20 May 2014

လူမှုကွန်ရက်စာမျက်နှာပေါ်တွင် စီးပွားရေးလုပ်ငန်း လုပ်ကိုင်သူများပြားလာ



လူသုံးများပြားသည့် လူမှုကွန်ရက်စာမျက်နှာပေါ်တွင် စီးပွားရေးလုပ်ငန်း လုပ်ကိုင်သူများ ယခုလပိုင်းအတွင်း ပိုမိုများပြားလာကြောင်း စုံစမ်းသိရသည်။

၂၀၁၃ နှစ်လယ်ပိုင်းမှ ယခုနှစ်ဆန်းပိုင်းအချိန်အထိ အွန်လိုင်းပေါ်မှ ဈေးဝယ်ထွက်နိုင်သည့် Online Shopping စီးပွားရေးလုပ်ငန်းများ ဆက်တိုက်ပေါ်ထွက်လာခဲ့ပြီး ယခုလပိုင်းအတွင်းတွင် အခြားသော စီးပွားရေးလုပ်ငန်းများသည် Facebook ကိုအသုံးပြုပြီး အလယ်အလတ်စီးပွားရေးလုပ်ငန်းများကို လုပ်ကိုင်လာကြကြောင်း အဆိုပါလုပ်ငန်းလုပ်ကိုင်နေသူများထံမှ သိရသည်။

မွေးနေ့လက်ဆောင်များကို အိမ်တိုင်ရာရောက် ပို့ဆောင်ပေးသည့် ဝန်ဆောင်မှုလုပ်ငန်းလုပ်ကိုင်သူများ၊ အိမ်၊ ခြံ၊ မြေဆိုင်ရာ လုပ်ငန်းလုပ်ကိုင်သူများ၊ ပြည်နိုင်ငံများမှ အလှကုန်ပစ္စည်းရောင်းချသည့် လုပ်ငန်းများ၊ လက်ဝတ်ရတနာ ရောင်းဝယ်ရေးလုပ်ငန်း၊ အစားအသောက်ဝန်ဆောင်မှုလုပ်ငန်းများ အစရှိသည့် စီးပွားရေးလုပ်ငန်းများသည် ယခုလအနည်းငယ်အတွင်း Facebook ပေါ်မှ စီးပွားရေးလုပ်ငန်း အသစ် များဖြစ်လာသည်ဟု ပြည်တွင်းရှိ Facebook အသုံးပြုသူများက ပြောသည်။

“မွေးနေ့လက်ဆောင်တွေကို အရောက်ပို့ပေးတဲ့ ဝန်ဆောင်မှုမျိုး ပေါ်လာတာ သဘောကျပါတယ်။ အွန်လိုင်းပေါ်မှာ အလှကုန်ပစ္စည်းရောင်းချတဲ့ ကုမ္ပဏီတွေရှိတဲ့အတွက် အရင်လိုအချိန်ပေး လေ့လာစရာ မလိုဘူး။ Facebook ကိုသုံးပြီး အခုလိုစီးပွားရေးလုပ်ငန်းတွေ ပေါ်လာတာကိုကြိုက်တယ်” ဟု ရန်ကုန်မြို့နေ အင်တာနက်သုံးစွဲသူ အမျိုးသမီးတစ်ဦးက ဆိုသည်။

ယခုနောက်ပိုင်း စီးပွားရေးလုပ်ငန်းလုပ်ကိုင်သူများသည် ၎င်းတို့၏ ကုန်ပစ္စည်းနှင့်လုပ်ငန်းများကို လူသိ များစေရန်အတွက် အသုံးပြုသူများပြားသည့် လူမှုကွန်ရက်စာမျက်နှာ Facebook ကို အဓိကအားထားလာ ကြပြီး လုပ်ကိုင်လာကြကြောင်း သိရသည်။

“အွန်လိုင်းစီးပွားရေးလုပ်ငန်းတွေ ဒီထက်ပိုပြီး ဦးမော့လာမယ်လို့ထင်ပါတယ်။ အင်တာနက်မြန်နှုန်း ကောင်းမွန်မှုအပေါ်တော့ မူတည်ပါတယ်။ အခုလိုလူမှုကွန်ရက်စာမျက်နှာပေါ်ကနေ စီးပွားရေးလုပ်ကိုင်တဲ့အခါမှာ အချိန်တိုအတွင်း လူသိမြန်တယ်။ ဝန်ဆောင်မှုကောင်းကောင်းပေးနိုင်ရင် လုပ်ငန်းတွင်ကျယ်နိုင်ပါတယ်” ဟု မွေးနေ့လက်ဆောင်များကို အိမ်တိုင်ရာရောက ပို့ဆောင်ပေးသည့် ဝန်ဆောင်မှုကို Facebook ပေါ်တွင် လုပ်ကိုင်နေသည့် Birthday Delivery Service မှ တာဝန်ရှိသူ တစ်ဦးက ဆိုသည်။

ယခုလက်ရှိတွင် Facebook စာမျက်နှာကို အသုံးချကာလုပ်ကိုင်နေကြသည့် စီးပွားရေးလုပ်ငန်းများတွင် အွန်လိုင်းရှော့ပင်းလုပ်ငန်းများက လုပ်ငန်းတွင်ကျယ်မှု ပိုမိုများပြားနေပြီး ထပ်မံပေါ်ထွက်လာသည့် အွန်လိုင်းပေါ်မှ စီးပွားရေးလုပ်ငန်းများသည်လည်း ရက်ပိုင်းအတွင်းသိရှိသူ များပြားလာကြောင်း သိရသည်။

“Facebook ကိုသုံးပြီး အွန်လိုင်းစီးပွားရေးလုပ်ရတာ အခုနောက်ပိုင်း ပိုအဆင်ပြေလာတယ်။ အိမ်ခြံမြေရောင်းချင်၊ ဝယ်ချင်တာတွေကို Facebook ကနေတစ်ဆင့် လုပ်နိုင်တဲ့အတွက် အချိန်တိုအတွင်း အလုပ်ဖြစ်တယ်” ဟု အိမ်ခြံမြေလုပ်ငန်းကို Facebook ပေါ်မှ လုပ်ကိုင်နေသူ အမျိုးသမီးတစ်ဦး က ပြောသည်။

ပြည်တွင်း၌အွန်လိုင်းပေါ်မှ စီးပွားရေးလုပ်ငန်းလုပ်ကိုင်နေသူများ အဓိကကြုံတွေ့ရသည့် အခက်အခဲမှာ အင်တာနက်မြန်နှုန်းနှေးကွေးခြင်းဖြစ်ပြီး မကြာမီပေါ်ထွက်လာမည့် ပြည်ပဆက်သွယ်ရေး အော်ပရေတာ များကြောင့် အင်တာနက်ဆက်သွယ်မှုစနစ်များ ပိုမိုကောင်းမွန်လာပါက ၎င်းတို့၏လုပ်ငန်းများ ပိုမိုတွင်ကျယ် လာနိုင်ကြောင်း ပြောကြားကြသည်။

ယုဇနကိုကို
Internet Journal အတွဲ (၁၅)၊ အမှတ် (၁၉)


ဆရာကောင်းတပည့်



သင်္ချာဆရာမတစ်ယောက် စာသင်နေပါတယ်။
 
"တပည့်တို့ သင်္ချာဆိုတာ အရမ်းအရေးကြီးတယ်။ လူလူချင်းပဲ
လိမ်လို့ရတယ်။ သင်္ချာဂဏန်းတွေက လူကိုမလိမ်ဘူး။ ဥပမာ
လူတစ်ယောက် အိမ်တစ်လုံးဆောက်ဖို့ ၁၂ရက်ကြာရင်
လူ၁၂ ယောက်ဆို တစ်ရက်ပဲကြာမယ်၊ လူ၂၈၈ ယောက်ဆို
တစ်နာရီပဲကြာလိမ့်မယ်"

ဒါနဲ့ အတန်းရှေ့ဆုံးမှာထိုင်နေတဲ့ ကျောင်းသားက ပြောလိုက်ပါတယ်။

"ဟုတ်ပါတယ်ဆရာမ။ ၁၇၂၈ဝ ယောက် အိမ်ဆောက်ခိုင်းမယ်
ဆိုရင် တစ်မိနစ်ပဲကြာပါတယ်။ တကယ်လို့ လူ ၁ဝ၃၆၈ဝဝ
ဆောက်ခိုင်းမယ် ဆိုရင် တစ်စက္ကန့်ပဲကြာတော့မှာပါ၊ နောက်ထပ်
ပင်လယ်ကူးသင်္ဘောကြီး တစ်စင်း သမုဒ္ဒရာကိုဖြတ်ဖို့ ၄ရက်ကြာရင်
သင်္ဘော၎စင်း ဖြတ်တဲ့အခါဆို တစ်ရက်ပဲကြာပါတယ်၊
ဂဏန်းတွေက လူကိုမလိမ်တတ်ပါဘူး။ နောက်ပြီး ၂၅ ဒီဂရီ
စင်တီဂရိတ်ရှိတဲ့ ရေနွေး ၄ ခွက်ကို ပေါင်းထည့်လိုက်ရင်
၁ဝဝ ဒီဂရီဖြစ်သွားတာကြောင့် ရေနွေး ပွက်သွားပါတယ်။
ဟုတ်တယ်နော် ချာမ"

ရဲစတိုင်း


ပွေးနာ ၊ ယားနာ ၊ အရေပြားရောဂါများကို သုံပုရာသီးနှင့် ကုမယ်

                    
 
ပွေးနာ ၊ ယားနာ ၊ အရေပြားရောဂါများကို သုံပုရာသီးနှင့် ကုမယ်

သိထားလျှင် အသုံးဝင်မယ့် နည်းလမ်းလေး ဖြစ်ပါတယ်။ အရေပြားမှ ဖြစ်တတ်တဲ့ ယားနာများ ပွေးနာ စတဲ့ရောဂါတွေ အပြင်
အမည်းကွက်များ ပေါက်ခြင်းနှင့် အမွေးများ ကျွတ်ခြင်း စသော ရောဂါ များကို သုံပုရာသီး ရှိရုံဖြင့် ပျောက်ကင်းအောင် ကုသနိုင်ပါတယ်။

သုံပုရာသီး လတ်လတ်ဆတ်ဆတ် တစ်လုံးကို တစ်ခြမ်းခြမ်းလိုက်ပါ။ ထိုခြမ်းပြီးသား အခြမ်းဖြင့် ရောဂါဖြစ်တဲ့ နေရာမျးကို ပွတ်ပေးခြင်းအားဖြင့် ပျောက်ကင်းစေမှာ ဖြစ်ပါတယ်။ သံပုရာသီးမှာ ပါဝင်သော အက်စစ် ဓာတ်ဟာ ပိုးမွှားများကို သေစေနိုင်သည့် အတွက်ကြောင့် ဖြစ်ပါတယ်။

ကျန်းမာရေးနှင့် အလှအပ သတင်းများ

အင်တာနက်လိုင်း ကျဆင်းမှုကြောင့် ATM စက် သုံးစွဲသူများအခက်တွေ့


ပြည်တွင်းပုဂ္ဂလိကဘဏ်များနှင့် ချိတ်ဆက်သုံးစွဲနေကြသည့် အလိုအလျောက်ငွေထုတ်စက် (ATM) များကို အသုံးပြုရာတွင် အင်တာနက်ဆက်သွယ်မှု လိုင်းကျဆင်းမှုကြောင့် စက်ချို့ယွင်းမှုနှင့် မကြာခဏကြုံတွေ့နေရကြောင်း စုံစမ်းသိရသည်။

