယ်လို လက်နက် အမျိုးအစား ထုတ်လုပ်နိုင်တယ် ဆိုတဲ့ အပေါ်မှာတော့ တိတိကျကျ မပြောနိုင်ဘူးလို့ ဆိုပါတယ်။

မြန်မာနိုင်ငံ အနေနဲ့ နိုင်ငံတကာ အသိုင်း အဝိုင်းကြားမှာ မိသားစုဝင် ဖြစ်ချင်ရင် ဓာတုလက်နက် ထိန်းချုပ်ရေး သဘောတူ စာချုပ်ကို တကယ် လေးစားလိုက်နာ ကြောင်း အကောင်အထည် ဖော်ရမှာ ဖြစ်ပါတယ်။

၁၉၉၃ ကတည်းက စာချုပ်မှာ လက်မှတ် ထိုးထား ခဲ့ပေမယ့် အခု အနှစ် ၂ဝ ကျော် ကြာ အထိ အကောင်အထည် မဖော်သေးပါဘူး။ နိုင်ငံတကာ အသိုင်းအဝိုင်း ကို ဒီလောက် တန်ဖိုးကြီးမားတဲ့ စစ်ဘက်ဆိုင်ရာ စက်ရုံကနေ ဘာတွေ တကယ် ထုတ်လုပ်နေတာလဲ ဆိုတာ အစစ်အဆေး ခံနိုင်ရပါမယ်။

မြောက်ကိုရီးယားနဲ့ စစ်ဘက်ဆိုင်ရာ ဆက်ဆံ နေမှုမျိုး ကို စွန့်လွှတ်ရမယ် ဆိုပြီး ပြောသွားပါတယ်။

ဒီ အဆောက်အဦကို ဓာတု လက်နက်စက်ရုံ ဆိုပြီး မြန်မာ ပြည်တွင်းက ယူနတီဂျာနယ်မှာ ဓာတ်ပုံတွေနဲ့ ဒီနှစ်စပိုင်းမှာ ဖော်ပြ ခဲ့ဖူးပြီး နိုင်ငံတော် လျှို့ဝှက်ချက် ပေါက်ကြားမှုနဲ့ သတင်းထောက်တွေကို အရေးယူခဲ့ပါတယ်။

bbc burmese


အမေရိကန်ကို ရထားလမ်းဖြင့် ဆက်သွယ်နိုင်ရန် တရုတ် စီစဉ်နေ



 အမေရိကန်ကို ရထားလမ်းဖြင့် ဆက်သွယ်နိုင်ရန် တရုတ် စီစဉ်နေ တရုတ်နိုင်ငံသည့် အမေရိကန်၊ လန်ဒန်၊ အီရန်၊ တူရကီနှင့် စင်္ကာပူတို့ကို မြန်နှုန်းမြင့် ရထားလမ်းဖြင့် ဆက်သွယ်နိုင်ရန် စီမံကိန်းချမှတ်ထား

 အမေရိကန်ပြည်ထောင်စုနှင့် တရုတ်နိုင်ငံကြား လေယာဉ်ပျံမစီးဘဲ ခရီးသွားလာနိုင်မည်ဆိုသည့် စိတ်ကူးမှာ လူတိုင်းအတွက် ရယ်စရာသက်သက်ဟု ထင်နိုင်ပေသည်။ သို့သော် တရုတ်နိုင်ငံ အနေဖြင့် ထိုသို့ ခရီးသွားလာနိုင်ကြောင်း အနာဂတ်ကာလတွင် သက်သေပြလာနိုင်ဖွယ်ရှိနေသည်။ Beijing Times က မေလ ၈ ရက်တွင် ဖော်ပြခဲ့သော သတင်းအရ တရုတ်နိုင်ငံသည် အမေရိကန်ပြည်ထောင်စုနှင့် ဆက်သွယ်မည့် မြန်နှုန်းမြင့် ရထားလမ်းသစ်တစ်ခု တည်ဆောက်သွားရန် အလေးအနက် စဉ်းစားစီစဉ်နေကြောင်း သိရသည်။

ဘေဂျင်းအစိုးရက လက်ရှိ စဉ်းစားထားသည့် အဆိုပါ မြန်နှုန်းမြင့် ရထားလမ်းကြောင်းမှာ တရုတ် အရှေ့မြောက်ပိုင်းဒေသမှ စတင်ပြီး ဆိုက်ဘီးရီးယားကို ဖြတ်သန်းကာ ဆိုက်ဘီးရီးယားနှင့် အမေရိကန်ပြည်ထောင်စု၏ အလက်စကာပြည်နယ်ကို ပိုင်းခြားထားသော ဘာရင်းရေလက်ကြားသို့ ရောက်ရှိမည်ဖြစ်သည်။ ထို့နောက် ဘာရင်းရေလက်ကြားတွင် မြေအောက် ဥမင်လှိုဏ်ခေါင်းတစ်ခု တည်ဆောက်ကာ ပစိဖိတ်သမုဒ္ဒရာကို ဖြတ်သန်း၍ ရုရှားနှင့် အလက်စကာသို့ ရောက်ရှိမည်ဖြစ်သည်။ ဆက်လက်၍ ရထားလမ်းကြောင်းမှာ ကနေဒါကို ဖြတ်သန်းသွားပြီးနောက် အမေရိကန်သို့ ရောက်ရှိမည်ဟု စီစဉ်ထားကြောင်း သိရသည်။

တရုတ်နိုင်ငံက စီစဉ်ထားသည့် အဆိုပါ မြန်နှုန်းမြင့်ရထားလမ်း စီမံကိန်းတွင် အဓိက စိန်ခေါ်မှုဖြစ်လာနိုင်သည့် အပိုင်းမှာ ဘာရင်းရေလက်ကြားကို ဖြတ်သန်းနိုင်ရန်အတွက် ပင်လယ်သမုဒ္ဒရာရေအောက် ဥမင်လှိုဏ်ခေါင်း ဖောက်လုပ်ရမည်လုပ်ငန်း ဖြစ်သည်။ တွက်ချက်မှုများအရ ဘာရင်းရေလက်ကြားကို ဖြတ်သန်းမည့် ဥမင်လှိုဏ်ခေါင်းမှာ ၁၂၅ မိုင်ရှည်လျားမည်ဖြစ်ရာ လှိုဏ်ခေါင်းဖောက်လုပ်ရေး ဆောင်ရွက်မည့် အင်ဂျင်နီယာများအတွက် ကြီးမားသည့် စိန်ခေါ်မှုပင်ဖြစ်သည်။ ဘာရင်းရေလက်ကြားဖြတ် ဥမင်လှိုဏ်ခေါင်းမှာ ဗြိတိန်နှင့်ပြင်သစ်ကို ဆက်သွယ်ထားသော Channel ဥမင်လှိုဏ်ခေါင်းထက် ၄ ဆ ပိုမိုရှည်လျားမည် ဖြစ်သည်။

တရုတ်နိုင်ငံက စီစဉ်ထားသော အမေရိကန်ပြည်ထောင်စုနှင့် ဆက်သွယ်မည့် မြန်နှုန်းမြင့် ရထားလမ်းမှာ စုစုပေါင်း မိုင် ၈,၁၀၀ ရှည်လျားမည်ဖြစ်ကြောင်းThe Guardian သတင်းစာတွင် ဖော်ပြသည်။ လက်ရှိတွင် အဆိုပါ မြန်နှုန်းမြင့် ရထားလမ်းစီမံကိန်းကို တရုတ်-ရုရှား-ကနေဒါ-အမေရိက (China-Russia-Canada-America) ရထားလမ်းအဖြစ် သတ်မှတ်ထားသည်။ အဆိုပါ မြန်နှုန်းမြင့် ရထားလမ်းတွင် ပျမ်းမျှ တစ်နာရီလျင် မိုင် ၂၂၀ နှုန်း ခုတ်မောင်းသော ရထားဖြင့် သွားမည်ဆိုပါက ခရီးစဉ် အစအဆုံး ၂ ရက်ကြာမြင့်မည်ဖြစ်သည်။ China Daily သတင်းစာတွင် ဖော်ပြမှုအရ ရထားလမ်းစီမံကိန်းကို တရုတ်နိုင်ငံက အကုန်အကျခံ တည်ဆောက်သွားမည်ဟုဆိုသည်။ သို့သော် အသေးစိတ် အချက်အလက်များကိုမူ ထုတ်ပြန်ပြောကြားခြင်း မရှိသေးချေ။

ရထားလမ်းစီမံကိန်းနှင့် ပတ်သက်၍ သက်ဆိုင်ရာနိုင်ငံများနှင့် ဆွေးနွေးမှုများ ပြုလုပ်နေပြီဖြစ်ကြောင်း ရုရှားမှာ နှစ်အတန်ကြာကတည်းက ယခုစီမံကိန်းကို စဉ်းစားနေခဲ့ကြောင်း Chinese Academy of Engineering မှ ဝမ်မင်ရှုက ပြောကြားသည်။ တရုတ်နိုင်ငံက စီစဉ်ထားသည့် မြန်နှုန်းမြင့် ရထားလမ်း စီမံကိန်းနှင့် ပတ်သက်၍ မေးခွန်းပေါင်းများစွာ ရှိနေသေးသည်။ ရထားလမ်း ဖောက်လုပ်မှု ကျွမ်းကျင်သူများက ယခုစီမံကိန်းကို အားပေးထောက်ခံကြောင်း ပြောကြားမှုများ မရှိသေးသလို အမေရိကန် သို့မဟုတ် ကနေဒါကလည်း ရထားလမ်းနှင့် ပတ်သက်၍ အကြံပေးခြင်း၊ ပူးပေါင်းဆောင်ရွက်ခြင်းရှိ မရှိ မသေချာကြောင်း The Guardian သတင်းစာက ပြောကြားသည်။

Beijing Times သတင်းစာ၏အဆိုအရ တရုတ်နှင့် အမေရိကန် ဆက်သွယ်မည့် ရထားလမ်း တည်ဆောက်ရေးမှာ ဘေဂျင်းအစိုးရက ရည်မှန်းထားသည့် အနာဂတ် ရထားလမ်းစီမံကိန်းကြီး ၄ ခုအနက် တစ်ခုဖြစ်ကြောင်း သိရသည်။ အခြား စီမံကိန်းကြီး ၃ ခုတွင် တရုတ်နှင့် လန်ဒန်ကို ဆက်သွယ်မည့် ရထားလမ်း၊ တရုတ်နှင့် အီရန်၊ တူရကီတို့ကို ဆက်သွယ်မည့် ရထားလမ်း၊ တရုတ်နှင့် စင်္ကာပူကို ဆက်သွယ်မည့် ရထားလမ်း စီမံကိန်းတို့ ဖြစ်သည်။ တရုတ်-လန်ဒန် ရထားလမ်းမှာ ပဲရစ်၊ ဘာလင်နှင့် မော်စကိုမြို့တွင် ခေတ္တရပ်နားမည်ဖြစ်သည်။ အလားတူပင် တရုတ်-စင်္ကာပူ ရထားလမ်းကြောင်းမှာလည်း ဗီယက်နမ်၊ ကမ္ဘောဒီးယား၊ ထိုင်းနှင့် မလေးရှား နိုင်ငံများတွင် ခေတ္တဝင်ရောက်ရပ်နားမည့် အစီအစဉ်များပါဝင်ကြောင်း သိရှိရသည်။

Planet Myanmar Network


ဘတ်စ်ပေါ်မှာ နေရာထပေးဖို့ ပြောတဲ့ လူကြီးကို ကန်ခဲ့တဲ့ အမျိုးသမီး


အံ့အားသင့်စရာကောင်းတဲ့ နောက်သတင်းတစ်ပုဒ်ကတော့  တရုတ်ပြည် ဖူကျန်ဒေသမှာ ဖြစ်ပျက်ခဲ့ပြီ့း  World-Myanmar News ကနေ ဘာသာပြန် တင်ဆက်ပါရစေ။

Ecns.cn သတင်းအရ ပြီးခဲ့တဲ့ ဧပြီလ ၂၁ရက်နေ့မှာ ဖူကျန်ဒေသရဲ့ တွန်ဂျန်အပိုင်းမှာ ဖြစ်ပွားခဲ့တဲ့ပါ။ အများစီး ဘတ်စ်တစ်စီးပေါ်မှာ လိုက်ပါစီးနင်းလာတဲ့ အမျိုးသမီးတစ်ဦးကိုတော့ ကားပေါ်ပါလာတဲ့ အသက်အရွယ်ကြီး အမျိုးသားတစ်ဦးက သူမထိုင်နေတဲ့ နေရာကို သူ့အတွက် ထပေးဖို့ ပြောတဲ့အတွက် အဲဒီအမျိုးသမီးဟာ ချက်ချင်းထိုင်ရာကနေ ထပြီး အမျိုးသားကြီးရဲ့ မျက်နှာကို ကန်လိုက်တယ်လို့ ကားပေါ်ပါလာသူများက မျက်မြင်သက်သေ အဖြစ်ထွက်ဆိုကြပါတယ်။

အဆိုပါ အဖြစ်အပျက်ကို မြင်လိုက်ရသူများက ရုတ်တရက် အံ့အားသင့် လန့်သွားပြီး သူမကို မယဉ်ကျေးတဲ့သူ တစ်ဦးအဖြစ် ပြောဆို အပြစ်တင်ခဲ့ပါတယ်။ ဒါ့ကြောင့် အမျိုးသမီးဟာ ဒေါသပိုထွက်ခဲ့ပြီး သူမကို ပြောဆိုခဲ့သူတွေကို ဆဲဆိုခဲ့ပါတယ်။ အဲဒီဖြစ်ရပ်ဟာ ၁၅မိနစ်လောက် ကြာခဲ့ပြီး ဘတ်စ်ရဲ့ တာဝန်ရှိသူတစ်ဦးက လာရောက်ဖြန်ဖြေပြီး အမျိုးသားကြီးကိုလည်း အခြား ခရီးသည်တစ်ဦးရဲ့ နေရာနဲ့လဲလှယ်ပေးခဲ့ရကြောင်း သိရပါတယ်။

ref:sgstomp
World-Myanmar


မန်ချက်စတာ ယူနိုက်တက် အသင်းရဲ့ ကစားသမားဟောင်း ဖြစ်တဲ့ ပါ့ခ်ဂျီဆန် အသက် ၃၃ နှစ်အရွယ်မှာ ဘောလုံးလောကကနေ အနားယူ


မန်ချက်စတာ ယူနိုက်တက် အသင်းရဲ့ ကစားသမားဟောင်း ဖြစ်တဲ့ တောင်ကိုရီးယား နိုင်ငံသား ပါ့ခ်ဂျီဆန်ဟာ အသက် ၃၃ နှစ်အရွယ်မှာ ဘောလုံးလောကကနေ အနားယူလိုက်ပါတယ်။
ပါ့ခ်ဂျီဆန်ဟာ ၂၀၀၅ ခုနှစ်မှာ ပီအက်စ်ဗီ အင်ဒိုဗန် အသင်းကနေ မန်ယူအသင်းကို ရောက်ရှိခဲ့ပြီး မန်ယူအသင်းနဲ့အတူ ပရီးမီးယားလိဂ် ချန်ပီယံဘွဲ့ ၄ ကြိမ် ရရှိခဲ့ပါတယ်။

၂၀၁၂ ခုနှစ်မှာတော့ ကျူပီအာရ်အသင်းကို ပြောင်းရွှေ့ခဲ့ရာမှာ ပီအက်စ်ဗီ အသင်းကို ပြန်လည် အငှားချထားခြင်း ခံခဲ့ရပြီး သူ့ရဲ့ ဒူးဒဏ်ရာကြောင့် အမြင့်ဆုံး ခြေစွမ်း ပြန်မရတော့လို့ အခုလို အနားယူရတာ ဖြစ်ကြောင်း ဆိုပါတယ်။

ပါ့ခ်ဂျီဆန်ဟာ မန်ယူအသင်းနဲ့အတူ ၂၀၀၉ ခုနှစ်မှာ ချန်ပီယံလိဂ် ဖိုင်နယ်ပွဲကို ကစားခွင့်ရခဲ့လို့ ချန်ပီယံလိဂ် ဖိုင်နယ်မှာ ကစားဖူးတဲ့ ပထမဆုံးသော အာရှသားအဖြစ် စာရင်းဝင်ထားပါတယ်။

BBC

တယ်လီနော မိုဘိုင်းလ်အင်တာနက်မြန်နှုန်း လက်ရှိထက် နှစ်ဆပိုမည်ဟုဆို

 

တယ်လီနော ဆင်းမ်ကတ်များတွင် ပါဝင်မည့် မိုဘိုင်းလ် အင်တာနက်စနစ်ကို အသုံးပြုပါက လက်ရှိ မြန်မာ့ဆက်သွယ်ရေး လုပ်ငန်း၏ မိုဘိုင်းလ် အင်တာနက်ထက် နှစ်ဆမြန်မည်ဖြစ်ကာ အနည်းဆုံးမြန်နှုန်း 1 Mbps (Mega Byte per Second) ရှိမည် ဖြစ်ကြောင်း တယ်လီနောမြန်မာမှ အမှုဆောင်အရာရှိချုပ် Mr. Petter Furberg က ပြောကြားသည်။

မိုဘိုင်းလ် အင်တာနက်စနစ်ကို တာဝါတိုင်များမှတစ်ဆင့် Microwave စနစ်ဖြင့် သုံးစွဲပါက အရေအတွက် အကန့်အသတ်ဖြင့်သာ သုံးစွဲနိုင်သောကြောင့် တာဝါတိုင်ချင်း ဆက်သွယ်ရန် Fiber Cable များတပ်ဆင်မည် ဖြစ်ကြောင်း တယ်လီနောမြန်မာထံမှ သိရသည်။
“မိုဘိုင်းလ်ဖုန်း အင်တာနက် သုံးစွဲမယ်ဆိုရင် 2G နဲ့ရော 3G နဲ့ပါ သုံးလို့ရမယ်” ဟု Mr. Petter Furberg က မေလ ၁၂ ရက်နေ့က ရန်ကုန်မြို့တော် စိမ်းလန်းစိုပြေ ဥယျာဉ်တွင် ပြုလုပ်သည့် Net Monday အခမ်းအနားတွင် ပြောကြားသည်။

လက်ရှိ မြန်မာ့ဆက်သွယ်ရေး လုပ်ငန်း၏ မိုဘိုင်းလ် အင်တာနက်စနစ်ကို အသုံးပြုနေသူများမှာမူ မည်သည့် မြန်နှုန်းဖြင့် သုံးစွဲနေရသည်ကို မသိရဘဲ တစ်ခါတစ်ရံ 1 Kbps (Kilo Byte pre Second) အောက်အထိ ကျဆင်းကြောင်း သုံးစွဲသူများထံမှ သိရသည်။

“မိုဘိုင်းလ် အင်တာနက် ကောင်းလာရင်တော့ တစ်ကိုယ်ရေ အသုံးပြုရတာတွေ အဆင်ပြေလာမယ်။ 1 Mbp ဆိုတာကတော့ တော်တော်ကို အဆင်ပြေတဲ့ အမြန်နှုန်းပါ။ ဖြစ်နိုင်ရင် ဆက်သွယ်ရေးဘက်က ပြည်တွင်းပြည်ပ Provider တွေထပ်ခေါ်ပြီး Fixed လိုင်းတွေကိုလည်း ပိုကောင်းအောင် လုပ်စေချင်တယ်” ဟု ကွန်ပျူတာပညာရှင် ဦးရဲဝင့်အောင်က ပြောဆိုသည်။



ဆေးပညာအရ သက်သေအထောက်အထား ခိုင်ခိုင်မာမာ မရှိသေးတဲ့ သနပ်ခါး


 သနပ်ခါးဆိုင်တွင် သနပ်ခါးဝယ်ယူနေသူ တစ်ဦး။ ဓာတ်ပုံ - မြန်မာတိုင်းမ်
တကယ်တော့ သနပ်ခါးကို မြန်မာနိုင်ငံ အနှံ့အပြားမှာ တွေ့ရလေ့ရှိပြီး ယဉ်ကျေးမှုအရရော၊
ဘာသာရေးအရပါ အသုံးပြုကြပါတယ်။

လူမှုရေးနဲ့ စီးပွားရေးနယ်ပယ်က အမျိုးသမီးအများစု သနပ်ခါးကို အသုံးပြုနေကြသလို သနပ်ခါးရဲ့
ထူးခြားမှုတွေနဲ့ပတ်သက်ပြီး အမွှမ်းတင်ပြောဆို ကြတာတွေ အမျိုးမျိုးရှိပါတယ်။

"မြန်မာမိန်း ကလေးတိုင်း သနပ်ခါးကို အမြတ်တနိုးနဲ့ လိမ်းကြတယ်"၊ "မြန်မာမိန်းကလေးတွေရဲ့
အသားအရေ လှတာဟာ သနပ်ခါးကြောင့်ပေါ့" ဆိုတဲ့ စကားတွေကတော့ သနပ်ခါးကောင်း
ကြောင်း အမွှမ်းတင်ပြောဆိုရာမှာ အမြဲကြားနေရတဲ့ စကားတွေပါပဲ။

လူမျိုးနဲ့ယဉ်ကျေးမှုအရ သိပ္ပံနည်းကျ လေ့လာဆန်းစစ်မှုမျိုး မပါဘူးဆိုရင်တော့ မြန်မာ့သနပ်ခါး
ဟာ အလှကုန်တစ်မျိုးဖြစ်သလို ရောဂါကာကွယ်တားဆီးရေးအတွက်လည်း အသုံးဝင်ပြီး ရိုးရာ
အစဉ်အလာလည်း ဖြစ်တယ်လို့ ပြောတာကတော့ ဘေးကင်းတယ်ဆိုတာ သေချာသလောက်
ပါပဲ။

ဟိုးလွန်ခဲ့တဲ့ နှစ်ပေါင်းမျာစွာကတည်းက ကျွန်တော် ကြားဖူးထားတာတွေကတော့ ရာသီဥတု
ပူတဲ့အချိန် သနပ်ခါးလူးထားရင် အသားအရေကို အေးမြစေတယ်၊ နေလောင်ဒဏ်ကို ကာကွယ်
ပေးတယ်၊ ၀က်ခြံဖြစ်တာကို သက်သာစေတယ်၊ အနာကျက်စေတယ်၊ မိတ်၊ အင်ပျင်တို့ ပေါက်ရင်
သက်သာစေတယ်ဆိုတဲ့ အချက်တွေပါ။

ပြီးတော့ ကလေးငယ်လေးတွေကို ဖြည့်စွက်အာဟာရ တစ်မျိုးအဖြစ် သနပ်ခါး ခွံ့တတ်ကြပါသေး
တယ်။ ဒါတင် မကသေးပါဘူး။ ငှက်ဖျား၊ ၀က်ရူးပြန်ရောဂါ၊ အနာကြီးရောဂါ၊ နှလုံးရောဂါနဲ့
အစာအိမ်နာတို့ကို ကုသရာမှာလည်း သနပ်ခါးကို ဆေးအဖြစ် အသုံးပြုကြပါသေးတယ်။

သနပ်ခါးနဲ့ ပန်းသီး ရောစားရင် သေတတ်တယ်လို့လည်း တချို့သူတွေက လက်ခံထားကြပါတယ်။

သနပ်ခါးနဲ့ ပတ်သက်ပြီး ဆေးပညာဆိုင်ရာ သုတေသနအရ ဘာတွေများ တွေ့ရှိထားပါသလဲ။

ဒါကတော့ ကျန်းမာရေးဆိုင်ရာ ကဏ္ဍအတွက် ခက်ခဲတဲ့အကြောင်းအရာ တစ်ခုပါပဲ။

ဘာဖြစ်လို့လဲဆိုတော့ ဆေးဝါးကုသမှုဆိုင်ရာ လက်တွေ့အချက်အလက်တွေက အရမ်းကို
ရှားပါးပြီး အစဉ်အလာလက်ဆင့်ကမ်းလက်ခံလာတဲ့ အချက်အလက်တွေကသာ များနေပါတယ်။

သနပ်ခါးကို အစဉ်အလာအရ ဆေးဖက်ဝင်ပစ္စည်းအဖြစ် ဆေးကုသရာမှာ အသုံးပြုနေကြပေမယ့်
လည်း ဒါကို ဆန့်ကျင်တာ၊ ထောက်ခံတာမျိုးတွေ မရှိပါဘူး။

