26 May 2014
သန်းခြောက်ဆယ်အထက်မှာ တပ်မတော်သားများ ရှိသလား
 နေပြည်တော်ကောင်စီ၊ ဇမ္ဗူသီရိမြို့နယ် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က အခြေခံဥပဒေပုဒ်မ ၄၃၆ ပြင်ဆင်ရေးအတွက် လက်မှတ်ထိုး ဆန္ဒပြုပွဲတွင် ပြည်သူကို စကားပြောကြားစဉ်။ (ဓာတ်ပုံ- ဟောင်ဆာ၊ရာမည) 
နေပြည်တော်၊ မဇ္ဈိမ။ ။ အခြေခံဥပဒေ ပုဒ်မ ၄၃၆ ပြင်ဆင်ရေးမှာ တပ်မတော်သား ကိုယ်စားလှယ် ၂၅%ပါနေတော့ သူတို့မပါဘဲ ပြင်လို့မရဘူး။ မြန်မာနိုင်ငံမှာ ပြည်သူ သန်းခြောက်ဆယ်လောက်ရှိပြီး တပ်မတော်သားက ငါးသန်းလောက်ရှိတယ်လို့ သိထားတယ်။ ဒါကြောင့် ပြည်သူသန်းခြောက်ဆယ်ရဲ့ အထက်မှာ ငါးသန်းက ရှိနေသလား ဟု အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က နေပြည်တော်၊ ပုပ္ဗသီရိမြို့နယ် အဖွဲ့ချုပ်ရုံးတွင် ပုဒ်မ ၄၃၆ ပြင်ဆင်ရေး လက်မှတ်ရေးထိုးပွဲတွင် ဒေါ်အောင်ဆန်းစုကြည်က ပြောကြားခဲ့သည်။
ဝန်ထမ်းများ ပုဒ်မ ၄၃၆ပြင်ရေး လက်မှတ်ထိုးရန် ဒေါ်အောင်ဆန်းစုကြည်တိုက်တွန်း
နေပြည်တော်၊ မဇ္ဈိမ။ ။ “အခြေခံဥပဒေ ပုဒ်မ ၄၃၆ ပြင်ဆင်ရေး လက်မှတ်ထိုးပွဲမှာ ဝန်ထမ်းတွေလည်း လက်မှတ်ဝင်ထိုးလို့ရတယ်။ ဒါဟာ ဥပဒေနဲ့ မညိစွန်းဘူး။ အဲဒါကို လက်မှတ်ထိုးဖို့ တားမြစ်တယ်ဆိုလို့ရှိရင် ဒါဟာ ဥပဒေချိုးဖောက်တာပဲ”ဟု ဒေါ်အောင်ဆန်းစုကြည်က နေပြည်တော် ဥတ္တရသီရိမြို့နယ်နဲ့ ပုပ္ဗသီရီမြို့နယ်တို့ရှိ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ရုံးများတွင် ပုဒ်မ ၄၃၆ပြင်ဆင်ရေး လက်မှတ်ရေးထိုးပွဲတွင် ပြည်သူလူထုအား ပြောကြားခဲ့သည်။
မဇ္ဈိမသတင်းဌာန
၄၃၆ ပြင်ဆင်ရေးအတွက် နေပြည်တော်ကောင်စီအတွင်းရှိ သီရိလေးမြို့နယ်ရှိ NLDရုံးများတွင် ဒေါ်အောင်ဆန်းစုကြည်က လူထုကို စကားလိုက်လံ ပြောကြားခဲ့ပြီး တစ်နိုင်ငံလုံး အတိုင်းအတာအဖြစ် ယနေ့ မေလ ၂၇ရက် နံနက်တွင် တစ်ပြည်နက် ပြုလုပ်ခဲ့သည်။
စစ်တပ်အာဏာသိမ်းမှု ထိုင်းဘုရင်အတည်ပြု
ဗိုလ်ချုပ်ကြီး ပရာယွတ် ကျန်အိုချား
ထိုင်းနိုင်ငံမှာ ပြီးခဲ့တဲ့ သီတင်းပတ်က အာဏာသိမ်းယူခဲ့တဲ့ စစ်ခေါင်းဆောင် ကို ထိုင်းဘုရင်ကြီးက တိုင်းပြည် အုပ်ချုပ်ရေးဆိုင်ရာ လုပ်ဆောင်ခွင့် အတွက် အတည်ပြု ပေးလိုက်ပါတယ်။