ပြည်တွင်းအင်တာနက်လိုင်း ဆက်သွယ်မှုလိုင်းကျဆင်းမှုကြောင့် ATM စက်များ ချို့ယွင်းခြင်းသည် ယခင်က ဖြစ်ပေါ်လေ့ရှိသော်လည်း ယခုရက်ပိုင်းအတွင်း ဆက်တိုက်ဖြစ်ပေါ်နေခြင်းဖြစ်ကြောင်း ရန်ကုန်မြို့နေ သုံးစွဲသူတချို့ထံမှ သိရသည်။

“ရန်ကုန်မြို့ထဲက ATM စက်တစ်ခုမှာ ငွေထုတ်ဖို့ကတ်ထည့်တော့ ကွန်နက်ရှင်ကျနေလို့မရခဲ့ဘူး။ နောက်တစ်ခေါက်ကလည်း ရန်ကုန်မှာပဲ။ ကွန်နက်ရှင်ကျလို့ ထုတ်လို့မရပြန်ဘူး။ ကျွန်မအတွက်တော့ နှစ်ကြိမ်ပဲ ဒီပြဿနာကြုံရပေမယ့် ဖြစ်ကိုမဖြစ်သင့်တဲ့ ချို့ယွင်းမှုပါ။ ကျွန်မလိုပဲ တခြားသူတွေလည်း ဒီပြဿနာကြုံရတယ်လို့ သိရတယ်” ဟု ရန်ကုန်မြို့နေအမျိုးသမီးတစ်ဦးက သူမ၏ အတွေ့အကြုံကို ပြောသည်။

ထို့အပြင် ပုဂ္ဂလိကဘဏ်အချို့မှ ဝန်ဆောင်မှုပေးနေသည့် နိုင်ငံတကာသုံး  ငွေပေးချေရေးကတ်များကို သုံးစွဲရာ၌လည်း အခက်အခဲအချို့နှင့် ကြုံတွေ့နေရကြောင်း သုံးစွဲသူတချို့က ပြောသည်။

“ပြည်ပနိုင်ငံတွေမှာ သုံးလို့ရတဲ့ ငွေပေးချေရေးကတ်တွေ၊ ကတ်တွေနဲ့ပတ်သက်ပြီး သုံးစွဲတဲ့အခါ အဆင်မပြေတာတွေ မဖြစ်အောင် ဘဏ်တွေဘက်ကနေ သေသေချာချာရှင်းပြတာတွေ၊ ပညာပေးတာတွေ လုပ်ပေးဖို့လိုတယ်လို့ မြင်ပါတယ်။ ပြီးတော့ ဒီလိုကတ်တွေကိုသုံးတဲ့အခါ အသုံးပြုတဲ့သူအများစု နားလည်လွယ်မယ့်စနစ်တွေကိုပဲ ထည့်သွင်းသင့်ပါတယ်။ သူများနိုင်ငံရောက်ပြီးမှ ကိုယ့်ဆီက နည်းပညာမကောင်းလို့ မျက်နှာငယ်ရတဲ့အဖြစ် တခြားသူတွေလည်းဖြစ်ကြတာတွေ့နေရတယ်” ဟု မကြာသေးမီရက်ပိုင်းက ထိုင်းနိုင်ငံ၊ ဘန်ကောက်တွင် ပြည်တွင်းပုဂ္ဂလိကဘဏ်တစ်ခုမှ ထုတ်လုပ်သည့် နိုင်ငံတကာသုံး အီလက်ထရွန်နစ် ငွေပေးချေရေးကတ်သုံးစွဲရာတွင် အဆင်မပြေဖြစ်ခဲ့ရသည့် အမျိုးသမီးတစ်ဦးက ဆိုသည်။

ယခုကဲ့သို့  ပြည်တွင်းမှ ATM စက်များ အင်တာနက်မြန်နှုန်းကြောင့် အခက်အခဲကြုံတွေ့နေရသကဲ့သို့  POS (Point of Sale) စက်များသည်လည်း အလားတူပြဿနာမျိုးကြောင့် သုံးစွဲသူများ နည်းပါးနေဆဲဖြစ်သည်ဟု စုံစမ်းသိရသည်။


ယုဇနကိုကို
Internet Journal


အစားမလျှော့ဘဲ ကိုယ်အလေးချိန် ကျစေမည့်နည်းလမ်းများ


အစားအသောက်ကို အလွန်အမင်း လျှော့စရာ မလိုဘဲ ကိုယ်အလေးချိန် လျော့ကျလိုပါသလား။ အစားအသောက် မလျှော့ဘဲ ဝိတ်ကျချင်သူတွေအတွက် ဘဝနေထိုင်မှုပုံစံတချို့ ပြောင်းလဲလိုက်ရုံနဲ့ အဆင်ပြေသွားစေမယ့် နည်းလမ်း ကောင်းတွေကို ဖော်ပြပေးလိုက်ပါတယ်။

၁။ အိပ်ရေးဝဝ အိပ်ပါ။
မီချီဂန် တက္ကသိုလ်ရဲ့ လေ့လာမှု တစ်ခုအရ တစ်ညမှာ တစ်နာရီ ပိုအိပ်တာနဲ့ တစ်နှစ်ကြာရင် ကိုယ်အလေးချိန် ၁၄ ပေါင် ကျဆင်းသွားကြောင်း သိရပါတယ်။ အိပ်ရေးဝခြင်းက ဆာလောင်စိတ်ကို အထိုက်အလျောက် တားဆီးပေးနိုင်တာ ကြောင့် ဖြစ်ပါတယ်။

၂။ အိမ်မှာ စားပါ။
အိမ်မှာ ချက်ထားတဲ့ အစားအစာတွေကို တစ်ပတ်မှာ အနည်းဆုံး ငါးရက်စားသူတွေဟာ ခန္ဓာကိုယ် သွယ်လျလာတတ် ကြပါတယ်။ ဒါဟာ ဆိုင်တွေမှာ ချက်ပြုတ်တဲ့ အစားအသောက် အများစုဟာ ကျန်းမာရေးနဲ့ မညီညွတ်တဲ့ အဆီပါဝင်မှု များတာကြောင့်ပါ။

၃။ အစားကို ဖြည်းဖြည်းချင်း စားပါ။
အစားအသောက် တစ်နပ်စားချိန်ကို မိနစ် ၂၀ ကြာ အချိန်ပေးပါ။ အစာစားတဲ့အခါ ဖြည်းဖြည်းချင်း ကြေညက်အောင် ဝါးစားပေးရန် ခန္ဓာကိုယ်ကနေ မကြာခင်မှာပဲ ဗိုက်ပြည့်ကြောင်း အချက်ပြပါလိမ့်မည်။ အစားအသောက်ကို အမြန်စား ရင်တော့ ဗိုက်ပြည့်ကြောင်း အချက်ပြသံကို သတိမထားမိဘဲ အလွန်အကျွံ စားဖြစ်သွားပါတယ်။

၎။ ဟင်းသီးဟင်းရွက် များများစားပါ။
အစာ တစ်နပ်စားတိုင်း ဟင်းသီးဟင်းရွက် သုံးမျိုးပါအောင် စားပါ။ အစားအသောက်ကို များများ စားရမှ ကျေနပ်တတ် သူတွေ အနေနဲ့ ဟင်းသီးဟင်းရွက်ကို များများ စားပေးလိုက်တာဟာ စိတ်ကျေနပ်မှု ရစေသလို ကိုယ်အလေးချိန်လည်း လျော့ကျစေနိုင်ပါတယ်။ ဟင်းသီးဟင်းရွက်နဲ့ အသီးအနှံထဲမှာ အမျှင်ဓာတ်နဲ့ ရေဓာတ်သာ အဓိကပါပြီး ကယ်လိုရီ ပါဝင် မှု နည်းပါးတာကြောင့်ပါ။

၅။ ကောက်နှံတစ်လုံးနဲ့ ပြုလုပ်ထားတဲ့ အစာ စားပါ။
“ဆန်လုံးညို၊ ဘာလီ၊ အုတ်ဂျုံ၊ အညိုရောင်ပေါင်မုန့် စတာတွေဟာ ဝိတ်လျှော့လိုသူတို့အတွက် အသင့်တော်ဆုံးပါပဲ။ အကြောင်းကတော့ ကောက်နှံတစ်လုံးနဲ့ လုပ်ထားတဲ့ အစားအသောက်တွေဟာ ကယ်လိုရီ ပါဝင်မှု နည်းပြီး ခန္ဓာကိုယ် ထဲမှာ ကောင်းတဲ့ ကိုလက်စထရော မြင့်တက်စေတာကြောင့်ပါ။

၆။ ဝက်ပေါက်ခြောက် ရှောင်ပါ။
နံနက်စာ စားတဲ့အခါမှာ ဆင်းဒဝစ်ရှ် စားတဲ့အခါ ဝက်ပေါင်ခြောက် မစားပါနဲ့။ ဝက်ပေါင်ခြောက် နှစ်ချောင်းမှာ ကယ်လိုရီ ၁၀၀ လောက် ပါဝင်တဲ့အတွက် တစ်နှစ်ကြာရင် ကိုယ်အလေးချိန် ၁၀ ပေါင် တက်လာနိုင်ပါတယ်။ ဟမ်ဘာဂါ ဒါမှမဟုတ် ဆင်းဒဝစ်ရှ် စားတဲ့အခါ ဟင်းသီးဟင်းရွက် ပါဝင်တာကိုသာ ရွေးစားပါ။

၇။ သကြား မစားရပါ။
အချိုရည်အစား ရေပြောင်းသောက်လိုက်ရင် သကြား လက်ဖက်စားဇွန်း တစ်ဇွန်းလောက်   ရှောင်ရှားရာ ရောက်ပါတယ်။ သကြားဟာ ကိုယ်အလေးချိန် တက်စေတဲ့အပြင် စိတ်ကိုပါ ထိုင်းမှိုင်း ညှိုးနွမ်းစေပါတယ်။

၈။ အယ်လ်ကိုဟော ပမာဏ ကန့်သတ်ပါ။
အရက်ပါတဲ့ လူမှုရေးဝိုင်းတွေ သွားတဲ့အခါ ကော့တေး၊ ဘီယာ၊ ဝိုင်၊ အရက် စတာတွေကို အရင်ဆုံး လက်လှမ်းမယ့် အစား ရေကို အရင်ဆုံး သောက်ပါ။ အရက်သောက်မိသွားတဲ့အခါ အရက်ကြောင့် ကယ်လိုရီ ရှိစေတဲ့အပြင် အဟာရ တန်ဖိုးနည်းတဲ့ အစားအသောက်တွေကိုပါ မဆင်မခြင်ဘဲ စားမိသွားစေနိုင်ပါတယ်။

၉။ လက်ဖက်စိမ်း လက်ဖက်ရည် သောက်ပါ။

လက်ဖက်စိမ်း လက်ဖက်ရည် သောက်တာဟာ ကိုယ်အလေးချိန် လျော့ကျစေမယ့် နည်းလမ်းကောင်း တစ်ခုပါပဲ။ လက်ဖက်စိမ်း လက်ဖက်ရည်ဟာ ခန္ဓာကိုယ်ရဲ့ ကယ်လိုရီ လောင်ကျွမ်းစေတဲ့ ဇီဝရုပ်ဖြစ်ပျက်မှုကို အားကောင်းစေ တာကြောင့်ပါ။ လက်ဖက်စိမ်း လက်ဖက်ရည် ပမာဏ အနည်းငယ် သောက်ရင်တောင် စိတ်ကို လန်းဆန်း သွားစေနိုင်ပါတယ်။