ဒါ့ပြင် ဆေးဝါးကုသမှုအတွက် သနပ်ခါးကို အသုံးပြုနေတာဟာ ဘေးကင်းမှု ရှိမရှိဆိုတာကို
လေ့လာပြီး သုတေသနလုပ်ထားတာတွေလည်း မရှိပါဘူး။

ဒီလိုမျိုး လေ့လာမှုပြုလုပ်တာတွေဟာ စည်းကမ်းထိန်းသိမ်းရေး အေဂျင်စီတွေရှိရာ နိုင်ငံတွေမှာ
တစ်ခုခုကို ဆေးဝါးအဖြစ် ထောက်ခံအတည်ပြုပေးဖို့အတွက် ပထမအဆင့်အနေနဲ့ ပြုလုပ်နေကျ
လုပ်ငန်းစဉ်ပါ။

သနပ်ခါးနဲ့ ပတ်သက်ပြီး ဇီဝဗေဒအရ သုတေသနပြုလုပ်ထားတာတွေကလည်း နည်းနည်းလေးပဲ
ရှိပါတယ်။

၂၀၁၀ ပြည့်နှစ်မှာ ထိုင်းနိုင်ငံက သုတေသီတစ်စုဟာ သနပ်ခါးအခေါက်မှာပါတဲ့ ဓာတ်ပစ္စည်းတွေ
ကို အသေးစိတ်လေ့လာခဲ့ကြရာမှာ သနပ်ခါးမှာ အင်တီအောက်ဆီဒင့် ပါဝင်လာသလို
အသားအရေ ရောင်ရမ်းတာကို သက်သာစေတဲ့ ဓာတ်ပါဝင်တဲ့အပြင် ဘက်တီးရီးယားတွေကို
သေစေတဲ့ဓာတ်နဲ့ အရေပြားအရောင်ကို အပြောင်းအလဲဖြစ်စေတဲ့ ဟော်မုန်းထွက်ရှိမှုကို ဟန့်တား
ပေးတဲ့ ဓာတ်လည်း ပါဝင်တာကို တွေ့ရှိခဲ့ကြပါတယ်။

ဒီတွေ့ရှိမှုတွေကြောင့် သနပ်ခါးက အရေပြားကို အကာအကွယ်ပေးနိုင်ပြီး ဆေးဖက်ဝင်တယ်ဆိုတဲ့
အချက်နဲ့ ပတ်သက်ပြီး ဇီဝကမ္မဗေဒဆိုင်ရာ အကြောင်းပြချက်တစ်ခုတော့ ကျွန်တော်တို့မှာ
ရှိသွားပါတယ်။

ဒါပေမဲ့ အရေပြားမှာ အရေးအကြောင်း ထခြင်း၊ ကင်ဆာဖြစ်ပွားမှုနှုန်းနဲ့ ရောဂါကူးစက်မှုလို
ကိစ္စမျိုးတွေနဲ့ ပတ်သက်ပြီး သနပ်ခါးက အမှန်တကယ် လျော့ပါးစေတာကို သက်သေပြဖို့
လူသားနဲ့ စမ်းသပ်လေ့လာမှုမျိုးတွေတော့ မလုပ်ထားရသေးပါဘူး။

သနပ်ခါးအတုံးနဲ့ တာရှည်ခံအောင်ပြုလုပ်ထားတဲ့ အသင့်သုံးကြိတ်ပြီး သနပ်ခါးဆိုပြီး သနပ်ခါးကို
ဈေးကွက်ထဲမှာ နှစ်မျိုးနှစ်စားရနိုင်ပါတယ်။

အသင့်သုံးသနပ်ခါးမှာတော့ တခြား ပစ္စည်းတွေ ပါဝင်ပါတယ်။

သုံးစွဲသူတွေ ဘေးအန္တရာယ်ကင်းရေးအတွက် ကြီးကြပ်ဆောင်ရွက်ပေးနေတဲ့ အဖွဲ့အစည်းမရှိခြင်း
နဲ့အတူ အသင့်သုံးကြိတ်ပြီး သနပ်ခါးတွေ ကျန်းမာရေးဆိုင်ရာ ထုတ်ကုန်တစ်မျိုးအဖြစ်
ဈေးကွက်ထဲ တင်ပို့ရောင်းချနေတဲ့အတွက် ဘေးကင်းရေးနဲ့ ပတ်သက်ပြီး စိုးရိမ်စရာတွေ
ဖြစ်ပေါ်လာနေပါတယ်။

ဒါနဲ့ ပတ်သက်တဲ့ သာဓကတစ်ရပ်ကတော့ အမေရိကန်နိုင်ငံမှာရှိတဲ့ ကရင်ပြန်လည်ထူထောင်ရေး
အတွက် အကြီးဆုံးနေရာကြီးဖြစ်တဲ့ အင်ဒီယားနားပြည်နယ်က Fort Wayne မှာ ထွက်ပေါ်လာ
ခဲ့ပါတယ်။

အဲဒါကတော့ မြန်မာနဲ့ ထိုင်းနယ်စပ်ကနေ တင်သွင်းလာတဲ့ အသင့်သုံး သနပ်ခါးတွေနဲ့
daw tway (ကလေးတွေ အတွက်ရည်ရွယ်တဲ့ အစာကြေဆေး) ဆိုတဲ့ သနပ်ခါးနဲ့ လုပ်ထားတဲ့
ဆေးတွေကို အသုံးပြုလေ့ပြုထရှိတဲ့ ကရင်ကလေးတွေမှာ ခဲပါဝင်မှုဟာ ကြောက်ဖွယ်လိလိ
မြင့်တက်နေတာကို ၂၀၀၉ ခုနှစ်မှာ ဆရာဝန်တွေက တွေ့ရှိခဲ့တာပါ။

သနပ်ခါးကို ကူးစက်ရောဂါပျံ့ပွားခြင်းနဲ့ ကာကွယ်ခြင်းဆိုင်ရာအမြင်အရ လေ့လာအကဲ ဖြတ်ဖို့
ကြိုးပမ်းမှု တစ်ရပ်အနေနဲ့ ကျွန်တော့်ရဲ့ အရေပြားရောဂါဗေဒဆိုင်ရာ အမေရိကန် မိတ်ဆွေ
နှစ်ယောက်နဲ့ မိသားစုဟာ သနပ်ခါးအသုံးပြုမှုနဲ့ပတ်သက်ပြီး မကြာသေးခင်က လေ့လာဆန်းစစ်မှု
ပြုလုပ်ခဲ့ရာမှာ မြန်မာတွေဟာ သနပ်ခါးကို နေလောင်ဒဏ်ကာကွယ်ဖို့၊ အသားအရေအေးမြစေဖို့နဲ့
အသားဖြူစေဖို့အတွက် အများဆုံးအသုံးပြုကြတာကို သိရှိခဲ့ကြပါတယ်။

သနပ်ခါးလူးထားရင် လူက လန်းဆန်းတယ်၊ သနပ်ခါးက ကျန်းမာရေးနဲ့ ညီညွတ်တယ်၊ သနပ်ခါး
လိမ်းထားရင် စိတ်ကြည်တယ်၊ ဒါကြောင့် သနပ်ခါးကို အမြဲလူးတယ်ဆိုတဲ့ သနပ်ခါးလူးလေ့ရှိတဲ့
သူအများစုက ပြောလေ့ရှိတဲ့ သနပ်ခါးလူးတဲ့အတွက် ရရှိတဲ့ကောင်းကျိုးတွေလို့ ကျွန်တော်ယူဆ
ထားတဲ့ အချက်တွေကို သူတို့လည်း တွေ့ရှိခဲ့ကြပါတယ်။

သနပ်ခါးက နေလောင်ဒဏ်ကို ကာကွယ်ပေးနိုင်တယ်ဆိုတဲ့ အချက်နဲ့ ဘက်တီးရီးယားတွေကို
တိုက်ဖျက်နိုင်စွမ်းရှိတယ် ဆိုတာကတော့ ဖြစ်နိုင်ပါတယ်။

ဒါပေမဲ့ အနောက်နိုင်ငံရဲ့ ဆေးလောကအမြင်အရ ကြည့်မယ်ဆိုရင်တော့ သနပ်ခါးဟာ အရေပြားရဲ့
အရောင်ကို ဘယ်လိုအကျိုးဖြစ်စေတယ်ဆိုတာ၊ အရေပြားရောဂါကို ကောင်းစေတယ်ဆိုတာ
ဒါမှမဟုတ် ကျန်းမာရေးအတွက် တနည်းတဖုံ အထောက်အကူ ဖြစ်စေတယ်ဆိုတာနဲ့
ပတ်သက်ပြီးတော့ တိကျတဲ့ သက်သေအထောက်အထားတွေ ကျွန်တော်တို့မှာ မရှိပါဘူး။

စိတ်မကောင်းစရာကတော့ သနပ်ခါးကို လိမ်းလို့၊ ဒါမှမဟုတ် စားလို့ ဘေးဖြစ်မဖြစ်ဆိုတာနဲ့
ပတ်သက်ပြီး ကျွန်တော်တို့လည်း မသိရသေးတာပါ။

အထူးသဖြင့် သနပ်ခါးကို ပြင်ဆင်ထုပ်ပိုးတာနဲ့ ပတ်သက်ပြီး ကြီးကြပ်တဲ့ အဖွဲ့မရှိတာကို
ထည့်သွင်းစဉ်းစားမိတဲ့အခါ မျိုးမှာပါ။

သနပ်ခါးနဲ့ ပတ်သက်ပြီး ဆေးပညာဆိုင်ရာ ကိုးကားစရာတွေ မြန်မာနိုင်ငံမှာ ပိုရလာတဲ့အခါ
ကျွန်တော်တို့လည်း အချက်အလက်တွေ ပိုရလာမှာပါ။

အဲဒါဆို နှစ်ပေါင်းများစွာ အစဉ်အလာသုံးစွဲခဲ့တဲ့ မြန်မာ့သနပ်ခါးကို ဘေးကင်းကင်းနဲ့ အကျိုးရှိရှိ
အသုံးပြုနိုင်ကြမှာပါ။

    ခရစ္စတို့ဖ် ဂဲလ်စ်ဒေါ့ဖ်

(ခရစ္စတို့ဖ် ဂဲလ်စ်ဒေါ့ဖ်သည် မိသားစုဆရာဝန်များဆိုင်ရာ အမေရိကန်ဘုတ်အဖွဲ့ဝင် ဆရာဝန်
တစ်ဦး ဖြစ်ပြီး ရန်ကုန်တွင် ဆေးခန်းဖွင့်လှစ်ထားသည်။ ၀က်ဘ်ဆိုက် လိပ်စာမှာ
(www.gelsdorfmd.com) ဖြစ်သည်။ မြန်မာနိုင်ငံ ဆေးပညာရှင်များအသင်း၏
အထွေထွေရောဂါကု ဆရာဝန်များအသင်း အဖွဲ့ဝင်တစ်ဦး ဖြစ်ပြီး သိလိုသည့်အချက်များကို
၎င်းအား ဆက်သွယ်မေးမြန်းနိုင်သည်။)

သီရိမင်းထွန်း ဘာသာပြန်သည်။

မြန်မာတိုင်း(မ်)

“မန္တလေးတိုင်း မဘသ ဝိုင်းတော်သားများအတွက် သတင်းကောင်း”



မန္တလေးတိုင်း၊ မဘသ အဖွဲ့မှ မကြာမီထုတ်ဝေမည့် အတုမရှိဂျာနယ်လ်-အတွက် “အခြေခံသတင်းစာပညာ သင်တန်း” (Basic Journalism Course) ပို့ချမည်ဖြစ်ရာ အတုမရှိဂျာနယ်လ် ဝန်ထမ်းအဖြစ် ပါဝင်ဆောင်ရွက်လိုသူများရော တူတူတန်တန် သတင်းရေးသားလိုသူများပါ တက်ရောက်သင်ယူနိုင်ကြောင်း သိရသည်။
 
၎င်းသင်တန်းသို့ သတင်းစာပညာစိတ်ဝင်စားသော ဖေ့စ်ဘုတ်ပရိသတ်ကြီးလည်း တက်ရောက်နိုင်ကြောင်းနှင့် သင်တန်းတက်သူ မန္တလေး မဘသ ဝိုင်းတော်သားများထဲမှ ဂျာနယ်လ်ဝန်ထမ်း ငါးဦးခန့်ထားဖို့ ရွေးချယ်မည်ဖြစ်ကြောင်း သိရသည်။
 
“အခြေခံသတင်းစာပညာ သင်တန်း” ဖွင့်မည့်အစီအစဉ် (Basic Journalism Course)
ဖွင့်မည့်ရက် - မေလ (၁၈)ရက်နေ့မှ ဇွန်လ (၇)ရက်ထိ
အချိန် - နံနက် (၉)နာရီမှ ညနေ (၃)နာရီထိ
“သင်ကြားမည့်ဘာသာရပ်”
(၁) သတင်းမိတ်ဆက်
(၂) အခြေခံသတင်းရေးသားခြင်း
(၃) သတင်းဆောင်းပါးရေးသားခြင်း
(၄) ဆောင်းပါး (Article & Feature) ရေးသားခြင်း
(၅) သတင်းဓာတ်ပုံ ရိုက်ကူးခြင်း
(၆) သတင်းစာကျင့်ဝတ် (Code of Ethics)
နေရာ - မန္တလေး ဓာတ်ပုံအသင်းတိုက်ခန်းမ
          (၄)လွှာ၊ ဒိုင်းမွန်းပလာဇာ၊ ၃၄လမ်း၊ ၇၇×၇၈လမ်းကြား
(၇၇လမ်းနှင့် ၃၄လမ်းထောင့် ဓာတ်လှေကားကို Under Ground မှ တက်ရန်)
ပို့ချမည့်သူ - ကိုဆန်းဦး (စိုင်းယဉ်ကျေး)နှင့် အခြားပညာရှင် ဆရာများ။
 
ဆက်သွယ်လိုပါက -     09-259060636
                             09-450039439
                             09-43120562
                             09-422463132
စုံစမ်းမေးမြန်းနိုင်ပါသည်။
 
(သင်တန်းတက်ရောက်မည့် မဘသအဖွဲ့ဝင် သင်တန်းသား ရဟန်းပုဂ္ဂိုလ်၊ လူပုဂ္ဂိုလ်များကို စရိတ်ထောက်ပံ့ပါမည်။)

Ref : http://www.virathu.com
 

ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဖို့မလိုဘူးလို့ ဧရာဝတီတိုင်းဝန်ကြီးချုပ်ပြော (ရုပ်/သံ)


ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဖို့မလိုဘူးလို့ ဧရာဝတီတိုင်းဝန်ကြီးချုပ်ပြော

၂၀၀၈ ခုနှစ် အခြေခံဥပဒေမှာ
တိုင်းပြည်ကို ထိခိုက်နိုင်တဲ့အချက် ကြီးကြီးမားမား
မပါဝင်တာကြောင့် ပြင်ဖို့မလိုဘူးလို့ ဧရာဝတီတိုင်းဝန်ကြီးချုပ် ဦးသိန်းအောင်က ပြောဆိုလိုက်ပါတယ်။
ဒီသတင်းကို ဦးမျိုးမင်းဦးက ပေးပို့ထားတာပါ။ DVB TV


 
 
 

ရာဇာမင်း ခရီးသည်ပို့ဆောင်ရေး မော်တော်ယာဉ်အသင်းရဲ့ ရန်ကုန်-နေပြည်တော်-ရန်ကုန် ခရီးစဉ်ပြေးဆွဲခွင့်အား ပိတ်သိမ်း (ရုပ်/သံ)


ရာဇာမင်း ခရီးသည်ပို့ဆောင်ရေး မော်တော်ယာဉ်အသင်းရဲ့ ရန်ကုန်-နေပြည်တော်-ရန်ကုန် ခရီးစဉ်ပြေးဆွဲခွင့်အား ပိတ်သိမ်း
==================================
နေပြည်တော်မှ ရန်ကုန်သို့ မေလ (၁၂) ရက်နေ့ ညနေ (၆) နာရီတွင် နေပြည်တော် မြို့မဈေး ကားဂိတ်မှ ခရီးသည် (၄၆) ဦး တင်ဆောင် လိုက်ပါလာသည့် ရာဇာမင်း ခရီးသည် ပို့ဆောင်ရေး မှန်လုံ မော်တော်ယာဉ်သည် ညနေ (၆) နာရီ (၄၅) မိနစ်တွင် အရှိန်မထိန်းနိုင်ဘဲ မိုင်တိုင်အမှတ် ၁၉၇/၆ ကို စတင် တိုက်မိပြီး ၀က်လက်မီးရထား ကုန်းကျော်တံတားထိပ်ကို ထပ်မံ တိုက်မိကာ တံတားအောက်သို့ ထိုးကျ တိမ်းမှောက်ခဲ့ပါသည်။
 ယာဉ်ပေါ်တွင် ယာဉ်မောင်းတစ်ဦး၊ အကူ ယာဉ်မောင်းတစ်ဦး၊ ယာဉ်နောက်လိုက်တစ်ဦး အပါအ၀င် ခရီးသည် အမျိုးသား (၂၉) ဦး၊ အမျိုးသမီး (၁၇) ဦး စုစုပေါင်း (၄၆) ဦး ပါရှိသည့်အနက် အမျိုးသား (၁၀) ဦး၊ အမျိုးသမီး (၄) ဦး စုစုပေါင်း (၁၄) ဦး သေဆုံးခဲ့ပြီး နေပြည်တော် ကုတင် ၁၀၀၀ ဆေးရုံကြီးတွင် အမျိုးသား (၁၆) ဦး၊ အမျိုးသမီး (၁၂) ဦး၊ လယ်ဝေးမြို့နယ် ဆေးရုံတွင် အမျိုးသား (၂) ဦး အမျိုးသမီး (၁) ဦး ပေါင်း အမျိုးသား (၁၈) ဦးနှင့် အမျိုးသမီး (၁၃) ဦး စုစုပေါင်း (၃၁) ဦး ဒဏ်ရာအသီးသီးရရှိခဲ့ပြီး ဆေးကုသမှု ခံယူလျက်ရှိကြပါသည်။ 
အဆိုပါ ဖြစ်စဉ်နှင့် ပတ်သက်ပြီး ရာဇာမင်း ခရီးသည်ပို့ဆောင်ရေးယာဉ်အား မဆင်မခြင် မောင်းနှင်ခြင်းနှင့် ယာဉ်လိုင်းများ ပြေးဆွဲရာတွင် ခရီးသည်များ လုံခြုံစွာ သယ်ယူပို့ဆောင်ရေးမှာ စနစ်တကျ ကြီးကြပ်ရန် အားနည်းခဲ့ခြင်းကြောင့် ရာဇာမင်း ခရီးသည်ပို့ဆောင်ရေး မော်တော်ယာဉ်အသင်းရဲ့ ရန်ကုန်-နေပြည်တော်-ရန်ကုန် ခရီးစဉ်ပြေးဆွဲခွင့်အား နေပြည်တော် ကုန်းလမ်းနှင့် ပြည်တွင်းရေကြောင်း သယ်ယူပို့ဆောင်ရေးအဖွဲ့မှ ၂၀၁၄ ခုနှစ် မေလ (၁၅) ရက်နေ့မှ စတင်ပြီး ပိတ်သိမ်းလိုက်ကြောင်း သိရှိရပါသည်။
 MRTV

 


မျိုးစောင့်ဥပဒေကိစ္စ သမ္မတနဲ့ တွေ့ဆုံဖို့ လူမှုအဖွဲ့ ၁၅၀ ကျော် တောင်းဆို


အစိုးရကပြဌာန်းဖို့ ကြိုးပမ်းနေတဲ့ မျိုးစောင့်ဥပဒေတွေနဲ့ ပတ်သက်ပြီး နိုင်ငံတော်သမ္မတ ဦးသိန်းစိန်နဲ့ ပြည်သူ့ လွှတ်တော်ဥက္ကဌ သူရဦးရွှေမန်းတို့ကို တွေ့ဆုံဆွေးနွေး လိုကြောင်း မျိုးစောင့်ဥပဒေ ပြဌာန်းရေးကိစ္စကို ပြင်းပြင်း ထန်ထန် ဆန့်ကျင်ကန့်ကွက်နေကြတဲ့ အရပ်ဘက် လူမှုအဖွဲ့အစည်း ၁၅၀ ခန့်က ဒီကနေ့ လက်မှတ်ရေး ထိုး တောင်းဆိုလိုက်ကြပါတယ်။

ဒီအဖွဲ့အစည်းတွေအနေနဲ့ မျိုးစောင့်ဥပဒေနဲ့ ပတ်သက် တဲ့ သူတို့ရဲ့သဘောထားတွေကို ကိုယ်တိုင်ရှင်းလင်း တင်ပြလိုတဲ့အတွက် တွေ့ဆုံဖို့တောင်းဆိုရတာဖြစ် တယ်လို့  အမျိုးသမီးအခွင့်အရေးအဖွဲ့ Triangle Women Support Group  ဒါရိုက်တာ မခင်လေးက ပြောပါတယ်။

"ကျမတို့ အရပ်ဘက်လူ့အဖွဲ့အစည်း ၁၅ဝ က မျိုးစောင့်ဥပဒေမူကြမ်း ရေးဆွဲဖို့ ပြင်ဆင်နေတဲ့အပေါ်ကို ကျမတို့ရဲ့ အကြံပြုတင်ပြချက်တွေ ထွက်ထားတာရှိပါတယ်၊ အဲဒီဟာကို သမ္မတကြီးရော၊ ဦးရွှေမန်းကိုရော ကျမတို့က တွေ့ပြီးခဲ့အခါကျရင် ကျမတို့ရဲ့ စိုးရိမ်ပူပန်မှုတွေ ကျမတို့ဘာကြောင့် ဒီစာလေးထုတ်ရတယ် ကျမတို့ဖြစ်စေချင်တဲ့ ဆန္ဒလေးတွေပေါ့ ဒါလေးတွေကို သွားပြီးတော့ လူချင်းတွေ့ဆုံပြီးတော့ ပြောပြချင်လို့ပါ"

ဒါ့အပြင် မျိုးစောင့်ဥပဒေတွေရေးဆွဲဖို့ သမ္မတကတာဝန်ပေးထားတဲ့  ပြည်ထောင်စုရှေ့နေချုပ်နဲ့  ဥပဒေကြမ်းရေးဆွဲရေးကော်မရှင်က တာဝန်ရှိသူတွေကိုလည်း ဒီအဖွဲ့တွေက တွေ့ဆုံလိုကြောင်း တောင်းဆို ထားတယ်လို့ ဆိုပါတယ်။

အမျိုးဘာသာ သာသနာ ကာကွယ်စောင့်ရှောက်ရေး (ဗဟို) ဥက္ကဌ ဘဒ္ဒန္တ တိလောကာဘိဝံသက ကိုးကွယ်ရာဘာသာ ကူးပြောင်းခြင်းဆိုင်ရာ ဥပဒေ၊ လူဦးရေတိုးပွားနှုန်း ထိန်းညှိခြင်းဆိုင်ရာ ဥပဒေ၊ လက်ထပ်ထိမ်းမြားခြင်းဆိုင်ရာ ဥပဒေနဲ့ တစ်လင်တစ်မယားစနစ် ကျင့်သုံးခြင်းဆိုင်ရာ ဥပဒေ စတဲ့ မျိုးစောင့်ဥပဒေတွေကို ပြဌာန်းပေးဖို့ နိုင်ငံတော်သမ္မတထံ ဇူလိုင်လ ၉ရက်နေ့က စာရေးသားတောင်းဆိုခဲ့ပါတယ်။ သမ္မတ ဦးသိန်းစိန်က မျိုးစောင့်ဥပဒေတွေရေးဆွဲပြီး လွှတ်တော်ကို တင်ပြနိုင်ရေးအတွက် အဖွဲ့ဝင် ၁၂ ဦးပါ မျိုးစောင့်ဥပဒေရေးဆွဲရေး ကော်မရှင်ကို မတ်လ ၇ ရက်နေ့က ဖွဲ့စည်းတာဝန်ပေးအပ်ခဲ့ပါတယ်။

ဒီမျိုးစောင့်ဥပဒေတွေထဲက ဘာသာကူးပြောင်းခြင်းဆိုင်ရာ ဥပဒေနဲ့ လူဦးရေတိုးပွားနှုန်း ထိန်းညှိခြင်းဆိုင်ရာ ဥပဒေတွေကို မျိုးစောင့်ဥပဒေ ရေးဆွဲရေးကော်မရှင်က ရေးဆွဲပြီးစီးနေပြီဖြစ်ပြီး မူကြမ်းကို အခုရက်ပိုင်းအတွင်း ထုတ်ပြန်မှာဖြစ်ကြောင်း ထုတ်ဖော်ပြောဆိုထားပါတယ်။