၁ဝ။ ယောဂ ကျင့်ပါ။
ယောဂကျင့်တဲ့ အမျိုးသမီးတွေဟာ ယောဂ မကျင့်သူတွေထက် ကိုယ်အလေးချိန် နည်းကြကြောင်း အမေရိကန် အာဟာရ အဖွဲ့အစည်းက ဆိုပါတယ်။ အကြောင်းကတော့ ယောဂကျင့်သူတွေဟာ အစားအသောက်ကို အလွန်အကြူး စားတတ်တဲ့အကျင့် မရှိကြတာကြောင့်ပါ။ ယောဂကျင့်တာကြောင့် စိတ်တည်ငြိမ် အေးချမ်းနေတဲ့အတွက် အစား အသောက်ကိုလည်း သင့်တင့်တဲ့ ပမာဏသာ စားသောက်လေ့ရှိတာ ဖြစ်နိုင်ကြောင်း သုတေသီတွေက ဆိုပါတယ်။

၁၁။ သကြားမပါသော ပီကေ ဝါးပါ။
သကြားမပါတဲ့ ပီကေ ဝါးတာဟာ သွားရေစာ စားချင်စိတ် လျော့နည်းစေတတ်ပါတယ်။ တီဗီကြည့်ရင်း ဒါမှမဟုတ် အင်တာနက်သုံးရင်း ညစာ စားပါက သွားရေစာ စားချင်စိတ် ပြင်းပြနိုင်ပါတယ်။ သကြားမပါတဲ့ အနံ့မွှေးတဲ့ ပီကေ ဝါးပေးရင် တခြား သွားရေစာတွေ စားချင်စိတ် လျော့သွားနိုင်ပါတယ်။

၁၂။ တစ်နေ့မှာ ကယ်လိုရီ ၁၀၀ လောင်ကျွမ်းအောင်လုပ်ပါ။
အစား မလျှော့ဘဲ တစ်နှစ်မှာ ကိုယ်အလေးချိန် ၁၀ ပေါင် ကျချင်ရင် တစ်နေ့မှာ ကယ်လိုရီ ၁၀၀ ကျဖို့အတွက် မိနစ် ၂၀ ကြာ တစ်မိုင် လမ်းလျှောက်ခြင်း၊ မိနစ် ၂၀ ကြာ ဥယျာဉ် စိုက်ပျိုးခြင်း၊ မိနစ် ၃၀ ကြာ အိမ်သန့်ရှင်းရေး လုပ်ခြင်း၊ ၁၀ မိနစ်ကြာ လမ်းအမြန်လျှောက်ခြင်း စတဲ့ နှစ်သက်ရာ လှုပ်ရှားမှုတစ်ခု လုပ်ပေးလိုက်ပါ။

၁၃။ အသားမပါတဲ့ အာဟာရကို မကြာခဏ စားပါ။
သားသတ်လွတ် စားတာဟာ ကိုယ်အလေးချိန်ကို သွယ်လျစေကြောင်း Web MD သုတေသနအရ သိရပါတယ်။ ပျမ်းမျှအားဖြင့် သားသတ်လွတ် စားသူတွေဟာ အသားစားသူတွေထက် ၂၀ ရာခိုင်နှုန်း ကိုယ်အလေးချိန် လျော့ကျ နေပါတယ်။ ပဲနီလေး စွပ်ပြုတ်၊ ပဲအမျိုးမျိုးပါတဲ့ ဟင်းလျာတွေဟာ အမျှင်ဓာတ်ပါပြီး အာဟာရဓာတ် ရရှိစေကာ ခန္ဓာကိုယ်သွယ်လျ ကျန်းမာစေပါတယ်။

Credit : Health Articles


ကိုယ့်ကိုယ်ကိုယ်ပြန်လက်ထပ်တဲ့ အမျိုးသမီး


ချန်ဝီရီး ဆိုသော ထိုင်ဝမ်မှ အမျိုးသမီး သည်  မိတ်ဆွေ အယောက် ၃၀ နှင့်အတူ သူမ၏ မင်္ဂလာပွဲ ကျင်းပရန် မင်္ဂလာခန်းမ ငှါးရမ်းလိုက်ပါသည်။ သို့သော် ဤမင်္ဂလာဆောင်အတွက် သတိုးသား မရှိပါ။
သူမမိမိကိုယ်မိပြန်လက်ထပ်မည်ဖြစ်သည်။

 သူမနှင့် လပ်ထပ်ရန် ရည်ရွယ်ထားသူ အမျိုးသားတဦးမှာ ခြောက်တိခြောက်ကပ်နိုင်ပြီး လပ်ထပ်ရန် လူမှုရေးပြသနာများရှိနေသောကြောင့် ချန် ဟာ မိမိကိုယ်မိမိပြန်လပ်ထပ်ရန် စီစဉ်ခဲပါသည်။

အသက် ၃၀ ဆိုတာ ကျွန်မအတွက် အရွယ်ကောင်းပါပဲ၊ ကျွန်မမှာ လုံလောက်တဲ့ အတွေ့အကြုံ နဲ့ အလုပ်အကိုင်ရှိပါတယ်။ ဒါပေမယ့် ကျွန်မအတွတ် ဘဝလက်တွဲဖော်ကို ရှာလို့မတွေ့နိုင်ခဲ့ပါဘူး။
ကျွန်မက လပ်ထပ်တာကို မကောင်းဘူးဆိုတဲ့ အမြင်မျိုးရှိတာမဟုတ်ပါဘူး။ အစဉ်အလာရိုးရာ တွေနဲ့ ကွဲပြားခြားနားတဲ့ အယူအဆ အသစ်တခုကိုတော့ ဖော်ပြလိုက်မိတယ်လို့တော့ထင်ပါတယ်။




ထိုကဲ့သို့ မိမိကိုယ်မိ လပ်ထပ်ရန်အကြောင်းကို social site တွင်ကြေငြာပြီးသောအခါ စာနာသနားကြသော comments ပေါင်း ၁၈၀၀ ကျော် နှင့် လပ်ဖွဲ့ငွေ ဒေါ်လာ ၅၆၇၅ ကိုလက်ခံရရှိခဲ့ပါသည်။

သုသေသနပြုချက်များအရ ထိုင်ဝမ် အမျိုးသမီး ၄၀ ရာခိုင်နှုန်း သာ လပ်ထပ်ကြပြီး အများစုမှာ အိမ်ထောင်မပြုပဲ တဦးတည်း နေထိုင်ခြင်းကပိုကောင်းတယ်လို့ ယူဆကြပါသည်။

ဩစတြေးယားကို honey moon ထွက်မဲ့ ချန်က လူအများစုကတော့မိမိကိုယ်ကို ချစ်ကြပါလိမ့်မယ်လို့ ကျွန်မထင်ပါတယ်လို့ ပြောခဲ့ပါတယ်။သူမ၏အမေ က လပ်ထပ်ရန် သတိုးသားရှာရန် တိုက်တွန်းနေသည့်ကြားမှ တဦးတည်း လပ်ထပ်ရန် စီစဉ်ခဲ့ပါတယ် လို့ ထပ်မံပြောကြားခဲ့ပါတယ်။

ကျွန်မမှာ သေချာတဲ့ လက်တွဲဖော်သာရှိရင် အဲ့ဒီလို ကျွန်မ မလုပ်ပါဘူး။ ဘာပဲဖြစ်ဖြစ် အခုလိုလုပ်လိုက်တာဟာ သူ( သူမ၏ ရည်းစား ) ကို အနာတရဖြစ်စေမှာပါပဲ ဟု ဆိုလေတော့သည်။

M4F


ကမ္ဘာ့တန်းကြေး အမြင့်ဆုံး ကားများစာရင်းထုတ်ပြန်


မကြာသေးခင်ကပဲ လက်ရှိ ကားလောကမှာ တန်ကြေး အမြင့်ဆုံး ကားများစာရင်း ထွက်ပေါ်လာတာ တွေ့ရပြီးတော့ အရင်က ထုတ်ပြန်ထားခဲ့တဲ့ စာရင်းများ အတိုင်းဆိုရင် ထိပ်ဆုံးကျတဲ့ အပိုင်းတွေမှာတော့ အပြောင်းအလဲ များများစားစား မတွေ့ရပဲ အဆင့်(၅)နဲ့ နောက်ပိုင်းကျတဲ့ မော်ဒယ်တချို့မှာပဲ နေရာ အပြောင်းအလဲ အနည်းငယ် ရှိတာ တွေ့ရပါတယ်။

လက်ရှိ တန်ကြေးအမြင့်ဆုံး မော်တော်ကားနေရာမှာတော့ အရင်ကတည်းက ကမ္ဘာ့တန်ကြေး အမြင့်ဆုံး ကားအဖြစ်ရပ်တည်နေခဲ့တဲ့ Ferrariရဲ့ 250 GTOက ဆက်လက် ရပ်တည်နေနိုင်တာ တွေ့ရပြီး တန်ကြေးကတော့ အမေရိကန် ဒေါ်လာ ၂၈၅၀၀၀၀၀ရှိမှာ ဖြစ်ပါတယ်။ အဆိုပါ မော်ဒယ်ဟာ ဆိုရင် အင်ဂျင်အပိုင်းမှာ ၃.၀လီတာသုံး V12အင်ဂျင်ကို တပ်ဆင်ထားတာ တွေ့ရပြီးတော့ နောက်ဘီးယက် စနစ်ဖြစ်ကာ ၁၉၆၂ခုနှစ်က ထုတ်လုပ်ခဲ့တဲ့ မော်ဒယ် ဖြစ်ပါတယ်။ အမြန်ဆုံး မောင်းနှင်နိုင်မယ့် နှုန်းကတော့ တစ်နာရီကို မြင်းကောင်ရေ ၃၀၂ကောင်အားကို သုံးပြီးတော့ ၁၇၄မိုင်နှုန်းထိအောင် မောင်းနှင်နိုင်မှာ ဖြစ်ပါတယ်။

ဒုတိယ နေရာမှာတော့ Ferrariရဲ့ 250 Testa Rossaက ရပ်တည်နေပြီးတော့ ၁၉၅၈ခုနှစ်ထုတ် မော်ဒယ် ဖြစ်ကာ ၃.၀လီတာသုံး V12အင်ဂျင်တပ် နောက်ဘီးယက် မော်ဒယ်ဖြစ်ကာ တန်ကြေးကတော့ ဒေါ်လာ ၁၆၄၀၀ ၀၀၀ရှိမှာ ဖြစ်ပါတယ်။ သူ့နောက်မှာတော့ တန်ကြေး ဒေါ်လာ ၁၅၀၀၀ ၀၀၀တန်ကြေးရှိ Jagaur XJ13က တတိယနေရာနဲ့ ဒေါ်လာ ၁၀၀၀၀ ၀၀၀တန် Mercedes-Benz SLR McLaren 999 Red Golden Dream Ueli Anlikerက စတုတ္ထ၊ Ferrari 330 P4က တန်ကြေး ဒေါ်လာ ၉၀၀၀ ၀၀၀နဲ့ ပဉ္စမရပ်တည်တာ တွေ့ရပါတယ်။ နောက်ဆက်တွဲ အနေနဲ့ Maybach Exeleroက တန်ကြေး ဒေါ်လာ ၈၀၀၀ ၀၀၀၊ Rolls-Royce Hyperion Pininfarinaက တန်ကြေး ဒေါ်လာ ၆၀၀၀ ၀၀၀၊ Lamborghini Veneno Roadsterက တန်ကြေးဒေါ်လာ ၅၆၀၀ ၀၀၀၊ Zenvo ST1က တန်ကြေးဒေါ်လာ ၅၅၀၀ ၀၀၀၊ Lamborghini Venenoက တန်ကြေးဒေါ်လာ ၅၃၀၀ ၀၀၀စသဖြင့် အစဉ်လိုက် ရပ်တည်နေတာ တွေ့ရပါတယ်။