RFA Burmese


ဘာသာရေးအကြောင်းပြ၍ မဲဆွယ်ပါက အရေးယူမည်


လာမည့်ရွေးကောက်ပွဲများတွင် ဘာသာရေးအကြောင်းပြ၍ မဲဆွယ်စည်းရုံးရေး လုပ်ဆောင်ပါက ဥပဒေအတိုင်း ထိရောက်စွာ အရေးယူမှုများ ပြု လုပ်သွားမည်ဖြစ်ကြောင်း ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်မှ သတင်းရရှိသည်။

ဘာသာရေးတစ်ခုကို အကြောင်းပြုပြီး ယင်းဘာသာတရားအကျိုးအတွက် ဦးစားပေး လုပ်ကိုင်မည့်သူများကိုသာ မဲ ပေးရန် အခြားသောသူများကို မဲ မပေးရန် ဘာသာရေးကို အလွဲသုံးစားပြုသူများ ရှိလာနိုင်သည့် အတွက် ယင်းသို့ မလုပ်ဆောင်ရန် ပြဋ္ဌာန်းထားခြင်းဖြစ်သည်ဟု ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် ရွေးကောက်ပွဲဌာန
 ညွှန်ကြားရေးမှူး ဦးသောင်းလှိုင်ကပြောသည်။

မဲဆွယ်စည်းရုံးရာတွင် ဘာသာရေးကို အကြောင်းပြုကာ စည်းရုံးမှုများ ပြုလုပ်ကြောင်း သက်သေအထောက်အထားခိုင်လုံစွာဖြင့် တိုင်ကြားလာမှုရှိပါက စုံစမ်းစစ်ဆေးပြီး အရေးယူမှုများ ပြုလုပ်သွားမည်ဟုလည်း ၎င်းက ဆိုသည်။

လူမျိုးရေး(သို့) ဘာသာရေး (သို့) လူတစ်ဦးချင်း(သို့) လူအများစုနှင့် ပတ်သက်၍ ပဋိပက္ခ ဖြစ်ပေါ်စေနိုင်သည့်၊ သိက္ခာနှင့် ကိုယ်ကျင့်တရားကို ထိခိုက်စေနိုင်သည့် ရေးသားမှု၊ ဟောပြောမှု(သို့) စည်းရုံးမှုပြုလုပ်ခြင်း၊ ဘာသာရေးကို နိုင်ငံရေးတွင် အလွဲသုံးစားလုပ်ခြင်းတို့ကို ပြုလုပ်ပါက နိုင်ငံရေးပါတီ မှတ်ပုံတင်ခြင်းမှ ပယ်ဖျက်မည်ဖြစ်သည်ဟု နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း နည်းဥပဒေတွင် ပါရှိသည်။

ထို့အပြင် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်မှ ထုတ်ပြန်ထားသော လွှတ်တော်ကိုယ်စားလှယ်လောင်းများ စုဝေးဟော ပြောခွင့်နှင့် မဲဆွယ်စည်းရုံးခွင့်ဆိုင်ရာ ပြဋ္ဌာန်းချက်တွင်လည်း ဘာသာရေးကို နိုင်ငံရေးတွင် အလွဲသုံးစားပြုလုပ်ခြင်းကို မလုပ်ဆောင်ရန် ဖော်ပြထားသည်။

‘‘ဘာသာရေးကို နိုင်ငံရေး အရ အလွဲသုံးစားမလုပ်ရဘူးဆိုတာက တော်တော်လေး အရေးကြီးတယ်။ အဖွဲ့အစည်းတချို့လုပ်နေတာတွေလည်း တွေ့ရတယ်။ လိုရင်လိုသလို မလိုရင် မလိုသလို လုပ်လို့မရဘူး။ ဥပဒေအတိုင်းဆို လုပ်တဲ့သူအားလုံးကို အရေးယူရမယ်’’ ဟု ရခိုင်အမျိုးသားပါတီ ဗဟိုအလုပ်အမှုဆောင်တစ်ဦးဖြစ်သူ ဦးမျိုးကျော်ကဆိုသည်။

လက်ရှိအချိန်တွင် အချို့ သော နေရာများ၌ အမျိုးဘာသာသာသနာနှင့် ဘာသာရေးကို အကြောင်းပြုပြီး အတိုက်အခံ နိုင်ငံရေးခေါင်းဆောင် ဦးဆောင်သော ပါတီအား မဲမပေးရန် ဟောပြောမှုများရှိလာသည်ဟု ရွှေပြည်သာမြို့နယ်တွင်နေထိုင်သူ ကိုမင်းသူကပြောသည်။

ပြီးခဲ့သည့် ၂၀၁၀ ရွေး ကောက်ပွဲနှင့် ၂၀၁၂ ကြားဖြတ်ရွေးကောက်ပွဲများတွင်လည်း ဘာသာရေးကို နိုင်ငံရေးအရ အလွဲသုံးစား မလုပ်ရန် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က ထုတ်ပြန်ထားခဲ့သည်။

ရန်မျိုးနိုင်
7Day Daily


၂၀၁၅ ရွေးကောက်ပွဲအတွက် အမျိုးသားနိုင်ငံရေးစောင့်ကြည့်အဖွဲ့ ဖွဲ့စည်းတော့မည်ဟု ဦးဝီရသူမိန့်ကြား

တိုင်းပြည်ငြိမ်းချမ်းရေးအတွက် ဦးဝီရသူနှင့် လက်တွဲဆောင်ရွက်သူ အစ္စလာမ်ဘာသာဝင် ဒိုင်းမွန်းဦးရွှေကြည်တို့အား အတူတကွ တွေ့ရစဉ်

၂၀၁၅ ရွေးကောက်ပွဲတွင် ပါတီနှင့် အစိုးရပိုင်းများအား ဘက်မလိုက်ဘဲစောင့် ကြည့်ဝေဖန်ထောက်ပြမည့် အမျိုးသား နိုင်ငံရေးစောင့်ကြည့်အဖွဲ့ကို မကြာမီ ဖွဲ့စည်းသွားတော့မည်ဟု ဆရာတော်ဦးဇင်း ၀ီရသူက News Watch သို့ မေ ၁၇ က မိန့်ကြားခဲ့သည်။

ယင်းနှင့်ပတ်သက်၍ ဆရာတော်က ''အဓိကကတော့ ၂၀၁၅ အတွက် မတိမ်းမစောင်းအောင်လို့ပါ။ အဲဒီကိစ္စအတွက် (၁၇)ရက်နေ့မှာ အစည်းအဝေးထိုင်ပြီး အကြမ်းဖျင်းမူတွေချပြီးရင် အသေးစိတ် ထုတ်ပြန်သွားမှာပါ''ဟု မိန့်ကြားခဲ့သည်။

၂၀၀၈ ရွေးကောက်ပွဲအကြိုကာလအတွက် ပါတီများနှင့် အစိုးရကိုပါ ဘက်လိုက်မှုမရှိဘဲ စောင့်ကြည့်ဝေဖန်ထောက်ပြပြီး မြန်မာ့နိုင်ငံရေး မတိမ်းမစောင်းအောင် စောင့်ကြည့်ပေးမည့်အဖွဲ့အစည်း ဖြစ်သည်ဟု ဆရာတော်က မိန့်ကြားခဲ့သည်။ ''အဖွဲ့မှာ ဦးဇင်းတို့မပါဘူး။ ဦးဇင်းက အကြံပြုတာပါ။

နိုင်ငံရဲ့အမျိုးကောင်းသား တွေပါမယ်''ဟု ၎င်းက မိန့်ကြားသည်။
ယင်းအဖွဲ့အား ၂၀၁၄ မေ ၁၇ ရက်တွင် ဖွဲ့စည်းသွားမည်ဖြစ်ပြီး မည်သူတွေ ပါဝင်ပြီး မည်သည့်နေရာတွင် ရုံးထိုင်၍ မည်သည့်အရာများလုပ်၍ မည်သည့် အတွက်ကြောင့် ဖွဲ့စည်းရခြင်းအား မကြာမီ ကြေညာမည်ဖြစ်ပြီး မည်သူ့ထောက်ပံ့မှုဖြင့် ပြုလုပ်မည်မဟုတ်ကြောင်း ဦးဝီရသူ က မိန့်ကြားသည်။

News Watch(စောင့်ကြည့်သတင်းဂျာနယ်)


မြစ်သားနှင့် မန္တလေးပြေးဆွဲသည့် ဟိုင်းလတ်ယာဉ် တိမ်းမှောက်


မန္တလေး၊ မဇ္ဈိမ။ ။ မန္တလေးမြို့ ပြည်ကြီးတံခွန်မြို့နယ် ရန်ကုန်-မန္တလေးလမ်းမ တမာတန်းထိပ်တွင် မြစ်သားနှင့်မန္တလေး ပြေးဆွဲနေသည့် ဟိုင်းလတ်ယာဉ်သည် မေလ ၁၄ ရက် ညနေ ၄ နာရီ တွင် တိမ်းမှောက်ခဲ့ကာ ခရီးသည်လေးဦး ဒဏ်ရာရရှိခဲ့သည်။

ဒဏ်ရာရသူများကို ပတ်ဝန်းကျင်က ကူညီကာ မန္တလေးဆေးရုံကြီးသို့ ပို့ဆောင်ပေးခဲ့ပြီး ဒဏ်ရာများမှာလည်း မစိုးရိမ်ရဟု မျက်မြင်တွေ့သူများက ပြောသည်။

အဆိုပါယာဉ်တိမ်းမှောက်သောနေရာသည် လူသွားလူလာများပြီး ယာဉ်များခရီးသည်လု မောင်းနှင်ခြင်းများကြောင့်

ယာဉ်မတော်တဆမှုများ မကြာခဏ ဖြစ်ပွားလျက်ရှိကြောင်းလည်း သိရသည်။ ယာဉ်တိုက်မှုဖြစ်ပွားမှုကို ပတ်ဝန်းကျင်က သက်ဆိုင်ရာသို့ အကြောင်းကြားထားကြောင်းသိရသည်။

Mizzima Burmese


နိုင်ငံရေး သေတွင်းတူးခြင်း - ဇာဂနာ


နိုင်ငံရေးဆိုတာ ရန်သူကို မိတ်ဆွေဖြစ်အောင် လုပ်တာဟု ဆိုကြသည်။ တချို့ကတော့ မိမိရန်သူ၏ ရန်သူသည် ကိုယ့်မိတ်ဆွေဟု ဆိုပြန်သည်။ ကျွန်တော် ကြုံတွေ့ ရပုံကတော့ တစ်မျိုးတစ်ဖုံ ဖြစ်သွားခဲ့ချေပြီ။

ကျွန်တော် စာပေဟောပြောပွဲ မဟောဖြစ်တာ တော်တော်ကြာပြီ။ ကိုးလကျော်ခဲ့ပြီ။
ဆေးရုံနှစ်ခါ တက်လိုက်ရသဖြင့် ကျန်းမာရေး တော်တော်ချူချာသော နှစ်ဖြစ်ခဲ့၏။ ဆရာဝန်ကလည်း အလုပ်တွေ လျှော့ခိုင်းသည်။
ကျွန်တော်က လျှော့မရ။

ရခိုင်ပြည်နယ် စုံစမ်းရေး ကော်မရှင်နှင့် နိုင်ငံရေး အကျဉ်းသား စိစစ်ရေး ကော်မတီ အလုပ်တွေကပိသည်။ ငြိမ်းချမ်းရေး ပွဲတော်တွေကိုလည်း လုပ်မိပြန်တော့ အနားမရနိုင်။ သေချာတာကတော့
နိုင်ငံရေးနှင့် ကျွန်တော် ဝေးဝေးနေလို့ မရချေ။ ကျွန်တော့် အ၀န်းအ၀ိုင်းကိုက နိုင်ငံရေး မိသားစု ဖြစ်နေသည်။

နေ့စဉ်နှင့်အမျှ နိုင်ငံရေးနှင့် မျက်နှာသစ် နေသူများဖြစ်၏။ အားမလို အားမရဖြစ်တာတွေကို မချိတင်ကဲလည်း ပြောကြ၊ ရင်ဖွင့်ကြသည်။
ကျွန်တော့် မိတ်ဆွေတွေက ကျွန်တော့်ကို စာပေ ဟောပြောပွဲတွေ ဟောစေချင်သည်။
ကျွန်တော့် စာပေဟောပြောပွဲ အခွေတွေက တော်တော်ပြန့်သည်။ အမြန်ကားကြီးတွေပေါ်မှာတောင် ပြသည်ဆို၏။

နယ်က လူငယ်တွေက ကျွန်တော့် ဟောပြောပွဲ အခွေကို
ကြည့်ပြီး၊ နားထောင်ပြီး ဆွေးနွေးပွဲတွေ လုပ်ကြသည်တဲ့။ ရန်ကုန်ကို တချို့ရောက်လာကြပြီး ကျွန်တော်နှင့် လာဆွေးနွေးကြသည်။ ကျွန်တော်က နိုင်ငံရေး ပါရဂူ မဟုတ်သလို ပုရောဟိတ်လည်း မဟုတ်ချေ။

နိုင်ငံရေးကို ၀ါသနာပါလို့ လေ့လာနေခြင်း သက်သက်သာ။ ဘယ်နိုင်ငံ ဘယ်တက္ကသိုလ်ကမှ နိုင်ငံရေးနှင့် ပတ်သက်ပြီး ဘာဘွဲ့မှ မရခဲ့ဖူးချေ။
တချို့လူငယ်တွေက နိုင်ငံရေးသမား လူကြီးတွေကို အစာမကျေ။ မြန်မာ့နိုင်ငံရေး အရွေ့မှာ လမ်းပိတ်ဆို့နေသည်၊ လမ်းပျောက်နေသည်၊ လမ်းပျက်နေသည်ဟု ဆိုကြ၏။

မဆလခေတ်က ဦးနေ၀င်း၏ တစ်မိန့်တည်းကိုသာ နာခံပြီး လိုက်လုပ်နေခဲ့ကြရပုံနှင့် နှိုင်းယှဉ်လာကြသည်။ ဒီမိုကရက်တစ် အာဏာရှင် ဖြစ်နေပြီဟုလည်း ရင်ထုမနာ ဆိုကြသည်။ ဧကရာဇ်မှသည် ဧကရီဆီသို့ ရွှေ့လာပြီဟု ဆိုပြန်သည်။

ကျွန်တော် နိုင်သလောက် ရှင်း၏။ မရချေ။
စာပေ ဟောပြောပွဲတွေမှာ စာရေးဆရာတွေက နိုင်ငံရေးကို လက်သီးလက်မောင်းတန်း ဟောသည်။ တချို့ဆိုလျှင် ပရိသတ်ကို ဒို့အရေး အော်ခိုင်းသည်။ တချို့က အစိုးရကို ဆဲခိုင်းသည်။ စိမ်ခေါ်ခိုင်းသည်။ လွတ်လပ်စွာ ပြောဆိုခွင့်ကို ကျွန်တော်ချစ်သည်။

လေးစား
သည်။ အလွဲသုံးစား မလုပ်ကြစေချင်။ သို့သော် ကိုယ်ပြောတာကို သူတို့နားထောင်မည်
မထင်။ ထို့ကြောင့် ဘာဝေဖန်မှုမှ မပေးတော့ဘဲထိုသို့သော ဟောပြောသူများကို
ရှောင်လိုက်သည်။ သို့နှင့် စာပေ ဟောပြောပွဲနှင့် ကျွန်တော် ဝေးခဲ့ရသည်။

သို့တစေ တော်တော်များများသော ပရိသတ်တွေက တောင်းဆိုသည်။ ပြောစေချင်
ကြသည်။ ကျွန်တော် ထောင်ထဲ ရောက်နေစဉ်က အတူနေ မိတ်ဆွေတွေရှိသည်။ သူတို့ကို ကျွန်တော်က နိုင်ငံရေးနှင့် ပတ်သက်သော စာအုပ်တွေကို ဘာသာပြန်ပေးပြီး ဖတ်စေခဲ့၏။

ကျွန်တော့် မိတ်ဆွေတွေ ပေးပို့လိုက်သော အင်ဒရူးဟေးဝုဒ်၊ ပိတာရှရိုးဒါး၊ လယ်ရီဒိုင်းမွန်း၊ ရောဘတ် အေဒါးလ်၊ ဖူးကူယာမား စသည့် စာရေးဆရာများ၏ စာအုပ် တွေကို ကျွန်တော်က ဖတ်လည်းဖတ်ပြသည်။ ဘာသာပြန်ပြီးလည်း ပေးဖတ်သည်။ သူတို့တတွေက ကျွန်တော့ကို ထိုစာတွေ စုပေါင်းပြီး စာအုပ်ထုတ်ဖို့ ပြောသည်။
ကျွန်တော်က လိပ်ပြာမလုံ။

သို့သော် စာပေ ဟောပြောပွဲတွေ၊ သင်တန်းတွေမှာတော့ ထိုစာအုပ်တွေထဲက ထုတ်နှုတ် ထားသော မှတ်စုတွေကို ပြောဖြစ် ဟောဖြစ်သည်။ နောက်ထပ် ဖတ်မှတ်မိသော လေ့လာမိသော စာတွေကိုလည်း မျှဝေပေးခဲ့သည်။ မည်သို့ဆိုစေ ကျွန်တော် စာပေဟောပြောပွဲ တစ်ခါဟောဖို့ တော်တော် အရှိန်ယူရသည်။ အချိန်လည်း ယူရသည်။

ပေါ့လွယ်လွယ် မဟော မပြောချင်။ ပရိသတ်ကို ရယ်စရာတွေ ပြောဖို့ ကျွန်တော် ဘာမှမခက်။ သို့သော် ဒါအငြိမ့်ဇာတ်ခုံ မဟုတ်။ အပျင်းပြေ စိတ်အညောင်းပြေ ရယ်မောစရာလေးတွေ ညှပ်ပြောတာမျိုးလောက်သာ ပြောရ၏။ ကျွန်တော်နှင့်စိတ်ချင်း စေတနာချင်းတူသော
ဇော်သက်ထွေး၊ နေဘုန်းလတ်တို့နှင့် တိုင်ပင်ပြီး ဟောပြောပွဲတွေကို ရည်ရွယ်ချက် တစ်ခုထားပြီး ထိထိရောက်ရောက် ပြောကြဖို့ တိုင်ပင်မိသည်။

ကျွန်တော်ငယ်ငယ်က စာပေ ဟောပြောပွဲတွေ တော်တော်များများ နားထောင်ဖူးသည်။ ဦးကိုယုတို့ ဆရာဗိုလ်သခင်ဆရာတို့ ပြောတာတွေကို သဘောကျသည်။ သူတို့ ဟောတာ၊
ပြောတာ နားထောင်ပြီးလျှင် ကျွန်တော် စဉ်းစားစရာတွေ အများကြီးရသည်။ ဆက်ဖြန့် တွေးတောစရာတွေလည်း ရသည်။

ကျွန်တော်က ဒီလိုပုံစံကို နှစ်ခြိုက်သည်။ ကိုဇော်သက်ထွေးက သတင်းသမားပီပီ သတင်း လွတ်လပ်ခွင့်ကို ဇောင်းပေးချင်သည်။
တစ်ဆက်တည်းမှာ ဒီမိုကရေစီ နိုင်ငံတော် ဆီသွားချင်ပါက စောင့်ကြည့်ရမည့် ၀တ္တရားတွေ တင်ပြချင်သည်။ ကိုနေဘုန်းလတ်က လူလူချင်း အမုန်းပွားစေမည့် စကားတွေ ဘယ်လောက် အန္တရယ်ကြီးကြောင်း တင်ပြမည်။

တချို့ကတော့ ကိုနေဘုန်းလတ်၏ ရည်ရွယ်ချက်ကို
တိတိပပ နားလည်ဟန်မတူ။ အစိုးရက မုန်းမှာ ကြောက်လို့လားဟု ခနဲ့သည်။ ပြဿနာ မရှိပါ။ ပွင့်ပွင့်လင်းလင်း ဆွေးနွေးဖို့သာ လိုအပ်တာ ဖြစ်၏။ ငြင်းရ ခုန်ရတာသည် အရသာ။
သို့ဖြင့် ၀က်လက်မြို့နယ်ထဲက ရွှေပန်းကုန်း ကျေးရွာနှင့် လားရှိုးတို့မှာ ဟောပြောခွင့်
ရသည်။ ရွှေပန်းကုန်းမှာ ကွင်းပြည့်ခမန်း လာနားထောင်သောပရိသတ်တို့၏ ရေချိန်
ကမြင့်သည်။ ကျွန်တော်က တစ်ယောက်တည်း တစ်လမ်းသွား ဟောရတာ မကြိုက်၊ ပရိသတ်နှင့် အပြန်အလှန် ပြောချင် မေးချင်သည်။ ဒီမှာတင် ပြဿနာက တက်တော့၏။

(ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ပြင်တဲ့ကိစ္စက ကျွန်တော်တို့ ရပ်သူရွာသားတွေနဲ့ ဆိုင်သလား)
လို့ မေးလာ၏။ ကျွန်တော် ဖြေဖို့ခက်သည်။
ကျွန်တော် ပြောဟောနေသည်မှာ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ အကြောင်း မဟုတ်။ ကျွန်တော်သည် ဖွဲ့စည်းပုံ အခြေခံ ဥပဒေကိုထိုးထိုးဖောက်ဖောက် ဆွေးနွေးနိုင်မည့်သူမဟုတ်။ ပြည်သူ
တွေမှာ တာဝန်ရှိပါတယ်လို့ မယုတ်မလွန် ဖြေလိုက်မိတော့ ဒါဆို လွှတ်တော် ကိုယ်စားလှယ်တွေက ဘာလုပ်ဖို့လဲလို့ မေးခွန်းက ဆက်လာပြန်သည်။ ကျွန်တော် တော်တော် ဖြေရကျပ်သည်။

ဒါစာပေ ဟောပြောပွဲ နိုင်ငံရေး တရားဟောပွဲ မဟုတ်ပါဘူးလို့ ဘုတောလို့က မဖြစ်။ ဒီအကြောင်း ဆွေးနွေးဖို့ အချိန်ယူ ရပါဦးမည်။
နောက်အလျဉ်းသင့်တော့ ဆွေးနွေးကြတာပေါ့ဟု ချွေးသိပ်ခဲ့ရသည်။ ကိုယ့်ကိုယ်ကိုလည်း သိပ်မကျေနပ်ချင်။

လားရှိုးရောက်တော့ ပြဿနာနာက်တစ်မျိုး တက်ပြန်သည်။ ဒုတိယ သမ္မတလာမှာမို့
ဟောပြောပွဲ နောက်တစ်ရက် ဆုတ်ခိုင်းသည်။ ဒုတိယ သမ္မတနှင့် ဟောပြောပွဲ ဘယ်လိုမှ မပတ်သက်ချေ။ ဒီလို စရိုက်ဆိုးတွေ အမွေအဖြစ် ကျန်နေခဲ့တာ တော်တော်ဆိုးသည်။

သို့ဖြင့် စာပေ ဟောပြောပွဲက NLD ရုံးချုပ်ထဲသို့ ရောက်သွားသည်။ လူတို့၏ သဘာဝ ဒါမျိုးဆို ပိုအားပေးတတ်သည်။ ဒီတော့ NLDရုံးဘေး မြေကွက်လပ်ကြီး တစ်ခုလုံး ပြည့်သွားသည်။ ဒီနေရာမှာတင် ပွဲကိုစီစဉ်သော မေတ္တာပန်းခင်း လူငယ်ကလေးများ မျက်လုံး ပြူးရတော့သည်။

ထုံစံအတိုင်း မြို့နယ်အုပ်ချုပ်ရေးက လုံခြုံရေး ဘန်းပြ
လာသည်။ ဒါတွေကို စာပေ ဟောပြောပွဲထဲမှာ ခပ်စပ်စပ် ကလေးဟောဖို့၊ ထည့်ပြီး ပြောဖို့ လာတိုက်တွန်းကြသည်။ ကျွန်တော်တို့ တစ်ယောက်မှ ထိုကိစ္စကို မပြောခဲ့ကြပါ။