လင်းလင်း (IA)
TechSpace Journal 


ဖွဲ့စည်းပုံ ပြင်နိုင်ရေး အလားအလာ

NLD လွှတ်တော်အတွင်း ဝင်ရောက်ခဲ့စဉ်

လွှတ်တော်တွင်း အခြေခံ ဥပဒေ ပြင်ဆင်ရေး လုပ်ငန်းတွေ ကို၊ ၂၀၁၅ ရွေးကောက်ပွဲ မတိုင်မီ ၆ လ အလို နောက်ဆုံးထားပြီး လုပ်ဆောင်သွား ဖို့၊ သတ်မှတ် ဆောင်ရွက်နေတာ ဖြစ်ကြောင်း၊ အခြေခံ ဥပဒေ ပြင်ဆင်ရေး အကောင်အထည်ဖော်မှု ကော်မတီရဲ့ အဖွဲ့ဝင် တစ်ဦးဖြစ်တဲ့ အမျိုးသား ဒီမိုကရေစီ အင်အားစု ပါတီ NDF ရဲ့ ဒုတိယ ဥက္ကဌ ဦးစိုးဝင်း က ဘီဘီစီ ကို ပြောပါတယ်။

အခြေခံဥပဒေ ပြင်ဆင်ရေး အပေါ်၊ လွှတ်တော်ကော်မတီဝင် စစ်တပ် ကိုယ်စားလှယ်တွေ အနေနဲ့၊ လုံးဝ အပြင် မခံနိုင်ဘူး ဆိုတဲ့ သဘောထား တင်းမာမှုမျိုး ကို မတွေ့ရပဲ၊ ဉပဒေနဲ့ အညီ၊ အားလုံး ညှိညှိ နှိုင်းနှိုင်း ဆောင်ရွက် သွားရမယ့် သဘော ဖြစ်ပါတယ် ဆိုပြီး၊ ဦးစိုးဝင်းက သုံးသပ်ပါတယ်။

အခြေခံဥပဒေ ပြင်ဆင်ရေး လုပ်ငန်းတွေ ကို ဆောင်ရွက်ကြတဲ့ အခါမှာ၊ ကော်မတီရဲ့ သဘောထား တစ်ခုတည်းနဲ့ မဟုတ်ပဲ၊ ပြည်ထောင်စု လွှတ်တော်ကို တင်ပြပြီး၊ အများ သဘောနဲ့ ဆုံးဖြတ် သွားကြရမယ့် ကိစ္စမျိုးတွေလည်း ရှိကြောင်း ဦးစိုးဝင်းက ဆိုပါတယ်။

ဒါ့ကြောင့်၊ အခုရက်ပိုင်း အတွင်းကပဲ ဒေါ်အောင်ဆန်းစုကြည်က စစ်တပ်ကို တောင်းဆို လိုက်တဲ့၊ ဒီနှစ်မကုန်ခင် အခြေခံဥပဒေ ပြင်ဆင်နိုင်အောင် လုပ်ပြပါဆိုတာနဲ့ ပတ်သက်ပြီး၊ တကယ် ဒီနှစ်ကုန် အမီ လွှတ်တော်တွင်း ဆောင်ရွက်သွားနိုင်မှု ရှိမရှိ အပေါ်၊ ယတိပြတ် ပြောလို့ မရနိုင်ဘူး လို့ ဦးစိုးဝင်းက ပြောပါတယ်။

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချူပ်နဲ့ ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနဲ့ ပွင့်လင်း လူ့အဖွဲ့အစည်းတို့ ပူးပေါင်းပြီး၊ အခြေခံ ဥပဒေ ပြင်ဆင်နိုင်ရေးမှာ အခရာကျနေတဲ့ ပုဒ်မ ၄၃၆ကို စတင် ပြောင်းလဲဖို့၊ လူထုလှုပ်ရှားမှုတွေ ပြုလုပ်လာနေပါတယ်။

အခြေခံ ဥပဒေပြင်ဆင်ရေး အကောင်အထည်ဖော်မှု လွှတ်တော် ကော်မတီကလည်း၊ ပြီးခဲ့တဲ့ မေ ၁၅ ရက်နေ့က စလို့ လွှတ်တော်တွင်းမှာ အစည်းအဝေး ခေါ်ယူ ဆွေးနွေးနေကြပါတယ်။

bbc burmese


ငါးလအတွင်း ၃၇ ပေါင်ကျခဲ့တဲ့ တင်ဇာမော်ရဲ့ ၀ိတ်ချနည်း

 
 
Classic Burma News
 
 
ငါးလအတွင်း ၃၇ ပေါင်ကျခဲ့တဲ့ တင်ဇာမော်ရဲ့ ၀ိတ်ချနည်း
=============================
အစားအသောက်ဖြင့် ခန္ဓာကိုယ် ၀ိတ်ကို ထိန်းသိမ်းကာ ငါးလအတွင်း ၃၇ ပေါင်ကျအောင် ပြုလုပ်နိုင်ခဲ့ပြီး နောက်ထပ်ဘော် ဒီဝိတ်ကျအောင် ထပ်မံကြိုးစား ဦးမည်ဟု အဆိုတော်မတင်ဇာ မော်ကပြောသည်။

‘‘အစားထိန်းတာ တစ်ခုတည်းနဲ့ ငါးလနီးပါးအတွင်း လေ့ကျင့်ခန်းမလို၊ ပိန်ဆေးမလိုဘဲ ၀ိတ်ကျနိုင် တယ်ဆိုတာ ယုံပြီလား။ ဒီဇင် ဘာလလယ် ၂၀၁၃ မှာ ပေါင်ချိန် ၁၆၀ နီးပါးကနေ မေလလယ် ၂၀၁၄ မှာ ၁၂၃ ပေါင်ကျန်တယ်။ ဆက်ကြိုးစားမယ်။ နောက်ထပ် ၁၀ ပေါင်လောက်ကျရင်တော်ပြီ’’ ဟု တင်ဇာမော်က ၎င်းဖေ့စ်ဘွတ်ခ် စာမျက်နှာတွင် ရေးသားထားသည်။ထိုကဲ့သို့ ရေးသားထားသော စာနှင့် အတူလွန်ခဲ့သော ငါးလကပုံနှင့် ယခုပုံ၊ ဓာတ်ပုံနှစ်ပုံ ယှဉ်တွဲကာ ပြသထားသည်ကို ပရိသတ်များ အံ့အားသင့်ခဲ့ပြီး တင်ဇာမော်၏ ၀ိတ်ချနည်းကို အများစုစိတ်ဝင် စားခဲ့ကြသည်။

‘‘ထမင်း၊ ဂျုံ၊ အာလူး မစား ဘူး။ သိပ်စားချင်လွန်းမှ ထမင်း စားဇွန်း လေးဇွန်းစာ၊ တစ်ပတ် လုံး သုံးကြိမ်အများဆုံးစားတယ်။ အသီးအရွက်ပြုတ်ဆီနည်းနည်း သုံး၊ အသုပ်ဆီနည်းနည်းပဲသုံး၊ ကြက်သားမှာ အရေခွံမစားဘူး။ ၀က်သားရှောင်တယ်။ ငါးများများစား။
ဘာစားစားဆာမှစား။ တစ် ခါစားရင် နည်းနည်းပဲ ဗိုက်ပြည့် ရုံပဲစား။ အရသာခံဖို့ မစားနဲ့။ ကျန်းမာရေးနဲ့ညီတာကို မကြိုက် လည်းစား။ နှမြောစာနဲ့ အားနာစာ လုံးဝရှောင်’’ဟု တင်ဇာမော်က ၎င်း၏ ၀ိတ်ချနည်းကို အွန်လိုင်း မှ တစ်ဆင့်ဖြေကြားပေးခဲ့သည်။

ရန်ကုန်တွင် အခြားဖျော်ဖြေ ပွဲများနှင့် နောက်ဆုံး မေလ၁၃ ရက်က တေးရေးမြင့်မိုးအောင်၏ သီချင်းများကို တစ်ကိုယ်တော်ပြန်လည် သီဆိုခဲ့သည်။ တင်ဇာမော်၏ သီဆိုနိုင်မှုစွမ်းအားကို ပရိသတ်များက အားပေး၊ ချီးကျူးခဲ့ပြီး အောင်မြင်သည့် ဖျော်ဖြေပွဲတစ်ခုဖြစ်ခဲ့သည်။ တင်ဇာမော်သည် မေလ ၁၇ရက်က အင်္ဂလန်သို့ ပြန်သွားခဲ့သည်။

http://7daydaily.com/story/11195#.U3ox1vldV9l


ဘာင်းဘီအောက်လျှော မဝတ်ရ ဥပဒေထုတ်


Yangon Media Group added 3 new photos.
ဘောင်းဘီအောက်လျှော မဝတ်ရ ဥပဒေထုတ်
================================
အမေရိကန်ပြည်ထောင်စု တန်နက်စီပြည် နယ်မှာ ထူးခြားတဲ့ ဥပဒေစည်းမျဉ်းတစ်ခုကို ထုတ်ပြန် ခဲ့ပါတယ်။ အဲဒီဥပဒေစည်းမျဉ်းကတော့ ဘောင်းဘီ ဝတ်တဲ့အခါမှာ တင်ပါးအောက် သုံးလက်မလျှော့ချကာ မဝတ်ရဆိုတဲ့ စည်းမျဉ်းဥပဒေဖြစ်ပါတယ်။

ပီကီဘဲလေ့စီရင်စုတွေမှာရှိတဲ့ မြို့နယ် ကောင်စီကလည်း တညီတညွတ်တည်း အဆိုပါ စည်းမျဉ်းဥပေဒကို အတည်ပြုခဲ့ကြပါတယ်လို့ သိရ ပါတယ်။ တန်နက်စီပြည်နယ်အတွင်းမှာ နေထိုင်တဲ့ လူငယ်တွေ မတော်မတရားဝတ်စားဆင်ယင်မှုများ ပပျောက်ရန် သက်ဆိုင်ရာအရာရှိများကလည်း ထုတ် ပြန်ကြေညာထားခဲ့ကြောင်းကို မြို့တော်ဝန် Phil Cagle က တိုင်းမ်သတင်းစာကို ပြောဆိုခဲ့တယ်လို့ သိရပါတယ်။
အဆိုပါဥပဒေစည်းမျဉ်းစည်းကမ်းကို ချိုးဖောက်တဲ့သူတွေက ၂၅ဒေါ်လာနီးပါး ပေး ဆောင်ရမယ်ဖြစ်တယ်လို့ သိရပါတယ်။
ယင်းပြည်နယ်ဥပဒေက စည်းမျဉ်း စည်းကမ်းက မတော်မတရား ဝတ်စားဆင်ယင် မှုပပျောက်ရန် ရည်ရွယ်ကာ ဘောင်းဘီဝတ် ဆင်ရာတွင် တင်ပါးအောက်သုံးလက်မထက် လျှော့ချမဝတ်ဆင်ရလို့ ဥပဒေထုတ်ပြန်ခဲ့ခြင်း ဖြစ်တယ်လို့ သိရပါတယ်။
Ref: UPI
----------------------------------------------------------------------
Flower News Journal | အတွဲ ၁၀ ၊ အမှတ် ၁၉