ကျွန်တ်ာတို့၏ မူလ ရည်မှန်းချက်သည် မေတ္တာပန်းခင်း လူမှုကူညီရေး အဖွဲ့အတွက် မုဒိတာ ပြောဖို့ဖြစ်သည်။ ထစ်ကနဲရှိ ရန်ထောင်နေဖို့မဟုတ်။ကျွန်တော်တို့ ပြောနေ
ဟောနေတာတွေကို ဒုတိယ သမ္မတ လာနားထောင်လျှင်လည်း သဘောတူပါလိမ့်မည်။

တိုးတက်ချင်သော လူငယ်တိုင်း အတွက် လေ့ကျင့်မွေးမြူရမည့် ဓလေ့စရိုက်တွေကို ကျွန်တော်တို့ ဟောပြောကြခြင်း ဖြစ်သည်။ သတင်းလာယူသော ရဲထောက်လှမ်းရေးတွေ၊ ခရိုင် အုပ်ချုပ်ရေး သမားတွေပါ နှစ်ခြိုက်သွားကြသည်။

ပွဲစီစဉ်သူ လူငယ်များလည်း မျက်နှာပန်းလှကြ၏။ အထူးသဖြင့် ကျွန်တော့် သူငယ်ချင်း ဒေါက်တာ လင်းထွဋ်(ခေါ်)
ပလာယာကြီး ပြုံးဖြီးဖြီး ဖြစ်သွားတော့လေသည်။
ဒီနေရာမှာ သင်ခန်းစာနှစ်ခု ရလိုက်သည်။ တစ်ခုက စိတ်ခံစားမှုကို ဦးစားပေးပြီး ဆတ်ဆတ်ထိမခံ တုံ့ပြန်တာမျိုး မလုပ်မိဖို့ ဖြစ်သည်။

နောက်တစ်ခုကတော့ ကိုယ့်ပြိုင်ဖက်
ကို အားကောင်းသွားအောင် မလုပ်စေဖို့ ဖြစ်သည်။
သေသေချာချာ စဉ်းစားလိုက်လျှင် လူမှုကူညီရေး အဖွဲ့သည် NLD ပါတီ မဟုတ်ချေ။ မြို့နယ် အုပ်ချုပ်ရေး အဖွဲ့သည် ကြံ့ခိုင်ရေး၏ မဟာမိတ် ဖြစ်သည်။
ခုတော့ NLDရုံးထဲ လူစုအောင်၊ အားတောင့်တင်းအောင် လုပ်ပေးလိုက်သလိုနှယ်။

မြို့နယ်က လူတွေက အုပ်ချုပ်ရေး အဖွဲ့ကို မေတ္တာပို့ကြသလို NLDကို ချစ်အားတွေ ပိုကြလေတော့၏။
ဒီတော့ ကျွန်တော် အထက်က စကားကို ပြန်ဆက်ပါတော့မည်။ ရန်သူတွေ၊ မိတ်ဆွေတွေ မဟုတ်သည့်တိုင် ပြိုင်ဖက်တော့ဖြစ်သည်။ ကိုယ့်ယောက်ဖကို ဗိုင်ရာဂရာ လက်ဆောင် ပေးတာမျိုးသည် နိုင်ငံရေးမှာ သေတွင်းတူးခြင်းပင်။

ဇာဂနာ
( Tomorrow သတင်းဂျာနယ်အမှတ်(၁၁)ပါ ဆောင်းပါး )
Kyaw Swar Myint

အဲယားကွန်းမ၀ယ်နိုင်သူများအတွက်မီတာလည်း သက်သာအေးလည်းအေးတဲ့အဲယားကွန်းလုပ်နည်း

 
 
အခုလိုပူအိုက်သောရာသီမှာအဲယားကွန်းမ၀ယ်နိုင်သူများအတွက်မီတာလည်းသက်သာအေးလည်းအေးတဲ့
အဲယားကွန်းလုပ်
နည်းလေးကိုတင်ပြေလိုက်ရပါတယ်။

မိမိအသားပြုမည့်လျှပ်စစ်ပန်ကာအရွယ်အစားနှင့်ကိုက်ညီသည့်ဖေါ့ ပုံးတခုကိုရှာပါ။
အဖုံးအလယ်တည့်တည့်နေရာကိုပန်ကာတင်နိုင်လောက်အောင်ဖေါ့သားကိုလှီးထုတ်ပါ။
ပုံးအောက်ခြေဘေးဘက်နေရာတွင်သုံးလက်မ(သို့မဟုတ်)လေးလက်မပီဗွီစီပိုက်လုံးကို
(12)လက်မခန့်အရှည်သုံးလုံးကိုဖြတ်တောက်ထားပါ။

ပုံပါအတိုင်းဖြတ်တောက်ထားသောပီဗွီစီပိုက်ကိုဖေါ့ကန်အတွင်းဘက်သို့လေးလက်မလောက်
သွင်းပြီးခိုင်မြဲအောင်နှစ်မျိုးစပ်ကော်နှင့်ခိုင်မြဲအောင်ဆက်ပေးပါ။
ပြီးလျှင်သေတာထဲသို့ရေခဲကိုထည့်ပါ။

သေဆာကိုလုံခြုံစွာဖုံးပြီးအဖုံးပတ်ပတ်လည်ကိုတိတ်သားနှင့်ပတ်ပြီးအသေပိတ်လိုက်ပါ။
ပန်ကာကိုမီးထိုးပြီးစတင်လည်ပတ်ပါ။

ထိုအခါပီဗွီစီပြွန်သုံးလုံးကနေအေးမြသောလေအေးတွေအခန်းထဲသို့စတင်ထွက်ရှိလာပြီး
မိမိကိုယ်တိုင်ပြုလုပ်ထားသောယူနစ်စားသက်သာအေးလည်းအေးမြန်တဲ့အဲယားကွန်းတလုံး
ကိုသင်ပိုင်ဆိုင်နိုင်ပြီဖြစ်သည်။

(ထိုအဲယားကွန်းကိုအသုံးပြုနေစဉ်အတွင်းအခန်းကိုပြင်မလေမ၀င်အောင်ကြိုတင်ပြုပြင်ထားပါ)

သားငယ် FACEBOOK စာမျက်နှာကူးယူဖော်ပြပါသည်။

ref: http://www.shwemyanmarmediagroup.org

ရာဇာမင်းကား မှောက်ပြီးနောက် ရန်ကုန်-နေပြည်တော် အမြန်လမ်း တိုးချဲ့ရန် အစိုးရ ဆုံးဖြတ်

ရာဇာမင်း, ရန်ကုန်-နေပြည်တော် အမြန်လမ်း, ကားတိုက်မှု, ကားမှောက်မှု, အဝေးပြေး
မတော်တဆမှု မကြာခဏ ဖြစ်နေသည့် ရန်ကုန် – နေပြည်တော် – မန္တလေး အမြန်လမ်းမကြီး မြင်ကွင်း

ခရီးသည် ၁၄ ဦးသေဆုံးစေခဲ့သော ရာဇာမင်း ခရီးသည်တင်ယာဉ် တိမ်းမှောက်မှု ဖြစ်ပွားပြီးနောက် ယာဉ်တိုက်မှု၊ ယာဉ်တိမ်းမှောက်မှုများ မကြာခဏ ဖြစ်ပွားလျက်ရှိသည့် ရန်ကုန်-မန္တလေး အမြန်လမ်းမကြီး၏ ရန်ကုန်-နေပြည်တော် အမြန်လမ်းဧရိယာ တိုးချဲ့သွားရန် အစိုးရက ဆုံးဖြတ်လိုက်ပြီဖြစ်ကြောင်း သိရှိရသည်။

ပြည်ထဲရေးဝန်ကြီးဌာန နှင့် ဆောက်လုပ်ရေးဝန်ကြီးဌာန အပါအဝင် အစိုးရ၀န်ကြီးဌာနများ စုံညီစွာ တက်ရောက်သော အမြန်လမ်း အဆင့်မြှင့်တင်ရေး အစည်းအဝေးကို မေလ ၁၃ ရက်နေ့ နေပြည်တော်တွင် ကျင်းပပြုလုပ်ခဲ့ပြီး ရန်ကုန်-နေပြည်တော် အမြန်လမ်းဧရိယာကို တိုးချဲ့ရန် ဆုံးဖြတ်လိုက်ခြင်းဖြစ်ကြောင်း၊ မိုင် ၂၀၀ ရှည်လျားသော ရန်ကုန် – နေပြည်တော် အမြန်လမ်းမကြီးကို နိုင်ငံတကာအဆင့်မီ ခြောက်လမ်းသွား သို့မဟုတ် ရှစ်လမ်းသွား လမ်းမကြီးအဖြစ် အဆင့်မြှင့်တင်လိုက်မည် ဆိုပါက လက်ရှိဖြစ်ပွားနေသည့် မတော်တဆ ထိခိုက်မှုများ နည်းပါးသွားနိုင်သဖြင့် ယခု ၂၀၁၄ ခုနှစ်မှ စ၍ အဆင့်မြှင့်ရန် အစိုးရက ဆုံးဖြတ်လိုက်ခြင်းဖြစ်သည်ဟု သိရှိရသည်။

“တခြားဦးစားပေး ကိစ္စတွေလည်း ရှိခဲ့တော့ အမြန်လမ်းမကြီး အဆင့်မြှင့်ဖို့ကို စောင့်နေခဲ့ရတယ်။ မတော်တဆမှုတွေလည်း ဖြစ်လာတော့ ဒီနှစ်ထဲမှာတင် ခြောက်လမ်း၊ ရှစ်လမ်းသွား လမ်းအဖြစ် ဖောက်ဖို့လူကြီးတွေက သဘောတူလိုက်ကြပြီ။ အဆင့်မြှင့်လိုက်ရင်တော့ မတော်တဆမှုတွေ နည်းသွားမယ်” ဟု ဆောက်လုပ်ရေး ၀န်ကြီးဌာန၊ ပြည်သူ့ဆောက်လုပ်ရေး လုပ်ငန်း အင်ဂျင်နီယာမှူးကြီး ဦးကြည်ဇော်မြင့်က ရှင်းပြသည်။

ရန်ကုန်-နေပြည်တော် လမ်းမကြီးဧရိယာ တိုးချဲ့ရန်အတွက် မြန်မာကျပ်ငွေ ဘီလီယံ ထောင်ချီ ကုန်ကျခံ သုံးစွဲမည်ဖြစ်ပြီး အမြန်လမ်းမကြီးဆိုင်ရာ ဥပဒေကိုလည်း လွှတ်တော်သို့ တင်ပြ ပြဋ္ဌာန်းနိုင်ရန် စီစဉ်နေကြောင်း သိရှိရသည်။
လူသေဆုံးမှုနှင့် ထိခိုက်ဒဏ်ရာရမှုများ ဖြစ်ပွားနေသည့် အမြန်လမ်းမ ပြဿနာ ဖြေရှင်းနိုင်ရေး ဝန်ကြီးဌာန ပေါင်းစုံမှ တာဝန်ရှိသူများစုပေါင်း အဖြေရှာ ဆွေးနွေးမှုများ လုပ်ဆောင်နေကြောင်း သိရှိရသည်။

ပြည်ထဲရေးဝန်ကြီးဌာန၊ အမြန်လမ်းရဲတပ်ဖွဲ့မှ ရဲမှူးကြီးနေဝင်းက “အရင်တုန်းကတော့ ယာဉ်မောင်းတွေနဲ့ ယာဉ်တွေအပေါ် စစ်ဆေးမှု၊ အရေးယူမှုတွေ မရှိခဲ့ပေမယ့် နောက်ပိုင်းမှာတော့ အရေးယူမှုတွေ ရှိလာတော့မယ်။ ရာဇာမင်းကား တိမ်းမှောက်မှုဖြစ်စဉ်က ယာဉ်မောင်းကိုတော့ အချုပ်နဲ့ ဆေးရုံမှာထားထားတယ်” ဟု ဧရာဝတီသို့ ပြောသည်။

အမြန်လမ်းတွင် မတော်တဆမှုများ တားဆီးနိုင်ရန် ဒုတိယ သမ္မတ ၂ ဦးဥာဏ်ထွန်း ဦးဆောင်၍ ပြည်ထဲရေး ဝန်ကြီးဌာန၊ ဆောက်လုပ်ရေး ဝန်ကြီးဌာန၊ ရထားပို့ဆောင်ရေး ဝန်ကြီးဌာန၊ ဘဏ္ဍာရေးနှင့် အခွန် ဝန်ကြီးဌာနနှင့် ဗဟိုဘဏ်၊ အမြန်လမ်းရဲတပ်ဖွဲ့၊ တိုင်းဒေသကြီး အစိုးရအဖွဲ့များနှင့် အဝေးပြေးမော်တော်ယာဉ် ထိန်းသိမ်းရေးလုပ်ငန်းတို့ ပါဝင်သော အမြန်လမ်း မတော်တဆမှု လျော့နည်းရေးစီမံချက် အကောင်အထည်ဖော် မည်ဖြစ်ကြောင်း သိရှိရသည်။
“အဝေးပြေးလမ်းတွေမှာလည်း ထိခိုက်မှုတွေ ဖြစ်တာတွေက အမြန်လမ်းထက် များနေပေမယ့် ကြီးကြီးမားမား ဆိုရင် အမြန်လမ်းမှာ လာဖြစ်နေတာ တွေ့နေရတယ်” ဟု အင်ဂျင်နီယာမှူးကြီး ဦးကြည်ဇော်မြင့် က သုံးသပ်သည်။

မေလ ၁၂ ရက်နေ့ ညပိုင်းက ဖြစ်ပွားခဲ့သော ရာဇာမင်း ခရီးသည်တင်ယာဉ် တိမ်းမှောက်မှုတွင် ရာဇာမင်းကားသည် နေပြည်တော်မှ ရန်ကုန်မြို့သို့ ထွက်ခွာလာစဉ် ည ၆ နာရီ ၄၅ မိနစ် မိုးရွာသွန်းနေချိန် မိုင်တိုင် ၁၉၇ အနီး လမ်းပေါ်တွင် တင်နေသော ရေအိုင်ကို ဖြတ်သန်းစဉ် ကားသည် အရှိန်လွန် စလစ်ဖြစ်ကာ တပတ်လည်၍ မီးရထား ခုံးကျာ် တံတား အောက်သို့ ပြုတ်ကျသွားခဲ့သည်။
ကားပြုတ်ကျမှုကြောင့် ကားပေါ်မှ အမျိုးသား ၁၀ ဦး ၊ အမျိုးသမီး ၄ ဦး၊ စုစုပေါင်း ၁၄ ဦး သေဆုံးသွားခဲ့ပြီး ၃၀ ဦးဒဏ်ရာရရှိသွားကြောင်း၊ ဒဏ်ရာရရှိသူများတွင် ၃ ဦးမှာ အသက်အန္တရာယ် စိုးရိမ် ရသည့် အခြေ အနေရှိသည်။

မေ ၁၄ ရက်နေ့ နေပြည်တော်တွင် ယာဉ်တိမ်းမှောက်မှုကြောင့် သေဆုံးသွားသော ခရီးသည် ၁၄ ဦး အတွက် အလုံးစုံ အာမခံ ကျပ် ၁၀သိန်း၊ အထူးခရီးသွား အာမခံ ကျပ် သိန်း ၃၀၊ သူတပါးထိခိုက်မှု အာမခံ ကျပ် ၅ သိန်း စုစုပေါင်း ၄၅ သိန်းပေးအပ်ခဲ့ပြီး ထိခိုက်ဒဏ်ရာရရှိသူများအတွက် ဒဏ်ရာရသည့် အခြေအနေပေါ်မူတည်၍ ငွေကျပ် ၁ သောင်းမှ ၂၄ သိန်း အထိ ထောက်ပံ့ပေးအပ်ခဲ့ပြီး ရာဇာမင်းယာဉ်လိုင်းကလည်း သေဆုံးထိခိုက်သော ခရီးသည်များအတွက် ထောက်ပံ့ကြေး ပေးအပ်ခဲ့ကြောင်း သိရှိရသည်။

ရန်ကုန်-နေပြည်တော်-မန္တလေး အမြန် လမ်းမကြီးတွင် ဧပြီလ ၁ ရက်မှ မေလ ၁၃ ရက်အထိ ထိခိုက်မှုပေါင်း ၇၆ မှု၊ ဒဏ်ရာရသူ ၁၆၉ ဦးနှင့် သေဆုံးခဲ့သူ ၄၈ ဦးရှိခဲ့ပြီး သေဆုံးမှု စံချိန်တင်ခဲ့သည့် လများ ဖြစ်ခဲ့ပြီး အမြန်လမ်းမကြီး စတင် ဖွင့်လှစ်ခဲ့သည့် ၂၀၀၉ ခုနှစ်၊ မတ်လ ၂၅ ရက်မှ ဧပြီ ၂၂ ရက်အထိသေဆုံးသူ ၃၅၃ ဦး နှင့် ထိခိုက်ဒဏ်ရာရသူ ၁၀၈၄ ဦး ရှိခဲ့ကြောင်း အမြန်လမ်းရဲတပ်ဖွဲ့၏ စာရင်းဇယားများအရ သိရှိရသည်။

ဧရာဝတီ

ကိုးဘွဲ့ရဆရာတော်မှ ဦးသန်းရွှေကို တည့်တည့်ပြောပြီ

 
 
သေသေ ချာချာ ဆုံး အောင်ဖတ်ကြည့်ပါ အလွန်အင်မတန် ကြောက်ဖို့ ကောင်းတဲ့လုပ်ရပ်ပါ သန်းရွှေတို့  နအဖတွေရဲ့  ဘုရားတရား သံဃာ စော်ကားမှုများ။
 
 နအဖသန်းရွှေနဲ့  မိသားစုတွေ၊ နအဖဗိုလ်ချူပ်ကြီးတွေဟာ သူတို့  ရာထူးအာဏာတည်မြဲရေးအတွက်ကို ရူးနေကြတာမို့  အာဏာတည်မြဲရရင် ပြီးရော သံဃာတော်တွေကို ရိုက်ပုတ်သတ်ဖြတ်တာ
မပြောနဲ့  ဘုရားတောင် မချန် သင့်တော်တာတွေ မသင့်တော်တာတွေ မဆုံးဖြတ်နိုင်ဘဲ လုပ်ချင်ရာ စွတ်လုပ်နေကြပါတယ်။

တန်ခိုးကြီးဘုရားတွေကို ပုံစံတူ စေတီတွေ လိုက်တည်တယ်။
ဘုရားဆင်းတုတော်တွေကို အကျဉ်းချထားသလို လုပ်ပြီး ယတြာချေတယ်။
တန်ခိုးကြီးဘုရားစေတီပုထိုးတွေက မူလ ဌာပနာတွေကို ယူဆောင်ပြောင်းရွှေ့ တယ်၊
ဘုရားစေတီပုထိုးတွေ ထီးတင်ပွဲတွေမှာနအဖကတော် အမျိုးသမီးတွေက နေရာတကာမှာ လုပ်ဆောင်တယ်၊

သန်းရွှေမျက်နှာပုံနဲ့  တူအောင် ဘုရားဆင်းတုတော် တည်တယ်။သန်းရွှေနဲ့  သူ့ မိသားစုတွေကို လက်အုပ်ချီ ကန်တော့ခိုင်းတယ်။

သွားလေရာ အဖြူရောင် ရာဇမတ်ကွက်တွေ ကာရံထားပြီး အပူဇော်ခံကြတယ်။
ဘုရားစေတီဝန်း ဘုန်းကြီးကျောင်းဝန်းတွေအတွင်းမှာလည်း လူသတ်လက်နက် သေနတ်တွေ
တကားကားနဲ့  ၀င်ရောက်ကြတာတွေ လုပ်ကြတယ်။

၂၀၀၇ ခုနှစ် ရွှေဝါရောင်တော်လှန်ရေးအတွင်းကဆိုရင် ဘုန်းကြီးကျောင်းတွေထဲမှာ ပူဇော်ထားတဲ့ ဗုဒ္ဓဆင်းတုတော်တွေကို ရိုက်ဖျက် ပျက်စီးစေတယ်။ဘုရားကို ခုတုံးလုပ်ပြီး ယတြာချေတယ်။

ဒီလို ယတြာချေတဲ့အထဲမှာ အဆိုးရွားဆုံးကတော့ သန်းရွှေမျက်နှာနဲ့ ကျောက်ဆင်းတု တည်ပြီး ရွှေတိဂုံဘုရားမှာ ထားတာဘဲ ဖြစ်ပါတယ်။

ဒီအပြင့် ရွှေတိဂုံဘုရားရဲ့  ငှက်မြတ်တော်အောက်နားမှာလည်း “ဗိုလ်ချူပ်မှူးကြီး သန်းရွှေမိသားစုကောင်းမှု” ဆိုပြီး စာတမ်းထိုးခဲ့တာဘဲ ဖြစ်ပါတယ်။

ဒီတော့ကာ ရွှေတိဂုံဘုရားရောက်ရှိကြတဲ့ ဘုရားဖူးပြည်သူတွေ ရွှေတိဂုံဘုရားကို ဦးချကန်တော့တိုင်း သန်းရွှေ စာတန်းကိုပါ ကန်တော့နေရတဲ့အဖြစ်မျိုး ဖန်တီးတာ ဖြစ်ပါတယ်။


နောက်တည်တဲ့ဘုရားစေတီပုထိုးတွေမှာလည်း စေတီရဲ့  အမြင့်ပိုင်းမှာ ဒီလိုစာတမ်းထိုးတာတွေ ကမ္ဗည်းထိုးတာတွေ အလားတူ ပုံသဏ္ဍန်တွေ လုပ်ထားနိုင်ခြေ ရှိပါတယ်။

နေပြည်တော်မှ ဥပ္ပါတသန္တိဘုရားစေတီတည်တဲ့အချိန်မှာ ရွှေတိဂုံဘုရားက မူလဌာပနာတွေကို ပြောင်းရွှေ့ ကြောင်းနဲ့  ရွှေတိဂုံ ဘုရားကုန်းတော် မှာရှိတဲ့ န၀င်းရုပ်ပွားတော် ကိုးဆူထဲက ဘုရားတစ်ဆူဖြစ်တဲ့ အထက်ပစ္စယံ မှာရှိတဲ့ ”ပတ္တမြားမျက်ရှင်ဘုရား” အစစ်

ပျောက်ဆုံးနေတာကို ပြည်သူတွေထဲက သတိပြုမိသူတွေ ရှိကြပါတယ်။
ဆုတောင်းသိပ်ပြည့်တဲ့ဘုရားလို့  ထင်ပေါ်ကျော်ကြားပါတယ်။

ရွှေတိဂုံဘုရားကို ဘုရားဖူးလာကြတဲ့သူတွေဟာ ပတ္တမြားမျက်ရှင်တန်ဆောင်းတွင်ဖြစ်စေ၊ ပတ္တမြားမျက်ရှင် ရုပ်ပွားတော် ရှေ့မှောက်တွင်ဖြစ်စေ (မေတ္တာသုတ်) ကို ကိုးခေါက်ရွတ်ဆိုလေ့ ရှိပြီးဆုတောင်းမှု ပြုလေ့ရှိပါတယ်။

ဒီဟာကို သိတဲ့ သန်းရွှေဟာ သူ့ ရဲ့  အာဏာတည်မြဲဖို့ ၊ မိသားစု ချမ်းသာကြွယ်ဝဖို့ ၊ အာဏာရှင်စနစ်တည်တံ့ဖို့ အတွက် ဆုတောင်းဖို့  အတွက်သာမက၊ ပြည်သူတွေ တောင်းဆဲ့ဆုတွေ ပြည့်မှာ ကြောက်ပြီး မရိုးသားသော လုပ်ရပ်ကြောင့် ယခုဆိုရင်

”ပတ္တမြားမျက်ရှင်ဘုရား” ဟာ ယတြာချေဖို့ အတွက်ဘဲ အကျဉ်းချထားသလား၊ နေပြည်တော်က နောက်တည်တဲ့ ဥပ္ပါတသန္တိဘုရားစေတီတော်မှာဘဲလား၊ သန်းရွှေမိသားစုသာ သီးသန့်  အပိုင်စီးထားသလား ဆိုတာ သံသယ ဖြစ်ဖွယ်ပါဘဲ။

သန်းရွှေဟာ မိမိကိုယ်ကို ဘုရင်ရူး ရူးနေတာကြောင့် ရှေးခေတ်ကလို ဘုရားတည် နန်းတည် ဘုရားဒကာ ကျောင်းဒကာ ရေမြေ့ ရှင် ဘုန်းတန်ခိုးကြီးလှပေသော ဘုရင်မင်းမြတ်တွေလို အောင်းမေ့ ပြီး ထင်ရာလုပ်နေတာက လူသတ်သမားက သွေးစွန်းနေတဲ့လက်နဲ့ 