သူရဦးရွှေမန်း၏ ခမည်းခမက် ဇေကမ္ဘာဦးခင်ရွှေ ထီးဖြူဆောင်းသည့် အခမ်းအနား ဝေဖန်မှု မြင့်တက်

 
ထိုင်းနိုင်ငံ တက္ကသိုလ်တစ်ခုမှ ဂုဏ်ထူးဆောင်တံဆိပ်ပေးအပ်သည့် အခမ်းအနား မှတ်တမ်း ဓါတ်ပုံများ ထွက်ပေါ်လာရာ ဗုဒ္ဓဘာသာဝင်များအကြား ဝေဖန်မှုများ မြင့်တက်နေကြောင်း သိရသည်။

ပြည်ထောင်စုလွှတ်တော် နာယက၊ ပြည်သူ့လွှတ်တော်ဥက္ကဌ သူရဦးရွှေမန်း၏ ခမည်းခမက်တော်စပ်သူ ဇေကမ္ဘာဦးခင်ရွှေသည် ထိုင်း တက္ကသိုလ်တစ်ခုမှ ပေးအပ်သော ဂုဏ်ထူးဆောင်တံဆိပ်တစ်ခု လက်ခံ ယူရာတွင် ဗုဒ္ဓရုပ်ပွားတော်အထက်တွင် နေရာယူထားရုံမက ဘုရားဆင်းတုတော်တွင် ထီးဖြူမဆောင်းဘဲ ၄င်းကို ထီးဖြူဆောင်းထားပြီး အခမ်းအနား ကျင်းပခဲ့ခြင်း ဖြစ်သည်။

မြန်မာ့ထုံးတမ်းဓလေ့အရ ထီးဖြူဆောင်းသည် ဆိုသည်မှာ ဘုရား ရဟန်းသံဃာ ရှင်ဘုရင်မင်းမြတ်များသာလျှင် ဆောင်းရကြောင်း၊ ရှေးခေတ်က မြန်မာရှင်ဘုရင်မင်းအဆက်ဆက် ဆောင်းတော်မူခဲ့သော ထီးဖြူငါးပါးဖြစ်သည့် မင်းစံတော်မူသော သလွန်ထက်ဖွင့်လျက် အမြဲစိုက်ထားသောထီး၌ ရတနာ ၇ ပါးစီခြယ်ထားသော ကြဋ္ဌာန်းထီးဖြူ၊၊ တစ်နှစ်တစ်ကြိမ် သဘင်ခံရာ ဖွင့်ဆောင်းသော ထီး၌ န၀ရတ်ကိုးပါး စီခြယ်ထားသော ဥရူထီးဖြူ၊၊ ထွက်ဝင်မပြတ်ဆောင်းတော် ရွှေရိုးရွှေထွက်နှင့် တမ္ဗတ်ထီးဖြူ၊၊ တစ်တိုင်းတစ်ပြည်က သံကြီး တမန်ကြီး ရောက်လာသော် အရိုးအထွတ်အရွက်တို့၌ ရတနာ ၉ ပါး စီခြယ်ထားသော ကနက္ကဒါဏ်ထီးဖြူနှင့် ဆင်ယာဉ်၊ မြင်းယာဉ်တို့၌ ဆောင်းသော အရိုး၊ အထွက် ရွှေခြယ်သော သမုတိ ထီးဖြူ ဟူ၍ ထီးဖြူ ၅ ပါးရှိကြောင်း၊ ယခု ဦးခင်ရွှေကိုယ်တိုင် ထီးဖြူဆောင်းထားခြင်းမှာ ဘုရား၊ သံဃာ၊ ရှင်ဘုရင်နှင့် တစ်တန်းတည်းထားနေခြင်း ဖြစ်ကြောင်း ရှေးရိုးပညာရှိများက ဝေဖန်လျက် ရှိသည်။

ဦးခင်ရွှေသည် သာသနာ့နုဂ္ဂဟ အသင်းကို ထူထောင်ထားရှိပြီး ရရှိထားသော ဒေါက်တာဘွဲ့ကိုလည်း လိမ်ညာရယူထားခြင်းဖြစ်ကြောင်း ဝေဖန်မှုများ ပေါ်ထွက်ခဲ့သူ ဖြစ်သည်။

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီကို ကိုယ်စားပြု၍ အမျိုးသား လွှတ်တော်တွင် ၀င်ရောက်ယှဉ်ပြိုင်ခဲ့ပြီး ဥပဒေပြုအမတ် ဖြစ်လာခဲ့သော ဦးခင်ရွှေသည် NLD ပါတီဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်၏ မဲဆန္ဒနယ်မြေတွင် လိုအပ်သည်များကို ငွေကြေးစိုက်ထုတ်၍ ပံ့ပိုးကူညီထားသူ ဖြစ်ကြောင်း၊ ထိုသို့ ငွေကြေးဖြင့် ထောက်ပံ့ကူညီမှုများအရ ဒေါ်အောင်ဆန်းစုကြည် အပေါ်တွင်လည်း သြဇာညောင်းသူ တစ်ဦး ဖြစ်ကြောင်း၊ ဦးခင်ရွှေ၏ ဇေကမ္ဘာ ကုမ္ပဏီ၏ လယ်မြေသိမ်းဆည်းသည့် ကိစ္စရပ်များတွင် NLD ပါတီဝင်များ ၀င်ရောက် မစွက်ဖက်ရဲသည်မှာလည်း ပါတီဥက္ကဌကို အိတ်ထဲထည့်ထားနိုင်ခြင်းကြောင့် ဖြစ်ကြောင်း သိရသည်။

  ပြည်သူ့အာဏာ


သင့်ကျန်းမာရေးအတွက် စောစောအိပ်ရာထပါ



သင့်ကျန်းမာရေးအတွက် စောစောအိပ်ရာထပါ အိပ်ရာစောစောထတဲ့ သူတွေဟာ ညဥ့်နက်တဲ့အထိ အလုပ်လုပ်ပြီး နေမြင့်မှ အိပ်ရာထသူတွေထက် ပိုမို ပျော်ရွှင်ကာ သွယ်လျ ကျန်းမာကြကြောင်း လေ့လာမှု အတော်များများအရ သိရပါတယ်။ နံနက် စောစောထတဲ့ သူတွေက အလုပ်မှာ ပိုမို စွမ်းဆောင်နိုင်စွမ်းရှိပြီး အလုပ် တွင်ကျယ်တာကြောင့် ယေဘုယျအားဖြင့် ဝင်ငွေ ပိုကောင်းကြကြောင်း လေ့လာမှုတွေက ဆိုပါတယ်။ ကျောင်းသား၊ ကျောင်းသူတွေ ဆိုရင်လည်း အိပ်ရာ စောစောထကာ လေ့လာ မှတ်သားမှု ပြုလုပ်တဲ့အတွက် နေမြင့်မှ အိပ်ရာထသူတွေထက် အမှတ်ပြည့်ရနိုင်ခြေ ပိုများကြောင်း တက္ကဆက်တက္ကသိုလ် လေ့လာမှုအရ သိရပါတယ်။ ဘာကြောင့် နံနက်စောစော အိပ်ရာထသူတွေက ပိုမိုကျန်းမာ ထက်မြက်ရသလဲ ဆိုတဲ့အချက်ကို သိနိုင်ဖို့ လေ့လာမှုတွေ ပြုလုပ်ခဲ့တဲ့အခါ အောက်ပါ လျို့ဝှက်ချက် ခြောက်ရပ်ကို တွေ့ရှိခဲ့ရပါတယ်။

လေ့ကျင့်ခန်းလုပ်ရန် အချိန်ရခြင်း

အိပ်ရာ စောစောထသူတွေက နေ့တစ်နေ့ကို လေ့ကျင့်ခန်းနဲ့ စတင်လေ့ ရှိကြပါတယ်။ ဒါကြောင့် နေမြင့်မှ အိပ်ရာထသူတွေထက် စောစော အိပ်ရာထသူတွေက တစ်နေ့လုံး စိတ်ခံစားမှု ကောင်းမွန် လန်းဆန်းနေရတာ ဖြစ်ပါတယ်။ ပုံမှန် လေ့ကျင့်ခန်း လုပ်တာကြောင့် ဦးနှောက်ထဲမှာ စိတ်ခံစားမှု ကောင်းစေတဲ့ အနဒေါ်ဖင်ဓာတ် အထွက် တိုးစေပြီး စွမ်းအင်အဆင့် မြင့်တက်စေပါတယ်။

စီမံခန့်ခွဲနိုင်စွမ်း ပိုမို ကောင်းမွန်ခြင်း

လေ့လာမှု အသစ်တစ်ရပ်အရ ပျမ်းမျှအားဖြင့် နေမြင့်မှ အိပ်ရာထသူတွေက နံနက်စောစော ထသူတွေလောက် မှတ်ဉာဏ်စွမ်းအား မကောင်းကြကြောင်း သိရပါတယ်။ အရွယ်ရောက်သူ ၆၄၃၆ ဦးက အိပ်စက်ပုံ၊ စွမ်းအင်အဆင့်နဲ့ သည်းခံနိုင်စွမ်းတို့အား လေ့လာ ကြည့်ခဲ့တဲ့အခါ စောစော အိပ်ရာထသူတွေက စွမ်းအင် ပိုမကောင်းမွန်ကြပြီး ပြဿနာတွေကို အလွယ်တကူ ဖြေရှင်းနိုင်ကြကာ အရာရာကို တိတိကျကျ စီမံခန့်ခွဲနိုင်စွမ်း ပိုများကြောင်း သိရပါတယ်။

ကိုယ်အလေးချိန် မြင့်တက်မှု နည်းခြင်း

သြစတြေးလျရဲ့ မြီးကောင်ပေါက်စအရွယ် ၂၂၀၀ ဦးကို လေ့လာမှုတစ်ရပ်အရ နေမြင့်မှ အိပ်ရာထသူတွေက စောစောအိပ်၊ စောစောထတတ်သူတွေထက် အဝလွန်နိုင်ခြေ နှစ်ဆ ပိုများကြောင်း သိရပါတယ်။ ညဥ့်နက်တဲ့အထိ မအိပ်ဘဲ နေတဲ့အခါ ဆယ်ကျော်သက်တွေက တီဗီ အလွန်အမင်း ကြည့်ဖြစ်ပြီး ကိုယ်လက်လှုပ်ရှားမှု လုပ်ချိန် လျော့နည်းသွားတာကြောင့် ဖြစ်ပါတယ်။