ဘုရားတည်နေတာဖြစ်နေတာကြောင့် ဘုရားကို ညာနေ ခုတုံးလုပ်နေတဲ့အတွက် အခုဆိုရင် မြန်မာပြည်မှာ ဘယ်တုန်းကမှ မကြုံခဲ့ဖူးတဲ့ မုန်တိုင်းတိုက်တာတွေ၊ ဘုရားစေတီပြိုကျတာတွေ ဖြစ်လာရတာပါ။
****အမှန်တရားအတွက် မည် သူ့ ကို မှ စိုးရီမ်စရာမလို *****

(ကိုးဘွဲ့ရဆရာတော်၏ ဖေ့ဘုတ်စာမျက်နှာမှ ကူးယူဖော်ပြခြင်းဖြစ်ပါသည်)

Ref : http://www.shwemyanmarmediagroup.org

စားသောက်ကုန်များ ထုတ်လုပ်ရာ၌ အညွှန်း အပြည့်အစုံ ဖော်ပြရန် လိုအပ်နေ



ရန်ကုန်

စားသောက်ကုန်ပစ္စည်းများ ထုတ်လုပ်ရာ၌ အစားအသောက်နှင့် ပတ်သက်သည့် အညွှန်း အပြည့်အစုံ ဖော်ပြရန် လိုအပ်နေကြောင်း မြန်မာစားသုံးသူ သမဂ္ဂ ဥက္ကဋ္ဌ ဦးရန်လင်း က ပြောသည်။ မြန်မာနိုင်ငံ အတွင်း ထုပ်ပိုး ရောင်းချနေသော စားသောက်ကုန် များတွင် စားသုံးသူများ နားလည်လွယ်သော အညွှန်းများ ဖော်ပြမှု အားနည်းနေ ခြင်းကြောင့် အထက်ပါ အတိုင်း သုံးသပ် ပြောဆိုခြင်း ဖြစ်သည်။

ဒီ အညွှန်းက စားသုံးသူကို သတင်းအချက အလက်ပေးနိုင်ရမယ်။ ဒီ စားသောက်ကုန်မှာ ဘာတွေ ပါတယ်ဆိုတာ စားသုံးသူ က ဒီအညွှန်းကို ကြည့်ပြီး ၀ယ်သင့်၊ မ၀ယ်သင့် စဉ်းစားနိုင်မယ် ဟု ဦးရန်လင်းကပြောသည်။ အညွှန်းများအား စားသုံးသူများမှ သိရှိနားလည်ပါက မည်သို့ သုံးစွဲရမည်။ သိမ်း ဆည်းရမည်ကို သိရှိမည်ဖြစ်ကာ၊ အကယ်၍ သုံးစွဲရန် မသင့်ပါက ရှောင်ကြဉ်နိုင်မည်ဖြစ် သည်။ ၂၀၁၅ ခုနှစ်တွင် ဖြစ်ပေါ် လာမည့် အာဆီယံ စီးပွားရေး အသိုက်အ၀န်းတွင် အာဆီယံ နိုင်ငံ အချင်းချင်း စားသောက်ကုန်များ တင်ပို့ရာ၌ ချမှတ်ထားသော စည်းကမ်းများ၌ လည်း စားသောက်ကုန်များကို အညွှန်း အပြည့်အစုံ ဖော်ပြရန် ပါဝင်သည့် အတွက် မြန် မာနိုင်ငံအနေဖြင့်လည်း ဒေသတွင်း နိုင်ငံများသို့ စားသောက်ကုန်များကို တင်ပို့နိုင်ရန် အညွှန်းများ ပြည့်စုံစွာဖော်ပြရန် လိုအပ်ကြောင်း ၎င်း ကရှင်းပြသည်။ နည်းဥပဒေ မထွက်လာသေးတဲ့ အတွက် ပေါ့လျော့မှုတွေ ရှိနေသေး တယ်။ ပြည်တွင်း ထုတ်လုပ်သူ လုပ်ငန်းရှင်တွေ၊ တင်သွင်းသူ လိုက်နာရမယ့် Guide Line တွေ က နည်းဥပဒေ ထွက်လာပြီးရင် ပိုပြီး ပီပီပြင်ပြင် ဖြစ်လာ မှာပါ”” ဟု ကျန်းမာရေးဝန်ကြီး ဌာန အစားအသောက်နှင့် ဆေးဝါးဆိုင်ရာ ကွပ်ကဲမှု ဦးစီးဌာန ဒုတိယ ညွှန်ကြားရေးမှူး ဒေါက်တာ ဒေါ်ခင်စောလှက ပြောသည်။

လက်ရှိ အချိန်တွင် စားသောက်ကုန်နှင့် ပတ်သက်၍ မှတ်ပုံတင်လာရောက် လျှောက်ထားပါက အညွှန်းအပြည့်အစုံ ဖော်ပြမှု ရှိ၊ မရှိ စစ်ဆေးလျက်ရှိကြောင်း အစားအသောက်နှင့် ဆေးဝါးဆိုင်ရာ ကွပ်ကဲမှုဦးစီးဌာနမှသိရသည်။မြန်မာနိုင်ငံတွင် စားသုံးသူ ကာကွယ် ရေး ဥပဒေအား ၂၀၁၃ ခုနှစ် အတွင်း ပြဋ္ဌာန်းခဲ့ပြီး ဖြစ်သော်လည်း နည်းဥပဒေများ မထွက် ရှိသေးသည့် အတွက် စားသောက်ကုန်များ ထုတ်လုပ်ရာ၌ အားနည်းချက် များရှိနေ သေးကြောင်း အစားအသောက်နှင့် ဆေးဝါးဆိုင် ရာကွပ်ကဲမှု ဦးစီးဌာနမှ သိရသည်။
 
The Messenger


Michael Jackson သေဆုံးပြီးနောက်ပိုင်း ပထမဆုံးထုတ်တဲ့ ablum ‘Xscape’


Jack the Ripper on 2014-05-14 13:09

Michael Jackson သေဆုံးပြီးနောက်ပိုင်း ပထမဆုံးထုတ်တဲ့ album တစ်ခုဖြစ်တဲ့ Xscape ကို အင်္ဂါနေ့က ထုတ်ခဲ့ပါတယ်။ အဲဒီ့အခွေနဲ့ တိုက်တိုက်ဆိုင်ဆိုင်ပဲ SiriusXM satellite ရေဒီယိုက The Michael Jackson Channel ရေဒီယိုလိုင်းကို စတင်ထုတ်လွှင့်ခဲ့ပါတယ်။

Xscape မှာ သူ့ရဲ့အခြား studio album တွေမှာ မပါဝင်ခဲ့ဖူးသေးတဲ့ သီချင်းတွေပါဝင်ပြီး အဲဒီ့ သီချင်းတွေအားလုံးဟာ ပထမဆုံးအနေနဲ့ remastered လုပ်ပြီး ထုတ်လိုက်တဲ့ သီချင်းတွေဖြစ်ပါတယ်။ အထူးထုတ် The Deluxe Edition မှာတော့ သီချင်းတွေရဲ့မူရင်း version တွေအပြင် Justin Timberlake နဲ့ အတူ duet အဖြစ်ပြန်လုပ်ထားတဲ့ single သီချင်းတစ်ပုဒ်ပါဝင်ပါတယ်။

ကွယ်လွန်သွားပြီဖြစ်တဲ့ ပေါ့ပ်ဂီတဘုရင်ရဲ့အစ်ကိုဖြစ်သူ Jermaine ကတော့ ဒီ Michael ရဲ့ဖန်တီး မှုတွေပြန်ထုတ်တဲ့ အစီအစဉ်နဲ့ပါတ်သတ်ပြီးသိပ် ကျေနပ်မှုမရှိကြောင်း ဒီထုတ်လုပ်မှုဟာ Timbaland နဲ့ Timberlake တို့ရဲ့စိတ်ကြိုက်ဖြစ်မယ့်အစား Jackson ညီနောင်တွေဖွဲ့ထားတဲ့အဖွဲ့ဖြစ်တဲ့ Jackson 5 အဖွဲ့နဲ့ဖြစ်သင့်ကြောင်းပြောပါတယ်။

Xscape album standard version မှာပါဝင်တဲ့သီချင်းတွေကတော့

1. Love Never Felt So Good
2. Chicago
3. Loving You
4. A Place With No Name
5. Slave to the Rhythm
6. Do You Know Where Your Children Are
7. Blue Gangsta
8. Xscape တို့ဖြစ်ပါတယ်။

Ref:starpulse.com, Wikipedia.org
Trend Myanmar



မြန်မာ့ပညာရေး ဘယ်ကိုလဲ (မြန်မာ့ပညာရေး ဘယ်လိုလဲ)

 
Written by ကျော်လှဝင်း (ပညာရေး)

နိုင်ငံတကာ ပညာရေး စံနှုန်းများနှင့်အညီ ခေတ်မီဖွံ့ဖြိုး တိုးတက်စေရေးဟူသော အလွန်ကြီးကျယ် မြင့်မားသည့် ရည်မှန်းချက်များဖြင့် မြန်မာ့ပညာရေး ပြုပြင်ပြောင်းလဲမှု အခင်းအကျင်း တစ်ခုကို ဖော်ဆောင်လျက် ရှိပါသည်။ လက်တွေ့ကျသော ပညာရေး ပြုပြင်ပြောင်းလဲမှု အမျိုးသားအဆင့် ဆွေးနွေးပွဲကို နေပြည်တော်ရှိ မြန်မာ အပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်း ဗဟိုဌာနတွင်၂၀၁၄ ခုနှစ် မတ်လ ၅ ရက်၊ ၆ ရက်နေ့များ၌ နှစ်ရက်ကြာ ကျင်းပခဲ့ပါသည်။

အဆိုပါဆွေးနွေးပွဲ ဖွင့်ပွဲအခမ်းအနားကို ထေရဝါဒ ဗုဒ္ဓတက္ကသိုလ်၊ ဗုဒ္ဓဘာသာ ပညာရေးစင်တာနှင့် ပရဟိတ ကျောင်းများမှ ဆရာတော်များ၊ ပြည်ထောင်စု ဝန်ကြီးများ၊ ဒုတိယဝန်ကြီးများ၊ တိုင်းဒေသကြီးနှင့် ပြည်နယ် အစိုးရအဖွဲ့ ဝန်ကြီးများ၊ လွှတ်တော် ကိုယ်စားလှယ်များ၊ နိုင်ငံရေး ပါတီခေါင်းဆောင်များနှင့် ကိုယ်စားလှယ်များ၊ တိုင်းရင်းသား ကိုယ်စားလှယ်များ၊ ပညာရေး မြှင့်တင်မှုလုပ်ငန်း ကော်မတီနှင့် ပညာရေးဆိုင်ရာ အသင်းအဖွဲ့များ၊ ဖွံ့ဖြိုးမှုမိတ်ဖက် အဖွဲ့အစည်းများ၊ ပြည်သူအခြေပြု အဖွဲ့အစည်းများ၊ ပညာရေးစနစ် ပြုပြင်ပြောင်းလဲရေး နိုင်ငံလုံးဆိုင်ရာ ကွန်ရက်တို့မှ ကိုယ်စားလှယ်များ၊ ဌာနဆိုင်ရာ အကြီးအကဲများ၊ ပါမောက္ခချုပ်များနှင့် ကျောင်းအုပ်ကြီးများ၊ ပညာရေးမှူးများ၊ ဆရာ၊ ဆရာမများနှင့် ကျောင်းသားမိဘများ၊ ကျောင်းသားကျောင်းသူများ၊ ပုဂ္ဂလိက ကျောင်းများမှ တာဝန်ရှိသူများ၊ ဖိတ်ကြားထားသူများ တက်ရောက်ကြသည်ဟု နိုင်ငံပိုင် သတင်းစာများတွင် ဖော်ပြထားပါသည်။

ပညာရေး ပြုပြင်ပြောင်းလဲမှု အမျိုးသားအဆင့် ဆွေးနွေးပွဲဟု ဆိုသောကြောင့် အဓိကအားဖြင့် ပညာရေး လုပ်ငန်းများ ဖြစ်သည့်အတွက် ပညာရေး အရည်အသွေး ပြည့်ဝသော၊ ပညာရေးလုပ်ငန်း အတွေ့အကြုံ ရင့်ကျက်သော၊ ပညာရေးကို အမှန်တကယ် စိတ်ဝင်စားသော ပညာရေး ပညာရှင်များ ပါဝင်ဆွေးနွေးခွင့် ရသင့်ပါသည်။ သို့ရာတွင် အဆိုပါ ဆွေးနွေးပွဲ၌ ပညာရေး ပညာရှင်များ တက်ရောက်သည်ဟု ဖော်ပြထားခြင်းကို မတွေ့ရသည်မှာ များစွာဝမ်းနည်းဖွယ် ကောင်းလှပါသည်။ ပညာရေး ပညာရှင်များ အနေနှင့် အသိအမှတ်ပြု မခံရ၍လော၊ သို့တည်းမဟုတ် မည်သို့သော အကြောင်းများကြောင့် ဖြစ်မည်နည်း ဆိုသည်ကို စဉ်းစားဖွယ် ဖြစ်ပါသည်။ ဖော်ပြထားသည့် တက်ရောက်သူများ စာရင်းတွင် ရာထူးအရ၊ လုပ်ဆောင်မှု အခွင့်အာဏာအရ ဆောင်ရွက်ပိုင်ခွင့် ရှိသူများသာ တက်ရောက်နိုင်သည့် အခွင့်အရေးမျိုး ဖန်တီးစီစဉ် ဆောင်ရွက်ခြင်းကို မြန်မာ့ပညာရေး အမှန်တကယ် ဖွံ့ဖြိုးစေလိုသော ဆန္ဒရှိမည်ဆိုလျှင် သတိပြု ရှောင်ကြဉ်သင့်ပြီ ဖြစ်ပါသည်။ မည်သူ့ကိုမျှ ပုဂ္ဂိုလ်ရေး သက်သက်ဖြင့် ရှုမြင်ခြင်း မဟုတ်သော်လည်း အများစုသော ဌာနဆိုင်ရာ အကြီးအကဲများမှာ မြန်မာ့ပညာရေးကို စိတ်ဝင်စားမှု ရှိသည့်တိုင်အောင် ပညာရေး လုပ်ငန်းများတွင် ကျွမ်းကျင်သူ၊ အတွေ့အကြုံ ရင့်ကျက်ပြည့်ဝသူများ မဟုတ်ကြခြင်းဆိုသည့် အမှန်တရားကိုမူ လက်ခံကြရမည် ဖြစ်ပါသည်။

အလားတူပင် ပညာရေးမှူးများ၊ ဆရာ၊ ဆရာမများအနေနှင့် မည်ကဲ့သို့သော အရည်အသွေး ရှိသူများ တက်ရောက် ပါဝင်ဆွေးနွေးခွင့် ရရှိနိုင်ကြောင်း စူးစမ်းဖွယ် ဖြစ်ပါသည်။ ၂၀၁၃ ခုနှစ် အောက်တိုဘာလနှင့် နိုဝင်ဘာလက ပညာရေးမြှင့်တင်မှု ဌာနတွင်း ဆွေးနွေးပွဲ နှစ်ကြိမ် တက်ခွင့်ရခဲ့ပါသည်။ ပညာရေးဌာနအတွင်း အဆင့်မြင့်ရာထူး ရယူပြီး ထိရောက်စွာ မဆောင်ရွက်ခဲ့သော ဆယ်စုနှစ်တစ်ခုအတွင်း အငြိမ်းစားယူခဲ့သော ပုဂ္ဂိုလ်ကြီးများ ဦးဆောင် ဆွေးနွေးခဲ့ပါသည်။ ပွင့်ပွင့်လင်းလင်း တင်ပြဆွေးနွေးနိုင်သည်ဟု ဆိုသော်လည်း ၎င်း၏ အလိုကျ ရာထူးအလိုက် အမည်ခေါ်၍ ဆွေးနွေးစေခဲ့ပြီး အခြားသူများ၏ ဆွေးနွေးမှုများကိုမူ အချိန် အကန့်အသတ်ကြောင့်ဟု ဆိုပြီး ရပ်တန့် စေခဲ့သည်ကို ကိုယ်တွေ့ကြုံခဲ့ရဖူးပါသည်။ ပညာရေးဌာန အတွင်းဝယ် ပညာရေးကို အမှန်တကယ် စိတ်ဝင်စားသော အမှန်တကယ် လုပ်ငန်းကျွမ်းကျင်သော အမှန်တကယ် ဆောင်ရွက်လျက်ရှိသော ဆရာ၊ ဆရာမများ၊ ပညာရေး အရာရှိများမှာ ကန့်သတ် ဖိတ်ကြားမှုကြောင့် ပါဝင်ဆွေးနွေးခွင့်၊ တက်ရောက်ခွင့် မရခြင်းတို့မှာ ပကတိ အမှန်တရား ဖြစ်ပါသည်။ ထို့ကြောင့် သက်ဆိုင်ရာ တာဝန်ရှိသူ အသီးသီး၏ အလိုကျသူ များကိုသာ ပါဝင် ဆွေးနွေးခွင့်ပြုခြင်း၊ ပညာရေး လုပ်ငန်းများနှင့် ပတ်သက်ပြီး ထဲထဲဝင်ဝင် ကျွမ်းကျင်သူများ၊ ထိထိရောက်ရောက် ဆွေးနွေးမည့် ပညာရေး ပညာရှင်များကို ချန်လှပ်ခြင်း၊ ဟန်ပြ လုပ်ဆောင် လိုသူများနှင့်သာ ဆောင်ရွက်ပြီး ထောက်ခံမှုအင်အား ပြသခြင်းတည်းဟူသော ကောလာဟလ ဝေဖန်ချက်များမှာ သတိပြုစရာ ဖြစ်လာပါသည်။

တစ်ဖန် ပညာရေးစနစ် ပြုပြင်ပြောင်းလဲရေး နိုင်ငံလုံးဆိုင်ရာ ကွန်ရက်တို့မှ ကိုယ်စားလှယ်များ တက်ရောက်သည်ဟု ဖော်ပြထားပါသည်။ လေ့လာသိရှိရသည်မှာ ပညာရေး မြှင့်တင်မှု ကော်မတီ တာဝန်ရှိသူတစ်ဦးက တစ်ပတ်ခန့် ကြိုတင်ပြီး ဆွေးနွေးပွဲ တက်ရောက်ပါရန် တယ်လီဖုန်းဖြင့် အကြောင်းကြားခဲ့ပါသည်။ ကိုယ်စားလှယ်များ တက်ရောက်ရန် သွားလာရေး၊ နေထိုင်ရေး၊ စားသောက်ရေးတို့ကို အစစ စီစဉ်ဆောင်ရွက်ပြီး ဖြစ်သော်လည်း နှစ်ရက်ခန့် အလိုတွင် ဆွေးနွေးပွဲ တက်ရောက်ခွင့် အစီအစဉ် ပျက်ပြယ်ကြောင်း ပညာရေး မြှင့်တင်မှု ကော်မတီဝင်တစ်ဦးက ဖုန်းဖြင့် ထပ်မံအကြောင်း ကြားခဲ့ပြန်ပါသည်။ သို့ရာတွင် ဆွေးနွေးပွဲ မကျင်းပမီ နာရီပိုင်းအလိုတွင် ဆွေးနွေးပွဲ တက်ရောက်ခွင့်ပြုကြောင်း ပြန်လည် အကြောင်းကြားခဲ့သော်လည်း ပြင်ဆင်ချိန် နည်းပါးသည့်အတွက် မတက်ရောက်နိုင်ကြောင်း ပညာရေးကွန်ရက်က အကြောင်းပြန်ခဲ့ပါသည်။ ပကတိဖြစ်ရပ် အခြေအနေများနှင့် ဖြစ်စဉ် ဖော်ပြချက်များ ကွဲလွဲနေခြင်းသည် မြန်မာ့ပညာရေး ပြုပြင်ပြောင်းလဲမှု ခရီးစဉ်အတွက် ရင်လေးစရာ ဖြစ်ပါသည်။ နိုင်ငံတော် ဒုတိယသမ္မတ တစ်ဦးကိုယ်တိုင် တက်ရောက်ချီးမြှင့်သော အဆိုပါ ဆွေးနွေးပွဲအတွက် ဖိတ်ကြားစာနှင့်တကွ ဖိတ်ကြား သင့်သော်လည်း တယ်လီဖုန်းဖြင့်သာ ဆက်သွယ် အကြောင်းကြားမှု ပြုခြင်းသည် နှိမ့်ချ ဆက်ဆံလိုသော သဘော၊ အသိအမှတ် မပြုလိုသောသဘော၊ ဝတ်ကျေ တန်းကျေ ဆောင်ရွက်လိုသော သဘော၊ ရိုးသားပွင့်လင်းမှု ကင်းမဲ့သော သဘောများ ထင်ဟပ် သက်ဝင်နေသည်ဟု ဆင်ခြင်စဉ်းစား တတ်သူတိုင်း လက်ခံကြလိမ့်မည် ဖြစ်ပါသည်။

ဆက်စပ် စဉ်းစားနိုင်ပါရန် ဖြစ်ရပ် အခြေအနေမှန် တစ်ခုကို ဖော်ပြလိုပါသည်။ နိုင်ငံတစ်နိုင်ငံအတွက် အသက်တမျှ အရေးကြီးသော ဖွဲ့စည်းပုံ အခြေခံဥပဒေ ပေါ်ပေါက်ရေးအတွက် ဆွေးနွေးပွဲများ အကြိမ်ကြိမ် ကျင်းပခဲ့ပါသည်။ အဆိုပါ ဆွေးနွေးပွဲများသို့ ရာထူး သတ်မှတ်ချက်အရ တက်ရောက်ခွင့် ရခဲ့သော ဆရာကြီးများ ပြောကြားခဲ့သည့် “သူတို့ပြောတာကို နားထောင်တယ်၊ သဘောတူကြောင်း လက်မှတ်ထိုးတယ်၊ ပေးတာယူတယ်၊ အပြန်ခိုင်းတော့ ပြန်လာခဲ့တယ်” ဆိုသော စကားများကို ပြန်လည် ကြားယောင်မိပါသည်။ အလားတူပင် ၂၀၀၈ ခုနှစ်တွင် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံဥပဒေကို ၉၂ ဒသမ ၄ ရာခိုင်နှုန်း ထောက်ခံသည်ဟု ဆိုပြီး အတည်ပြုခဲ့ပါသည်။ ထောက်ခံသည်ဟု ဆိုသူများအနက် အများစုမှာ ဖွဲ့စည်းပုံ အခြေခံဥပဒေ အကြောင်းအရာများကို အသာထား၊ စာအုပ်ကိုပင် မတွေ့ဖူး မမြင်ဖူးသူများ ဖြစ်နေကြသည်မှာ အများအသိပင် ဖြစ်ပါသည်။ အထူးသဖြင့် မိမိနှင့် လက်လှမ်းမီသလောက် ပညာရေးဌာန အဆင့်မြင့် အရာရှိကြီးများ ဖတ်ဖူးသည်၊ မဖတ်ဖူးသည်ကို တတ်အပ်သေချာစွာ မသိနိုင်သော်လည်း ဦးစီးဌာနတစ်ခု၏ ရုံးစာကြည့်တိုက်တွင် အဆိုပါ ဖွဲ့စည်းပုံ အခြေခံဥပဒေ စာအုပ်အား ရှာမတွေ့ခဲ့ရသည်ကို ကိုယ်တွေ့ကြုံခဲ့ရပါသည်။ သို့သော် ဖွဲ့စည်းပုံ အခြေခံဥပဒေကို သာဓကတစ်ခု အနေနှင့် ဖော်ပြခြင်းသာ ဖြစ်ပါသည်။ မိမိပြောလိုသည်မှာ အမျိုးသားပညာရေး ဥပဒေနှင့် လုပ်ငန်းစဉ်များအတွက် အလားတူဖြစ်ရပ် အခြေအနေမျိုး ထပ်မံ မဖြစ်စေလိုသော ဆန္ဒသာလျှင် ဖြစ်ပါသည်။ သနားစရာကောင်းသော မျိုးဆက်သစ် ကလေးများမှာ အစမ်းသပ်ခံ ပညာရေး၏ သားကောင်များ ဖြစ်မည်ကို အထူးပင် စိုးရိမ်မိပါသည်။