ကယ်လိုရီစားသုံးမှု လျော့နည်းခြင်း

အနောက်မြောက် တက္ကသိုလ်ရဲ့လေ့လာမှုအရ ညဥ့်နက်မှ အိပ်ရာဝင်သူတွေဟာ စောစော အိပ်ရာထသူတွေထက် တစ်နေ့မှာ ၂၄၈ ကယ်လိုရီ ပိုမို စားသုံးကြပြီး အဆင်သင့် အစာကို များများ စားဖြစ်ကြကြောင်းနဲ့ သစ်သီးနဲ့ ဟင်းသီးဟင်းရွက်တွေကို စားသုံးမှု နည်းကြကြောင်း သိရပါတယ်။ ညဥ့်နက်မှ အိပ်ရာဝင်ကြသူတွေရဲ့ စားသောက်မှုပုံစံကကျန်းမာရေးနဲ့ ညီညွတ်မှု မရှိတာကြောင့်နဲ့ ညဘက်ကျမှ အစာစားလေ့ရှိတဲ့ အကျင့်ကြောင့် သူတို့ရဲ့ BMI က မြင့်မားနေကြကြောင်း လေ့လာသူတွေက ဆိုပါတယ်။

ပိုမို ပျော်ရွှင်မှု ရရှိကြခြင်း

အမေရိကန် စိတ်ပိုင်းဆိုင်ရာ ဂျာနယ်ရဲ့ လတ်တလော လေ့လာမှုတစ်ရပ်အရ စောစော အိပ်ရာထသူတွေက နေမြင့်မှ အိပ်ရာ ထတတ်သူတွေထက် ပိုမိုပျော်ရွှင်ကြကြောင်း သိရပါတယ်။ တခြား လေ့လာမှုအသစ်အရ အိပ်ရာ စောစောထတဲ့ အသက်ကြီးသူတွေက အိပ်ရာ စောစောထတဲ့ လူငယ်တွေထက် ပိုမို ပျော်ရွှင်တက်ကြွမှု ရှိကြကြောင်း ဆိုပါတယ်။ အသက် ၆၀ အရွယ်မှာ အသက်ကြီးသူ ၇ ရာခိုင်နှုန်းဟာ ညဘက် တော်တော်နဲ့ အိပ်မပျော်တတ်သူတွေ ဖြစ်နေပါတယ်။

ကျန်းမာရေး ပိုမို ကောင်းမွန်ခြင်း

နံနက် စောစော အိပ်ရာထသူတွေက နေမြင့်တဲ့အထိ အိပ်စက်တတ်သူတွေထက် ကျန်းမာရေး ပိုမို ကောင်းမွန်ကြပါတယ်။ စောစော အိပ်ရာထတာကြောင့် စိတ်ခံစားမှု တက်ကြွကာ လန်းဆန်းမှုရှိပြီး ကိုယ်ခံစွမ်းအား စနစ်ကို ကောင်းမွန်စေတဲ့အတွက် ကျန်းမာရတာပါလို့ လေ့လာသူတွေက ဆိုပါတယ်။ စောစော အိပ်ရာထသူတွေက လေ့ကျင့်ခန်းလုပ်ဖို့ အချိန်ရသလို နံနက်စာကို ကောင်းကောင်း စားဖြစ်တာကြောင့် စိတ်ဖိစီးမှုကိုလည်း ခံနိုင်ရည် ရှိတတ်ကြပါတယ်။

ကြယ်စင်
by Good Health
Photo by ပျိုမေတို့သိစေဖို့


ခွေးရူးကိုက်တဲ့အခါ ကြက်ဟင်းခါးရွက်နဲ့ ကုမယ်



ခွေးရူးကိုက်ခြင်းဟာ အလွန်အန္တရာယ်ကြီး ပါတယ်။ ဒီအတွက် ငွေးကြေးအကုန်အကျ သက်သာစေရုံသာ မကဘဲ အစွမ်းလည်း ထက်တဲ့ ကြက်ဟင်းခါး
ရွက်နှင့် ကုသတဲ့ နည်းလမ်းလေး တွေကို မျှဝေပေးလိုက် ရပါတယ်။

အဲဒါကတော့ ခွေးရူးကိုက်တဲ့ နေရာကို ကြက်ဟင်းခါး ရွက်ကို အုံးပေးလိုက်ပါ။ သတိထားရမည့် အချက်က ကြက်ဟင်းခါးရွက်ကို ကြိတ်ဖို့လိုပါတယ်။
ကိုက်ခံရတဲ့ နေရမှာ ကြက်ဟင်းခါးရွက်၏ အရည်ကိုလည်း ညစ်ပြီး ထည့်နိုင်ပါတယ်။

နောက်တစ်နည်း ကတော့ ကြက်ဟင်းခါးရွက် အရည်ကို သောက်ပေးခြင်း အားဖြင့်ရောဂါ ပျောက်ကင်း စေနိုင်ပါတယ်။

ကျန်းမာရေးနှင့် အလှအပ သတင်းများ


အခွေတစ်ခွေလုံး အမိုက်စားဖြစ်အောင် ကြိုးစားထားတဲ့ စန္ဒီမြင့်လွင်ရဲ့တတိယအယ်လ်ဘမ် ကလီယိုပက်ထရာ

အပြည့်အစုံဖတ်ရန် >> http://www.ygnnews.com/2014/05/blog-post_2919.html
 

ခင်ဆွေသက်

ဟစ်ဟော့ ဂီတ လောကမှာ အမျိုးသမီးရက်ပ်ပါတစ်ဦးဖြစ်တဲ့ စန္ဒီမြင့်လွင်ကို အားလုံးသိပြီးသားပါ။ ဒီးဒီလို့ အများက ချစ်စနိုးနဲ့ခေါ်ကြတဲ့ စန္ဒီမြင့်လွင်ရဲ့ တတိယခွေ ကလီယိုပက်ထရာတေးစီးရီးမိတ်ဆက်ပွဲ အခမ်းအနားကို (၁၉.၅.၁၄)ရက်နေ့က Sky star hotel မှာ စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့ပါတယ်။ 
 
သူမရဲ့ အခွေနဲ့ပတ်သတ်ပြီး သူမက “ဒီအခွေလေးကို ဒီးဒီပြင်ဆင်ပြီး ကြိုးစားခဲ့တာ တစ်နှစ်လောက်ကြာတယ်။ ဒီအခွေ နာမည်လေးကို ကလီယိုပက်ထရာလို့ပေးဖြစ်ခဲ့တာက အခွေစလုပ်ကတည်းက အဲဒီသီချင်းလေးကို ကြိုက်လို့ New version ပြန်လုပ်ပြီး title အနေနဲ့ ပေးဖြစ်ခဲ့တာပါ။ ဒီအခွေလေးကို ၆လပိုင်း၁ရက်နေ့ Junction Square Indoor area မှာ လက်မှတ်ထိုး ရောင်းချပေးသွားပါမယ်။ သီချင်း အမျိုးအစားတွေက ဟစ်ဟော့တွေရော တခြား ပုံစံမျိုးစုံ အများကြီးပဲ။ ပထမခွေနဲ့တော့ မတူလောက်တော့ဘူး။ နဲနဲတော့ ကွဲထွက်သွားမယ်။ တေးရေးတွေကတော့ ကိုAr-T၊ နေ၀င်း၊ ဟဲလေးအစုံပဲပေါ့နော်။ အများကြီးပါပါတယ်။ သီချင်းတီးလုံး မြူးဆစ်တွေအားလုံးကို အမိုက်စားတွေပဲ ဖန်တီးထားပါတယ်။ အများကြီးလဲ အားထည့်ပြီး ကြိုးစားထားပါတယ်။ 
 
ဒုတိယအခွေနဲ့တော့ တူမှာမဟုတ်ဘူး။ ခေတ်ကြောင့်လဲပါတယ်။ လူကတော့ အသက်သာကြီးလာတာ ကိုယ်ဖန်တီးတဲ့ သီချင်းတွေက ပိုတောင်အမိုက်စားတွေ ထွက်လာတယ်ပေါ့။ ဒီအခွေ ထဲမှာ ပရိသတ် ကြိုက် မယ့် သီချင်းကတော့ ထွက်မှပဲ အသံနားထောင်ရမှာပေါ့။ ဒီးဒီနဲ့ပရိသတ်နဲ့ထပ်တူကျမဲ့ သီချင်းကတော့ မသိသေးဘူး။ အစွမ်းကုန် ကြိုးစားထားတဲ့အတွက်တော့ ထပ်တူကျမယ်လို့ မျှော်လင့်မိပါတယ်။ အချစ်ရေးက အဆင်ပြေနေပြီး အေးအေးဆေးဆေး ရှိနေပါတယ်”လို့ သူမက ပြောပြခဲ့ပါတယ်။

Trend Myanmar

အာဏာသိမ်းတာချင်းဆိုပေမယ့် သိက္ခာရှိမှု မရှိမှု ကွာပါတယ်


 
 
အာဏာသိမ်းတာချင်းဆိုပေမယ့် သိက္ခာရှိမှု မရှိမှု ကွာပါတယ်။

ထိုင်းနိုင်ငံမှာ စစ်တပ်အာဏာသိမ်းတာ အကြိမ်ပေါင်း ရေတွက်လို့  မနိုင်ဖူး၊ ဒါပေမယ့် စစ်တပ်အာဏာသိမ်းတာ စစ်တပ်က တိုင်းပြည်ရဲ့  အခြေအနေဆိုးရွားနေမှုကို နိုင်ငံရေး ပြေလည်အောင်၊ သွေးထွက်သံယိုမှု မဖြစ်ရလေအောင် ထိန်းသိမ်းတဲ့အနေနဲ့ ထိန်းသိမ်းပေးတာ။ ထိုင်းနိုင်ငံ စစ်တပ်အာဏာသိမ်းလို့  ထိုင်းပြည်သူတွေ ၀ိုင်းဝန်းအားပေးတာတောင် ရှိသေးတယ်။

ထိုင်းစစ်တပ်အာဏာသိမ်းတာ အလွန်ဆုံး နှစ်နှစ် သုံးနှစ်ဘဲ။ ပြည်သူက ရွေးချယ်ပေးတဲ့ ပြည်သူ့ အစိုးရထံ တိုင်းပြည်အာဏာပြန်လွှဲပေးတယ်။ 

မြန်မာနိုင်ငံမှာ စစ်တပ်အာဏာသိမ်းတယ်ဆိုတာ နိုင်ငံရေး အခြေအနေ ပိုရှုပ်ထွေးအောင်၊ ပဋိပက္ခ အကြိတ်အခဲတွေ ပိုတိုးအောင်၊ တိုင်းပြည်အခြေအနေ ပိုမိုဆိုးရွားအောင်၊ သွေးထွက်သံယိုဖြစ်အောင် စစ်တပ်အာဏာရူးတွေက ပစ်ခတ်တာရော နှစ်ပေါင်းဆယ်စုနှစ်ကျော်အောင် အာဏာမက်မောဆုပ်ကိုင်ထားတာ။ ပြည်သူက ရွေးချယ်ပေးတဲ့ ပြည်သူ့ အစိုးရထံ တိုင်းပြည်အာဏာကို ပြန်မလွှဲပေးဖူး။

ထိုင်းစစ်တပ်ခေါင်းဆောင် ဗိုလ်ချူပ်ကြီးတွေက သိက္ခာရှိရှိနဲ့  ပြည်သူလူထု မနစ်နာစေအောင် ဦးထိပ်ထားတယ်။ မြန်မာစစ်တပ်ခေါင်းဆောင် ဗိုလ်ချူပ်ရူးကြီးတွေက အရှက်သိက္ခာမရှိ ကိုယ်ကျိုးကောင်းစားဖို့ အတွက်သာကြည့်ပြီး ပြည်သူလူထုကို ဖိနှပ်ညဉ်းပမ်း နှိပ်စက်ထောင်ချ သတ်ဖြတ်ဖို့ လောက်သာ ကြည့်တယ်။