၂၀၁၄ ခုနှစ် မတ်လ ၄ ရက်နေ့ထုတ် ကြေးမုံသတင်းစာ၊ စာမျက်နှာ ၆ ဆောင်းပါး ‘ပညာရေး မြှင့်တင်မှု အကောင်အထည်ဖော်ရေး ကော်မတီ အမျိုးသားအဆင့် အလုပ်ရုံ ဆွေးနွေးပွဲ ကျင်းပမည်’ တွင် ‘အမျိုးသား ပညာရေးအတွက် တစ်မျိုးသားလုံး ပါဝင်ဆွေးနွေးမှုများ၊ ပညာရပ်ဆိုင်ရာ လုပ်ငန်းအဖွဲ့ ဆွေးနွေးမှုများနှင့် တိုင်းဒေသကြီး၊ ပြည်နယ်အဆင့် အလုပ်ရုံ ဆွေးနွေးပွဲများမှ ရရှိလာသော Stakeholder များ၏ ထောက်ခံ အကြံပြုချက်များမှ သဘောတူညီသည့် အချက်များ၊ ဆက်လက်ညှိနှိုင်း ဆွေးနွေးရမည့် အချက်များကို စုစည်းလျက် အမျိုးသားအဆင့် ဆွေးနွေးပွဲသို့ တင်သွင်းမည့် အစီရင်ခံ စာမူကြမ်းကို ပြုစုပြီးဖြစ်ရာ ၂၀၁၄ ခုနှစ် မတ်လ ၅ ရက်နှင့် ၆ ရက်နေ့များတွင် ကျင်းပမည့် အမျိုးသားအဆင့် ဆွေးနွေးပွဲသို့ တင်ပြဆွေးနွေးမည် ဖြစ်ကြောင်း’ ပညာရေး မြှင့်တင်မှု အကောင်အထည်ဖော်ရေး ကော်မတီက ရေးသားထားပါသည်။ ထူးခြားသည်မှာ အလုပ်ရုံ ဆွေးနွေးပွဲဟု ဆိုထားလင့်ကစား မည်သူတို့ကို ဖိတ်ကြားမည်၊ မည်သူတို့ တက်ရောက်နိုင်သည်၊ စိတ်ဝင်စားသူများ မည်သို့ ဆက်သွယ် စုံစမ်းနိုင်သည် ဆိုခြင်းကို ထည့်သွင်း ဖော်ပြမှု မပြုခြင်းမှာ ရိုးသားပွင့်လင်းမှု မရှိခြင်း၏ လက္ခဏာတစ်ရပ်ဟု ဆိုနိုင်ပါသည်။ ဆက်လက် ညှိနှိုင်းဆွေးနွေးရမည့် အချက်များဟု ထည့်သွင်းထားသဖြင့် အကြံပြုစာ ပေးပို့တင်ပြထားသည့် ပညာရှင်များကို မလွဲမသွေ ဖိတ်ကြားရမည် ဖြစ်ပါသည်။

“၃၁-၁-၂၀၁၄ ရက်နေ့အထိ တောင်းခံ စုစည်းရရှိသော အကြံပြုချက်များ အားလုံးတို့ကို ပေါင်းစပ်ပြီး လုပ်ငန်းအဖွဲ့အလိုက် ဆောင်ရွက်မှုနှင့်အတူ မူဝါဒနှင့် လုပ်ငန်းစဉ်များ ညှိနှိုင်းရရှိမှု အခြေအနေ တင်ပြချက် အစီရင်ခံစာကိုလည်း ပြုစုပြီး ဖြစ်ပါသည်” ဟု ဆောင်းပါးတွင် ဖော်ပြထားပါသည်။ လုပ်ငန်းအဖွဲ့လိုက် ဆောင်ရွက်မှုနှင့် အကြံပြုချက်များကို မည်သူတို့က ပေါင်းစပ်ကြသနည်း။ ကွဲလွဲချက်များကို မည်သို့ ဆောင်ရွက်သနည်း၊ မည်မျှအထိ ကိုးစားနိုင်မှု ရှိပါသနည်း၊ အကြံပြုစာများကို မည်မျှအထိ အသိအမှတ် ပြုပါသနည်းဆိုသော စောဒကတက်ဖွယ် မေးခွန်းများ အစီအရီ ပေါ်ပေါက် လာနိုင်ပါသည်။

အကြံပြုစာများအနက် အချို့ကို တင်ပြလိုပါသည်။ ပညာရေး ပြုပြင်ပြောင်းလဲမှု အစီအစဉ်များသည် ပညာရေး ဝန်ကြီးဌာန တစ်ခုတည်းအတွက်သာ မဟုတ်ပါ။ တစ်နိုင်ငံလုံး၊ တစ်မျိုးသားလုံး၊ လူတိုင်းအတွက် အရေးပါသော လုပ်ငန်းရပ်များ ဖြစ်သဖြင့် ပွင့်လင်းမြင်သာမှု ရှိစေရေး၊ ထိရောက် မှန်ကန်မှု ရှိစေရေးအတွက် ပညာရေး မြှင့်တင်မှုလုပ်ငန်း ဖော်ဆောင်ရေး ကော်မတီများ၏ ဆွေးနွေးမှုများမှ လျာထား အစီအစဉ်များကို နိုင်ငံပိုင် သတင်းစာများတွင် အပြည့်အစုံ ဖော်ပြပေးပါရန် ဆွေးနွေး အကြံပြုစာ ပေးပို့နိုင်ရေး အချိန်ကာလကို လုံလောက်စွာ ရနိုင်ရေး စဉ်းစားပေးပါရန်၊ ဆွေးနွေးအကြံပြုစာ များကိုလည်း စိန်ရတုခန်းမတွင် ဆွေးနွေးလျက်ရှိသော လုပ်ငန်း ဖော်ဆောင်ရေး ကော်မတီဝင်များ မပါဝင်သော သီးခြားအဖွဲ့ဖြင့် လက်ခံပေးပါရန် ကြိုတင်လျာထား သတ်မှတ် အစီအစဉ်နှင့် အကြံပြုစာများကို ပေါင်းစပ်ညှိနှိုင်းပြီး သီးခြားပညာရှင်များက မူဝါဒ သတ်မှတ်ပေးပါရန်၊ အတည်ပြု သတ်မှတ်ချက်များကို ထပ်မံဖော်ပြပေးပါရန် အကြံပြုစာ တစ်စောင်ကို ၂.၁.၂၀၁၄ က တင်ပြခဲ့ပါသည်။ ၁၀.၁.၂၀၁၄ တွင် တစ်ကြိမ်၊ ၃၁.၁.၂၀၁၄ တွင် တစ်ကြိမ် အကြံပြုစာ ၂ စောင်ကို ထပ်မံတင်ပြခဲ့ပါသည်။ ပေးပို့သော အကြံပြုချက်များကို မည်ကဲ့သို့ ဆောင်ရွက်သည်ကို မသိရသော်လည်း နိုင်ငံပိုင် သတင်းစာ များတွင်လည်း လုပ်ငန်းစသည် တစ်ခုချင်းအလိုက် မတွေ့ရသေးပါ။ အကြံပြု စာတမ်းရှင် ထံသို့လည်း မည်သို့မျှ အကြောင်းမပြန်ပါ။ အခြေခံအဆင့်တွင် အကြေအလည် ညှိနှိုင်းဆွေးနွေး အဖြေမထွက်သေးဘဲ အမျိုးသားအဆင့်သို့ တင်ပြချက် အစီရင်ခံစာ တင်သွင်းခြင်းသည် မြန်မာ့ပညာရေး ပြုပြင် ပြောင်းလဲမှုအတွက် ခိုင်လုံမှု၊ ကိုးစားနိုင်မှု အားပျော့စေနိုင်သည်ကို သတိပြုရပါ မည်။ ဆွေးနွေးပွဲသို့လည်း ဖိတ်ကြားမှု မပြုခဲ့ပါ။

နိုင်ငံတော်အစိုးရက ပြဋ္ဌာန်းသည့် ပညာရေး စီမံကိန်းတို့တွင် အကြံပေးရန်၊ အကောင်အထည်ပေါ်ရန် ကိုယ်ထိလက်ရောက် လှုံ့ဆော် ဆောင်ရွက်ပေးရန်၊ ဆရာများ၏ အဆင့်အတန်းကို မြှင့်တင်ပေးရန်၊ နိုင်ငံ၏ ပညာရေး အဆင့်အတန်း မြင့်မားအောင် ပူးပေါင်း ဆောင်ရွက်ရန်၊ အလုပ်သမား အဖွဲ့အစည်း ဥပဒေ (၂၀၁၁)၊ နည်းဥပဒေများနှင့်အညီ တက္ကသိုလ်များဆရာ၊ ဆရာမအသင်းများကို ဖွဲ့စည်းထားပြီး ဖြစ်ပါသည်။ အခြေခံဆရာ၊ ဆရာမများနှင့် ပေါင်းစပ်ပြီး မြန်မာနိုင်ငံလုံး ဆိုင်ရာ ကျောင်းဆရာများ အသင်းချုပ်ကို ဖွဲ့စည်းရန် ဆက်သွယ်စည်းရုံး ဆောင်ရွက်လျက် ရှိပါသည်။ မည်သို့ပင်ဖြစ်စေ၊ အခြားသော အစိုးရ မဟုတ်သော ပညာရေး အဖွဲ့အစည်းများ အနေနှင့် တက်ရောက်ခွင့် ရခဲ့သည် ဆိုလျှင် တက္ကသိုလ်ဆရာ၊ ဆရာမများ အသင်းများကိုလည်း ပညာရေး ဆွေးနွေးပွဲများသို့ တက်ရောက်ခွင့် ပြုသင့်ပါသည်။

ပညာရေး ဝန်ကြီးဌာန၊ ဦးစီးဌာနများသည် ပညာရေးလုပ်ငန်း အသီးသီးကို အကျွမ်းတဝင် နားလည် သိရှိထားရန် လိုအပ်သောကြောင့် ပညာရေး ဆွေးနွေးပွဲများသို့ ဦးစီးဌာနမှ ပညာရေးဆရာ၊ ဆရာမများ အား တက်ရောက်ခွင့် ပြုနိုင်ပါရန်၊ ရာထူးခွဲခြားမှု မပြုဘဲ ပညာရေး လုပ်ငန်းများ ဆောင်ရွက်မှုကို အသိအမှတ် ပြုနိုင်ပါရန် တင်ပြအကြံပြုချက် များမှာလည်း မည်သို့မျှ တုံ့ပြန်မှုပြုခြင်း မခံရပါ။ အကြံပြု တင်ပြချက်များအနက်မှ သိသာထင်ရှားသည့် အချက်များကို ကောက်နုတ် ဖော်ပြခြင်းသာ ဖြစ်ပါသည်။

လက်တွေ့ကျသော ပညာရေး ပြုပြင်ပြောင်းလဲမှုဆိုင်ရာ လုပ်ငန်းများ ဆောင်ရွက်ရာ၌ ပညာရေးကဏ္ဍ ပြုပြင်ပြောင်းလဲရာတွင် ကျယ်ကျယ်ပြန့်ပြန့် ပွင့်ပွင့်လင်းလင်း ဆွေးနွေးညှိနှိုင်းရန် အခွင့်အလမ်း ဖွင့်ပေးပြီး အမျိုးသား ပညာရေးတွင် တစ်မျိုးသားလုံး ပါဝင် ဆွေးနွေးခွင့်ရအောင် စီစဉ်ဆောင်ရွက် ခဲ့ပါသည်ဟု ဆိုသော်ငြားလည်း လက်တွေ့တွင်မူ အကန့်အသတ်များ ရှိနေသေးခြင်းသည် မြန်မာ့ ပညာရေး ပြုပြင်ပြောင်းလဲမှု လမ်းကြောင်းအတွက် မှုန်ရီဝေဝါးနေစေမည်သာ ဖြစ်သဖြင့် ပညာရှင်များပီပီ ဆင်ခြင်တုံတရား ပြည့်ဝစွာဖြင့် မှန်ကန်သော လမ်းကြောင်းကို လျှောက်လှမ်းနိုင်ပါစေရန် ဆန္ဒပြုအပ် ပါသည်။
The Voice Journal


ရေအောက်ငါးသင်္ချိုင်းကြီးကို သုတေသီတွေ ရှာဖွေတွေ့ ရှိ


Angel on 2014-05-14 12:28

အန်ဂိုလာနိုင်ငံ ကမ်းခြေအလွန်က ပင်လယ်ရေအောက်ကြမ်းပြင်မှာ ရှာဖွေတွေ့ ရှိခဲ့တဲ့ ရေအောက် သင်္ချိုင်းအကြောင်းကို မကြာသေးမီက ထုတ်ဖော်ပြသခဲ့ပါတယ်။
ပင်လယ်ရေသတ္တ၀ါကြီးတွေဖြစ်တဲ့ ငါးမန်းဖြူ ရုပ်ကြွင်းအပါအ၀င် ငါးလိပ်ကျောက်ကြီး အသေကောင် သုံးကောင် တို့  ကို တစ်နေရာတည်းမှာ တွေ့ ရှိခဲ့ရခြင်းက သုတေသီတို့ ကို မှင်တက်စေခဲ့ပါတယ်။ ဒီ ပင်လယ်သတ္တ၀ါကြီး လေးကောင်ရဲ့ ရုပ်အလောင်းတစ်ခုစီတိုင်းမှာ အသေကောင်စားတဲ့ ငါးအကောင်ရေ ၅၀ ခန့်  ၀ိုင်းအုံနေ တာကိုလည်း တွေ့ ရှိခဲ့ရပါတယ်။ ဒါဟာ အချိန်အတော်ကြာ ပဟေဋိဖြစ်နေတဲ့ ပင်လယ်အကောင်ကြီးတွေ သေဆုံးသွားတဲ့အခါ ဘယ်လို ပြန်လည်အသုံးချခံရလဲဆိုတဲ့အပေါ်မှာ အမြင်သစ်တစ်ခု ပေးနိုင်ခဲ့ပါတယ်။

ဒီရှာဖွေတွေ့ ရှိမှုဟာ ပင်လယ်အကောင်ကြီးတွေသေဆုံးမှု နောက်ဆက်တွဲကို ရှာဖွေထုတ်ဖော်ဖို့ အတွက် သိပ္ပံပညာရှင်တွေကို အထောက်အကူပြုနိုင်မှာဖြစ်ကြောင်း ကျွမ်းကျင်သူတွေက ဆိုပါတယ်။

“ ဝေလငါးကြီးတွေသေဆုံးမှုကို လေ့လာမှုတော်တော်များများရှိပေမယ့် ကျွန်တော်တို့ ဟာ တခြား ပင်လယ် သတ္တ၀ါကြီးတွေ ပင်လယ်ကြမ်းပြင်မှာ သေဆုံးနေမှုကို တစ်ခါမှ မတွေ့ ရှိခဲ့ဖူးပါဘူး” ဒီရှာဖွေမှု ကို ဦးဆောင်သူ ပလိုင်းမောက်ရေကြောင်းပညာတက္ကသိုလ် က Dr.Nick Higgs ပြောပြခဲ့တာပါ။

ပင်လယ်ကြမ်းပြင်အောက်မှာ လဲလျောင်းနေတဲ့ ပင်လယ်အပေါ်ယံရေလွှာနေ ကျောရိုးရှိ ငါးသတ္တ၀ါ ကြီးတွေရဲ့ ရုပ်အလောင်း ဟာ ရေနက်ပိုင်းသတ္တ၀ါတွေအတွက် အစားအသောက်ကောင်းကောင်း ရမှာဖြစ်ပါတယ်။ သဘာ က သူတို့ အတွက် အစားအသောက်ဘယ်လိုထောက်ပံ့လဲဆိုတာကတော့ ရှာတွေ့ ဖို့ ခဲယဉ်းပါသေးတယ် လို့  လေ့လာရေးအဖွဲ့ က ရေးသားခဲ့ပါတယ်။

လူမဲ့ထိန်းချုပ်ရေငုပ်ယာဉ်ရဲ့ ပင်လယ်ရေအောက်ကြမ်းပြင် လေ့လာမှုကနေတစ်ဆင့် ဒီဖြစ်ရပ်ကို ရှာဖွေ တွေ့ ရှိ ခဲ့တာဖြစ်ပါတယ်။

Ref: Dailymail.co.uk
Trend Myanmar

အိပ်ယာဝင်ခါနီးတိုင်း သွားတိုက်သင့်တယ်



မနက်ခင်း တစ်ကြိမ်တိုက်ရုံဖြင့် လုံလောက်တယ်လို့ မထင်ပါနဲ့။ တစ်နေကုန် စားသမျှ အစားအစားတွေဟာ သွားမှာ ကပ်ညိနေပါတယ်။

ဒါကြောင့် အိပ်ယာဝင်ခါနီး သွားမတိုက်ဘူးဆိုရင် သွားပိုးစားခြင်း သွားကိုက်ခြင်း စတဲ့ သွားနဲ့ ပက်သက် တဲ့ ရောဂါတွေ ဖြစ်ဖို့ အလားအလာ ကောင်းတွေပါ။

အထူးသဖြင့် အသားများစားပြီး သွားမတိုက်ပါက ပိုပြီး စိုးပါတယ်။ သွားကျန်းမာရေးရေးကို ဂရိုစိုက်သူတိုင်း အိပ်ယာဝင်ခါနီး သွားတိုက်ဖို့ မမေ့ပါနဲ့။

ကျော်လင်းနိုင်
ကျန်းမာရေးနှင့် အလှအပ သတင်းများ


အမြန်လမ်းမကြီးပေါ်တွင် ယာဉ်အန္တရာယ်ကင်းရှင်းစေရန် အကြံပြုသတိပေးချက်


၁။ ယာဉ်အန္တရာယ်ကင်းရှင်းစေရေးနှင့် မော်တော်ယာဉ်ကြံ့ ခိုင်ရေးအတွက် အောက်ပါအချက်များ ကောင်းမွန်ရမည်။

(က) မော်တ်ာယာဉ်အောက်ပိုင်းတိုက်ရော့၊ ဘောလ်ဂျွိုင်းများ ကောင်းမွန်ရမည်။

(ခ) မော်တော်ယာဉ် ဘရိတ်များ ဟန်ချက်ညီစွာ ကောင်းမွန်ရမည်။

(ဂ) မော်တော်ယာဉ်တွင် တပ်ဆင်ထားသော တာယာများ ကောင်းမွန်ရမည်။ (တိုက်ဆွေးနှင့် သက်တမ်းလွန်တာယာများ မဖြစ်ရေး အထူးဂရုပြုရမည်။)

(ဃ) မော်တော်ယာဉ်တာယာများ လေဖြည့်ရာတွင် လိုအပ်သည်ထက် ပိုမဖြည့်ရ။

(င) မော်တော်ယာဉ်လေကာမှန်တွင် တပ်ဆင်ထားသည့် ရေသုတ်တံများ ကောင်းမွန်ရမည်။

(စ) ညအချိန်တွင် အမြင်ကြည်လင်မှု ရှိစေရန်အတွက် တပ်ဆင်ထားသော မီးများ/ ရောင်ပြန်များကောင်းမွန်ရမည်။ (ရှေ့ မီးကြီး၊ ရှေ့ /နောက်အချက်ပြမီး)

၂။ မော်တော်ယာဉ်အင်ဂျင်ခန်းအား ယာဉ်ရပ်နားစဉ် စစ်ဆေးရမည်။ (အင်ဂျင်ဝိုင်ပိုက်/ ဆီပိုက်ပေါက်ပြီး အိတ်ဇောပေါ်ကျ၍မီးလောင်မှု ဖြစ်စဉ်များ ဖြစ်ပွားနိုင်ပါသည်။

၃။ မော်တော်ယာဉ်ကို တစ်နာရီလျှင် ၆၀မိုင် (သို့ ) ၁၀၀ ကီလိုမီတာနူန်းထက် ပိုမမောင်းမိစေရန် မော်တော်ယာဉ်ကို ပြသသည့် ကိရိယာ Speedometer ကို ပုံမှန်စစ်ဆေးရမည်။

၎။ ယာဉ်မောင်းအနေနှင့် မမျှော်မှန်းနိုင်သော အန္တရာယ်ကို အထူးသတိထား၍ လိုအပ်ပါက ယာဉ်ကိုအရှိန်လျှော့၍ မောင်းနှင်နိုင်ရမည်။ (ဥပမာ - ရှေ့ တွင် ရပ်ထားသော ယာဉ်၊ ဖြတ်သန်းသွားသည့်လူ၊ ကျွဲ၊ နွား တိရစ္ဆာန်၊ ရေအိုင်၊ လမ်းကွေ့ နှင့် အဆင်းအတက်နေရာ၊ တံတားအ၀င်)

၅။ ယာဉ်မောင်းနေစဉ် ပင်ပန်းနွမ်းနယ်ခြင်း၊ အိပ်ငိုက်ခြင်း၊ ကျန်းမာရေးမကောင်းခြင်း၊ မြင်ကွင်းမကောင်းခြင်းများ ခံစားလာရပါက ဘေးကင်းသည့်နေရာတွင် ယာဉ်ကို ခေတ္တရပ်၍ အနားယူပါ။ (လိုအပ်ပါက အလှည့်ကျ မောင်းနှင်သည့်စနစ်အား ကျင့်သုံးရမည်။ ယာဉ်မတော်တဆဖြစ်စဉ် အများစုတွင် ယာဉ်မောင်းအိပ်ငိုက်၍ တိမ်းမှောက်မှု ဖြစ်စဉ်က များပါသည်။)

၆။ ယာဉ်ပေါ်ပါသူအားလုံး အသက်ကယ်ထိုင်ခုံခါးပတ်ကို စနစ်တကျပတ်ရမည်။

၇။ လမ်းတစ်လျှောက် စိုက်ထူထားသော သင်္ကေတ အမှတ်အသားများနှင့် သတိပေး ဆိုင်းဘုတ်များကို ဂရုစိုက်ကြည့်ရှု၍ အန္တရာယ်ကင်းရှင်းစွာ မောင်းနှင်ရမည်။

Yangon-Mandalay Expressway


ကျနော်တို့ ကို ဘာကြောင့် အမျိုးသား သစ္စာဖောက်လို့ သတ်မှတ်တာလဲ မသိဘူး

ရန်ကုန်တိုင်း သံလျင်မြို့နယ်အတွင်း ကျင်းပသော အမျိုးဘာသာ သာသနာ စောင့်ရှောက်ရေး ၉၆၉ တရားပွဲ တခု။(ဓာတ်ပုံ – ဂျေပိုင် / ဧရာဝတီ)

မျိုးစောင့်ဥပဒေ ရေးဆွဲခြင်း အပေါ် အမျိုးသမီးအဖွဲ့များ၊ အရပ်ဘက်လူမှုအဖွဲ့အစည်းများ၏ ကန့်ကွက်မှု နှင့် ပတ်သက်ပြီး အမျိုးဘာသာ သာသနာ စောင့်ရှောက်ရေး အဖွဲ့က အမျိုးသားရေး သစ္စာဖောက်သူများဟု သတ်မှတ်ထားကြောင်း သိရသည်။

မျိုးစောင့်ဥပဒေနှင့် ပတ်သက်ပြီး အချိန်၊ နေရာနှင့် လူပုဂ္ဂိုလ် မရွေး ဆွေးနွေးနိုင်ကြောင်းကိုလည်း အမျိုးဘာသာ သာသနာ စောင့် ရှောက်ရေး အဖွဲ့၏ မေ ၉ ရက် ထုတ်ပြန်ချက်တွင် ရေးသား ထားသည်။

အမျိုးသမီး အဖွဲ့များနှင့် အရပ်ဘက် လူမှုအဖွဲ့အစည်း ပေါင်း ၉၀ ကျော် က မေလ ၅ ရက်က ကြေညာချက် ထုတ်ပြန်၍ မျိုးစောင့် ဥပဒေ ရေးဆွဲခြင်း အပေါ် ကန့်ကွက်ထားခြင်း ဖြစ်သည်။ နောက်တိုး အဖွဲ့များနှင့် ဆိုလျှင် ကန့်ကွက်သည့် အဖွဲ့ပေါင်း ၁၃၀ ကျော် ရှိကြောင်း သိရသည်။

ကန့်ကွက်သည့် အဖွဲ့များတွင် ပါဝင်သော လူ့အခွင့်အရေး လှုပ်ရှားနေသော Equality Myanmar မှ ဦးအောင်မျိုးမင်းက“ကျနော်တို့ ကို ဘာကြောင့် အမျိုးသား သစ္စာဖောက်လို့ သတ်မှတ်တာလဲ မသိဘူး။ ကျနော်တို့ အခုလုပ်နေတဲ့ကိစ္စက အမျိုးဘာသာ သာသနာ