ထိုင်းမှာ စစ်တပ်အာဏာသိမ်းတာဘဲဆိုပြီး ကြားထဲက ဘ၀င်လေဟပ်နေကြရင်တော့ ထိုင်းနိုင်ငံ စစ်တပ်အာဏာသိမ်းတာနဲ့  မြန်မာနိုင်ငံအာဏာသိမ်းတာ သိက္ခာရှိမှု မရှိမှု ကွာတယ်လို့  အတိအကျ ပြောရပါလိမ့်မယ်။

မလေးရှားတွင် မြန်မာအမျိုးသမီး ဆိုင်ကယ်တိုက် သေဆုံး


ဂျိုဟိုး မေ ၁၉

မလေးရှားနိုင်ငံ ဂျိုဟိုးပြည်နယ်ရှိ စက်ရုံတွင် အလုပ် လုပ်ကိုင်နေ သည့် မြန်မာအလုပ်သမား အမျိုးသမီး တစ်ဦးမှာ မေ ၁၇ ရက် နံနက်ပိုင်းက ဆိုင်ကယ်တိုက်မှုဖြင့် သေဆုံးခဲ့ရကြောင်း မြန်မာနိုင်ငံသား ကိုအောင်သန်းညွန့် (Nilai) က ဆက်သွယ်ပြောကြားသည်။

ဖြစ်စဉ်မှာ မေ ၁၇ ရက်ဒေသစံတော်ချိန် နံနက် ၇ နာရီ ၁၅ မိနစ်ခန့်က မလေးရှားနိုင်ငံ ဂျိုဟိုးပြည်နယ်အပိုင် ဆနိုင်း (SENAI) မြို့လေးတွင် တည်ရှိသော GES MANUFACTURING SERVICES (M) SDN. BHD စက်ရုံသို့ လုပ်ငန်းခွင်ဝင်ရောက်ရန်အတွက် မြန်မာအမျိုးသမီး တင်မိုးမြင့် (၂၈ နှစ်) က ကားလမ်းမကြီးကို ဖြတ်ကူးစဉ် စည်းကမ်းမဲ့ အရှိန်ပြင်း မောင်းနှင်သော မော်တော်ဆိုင်ကယ်နှင့် တိုက်မိရာ မှ သေဆုံးခဲ့ရခြင်း ဖြစ်သည်။

ယင်းဒေသရှိ မြန်မာအလုပ်သမားများ၏ ဆက်သွယ်ပြောချက်အရ အဆိုပါ သေဆုံးသူ မြန်မာ အမျိုးသမီးမှာ သာစည်မြို့မှ ဖြစ်ကြောင်း ၎င်းကိုင်ဆောင်သည့် ပတ်စ်ပို့မှ တစ်ဆင့်သိရပြီး သက်ဆိုင်ရာ တာဝန်ရှိသူများက သေဆုံးသူ၏ ရုပ်အလောင်းကို ဆေးရုံသို့ သယ်ဆောင်သွားခဲ့ကြကြောင်း၊ သေဆုံးသူ မြန်မာအမျိုးသမီး၏ မိတ်ဆွေများနှင့် စက်ရုံမှ တာဝန်ရှိသူများ၊ မလေးရှားနိုင်ငံရှိ မြန်မာလူမှုရေး အဖွဲ့ အစည်းများက လိုအပ်သည်များကို ဆက်လက်ဆောင်ရွက် လျက်ရှိကြောင်း မလေးရှားရောက် မြန်မာ လူမှုရေးအဖွဲ့ အစည်းများထံမှ စုံစမ်းသိရသည်။

MOI Webportal Myanmar


မျိုးစောင့်ဥပဒေ (Ebook)

မထွက်ပေါ်သေးသော မျိုးစောင့် ဥပဒေနှင့် ပတ်သက်၍ ငြင်းခုံနေခြင်းသည် အကျိုးမရှိဟု ဦးရဲထွဋ် ဝေဖန်


မျိုးစောင့်ဥပဒေ မပေါ်ထွက်သေးဘဲ တစ် ယောက်နှင့်တစ်ယောက် ရန်ဖြစ်နေမည် ဆိုပါက အကျိုးမရှိ နိုင်ကြောင်း သမ္မတ၏ ပြောခွင့်ရ ပုဂ္ဂိုလ် ဦးရဲထွဋ်က The Messenger သတင်းစာသို့ ပြောသည်။
““အခုဟာက ဥပဒေကြမ်းက ဘယ်လို ပေါ်မယ်ဆိုတာ မသိသေးဘူးလေ။ ကန့်ကွက်တယ် ဆိုတဲ့ လူတွေကလည်း နာမည်ကိုကြည့်ပြီး ကန့်ကွက်တာကို။ တကယ်တော့ ကျွန်တော်တို့ ရေးဆွဲမယ် ဆိုတာ လေ့လာ သုံးသပ်နေတုန်း ပဲရှိသေးတယ်။ နဂိုကတည်းက ဗုဒ္ဓဘာသာ လက်ထပ် ထိမ်းမြားခြင်း ဥပဒေ ဆိုတာရှိခဲ့ပြီးသားပဲ၊ အဲဒီ ဥပဒေကို ပြင်မှာလား၊ အဲဒီ ဥပဒေမှာ အချက်အလက် ထပ်တိုးမှာလား၊ အဲဒီ ဥပဒေနဲ့ လုံလောက်ပြီလား ဆိုတာ အဖွဲ့အစည်းတွေက စဉ်းစားနေတုန်း ပဲရှိသေးတယ်”” ဟု ဦးရဲထွဋ် က ပြောသည်။

လက်ရှိ မြန်မာနိုင်ငံတွင် မျိုးစောင့်ဥပဒေနှင့် ပတ်သက်၍ ကန့်ကွက်သူနှင့် ထောက်ခံသူ များကြား အငြင်းပွားလျက်ရှိပြီး၊ အမျိုးဘာသာ ထိန်းသိမ်း စောင့်ရှောက်ရေး အဖွဲ့ (မ.ဘ. သ) မှ မျိုးစောင့် ဥပဒေကို ကန့်ကွက်သူ တချို့အား အမျိုးသား သစ္စာဖောက် အဖြစ် ကြေညာချက် ထုတ်ပြန် ထားသည်။ အခြား တစ်ဖက်တွင်လည်း မျိုးစောင့်ဥပဒေသည် အမျိုးသမီးများ ကိုချုပ်ချယ်ရာ ရောက်ကြောင်းလည်း ဝေဖန် ပြောဆိုမှုများ ရှိနေသည်။

ထိုကဲ့သို့ တစ်ယောက်နှင့် တစ်ယောက် ရန်ဖြစ်နေမည် အစား ဥပဒေကြမ်း တစ်ခုလုပ်မည် ဆိုပါက မည်သည့် အချက်အလက်များ ပါဝင် သင့်သည်ကို အကြံပေးခြင်း၊ ဆွေးနွေးခြင်း များလုပ်သင့်ကြောင်း ဦးရဲထွဋ်က ဆိုသည်။ အချို့ ဥပဒေများသည် ဘာသာ တစ်ခုတည်းကို ရည်ညွှန်းခြင်း မဟုတ်ဘဲ တခြားဘာသာများ ကိုကာကွယ်၍ ရသကဲ့သို့ အမျိုးသမီးများ အခွင့်အရေး ကာကွယ်ခြင်းများ ပါဝင်ကြောင်း၊ ဥပဒေအား စောင့်ကြည့်ပြီးမှ ပြောဆိုခြင်းသည် ပို၍ ကောင်းကြောင်းလည်း ဦးရဲထွဋ်ကဆို သည်။

““မျိုးစောင့် ဥပဒေကို ဘယ်လိုရေးဆွဲပြီးမှ တင်လာမလဲဆိုတာ စိတ်ဝင်စားပါတယ်။ ဥပဒေဆိုတာ ပြည်သူ့ အတွက် အကျိုးရှိတဲ့ ဥပဒေဆိုရင် တကယ် ကောင်းပါတယ်။ ထိရောက်တဲ့ ဥပဒေဖြစ်ဖို့ အားလုံး လက်ခံပြီးသုံး နိုင်တဲ့ ဥပဒေ ဖြစ်မဖြစ်ဆိုတာ ဥပဒေကြမ်းတင်း ပြီးမှသိမှာ၊ ဟိုပြောဒီပြော အကျိုးမရှိ ဘူး””ဟု ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ဒေါ်ဒွဲဘူ က The Messenger သတင်းစာသို့ ပြောသည်။

မျိုးစောင့် ဥပဒေ ရေးဆွဲနိုင်ရန် အတွက် အမျိုးဘာသာ၊ သာသနာ ထိန်းသိမ်းစောင့် ရှောက်ရေးအဖွဲ့မှ သမ္မတထံ တင်ပြခဲ့ပြီး၊ သမ္မတက ယင်းဥပဒေ ရေးဆွဲနိုင်ရန် လွှတ်တော်သို့ ပြန်လည် တင်ပြခဲ့သည်။ လွှတ်တော်မှ တစ်ဆင့် သက်ဆိုင်ရာ ၀န်ကြီးဌာန များကို ပြန်လည် ပေးပို့ထားသည်။

““ဒီအချက်ကို မကြိုက်ဘူးဆိုတာလည်း လက်ခံနိုင်တယ်။ ဘယ်အချက်ကို မကြိုက်ဆိုတာလည်း လက်ခံနိုင်တယ်။ ဘယ်ဥပဒေမှာမှ လုံးဝမှန်တာ လုံးဝမှားတာ မရှိဘူး။ အဲဒီထဲမှာ အားနည်းချက် ရှိတယ်၊ အားသာချက် ရှိတယ်။ အပြည်အစုံ မသိသေးဘဲနဲ့ ကန့်ကွက်တယ် ဆိုတာ ရည်ရွယ်ချက် ရှိလိမ့်မယ် ထင်တယ်”” ဟု အမျိုးသား လွှတ်တော်ကိုယ် စားလှယ် ဒေါ် ခင်ဝိုင်းကြည်က The Messenger သတင်းစာသို့ပြောသည်။

အဆိုပါ မျိုးစောင့် ဥပဒေသည် နိုင်ငံရေး အမြတ်ထုတ်ရန် အတွက် လုပ်နေခြင်းဖြစ်ပြီး သံဃာတော် များက အသုံးချ ခံနေခြင်းဖြစ် ကြောင်း ရွှေည၀ါ ဆရာတော် ဦးပညာသီဟက The Messenger သို့မိန့်ကြား ထားသည်။ အဆိုပါ ဥပဒေအား အမျိုးသမီး အဖွဲ့များ အပါအ၀င် လူမှုအဖွဲ့အစည်း (၉၀) ကျော်ကန့်ကွက် ထားသည်။




messenger news journal


ထိုင်းတွင် စစ်အုပ်ချုပ်ရေးကြေညာပြီ


ဘန်ကောက်၊ မေ ၂၀ထိုင်းနိုင်ငံတွင် ယနေ့နံနက် ၃ နာရီက စစ်အုပ်ချုပ်ရေးဖြင့်အုပ်ချုပ်တော့မည်ဖြစ်ကြောင်းကိုကြေညာလိုက်သည်။စစ်အုပ်ချုပ်ရေးဖြစ်သော်လည်း ပြည်သူလူထုများအနေဖြင့် ပုံမှန်အတိုင်းသာလျှင် မိမိတို့လုပ်စရာရှိသည်တို့ကိုဆောင်ရွက်နိုင်ကြောင်းလည်း
ကြေညာချက်တွင်ပါရှိသည်။ ထိုင်းစစ်တပ်များသည် တီဗီအသံလွှင့်ရုံအချို့ကိုလည်း ထိန်းသိမ်းထားကြောင်း၊ နံနက် ၆ နာရီအထိမူ မည်သို့သော