ကို သစ္စာဖောက်တာ မဟုတ်ပါဘူး”ဟု ဧရာဝတီ သို့ပြောသည်။

ယခု ကိစ္စနှင့်ပတ်သက်ပြီး အမျိုးဘာသာ သာသနာစောင့်ရှောက်ရေး အဖွဲ့၊ သမ္မတ စသည့် သက်ဆိုင်ရာများနှင့် တွေ့ဆုံ၍ ပွင့် လင်း စွာပြောဆို သွားမည် ဖြစ်ကြောင်း၊ တွေ့ဆုံရန်လည်း အဆင်သင့်ဖြစ်ကြောင်း ဦးအောင်မျိုးမင်းက ပြောဆိုသည်။

“မကြာမီမှာ ဥပဒေ ထွက်လာတော့မယ် ဆိုတော့ ကျနော်တို့တွေ ပိုပြီး ဆွေးနွေးဖို့ ကောင်းတာပေါ့။ မျိုးစောင့်ဥပဒေမှာ ဘယ်လိုမျိုးတွေပါမယ်။ ဘယ်လိုရည်ရွယ်ချက်နဲ့ လုပ်နေတာလဲဆိုတာ သိမယ်။ အခု ကျနော်တို့ ဒီဟာကို လေ့လာထားတာပဲ ရှိသေးတယ်။ အခက်အခဲတော့ ရှိတာပေါ့”ဟု ၎င်းက ဆက်ပြောသည်။

မျိုးစောင့်ဥပဒေ မူကြမ်းရေးဆွဲရန် အတွက် သက်ဆိုင်ရာ ရဟန်း သံဃာ ပညာရှင်များကို အကြံဉာဏ်များ တောင်းခံ ထားကြောင်း၊ ယခုလအတွင်း မူကြမ်းထွက်ရန်လည်း ရှိကြောင်း မန္တလေးမြို့ မစိုးရိမ်ကျောင်း ဆရာတော် ဦးဝီရသူက ဧရာဝတီသို့ မိန့်ကြားသည်။

“မျိုးစောင့်ဥပဒေက အမျိုးသမီးအခွင့်အရေး ဆုံးရှုံးနေတဲ့သူတွေကို ကယ်ဖို့နဲ့ အခွင့်အရေး ဘယ်တော့မှ မဆုံးရှုံးဖို့ပါ”ဟု လည်း ဆရာတော် ဦးဝီရသူ က မိန့်သည်။

ထိုဥပဒေ ပေါ်ပေါက်လာရေး အတွက် ပြည်ထောင်စု အစိုးရ အဖွဲ့ကို ပြည်သူ့ လက်မှတ်ပေါင်း လေးသန်းကျော် တင်ပြခဲ့ပြီး ယင်း ဥပဒေ တွင် အဓိကအားဖြင့် ဘာသာကူးပြောင်းခြင်း၊ တလင်တမယား စနစ်ကျင့်သုံးရေး ဥပဒေ၊ လက်ထပ် ထိမ်းမြားခြင်း ဥပဒေ နှင့် လူဦးရေ တိုးပွားနှုန်း ထိန်းချုပ်ရေး ဥပဒေတို့ ပါဝင်ကြောင်း သိရသည်။

မျိုးစောင့်ဥပဒေ မူကြမ်းရေးဆွဲရန် ပြင်ဆင်နေခြင်းနှင့်ပတ်သက်ပြီး ကန့်ကွက် ထားသည့် အမျိုးသမီး အဖွဲ့များနှင့် အရပ်ဘက် လူမှုအဖွဲ့အစည်း ပေါင်း ၁၃၁ ဖွဲ့က အမျိုးသမီးများအား နည်းမျိုးစုံဖြင့် ခွဲခြားဆက်ဆံမှု ပပျောက်ရေး သဘောတူစာချုပ် (စီဒေါ) သဘော တူညီချက်ပါ အခြေခံများနှင့်အညီ ကျား၊မ တန်းတူ ညီမျှ ဖော်ဆောင်ရန်၊ ဒီမိုကရေစီ အခြေခံသဘောတရားများ ပြည့်ဝသော ဖွဲ့စည်းပုံ အခြေခံဥပဒေ တရပ် ကို ရေးဆွဲပြဌာန်းနိုင်ရန် ကြိုးပမ်းသွားမည်ဖြစ်ကြောင်း၊ နိုင်ငံရေး ဦးဆောင်မှု အခန်းကဏ္ဍနှင့် ငြိမ်းချမ်း မှု တည်ဆောက်ရေးဖြစ်စဉ်တွင် အမျိုးသမီးများ ပိုမိုပါဝင်လာရန် ကြိုးပမ်းသွားမည်ဖြစ်ကြောင်း၊ အမျိုးသမီး စွမ်းဆောင်ရည်နှင့် မှန် ကန်စွာ ဆုံးဖြတ်နိုင်စွမ်းကို မြှင့်တင် သွားမည် ဖြစ်ကြောင်း ပြောသည်။

“ကျမတို့က ဥပဒေပြုနိုင်တဲ့ အာဏာမရှိသလို လူမှုရေးလုပ်နေတာ ဖြစ်တာကြောင့် ထောက်ခံလက်မှတ် သန်းချီကောက်ဖို့ လုပ်ငန်း မျိုးဖြစ်စေ၊ တခြားစည်းရုံးရေးတွေ မလုပ်နိုင်ပါဘူး။ ဒီလိုလုပ်တာကိုလည်း နိုင်ငံရေးလှုပ်ရှားမှုတွေရဲ့ လှည့်ကွက်တခုလို့လည်း မြင် တယ်။ ဒီလို အရင်းအမြစ်များများနဲ့ ဟောပြောပွဲတွေ လုပ်နေနိုင်တာက နောက်ကွယ်က ဘယ်သူပံ့ပိုးပေးနေသလဲပေါ့”ဟု ကျား၊ မ ရေးရာ တန်းတူညီမျှရေး ကွန်ရက် (Gender Equality Network) မှ မမေစံပယ်ဖြူ က ဧရာဝတီသို့ ပြောသည်။

နိုင်ငံအတွင်း ဖြစ်ပေါ်နေသည့် မျိုးစောင့်ဥပဒေရေးဆွဲရေး အပါအဝင် ဘာသာရေးကို အခြေခံသော နိုင်ငံရေး လှုပ်ရှားမှု ဖြစ်ကြောင်း၊ ၂၀၁၅ ရွေးကောက်ပွဲ မတိုင်မီ ပြည်သူလူထုကို အာရုံလွှဲသော ကိစ္စရပ်များထဲမှ တခု ဖြစ်ကြောင်း၊ ပြည်သူအများစု လိုလားသော ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေး နှင့် ပြည်တွင်း ငြိမ်းချမ်းရေး ဖော်ဆောင်မှု လုပ်ငန်းများအား အဟန့်အတား ဖြစ်စေပြီး ဒီမိုကရေစီ စနစ်သို့ ကူးပြောင်းမှု အရှိန်ကို နှောင့်နှေးစေကြောင်း မေလ ၅ ရက်က အမျိုးသမီး အဖွဲ့များနှင့် အရပ်ဘက် လူ့မှုအဖွဲ့အစည်း ၉၇ အဖွဲ့ ၏ ကြေညာချက်၌ ဖော်ပြထားသည်။

Irrawaddy


သင့်ကလေး ဘယ်ကျောင်းမှာထားမလဲ



အခြေခံပညာကျောင်းများ ဖွင့်လှစ်မည့်အချိန် နီးကပ်လာသည်နှင့်အမျှ ကျောင်းသားမိဘများတွင် ကိုယ်စီပူပန်မှုများ မြင့်တက်လာသည်။ ငွေကြေးတတ်နိုင်သော မိဘများအကြား မိမိရင်သွေးကို အစိုးရကျောင်းအပ်မည်လား၊ ကိုယ်ပိုင်ကျောင်းတက်စေမည်လား၊ အင်တာနေရှင်နယ်ကျောင်းထားမည်လား ဒွိဟစိတ်များဖြင့် ဗျာများနေကြသလို အခြေခံလူတန်းစားများအတွက် ကုန်ဈေးနှုန်းကြီးမြင့်ချိန် ကျောင်းစရိတ်အတွက် ရင်ပူနေကြရခြင်းဖြစ်သည်။

ယခင်က ပညာရေးအခွင့်အလမ်းအတွက် အစိုးရကျောင်းများကိုသာ အားထားနေခဲ့ရာမှ ယခုနှစ်အနည်းငယ်အတွင်း ကိုယ်ပိုင်ကျောင်းအရေအတွက် ပိုမိုများပြားလာသလို အင်တာနေရှင်နယ်ကျောင်းများ၏ ဈေးကွက်လည်း ကြီးမားကျယ်ပြန့်လာနေသည်။

ဦးသိန်းစိန်အစိုးရသက်တမ်း သုံးနှစ်ပြည့်မြောက်ခဲ့ပြီးဖြစ်သော်လည်း အခြေခံပညာအတွက် ပညာရေးပြုပြင်ပြောင်းလဲမှုများ မရှိသေးပေ။ ပညာရေးဥပဒေနှင့် မူဝါဒများ တိတိကျကျ ထွက်လာမှုမရှိသေးပေ။ ယင်းအချက်က ပြည်သူများ၏ အစိုးရကျောင်းပညာရေး အပြောင်းအလဲ မျှော်လင့်ချက်ကို မှေးမှိန်စေသည်။ ပုဂ္ဂလိကပညာရေးအခွင့်အလမ်းကို ရွေးချယ်ရန် တွန်းအားပေးနေသလို အစိုးရကျောင်းများသည် ကျောင်းသား၊ ဆရာအချိုးကွာဟချက်ကြီးမားနေခြင်း၊ သင်ထောက်ကူပစ္စည်း လုံလောက်မှုမရှိခြင်းနှင့် သင်ကြားမှုနည်းစနစ်ပိုင်းဆိုင်ရာ အားနည်းချက်များရှိနေသည်။ ၂၁ ရာစု၏ ပညာရေးလိုအပ်ချက်ကို ဖြည့်ဆည်းပေးနိုင်ရန် အခက်အခဲများစွာရှိနေသည်။

အစိုးရ၏ ကောင်းမွန်သော ပညာရေးဥပဒေသစ်ကို စောင့်မျှော်နေသော ကျောင်းသားမိဘ အများအပြားရှိနေသည်။ သို့သော် လက်ရှိ လွှတ်တော်တွင် ဆွေးနွေးနေဆဲ အမျိုးသားပညာရေးဥပဒေကိုကြည့်၍ ကျောင်းသားမိဘနှင့် ပညာရေးလေ့လာသူများ အားမလိုအားမရဖြစ်နေသည်။

နိုင်ငံတော်က ပြဋ္ဌာန်းထားသော အခြေခံပညာသင်ရိုးညွှန်းတမ်းများသည် ၂၀ ရာစုက ရေးဆွဲထားခြင်းကြောင့် ခေတ်နောက်ကျကျန်နေခြင်းနှင့် ဆရာ၊ ဆရာမများ လစာငွေနည်းပါး၍ ကျောင်းသားအပေါ် အာရုံစိုက်မှုအားနည်းနိုင်ခြင်းတို့အပေါ် ဖခင်တစ်ဦးဖြစ်သူ ကိုအောင်အောင်ထွန်းက စိုးရိမ်နေသည်။

‘‘ပုဂ္ဂလိကကျောင်းမှာ ထားချင်ပေမယ့် ကိုယ့်ရဲ့ဝင်ငွေနဲ့ ကလေးကို အဆုံးတိုင်ထားနိုင်မှာလားဆိုတဲ့အချက်က အရေးကြီးဆုံးပဲ။ အခုချိန်မှာ ထားနိုင်တယ်ဆိုပေမယ့် မနက်ဖြန် ဘာဖြစ်မလဲဆိုတာက အရေးကြီးဆုံးမေးခွန်းပါ’’ဟု မိမိရင်သွေးပညာရေးကို အစိုးရကျောင်းတွင် စတင်စေရန် ဆုံးဖြတ်ထားသော ကိုအောင်အောင်ထွန်းကပြောသည်။

အစိုးရကျောင်းများသည် ပုဂ္ဂလိကကျောင်းများထက် ပညာသင်ယူစရိတ်သက်သာခြင်း၊ ကျယ်ဝန်းသော ကျောင်းပရ၀ဏ်တွင် လူတန်းစားမျိုးစုံနှင့် ထိတွေ့ဆက်ဆံခွင့်ရရှိခြင်းကဲ့သို့သော အားသာချက်များရှိနေသည်။ ထိုနည်းတူ အလွတ်ကျက်မှတ်ရသော အလေ့အထ၊ ကျူရှင်ယူရသောစနစ်ဆိုးကြီးလည်းရှိသည်။

ယခုနှစ်ပိုင်းတွင် ငွေကြေးအတော်အသင့်တတ်နိုင်သော လူလတ်တန်းစားမိဘများသည် မိမိရင်သွေးကို အစိုးရကျောင်းတွင် ပညာသင်ယူစေပြီး ကျောင်းပိတ်ချိန်၌ အင်တာနေရှင်နယ်ကျောင်းများတွင် တက်ရောက်စေသောအလေ့အထ ခေတ်စားလာနေသည်။

‘‘အစ်မကတော့ ကလေးကို အစိုးရကျောင်းပဲထားမှာပါ။ စနေ၊ တနင်္ဂနွေပိတ်ရက်တွေမှာ အင်္ဂလိပ်စာကျောင်းတွေကိုပို့မယ်။ ကလေးပညာရေးအပေါ် စိတ်ပူမှုရှိတယ်။ အစ်မစိတ်ထင် ကလေးတွေရဲ့အခွင့်အရေးကို ပိတ်ထားသလိုပဲ။ ဥပမာ မာလ်တီမီဒီယာအခန်းတွေရှိနေပေမယ့် ကလေးတိုင်းမသုံးရဘူး။ ပြီးတော့ ကလေးတွေကို အိမ်စာအရမ်းပေးတယ်။ အဲဒါကို မကြိုက်ဘူး’’ဟု တစ်နှစ်ခွဲအရွယ်သားဦးမိခင်ဖြစ်သူ ဒေါ်ကလျာအောင်ကပြောသည်။

ဆရာ၊ ဆရာမများအနေဖြင့် ကလေး၏ အားနည်းချက်၊ အားသာချက်များကို ဂရုပြုကြည့်ရှုပေးစေရန် ဆန္ဒရှိနေပြီး ကလေးများ ကျောင်းစာ၊ အိမ်စာ၊ ကျူရှင်စာများဖြင့် ပင်ပန်း၍ အားလပ်ချိန်နည်းပါး ဖိအားများနေသည်ကို မလိုလားကြောင်း သူမကဆိုသည်။

အလွတ်ကျက်စနစ်နှင့် စာမေးပွဲဦးတည်သောပညာရေး ထွန်းကားလာမှုကို စိတ်ကုန်လာကြသော မိဘများအတွက် ပုဂ္ဂလိကပညာရေးက အားကိုးစရာ ကောက်ရိုးတစ်မျှင်ဖြစ်လာသည်။ သို့သော် ပုဂ္ဂလိကပညာရေးသည်လည်း ပညာရေးအရည်အသွေး အာမခံမှုနှင့် မူဝါဒပိုင်းဆိုင်ရာလိုအပ်ချက်များရှိနေပြီး ကျောင်းသားမိဘများအတွက် စွန့်စားခန်းတစ်ခုဖြစ်နေသည်။

‘‘မနှစ်က ၃၈ ရာခိုင်နှုန်း ကျောင်းလခတက်ဖို့လုပ်တာ ဆန္ဒပြလိုက်လို့ ၁၈ရာခိုင်နှုန်းပဲ တိုးလိုက်တယ်။ အခုဒီနှစ် ၁၁ ရာခိုင်နှုန်း ထပ်တိုးမယ်ပြောတယ်။ မနှစ်က အမေရိကန်ဒေါ်လာ ၉၈၀၀ သွင်းရတယ်။ ဒီနှစ် တစ်သောင်းကျော်သွားမယ်။ အဲဒီကျောင်းကထွက်လိုက်ပြီ။ တခြားကျောင်း ပြောင်းအပ်ထားတယ်။ ကျောင်းစရိတ်တိုးယူရင် ပညာရေးလည်းမြင့်လာရမှာပေါ့။ ပညာရေးက ဒီအတိုင်းပဲ’’ဟု လှိုင်မြို့နယ်ရှိ အင်တာနေရှင်နယ်ကျောင်းတစ်ခုမှ ကျောင်းသားမိခင်တစ်ဦးကပြောသည်။

အင်တာနေရှင်နယ်ကျောင်းများ၏ ကျောင်းလခကောက်ခံနေမှုနှင့် ပညာအရည်အသွေးအာမခံမှုတို့အပေါ် အစိုးရက ဥပဒေနှင့်မူဝါဒများချမှတ်၍ ကျောင်းသားများနှင့် မိဘများ၏အခွင့်အရေးကို ကာကွယ်ပေးစေလိုကြောင်း သူမကဆိုသည်။

အင်တာနေရှင်နယ်ကျောင်းများသည် အစိုးရက အသိအမှတ်ပြုထားခြင်းမရှိသောကြောင့် ပညာရေး (သို့မဟုတ်) ငွေကြေးပြဿနာအခက်အခဲ ပေါ်ပေါက်ပါက မိမိတို့ဘာသာ ရင်ဆိုင်ဖြေရှင်းကြရမည်ဖြစ်ကြောင်း ပညာရေးဝန်ကြီးဌာနမှ အကြီးအကဲတစ်ဦးက ပြောထားဖူးသည်။

အင်တာနေရှင်နယ်ကျောင်းများတွင် အခြေခံပညာသင်ယူပြီးဆုံးသော ကျောင်းသားများသည် ပြည်တွင်းအစိုးရတက္ကသိုလ်၊ ကောလိပ်များသို့ တက်ရောက်ခွင့်မရရှိပေ။အင်တာနေရှင်နယ်ကျောင်းများသည် အင်္ဂလိပ်ဘာသာစကားကို အသုံးပြု၍ ယူကေနှင့် အမေရိကန်နိုင်ငံတို့၏ သင်ရိုးညွှန်းတမ်းဖြင့် သင်ကြားပို့ချခြင်းဖြစ်သည်။ ယင်းအချက်က မြန်မာကလေးငယ်များကို မြန်မာဘာသာစကား၊ မြန်မာ့ယဉ်ကျေးမှုတို့နှင့် အလှမ်းဝေးသွားသည်။ မိမိနေထိုင်ကြီးပြင်းသောနိုင်ငံ၏ မိခင်ဘာသာစကား နားလည်တတ်ကျွမ်းမှု အားနည်းစေပြန်သည်။

‘‘အဲဒီတစ်ချက်က ကျွန်မတို့နိုင်ငံအတွက် အရမ်းအရေးကြီးတဲ့ကိစ္စပါ။ နိုင်ငံတကာမှာတောင် သင်ကြားရေးကို မိခင်ဘာသာစကားနဲ့ သင်ကြားတာကို အားပေးနေကြတယ်။ မိခင်ဘာသာစကား အခြေပြုသင်ကြားမှုကလည်း အအောင်မြင်ဆုံးပါပဲ။ ဘာသာစကားမူဝါဒကို ပြန်ပြောင်းသင့်တယ်လို့ထင်တယ်’’ဟု အင်တာနေရှင်နယ်ကျောင်းများတွင် အင်္ဂလိပ်ဘာသာစကား အခြေပြုသင်ကြားမှုနှင့်ပတ်သက်၍ Thinking Classroom Foundation မှ ဒေါ်သူသူမာကပြောသည်။

အင်တာနေရှင်နယ်ကျောင်းများသည် သင်ရိုးညွှန်းတမ်းအားကောင်းမှု၊ လွတ်လပ်စွာလှုပ်ရှားဆောင်ရွက်နိုင်မှုတို့ကြောင့် အားသာချက်များရှိနေသည်။ သို့သော် လူနည်းစုသာ လက်လှမ်းမီသော အခွင့်အရေးဖြစ်သည်ကို သတိပြုစေလိုကြောင်း ပညာရေးစနစ်ပြုပြင်ပြောင်းလဲရေး နိုင်ငံလုံးဆိုင်ရာကွန်ရက်(NNER) အဖွဲ့ဝင် ဒေါ်သူသူမာကဆိုသည်။

ပညာသင်နှစ်၊ သုံးနှစ်မြောက်ပြီဖြစ်သော ကိုယ်ပိုင်ကျောင်းများသည်လည်း အောင်ချက်မြင့်မားရေး ဦးတည်ဆောင်ရွက်နေခြင်းကြောင့် ပညာရေးအရည်အသွေး အားနည်းချက်ရှိဆဲဖြစ်သည်။

‘‘ပတ်ဝန်းကျင်ပြောင်းသွားတာပဲရှိမယ်။ တကယ့်အရည်အသွေးပိုင်းက သိပ်ကွာမယ်မထင်ဘူး။ ဖတ်စာအုပ်ကို အခြေခံတဲ့နည်းကိုပဲ သွားနေတာလေ။ ကိုယ်ပိုင်ကျောင်းကတော့ စာသင်ခန်းမှာ လူနည်းနည်းနဲ့ သင်နိုင်မယ်။ ပိုဂရုစိုက်နိုင်မယ်’’ဟု ကိုယ်ပိုင်ကျောင်းများနှင့်ပတ်သက်၍ ဒေါ်သူသူမာက သူမ၏အမြင်ကိုပြောသည်။

ကိုယ်ပိုင်ကျောင်းများအနေဖြင့်လည်း ဂုဏ်ထူးရကျောင်းသား များများမွေးထုတ်ခြင်းနှင့် အောင်ချက်မြင့်မားရေးဝဲဂယက်မှ ရုန်းမထွက်နိုင်သေးပေ။ ယင်းမှာ ကျောင်းသားမိဘများ၏ သဘောထားအမြင်များအပေါ်တွင်လည်း မူတည်နေကြောင်း ကိုယ်ပိုင်ကျောင်းတည်ထောင်ထားသူတစ်ဦးက ဆိုသည်။

တက္ကသိုလ်ဝင်ခွင့်စနစ်သည် တက္ကသိုလ်စာမေးပွဲတွင် အမှတ်အများဆုံးရရှိမှုပေါ်တွင် အခြေခံနေခြင်းကြောင့် ကျောင်းသားမိဘများအနေဖြင့် အောင်ချက်မြင့်မား၍ ဂုဏ်ထူးအထွက်များသော ကိုယ်ပိုင်ကျောင်းများကို ဦးစားပေးရွေးချယ်နေခြင်းဖြစ်သည်။

အစိုးရကျောင်း၊ ကိုယ်ပိုင်ကျောင်းနှင့် အင်တာနေရှင်နယ်ကျောင်းများ၏ အားနည်းချက်၊ အားသာချက်များနှင့်ပတ်သက်၍ စစ်ကိုင်းပညာရေးတက္ကသိုလ်၊ ပညာရေးစိတ်ပညာဌာန၊ အငြိမ်းစားပါမောက္ခဌာနမှူး ဒေါ်နုနုဝင်းတင်က‘‘ကျောင်းသားတွေအပေါ်မှာ စစ်မှန်တဲ့မေတ္တာ၊ စေတနာထားတဲ့၊ အရည်အချင်းပြည့်စုံတဲ့ ဆရာများများရှိတဲ့ကျောင်းက အကောင်းဆုံးပါ။ ကျောင်းသုံးမျိုးလုံးမှာ အားနည်းချက်၊ အားသာချက်တွေ အများကြီးရှိတယ်။ ကိုယ်ပိုင်ကျောင်းတို့၊ အင်တာနေရှင်နယ်ကျောင်းတို့ဆိုတိုင်းလည်း အထင်ကြီးလို့မရသလို အစိုးရကျောင်းတိုင်းလည်း အထင်သေးလို့မရပါဘူး။ သက်ဆိုင်ရာကျောင်းရဲ့ စီမံခန့်ခွဲမှုနဲ့ ဆရာတွေအပေါ်မှာ များစွာမူတည်နေပါတယ်’’ဟု သုံးသပ်သည်။

မည်သို့ဆိုစေ အစိုးရကျောင်းထက် ပုဂ္ဂလိကကျောင်းများတွင် မိမိရင်သွေးပညာရေးအပ်နှံလိုသော ကျောင်းသားမိဘအရေအတွက်မှာ မြို့ပြတွင်သာမက ကျေးလက်ဒေသတွင်ပါ မြင့်တက်လာသည်။ တအိအိနှင့် ကျဆင်းလာနေသော ပညာရေးအရည်အသွေးကို ပုဂ္ဂလိကပညာရေးဖြင့် ကျားကန်ထားလိုသူများပြားလာသည်။

‘‘အဓိကက ပံ့ပိုးမှုမလုံလောက်ဘူး။ ကျွန်တော့်သားကို အမြင်ကျယ်စေချင်၊ သွားတတ်လာတတ် ဖြစ်စေချင်တယ်။ ပြိုင်ဆိုင်မှုများလာတဲ့အတွက် တော်ရုံသင့်ရုံမရတော့ဘူး။ အဲဒါကြောင့် ကြိုတင်ပြင်ဆင်ပေးတာပါ’’ဟု ပဲခူးမြို့နယ်၊ ပျဉ်ပုံကြီးကျေးရွာမှ ရန်ကုန်မြို့၊ မြောက်ဥက္ကလာပမြို့နယ်တွင် ၎င်း၏သားကို ဘော်ဒါကျောင်းအပ်နှံထားသော ဦးမင်းသန့်ကပြောသည်။

ပြည်သူ့လွှတ်တော်သည် အမျိုးသားပညာရေးဥပဒေကြမ်းကို အတည်ပြုထားပြီး ပညာရေးဝန်ကြီးဌာနနှင့် နိုင်ငံတကာမိတ်ဖက်အဖွဲ့အစည်းများကလည်း ဘက်စုံလွှမ်းခြုံနိုင်သော ပညာရေးကဏ္ဍ လေ့လာသုံးသပ်မှုလုပ်ငန်း (CESR)ဖြင့် မြန်မာ့ပညာရေး ပြုပြင်ပြောင်းလဲရန် အစီအစဉ်များ ရေးဆွဲနေသည်။

စစ်အစိုးရလက်ထက်တွင် ချမှတ်ခဲ့သော ပညာရေးစနစ်ဆိုးကြောင့် ဆယ်စုနှစ်ငါးခုကျော်အတွင်း အဘက်ဘက်မှ နိမ့်ကျခဲ့သော မြန်မာ့ပညာရေးကဏ္ဍကို လက်ကျန်သမ္မတသက်တမ်းတွင် ဦးသိန်းစိန်အစိုးရက ကောင်းမွန်သော ပညာရေးဥပဒေတစ်ရပ်ပြဋ္ဌာန်းကာ လမ်းကြောင်းမှန်ပေါ် ပြန်ရောက်စေမည်လားဆိုသည်က မိသားစုများ၏အနာဂတ်၊ နိုင်ငံ့အနာဂတ်အတွက် အရေးကြီးလှသည်။

7day news jornal


မိုင်းတွင်း ပေါက်ကွဲမှု သေဆုံးသူ ၂၃၀ ကျော်ပြီ

အလောင်းတွေ သယ်ထုတ်နေစဉ်

တူရကီ နိုင်ငံ အနောက်ပိုင်း Soma မြို့အနီးက ကျောက်မီးသွေးတွင်း ပေါက်ကွဲမှုကြောင့် မိုင်းလုပ်သား ၂၃၀ ကျော် သေဆုံးခဲ့ပြီလို့ ဝန်ကြီးချုပ် Recep Tayyip Erdogan က အတည်ပြု ပြောပါတယ်။

Soma မြို့က ကျောက်မီးသွေးတွင်းကို ရောက်ရှိစဉ်မှာ မစ္စတာ အာဒိုဝမ်က အခုလို အတည်ပြု ပြောလိုက်တာ ဖြစ်ပါတယ်။

မိုင်းတွင်းထဲမှာ ပိတ်မိ နေသူ ၂၀၀ ကျော် ရှိနေပြီး ရှာဖွေ ကယ်ဆယ်ရေးတွေ ဆက်လုပ်နေဆဲ ဖြစ်ပါတယ်။

မြေအောက် ၂ ကီလိုမီတာမှာ ပေါက်ကွဲခဲ့တာ ဖြစ်လို့ သေဆုံးရသူ အများစုဟာ လေဝင်လေထွက် စနစ် ပိတ်သွားခဲ့ပြီးတဲ့နောက် ကာဘွန်မိုနောက်ဆိုက် ဓာတ်ငွေ့ အဆိပ်သင့်ရာက သေဆုံးကြရတာလို့ အရာရှိတွေက ပြောပါတယ်။

ကယ်ဆယ်ရေး သမားတွေက အလောင်းတွေကို သယ်ထုတ်လာစဉ် မိုင်းတွင်းဝမှာ စိုးရိမ် ပူပန်နေကြတဲ့ ဆွေးမျိုး မိသားစုတွေ ရာနဲ့ချီ စုဝေး စောင့်ဆိုင်းနေကြသလို ဒေသဆိုင်ရာ ဆေးရုံမှာလည်း စောင့်ဆိုင်းနေကြဆဲ ဖြစ်ပါတယ်။

bbc burmese


ဘုန်းကြီးခရိုနီ


 မနေ့က အသိဒကာကြီး တစ်ယောက်နဲ့ စကားပြောဖြစ်ပါတယ်။ "ခရိုနီဆိုတဲ့ အခုခေတ်စားနေတဲ့ စကားလုံးကို ဒကာကြီး ဘယ်လို နားလည်ထားလဲ" လို့မေးတော့ "တိုင်းပြည်နဲ့ လူမျိုးကို ချစ်သလိုလို၊ ကောင်းစားစေချင်သလိုလို၊ အများအကျိုးစီးပွားကို ရွက်သယ်ပိုးနေတာလိုလို ဟန်ရေးပြပြီး အာဏာရှိသူတွေနဲ့ အကျိုးတူ ပူးပေါင်းကာ မတရားမှုတွေကို တရားသယောင်ယောင် လုပ်ပြီး နောက်ဆုံး အာဏာရှင်တွေကိုပါ နားလှည့်ပါးရိုက်ပြီး သူ့ကိုယ်ကျိုးစီးပွားအတွက် တိုင်းပြည်နဲ့ လူမျိုးကို ဖျက်ဆီးနေတဲ့သူလို့ မြင်ပါတယ်ဘုရား" လို့ ပြောပါတယ်။

ဒကာကြီးပြန်သွားတော့ သူပြောခဲ့တဲ့ ခရိုနီအဓိပ္ပာယ် ဖွင့်ဆိုချက်ကို ပြန်လည်စဉ်းစားရင်းနဲ့ မိမိတို့ သာသနာတော် အတွင်းမှာလည်းပဲ သာသနာတော်ရဲ့အကျိုးစီးပွားကို ဆောင်ရွက်နေတာ လိုလို တိုင်းပြည်နဲ့ လူမျိုးအတွက် သူတို့ဘဝကြီး တစ်ခုလုံးကို ပေးဆပ်နေတာ လိုလိုနဲ့ ဟန်ရေးပြပြီး ရာမြင်လို့ ထောင်စွန့်နေကြတဲ့ ဘုန်းကြီး စီးပွားရေးသမားတွေ၊ အာဏာပိုင်တွေ၊ အာဏာပိုင်ရဲ့ ကျောထောက်နောက်ခံ တွေနဲ့ ပူးပေါင်းပြီး သူတို့ထင်ပေါ်ကျော်ကြားဖို့ အတွက်၊ သူတို့ဘဏ်အကောင့် ထဲမှာ သိန်းထောင်ဂဏန်း၊ သောင်းဂဏန်း ရှိနေဖို့အတွက် သာသနာတော်ကြီးနဲ့ တိုင်းပြည်ကို ဖျက်ဆီးနေကြတဲ့ ဘုန်းကြီးခရိုနီတွေ သံဃာအဖွဲ့အစည်း အဆင့်ဆင့်နဲ့ အောက်ခြေ သံဃာထုထဲမှာပါ များပြားသထက် များပြားလာတာကို သတိပြုမိလိုက်ပါတယ်။

ပြီးခဲ့တဲ့စစ်အစိုးရက သူတို့ကုလားထိုင်ကို လာမလှုပ်ရင်ပြီးတာပဲ ဆိုပြီး ဘုန်းကြီးတွေ ဘာလုပ်လုပ် မသိသလို မမြင်သလို နေပေးခဲ့တာတွေကြောင့် ဘုန်းကြီးခရိုနီတွေ၊ ဘုန်းကြီး စီးပွားရေးသမားတွေ တိုးပွားလာခြင်း ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ စစ်အစိုးရသက်တမ်း တစ်လျှောက်လုံးမှာ မဟန အဖွဲ့ကြီး ကိုတောင်မှ စစ်အစိုးရနဲ့ အလွန်းသင့်တဲ့ ဘုန်းကြီးခရိုနီ ၇၅ ရာခိုင်နှုန်းလောက်က ကြီးစိုးထားနိုင် ခဲ့ပါတယ်။ မဟနအဖွဲ့ကြီးမှာ ဘုန်းကြီးခရိုနီတွေ တန်ခိုးထွားအောင် စစ်အစိုးရက မသိဟန်မမြင်ဟန် ဆောင်ခဲ့တာတွေ ရှိသလို ဘုန်းကြီးခရိုနီတွေ ရာထူးကနေ မည်သည့် အကြောင်းကြောင်းနဲ့မှ ပြုတ်မသွားရအောင်လည်း နောက်ကွယ်ကနေ တစ်မျိုး၊ ပေါ်ပေါ်တင်တင်တစ်မျိုးနဲ့ ပံ့ပိုးပေးခဲ့တာကြောင့် ဘုန်းကြီးခရိုနီ တွေဟာ ပုန်းလျှိုးကွယ်လျှိုးနဲ့ လာဘ်စားပြီး ဓမ္မကိုအဓမ္မ၊ အဓမ္မကို ဓမ္မလုပ်နေရာကနေ နောက်ပိုင်းမှာ ပေါ်ပေါ်တင်တင်ပါ ဗြောင်လုပ်လာ ကြပါတော့တယ်။

ထိုအခါမှာ မဟနအဖွဲ့ရဲ့ အကျိုးတော်ဆောင်ချုပ် ဖြစ်တော်မူတဲ့ မင်းကွန်း ဆရာတော်ဘုရားကြီးက "ဒီစီရင်ဆုံးဖြတ်ချက်တွေဟာ တရားနဲ့ လျော်ညီခြင်းမရှိလို့ ပြန်လည်ဆုံးဖြတ်ပါ" လို့ ပြောဆိုတဲ့ အခါတိုင်း မဟန အဖွဲ့ရဲ့ ဘုန်းကြီးခရိုနီခေါင်းဆောင်ကြီးက "ဆရာတော်မကျေနပ်ရင် မဲခွဲပြီး ဆုံးဖြတ်ကြမယ်လေ" လို့ ပြောဆိုပါတယ်။ မဲခွဲ ဆုံးဖြတ်တဲ့ အခါတိုင်းမှာလည်း ဘုန်းကြီးခရိုနီတွေက အင်အား ကောင်းနေတာကြောင့် မင်းကွန်းဆရာတော်ကြီးပဲ အမြဲရှုံးပါသတဲ့။

တစ်ခါတုန်းက အထက် မြန်မာပြည်က ဘုန်းကြီးခရိုနီတစ်ပါးနဲ့ အောက်မြန်မာပြည်က ဘုန်းကြီး ခရိုနီတစ်ပါးတို့ဟာ ကျောင်းမှုတစ်ခုကို ငွေသုံးသိန်း လာဘ်စားပြီး မတော်မတရား ဆုံးဖြတ်လိုက်တာကို သိရှိလိုက်ရတဲ့ မင်းကွန်းဆရာတော် ဘုရားကြီးဟာ "သုံးသိန်းကြီးများတောင်၊ သုံးသိန်းကြီးများတောင်" လို့ ပြောဆိုရေရွတ်ကာ မျက်ရည်ပေါက်ပေါက် ကျတော်မူ ခဲ့ရှာတယ်လို့ ဆရာဘုန်းကြီးက စာဝါချရင်း ပြောဆိုခဲ့တာကို ကိုရင်ဘဝတုန်းက မှတ်သားဖူးပါတယ်။

တစ်ခါတုန်းကတော့ လက်ရှိ မဟနဥက္ကဋ္ဌဖြစ်တော်မူတဲ့ ဗန်းမော် ဆရာတော်ကြီးကို မင်းကွန်းဆရာတော်ဘုရားကြီးက တိနိ ကျောင်းတိုက်ရဲ့ စာချနာယကအဖြစ် ခန့်အပ်တဲ့ပွဲ အခမ်းအနားမှာ ဗန်းမော်ဆရာတော်ကြီးကို ချီးကျူးတော်မူရင်း စကားစပ်သွားတာနဲ့ မဟနအဖွဲ့မှာ ဘယ်ဘုန်းကြီးတွေက ဘယ်လိုလာဘ်စားပြီး မှုခင်းဓမ္မ ကံတွေကို မတော်မတရား အဂတိလိုက်ပြီး ဆုံးဖြတ်တဲ့ အကြောင်းကို ပြောဆိုမိသွားပါတယ်။ ထိုအခါမှာ အနားမှာထိုင်နေတဲ့ မဟနအဖွဲ့မှာ တွဲဖက်အကျိုးတော်ဆောင် ရာထူးကို ရယူထားတဲ့ ဘုန်းကြီးခရိုနီ ခေါင်းဆောင်ကြီးက "ကိုယ်တော်ကြီး သေခါနီးနေမှ ဘာ သူများ မကောင်းကြောင်း ပြောနေရတာတုံး" လို့ ငေါက်ငမ်းလိုက်တာကြောင့် မင်းကွန်းဆရာတော် ဘုရားကြီးက လက်အုပ်ကလေးချီ၍ "တပည့်တော် အမှန်တွေပြောမိလို့ ခွင့်လွှတ်တော်မူပါဘုရား" လို့ ပြန်လည် တောင်းပန်လိုက်ရပါတယ်။

ဘုန်းကြီးခရိုနီတွေဟာ စစ်အစိုးရရဲ့ ပံ့ပိုးမှုကြောင့် မင်းကွန်း ဆရာတော်ဘုရားကြီးလို ပုဂ္ဂိုလ်မျိုးကို တောင်မှ ရိုင်းပျစွာ ဆက်ဆံခဲ့ကြတာပါ။ သေသေချာချာတွေး ကြည့်လိုက်တော့ ဆန်းတော့လည်း မဆန်းလှပါဘူး။ ခွေးတောင် သခင်အားကိုး ရှိနေရင် အစိမ်းအကျက် မရွေး ဟောင်ရဲကိုက်ရဲသေး တာပဲလေ။

မိမိငယ်စဉ်က ပညာသင်ကြားခဲ့တဲ့ စာသင်တိုက်ကြီးထဲမှာ သစ်ကုန်သည်ကြီး တစ်ယောက်က ကျောင်းဆောင်ကြီးတစ်ခုကို ဘုံပျံ နတ်နန်းကြီးသဖွယ် ဟီးထနေအောင် ဆောက်လုပ် လှူဒါန်းပါတယ်။ အဲဒီကျောင်းဆောင်ကြီး ဆောက်လုပ်နေစဉ် ကာလမှာ ကျောင်းဒကာနဲ့ ညှိနှိုင်းလုပ်ဆောင်နိုင်စေရန် အတွက် ဆရာတော်ဘုရားကြီးက လည်လည်ဝယ်ဝယ် ရှိတဲ့ ရဟန်းတစ်ပါးကို တာဝန်ပေးပါတယ်။ အဲဒီ ရဟန်းဟာ ကျောင်းဒကာနဲ့ ရင်းနှီးခင်မင် သွားရုံတင်မကဘဲ ကျောင်းဒကာရဲ့နောက်ခံဖြစ်တဲ့ နိုင်ငံတော်ဝန်ကြီးချုပ် ဆိုသူနဲ့ပါ ရင်းနှီးသွားပြီး ဝန်ကြီးချုပ်အားကိုးနဲ့ သင်္ကန်းမချွတ်ဘဲ စီးပွားရေး လုပ်တော့တာပါပဲ။ နောင်အခါ အဆိုပါ ဝန်ကြီးချုပ် အာဏာလက်မဲ့ ဖြစ်သွားချိန်မှာ ဝန်ကြီးချုပ်လောက် နီးနီး သြဇာအာဏာ ရှိသူနဲ့ ပြန်လည် ဆက်သွယ်မိသွားပြန် ပါတယ်။

၂၀၀၇ ခုနှစ် တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ ရဟန်းသာမဏေများ လမ်းပေါ်ထွက်ပြီး မေတ္တသုတ် ရွတ်ကြတဲ့အခါ မှာ မိမိ ပညာသင်ကြားနေတဲ့ စာသင်တိုက်ကလည်း တစ်တိုက်လုံးနီးနီး လမ်းလျှောက်ပြီး မေတ္တသုတ် ရွတ်ဖတ်ကြပါတယ်။ အရေးအခင်းကြီး ပြီးသွားတဲ့အခါမှာ သက်ဆိုင်ရာ အရာရှိတွေက ဆရာတော်ဘုရားကြီးထံ ရောက်လာပြီးတော့ မိမိတို့ စာသင်တိုက်ထဲက ဆန္ဒပြခေါင်းဆောင် ရဟန်း ၁၀ ပါးဆိုပြီး ဘွဲ့နာမည် အတိအကျ၊ နေတဲ့ ကျောင်းဆောင်နာမည် အတိအကျနဲ့ စာရင်းပြသပြီးတော့ ဖမ်းဆီးမယ်ဆိုတဲ့ အကြောင်း ပြောကြားပါတယ်။ ဆန္ဒပြခေါင်းဆောင် ဆယ်ပါးစာရင်းကို သိရှိလိုက်ကြရတဲ့ တစ်တိုက်လုံးက ရဟန်းသာမဏေတွေ အားလုံး အံ့သြကုန်ကြပါတယ်။ ဘာကြောင့်လဲဆိုတော့ မေတ္တသုတ် ထွက်ရွတ်ရာမှာ ခေါင်းဆောင် မဟုတ်ရုံ မျှသာမက မေတ္တသုတ် ရွတ်ဆိုရာသို့ လိုက်ပါခြင်းမရှိတဲ့ ရဟန်းတွေလည်း စာရင်းထဲ ပါရှိနေတာကြောင့် ဖြစ်ပါတယ်။

အဆိုပါစာရင်းကို စစ်အစိုးရက ကောက်ယူခဲ့ခြင်း မဟုတ်ဘဲ အထက်မှာ ပြောခဲ့တဲ့ ဘုန်းကြီးခရိုနီက သူ့ဘာသာ စာရင်းပြုလုပ်ကာ သူနဲ့ရင်းနှီးတဲ့ ဝန်ကြီးရဲ့လက်ထဲကို ထည့်ပေးလိုက်ခြင်း ဖြစ်ပါတယ်။ သူနဲ့ပုဂ္ဂိုလ်ရေး အဆင်မပြေတဲ့ ရဟန်းတွေကိုပါ ဆန္ဒပြခေါင်းဆောင် စာရင်းထဲကို ထည့်ပေးပြီး အပြတ် ရှင်းလိုက်တာပါ။ ဆရာတော် ဘုရားကြီးက သူ့အရှိန်အဝါနဲ့ ကာကွယ်ပေးခဲ့လို့ တစ်ပါးမှအဖမ်း မခံရပေမယ့် စာသင်တိုက်ထဲက ထွက်ခွာပြီး ရှောင်ရတိမ်းရ တချို့ဆိုရင် ရူးမတတ် ခံစားရပြီး တစ်ပတ်အတွင်း အရိုးပေါ်အရေတင်တွေ ဖြစ်ကုန်ကြပါတယ်။ သူကတော့ စာရင်းပေးခ အဖြစ် သိန်းထောင်ကျော်တန် အကောင်းစား ကားကြီးတစ်စီး ရရှိသွားခဲ့ပါတယ်။

တချို့သော ခရိုနီဘုန်းကြီးများ ကတော့ ပါးနပ်လိမ္မာစွာဖြင့် အကွက် ရွှေ့တတ်လွန်းလို့ ခရိုနီဘုန်းကြီးမှန်းတောင် တော်ရုံနဲ့ မသိနိုင်ပါဘူး။ သူတို့က အာဏာရှိသူနဲ့ ကြိုတင် လက်ဝါးချင်းရိုက်ထားပြီး အာဏာရှင်ကို ဆန့်ကျင်တာ လိုလို၊ အာဏာရှင်ကို မလိုလား မနှစ်သက် တာလိုလိုနဲ့ အာဏာရှင် မကောင်းကြောင်းကို အာပေါင်အာရင်း သန်သန်နဲ့ပြော၊ လူထုဘက်က ပါဟန်ဆောင် လူထုအကျိုးစီးပွားကို ဆောင်ရွက်ဟန်ပြုပြီး နောက်ဆုံးမှာတော့ လူထုကို အာဏာရှင်ဘက် ပါအောင် မသိမသာလေး စည်းရုံး သိမ်းသွင်းလိုက်ပါတယ်။ လူထုက အဆိုပါ ဘုန်းကြီးခရိုနီရဲ့ လေကြောမှာ မျောသွားပြီး အာဏာရှင်ကို ကယ်တင်ရှင်ကြီး တွေလိုလို၊ ကျေးဇူးရှင်ကြီးတွေ လိုလို၊ တိုင်းပြည်နဲ့ လူမျိုးကို ကယ်တင်ပေးနေတဲ့ သူတွေလိုလို ထင်ယောင်ထင်မှားတွေ ဖြစ်ပြီး ကိုယ့်လည်ပင်းလှီးမယ့် ဓားကို ကိုယ်တိုင် သွေးပေးနေလို့ သွေးပေးနေမှန်း မသိတဲ့ဘဝကို ရောက်မှန်းမသိ ရောက်သွားကြ ပါတော့တယ်။ လူထုရှေ့မှာ အာဏာရှင်မကောင်း ပြောနေပေမယ့် နောက်ကွယ်မှာတော့ အာဏာရှင်တွေ ပေးသမျှ ကျွေးသမျှစားပြီး တဟီးဟီး တဟားဟားနဲ့ ဖရဏာပီတိဂွမ်းဆီထိသို့ အာဏာရှင် နဲ့အတူ အောင်ပွဲခံ နေကြပါတယ်။ ကြိုတင် လက်ဝါးချင်းသာ ရိုက်မထားရင် အာဏာရှင်က ကဘော်ချိုင့်ဝှမ်း ပို့လိုက်တာကြာပါပြီ။

ရန်ကုန်မြို့က စာသင်တိုက်တစ်ခုကို ဘုန်းကြီးနှစ်ပါးက တွဲဖက်ပြီး အုပ်ချုပ်ပါတယ်။ သူတို့နှစ်ပါးဟာ ကျောင်းမှာ စာသင်သားကိုရင် အပါး ငါးဆယ်ခြောက်ဆယ်လောက် မွေးထားပါတယ်။ ဒီစာသင်သားတွေကို ပြပြီး ကျောင်းကို အဝင်အထွက်ရှိတဲ့ ဒကာ ဒကာမတွေဆီကို ဝါဆိုချိန် ဝါဆိုသင်္ကန်း၊ ကထိန်ချိန် ကထိန်သင်္ကန်း အလှူခံပါတယ်။ ပွဲပြီးတာနဲ့ သင်္ကန်းအကောင်းစား မှန်သမျှ သူတို့နှစ်ပါးက ခွဲယူပြီး ဆိုင်မှာ ပြန်ရောင်းစားပါတယ်။ စာသင်သားလေးတွေ ကိုတော့ ဝတ်လို့ အဆင်မပြေတဲ့ မလေးရှား စီဝိုင်စီလို သင်္ကန်းအညံ့စား တွေကိုသာ တစ်ပါးတစ်စုံ ခွဲဝေပြီးပေးပါတယ်။ ဆွမ်းစားကွမ်းစား လိုက်ရာက ရရှိသမျှပိုက်ဆံ တွေကို ရေဖိုးမီးဖိုး ဆိုပြီး သိမ်းဆည်းကာ သူတို့ပဲ ခွဲဝေပြီးတော့ ယူပါတယ်။ အဲဒီကျောင်းမှာ ပထမလတ်တန်း အထိ ကိုရင်တွေကို စာသင် ပေးပါတယ်။ စေတနာရှိလို့ သင်ပေးတာမျိုးတော့ မဟုတ်ပါဘူး။ ဆန်တောင်းဖို့အတွက် ပြသစရာ မျောက်ကလေးတွေ အဖြစ် မွေးထားတာပါ။

(ဆက်လက်ဖော်ပြပါမည်)

 Written by  မိုးသု (မန္တလေး)
The Voice Weekly