ဖမ်းဆီးခြင်းကိုမျှမပြုလုပ်သေးကြောင်းသိရသည်။

ထိုင်းနိုင်ငံ၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကို အဟန့်အတားဖြစ်စေသည့် လူထုဆန္ဒပြမှုများ ဖြစ်ပွားနေသည်မှာ နှစ်နှင့်ချီကြာနေပြီဖြစ်ပြီး၊ ယင်တို့ကို
ထိန်းသိမ်းလိုခြင်းကြောင့် ယခုကဲ့သို့ စစ်အုပ်ချုပ်ရေးကြေညာခြင်းဖြစ်ကြောင်းလည်း နိုင်ငံတကာလေ့လာသူတို့ကဆိုကြသည်။

PP
ref: Straits Times

Popular Myanmar News Journal


ထိုင်းနိုင်ငံမှာ စစ်တပ်က ဒီမနက်မှာ ရုပ်မြင်သံကြား မီဒီယာကနေတဆင့် စစ်အုပ်ချုပ်ရေး ကြေညာလိုက်ပါပြီ


ထိုင်းနိုင်ငံမှာ စစ်တပ်က ဒီမနက်မှာ ရုပ်မြင်သံကြား မီဒီယာကနေတဆင့် စစ်အုပ်ချုပ်ရေး ကြေညာလိုက်ပါပြီ။ ထိုင်းစစ်တပ်ပိုင် Channel 5 ကလွဲရင် တခြားရုပ်သံလိုင်းတွေ ရပ်နားထားတာ ကိုလည်း တွေ့ရပါတယ်။ ဒါဟာ စစ်အာဏာသိမ်းတာ မဟုတ်ပဲ တိုင်းပြည် တည်ငြိမ်အေးချမ်းမှုအတွက် စစ်အုပ်ချုပ်ရေး ကျင့်သုံးတာလို့ ဆိုပါတယ်။ ဘန်ကောက်မြို့တော်ရဲ့ အချက်အချာကျရာ နေရာတိုင်းမှာ စစ်တပ်လုံခြုံရေးတွေ တိုးမြှင့် ချထားပါတယ်။

Photo. - Bangkok Post
DVB TV News


တစ်ကျပ်ခွဲတိုးဖြင့် ကျပ်သန်းပေါင်း ငါးသောင်း သမ၀ါယမ ထုတ်ချေးပေးမည်


ဇာနည်အောင်၊ လပြည့်ဝန်း| အင်္ဂါနေ့၊ မေလ ၂၀ ရက် ၂၀၁၄ ခုနှစ်

ယခုနှစ် မိုးရာသီလုပ်ငန်းစရိတ် ချေးငွေမှ ကျပ်သန်းပေါင်း ငါးသောင်းကို တစ်ကျပ်ခွဲတိုးဖြင့် စတင်ချေးပေးသွားမည်ဖြစ်ကြောင်း သမ၀ါယမ၀န်ကြီးဦးကျော်ဆန်းက မေလ ၁၉ ရက်က သုဝဏ္ဏမိုးလုံလေလုံ ပြုလုပ်သည့် ကျေးလက်ဒေသဖွံ့ဖြိုးရေးနှင့် လူမှုစီးပွားဘ၀မြှင့်တင်ရေး အခမ်းအနားတွင် ပြောကြားသည်။

ယခင်နှစ်များက အတိုးနှုန်း နှစ်ကျပ်ခွဲ ယူခဲ့သော်လည်း ယခု မိုးရာသီလုပ်ငန်း စရိတ်ချေးငွေမှ စတင်ကာ အတိုးနှုန်း တစ်ကျပ်လျှော့ချလိုက်ခြင်းဖြစ်သည်။

ယင်းသို့လျှော့ချလိုက်ခြင်းသည် မူလ ချေးထားသည့် တရုတ်နိုင်ငံချေးငွေ၏ အတိုးနှုန်းမှာ တစ်နှစ်လျှင် လေးကျပ်ခွဲနှုန်းသာ ရှိသည့်အတွက်ဖြစ်သည်။

ယင်းမှာ ဖွံ့ဖြိုးဆဲနိုင်ငံများတွင် နိုင်ငံခြားချေးငွေများရယူ၍ လုပ်ဆောင်သည့် လုပ်နည်းလုပ်ဟန်တစ်ခုသာ ဖြစ်သည်ဟု စီးပွားရေးပညာရှင် ဦးလှမောင်က ထောက်ပြပြောဆိုသည်။

“ချေးငွေပမာဏ ထိရောက်မှုရှိဖို့လိုတယ်။ နောက်ပြီး ချေးငွေမအောင်မြင်တဲ့၊ ပြန်မဆပ်တဲ့ ကိစ္စတွေကို သမကဘယ်လို ကျော်လွှားမလဲဆိုတာ အရေးကြီးတယ်။ချေးငွေတာဝန်ယူရတဲ့သူတွေရဲ့ အရည်အချင်း လို အပ်တယ်။ ချေးတာ စနစ်ကျဖို့ လိုပါတယ်။ မဟုတ်ရင် ချေးငွေလုပ်ငန်းက အောင်မြင်မှာ မဟုတ်ဘူး”ဟု ၎င်းက ပြောသည်။

ရန်ကုန်တိုင်းအတွင်း မိုးသီးနှံချေးငွေ သိန်း ၂၆,၇၄၈ ကျော်ထုတ်ချေးပြီး အရစ်ကျ ငွေချေစနစ်ဖြင့် သိန်း ၁၀,၈၃၇ ကျော် တန်ဖိုးရှိ လယ်ထွန်စက် ၆၃၁ စီးနှင့် သိန်း ၇,၀၁၂ သိန်းတန်ဖိုးရှိ အပ်ချုပ်စက်၊ ဆိုက္ကား အ ပါအ၀င် လုပ်ငန်းသုံးပစ္စည်းကိရိယာ ၂,၀၄၄ ခုအတွက် ထုတ်ချေးပေးသွား မည်ဖြစ်သည်။

ထို့ပြင် အသေးစားအရင်းအနှီးချေးငွေ မရရှိသေးသည့် ကျန်ပြည်နယ်နှင့် တိုင်းများတွင် မိုးရာသီလုပ်ငန်း စရိတ်အဖြစ် ချေးငွေကျပ် ဘီလီယံ ၅၀ (ကျပ်သန်းပေါင်း ငါး သောင်း)ကို မေလနှင့် ဇွန်လ၌ တစ်ကျပ်ခွဲ အတိုးနှုန်းဖြင့် ထုတ်ချေးပေးသွားမည်ဟု ၀န်ကြီးဦးကျော်ဆန်းက ပြောသည်။

ယခင် ချေးထားတဲ့ချေးငွေများအတွက် ယခင်အတိုးနှုန်း နှစ်ကျပ်ခွဲနှင့် ဆက်လက် ဆောင်ရွက်ရမှာဖြစ် ကြောင်း၊ ၎င်းင်းအတိုး နှုန်းများကိုလည်း လျှော့ချနိုင်ရေး ညှိနှိုင်း ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ၎င်း က ထည့်သွင်းပြောကြားခဲ့သည်။

“ချေးငွေရရှိပြီးသား ပြည်သူအတွက် လည်း ၂၀၁၅ ခုနှစ်မှာ ချေးငွေပမာဏကို တိုးမြှင့်ပေးသွားဖို့ စီစဉ်နေ တယ်။ တိုးမြှင့် တဲ့နေရာမှာ ပြည်သူ့လိုအပ်ချက်အလိုက်စံသတ်မှတ်သွားမှာပါ”ဟု ၎င်းကဆိုသည်။

ကျောက်ပန်းတောင်းမြို့နယ် ဆန်ကုန်း ကျေးရွာ တောင်သူဦးဝင်းအောင်က “တစ်ဧက ကျပ်တစ်သိန်း ထုတ် ချေးပေးပါတယ်။ အများဆုံးချေးပေးတာတော့ ငါးဧက အတွက် ငါးသိန်းအထိပဲ ချေးပေးပါတယ်။ စုဆောင်း ငွေအဖြစ် တစ်သိန်းကို တစ်သောင်းထည့်ရပါတယ်။ ခြောက်လ အတွင်း အကြေအလည်ဆပ်ပေးရ တယ် ” ဟု ပြောသည်။

သမ၀ါယမ၀န်ကြီးဌာနမှ အသေးစား အရင်းအနှီးချေးငွေတွင် စိုက်စရိတ်ချေးငွေကို တစ်ဧကကျပ် တစ်သိန်း နှုန်းဖြင့် အများဆုံး ငါးဧက သာထုတ်ချေးပေးပြီး ငွေချေး ယူသူသည် ငွေချေးတိုင်း ၁၀ ရာခိုင်နှုန်းစုဆောင်း ရပြီး သီးနှံထွက်ရှိမှု ကာလ အလိုက် အရစ်ကျပေးချေရမည်ဖြစ်သည်။

ခိုင်သမ၀ါယမအသင်းဥက္ကဋ္ဌ ဦးသန့်ဇော်က “စိုက်စရိတ်ချေးငွေက ဒေသ အလိုက် သီးနှံပေါ်ချိန်ပေါ် မူတည် ပြီး အရစ်ကျပေးလို့ရတယ်။ ၀ိုင်းကြီးချုပ်စနစ်နဲ့ ချေးပေးထားတယ်။ သမချေးငွေမှာ အခု တစ်ကျပ်ခွဲနှုန်းက ငွေပမာဏများတဲ့ ချေးငွေတွေ ဆိုရင်တော့ အတိုး တစ်ကျပ်ခွဲနှုန်း သတ်မှတ်လို့ရပေမယ့်။အပ်ချုပ်စက်တို့၊ ဆိုက္ကားတို့လို တန်ဖိုးနည်းကိရိယာတွေမှာ ဆိုရင်တော့ အတိုးက နည်းရမယ်။အဲ့ဒီပေါ်မှာ တစ်ကျပ်ခွဲတိုး ကောက်လို့မရဘူး” ဟု ပြောသည်။

တရုတ်ပြည်သူ့သမ္မတနိုင်ငံမှ အမေရိ ကန်ဒေါ်လာသန်း ၇၀၀ ချေးယူခွင့်ရရှိထား သည့်အထဲမှ ပထမအရစ် ဒေါ်လာသန်း ၁၀၀ ကို သမ၀ါယမ၀န်ကြီးဌာနက ချေးငွေ ထုတ်ချေးပေးခြင်းဖြစ်ကြောင်း၊ မြန်မာတစ်နိုင်ငံ လုံး အတိုင်းအတာဖြင့် ချေးပေးရန် အနည်းဆုံးလိုအပ်သည့်ငွေမှာ မြန်မာကျပ်ငွေ ဘီလီယံ ၆၀၀ မှ ၃,၀၀၀ ကျော် အထိဖြစ်သည်ဟု ပြည်ထောင်စုဝန်ကြီး ဦးကျော်ဆန်းက အဆိုပါအခမ်းအနားတွင် ပြောသည်။

Mizzima Burmese