တိုင်းပြည် အုပ်ချုပ်ရေး အဖွဲ့ ဖြစ်တဲ့ စစ်ကောင်စီ အကြီးအကဲ အဖြစ် ဗိုလ်ချုပ်ကြီး ပရာယွတ် ကျန်အိုချားကို တရားဝင် ခန့်အပ်လိုက်တာ ဖြစ်ပါတယ်။
ဗိုလ်ချုပ်ကြီး ပရာ ယွတ် ကျန်အိုချားက နိုင်ငံရဲ့ အာဏာကို မသိမ်းရင် မဖြစ်တော့လို့ လုပ်ခဲ့ရတာလို့ သတင်းစာ ရှင်းလင်းပွဲမှာ ပြောခဲ့ပါတယ်။
ဒါဟာ စစ်တပ် အကျိုး အတွက်လုပ်တာ မဟုတ်ပါဘူး၊ ထိုင်းပြည်သူတွေရဲ့ ဂုဏ်သိက္ခာကို ကာကွယ်ဖို့ လုပ်ရတာပါလို့ ဗိုလ်ချုပ်ကြီး ပရာယွတ် ကျန်အိုချားက ပြောသွားပါ။
အာဏာသိမ်းမှု အပေါ် ဆန့်ကျင်ကန့်ကွက်မှု တွေကို ဆက်လက် မလုပ်ကြဖို့ သူက သတိပေးလိုက် ပါတယ်။
ဝန်ကြီးချုပ်ဟောင်း ယင်လတ် ရှင်နာဝပ်ကို အိမ်ပြန်ခွင့် ပေးလိုက်ပေမဲ့ စစ်တပ်ရဲ့ ကြီးကြပ်စောင့်ကြည့်မှု အောက်ပါပဲ ထားရှိပါတယ်။
ပြီးခဲ့တဲ့ အစိုးရအပေါ် ဆန့်ကျင် ဆန္ဒပြမှုတွေကို ဦးဆောင်ခဲ့ပ Suthep Thaugsuban ကိုလည်း ပြန်လွှတ်ပေးလိုက်ပါတယ်။
ဒါပေမဲ့ သူဟာ စွဲချက်တွေကိုတော့ ရင်ဆိုင်ရမှာ ဖြစ်ပါတယ်။
ဘီဘီစီ (မြန်မာပိုင်း)
ဧရာဝတီ မြစ်ဆုံစီမံကိန်း နှစ်ဖက်အစိုးရ သဘောမတူညီလျှင် ဖျက်သိမ်းနိုင်ဟု တရုတ်ကောင်စစ်ဝန်ချုပ် ပြောကြား
တရုတ်ပြည်သူ့ သမ္မတနိုင်ငံ၏ စွမ်းအင်လိုအပ်ချက်ကို ဖြည့်ဆည်းနိုင်ရန် အတွက်ဟု ဆိုထားသော မြန်မာနိုင်ငံ၏ အသက်သွေးကြော ဧရာဝတီမြစ်ဆုံတွင် လက်ရှိ အစိုးရသစ် သက်တမ်းအတွင်း ရပ်ဆိုင်းထားသည့် မြစ်ဆုံ လျှပ်စစ်ဓာတ်အား စီမံကိန်းအတွက် ချုပ်ဆိုထားသော စာချုပ်ကို တရုတ်နှင့် မြန်မာနိုင်ငံ နှစ်ဖက်အစိုးရ သဘောတူညီချက် မရရှိပါက ဖျက်သိမ်းနိုင်ကြောင်း မန္တလေးမြို့တော် အခြေစိုက် တရုတ်ကောင်စစ်ဝန်ချုပ် ရုံးမှ ကောင်စစ်ဝန်ချုပ် Wang Yu က ပြောကြားသည်။
မန္တလေးမြို့တော်ရှိ တရုတ်ကောင်စစ်ဝန်ချုပ် ရုံးတွင် ကောင်စစ်ဝန်နှင့် မန္တလေး မီဒီယာများ တွေ့ဆုံစဉ် မီဒီယာများက တရုတ်နိုင်ငံ အနေနှင့် ဧရာဝတီ မြစ်ဆုံစီမံကိန်း ဆက်လက် အကောင်အထည်ဖော်ရန် ရှိမရှိ မေးမြန်းစဉ် ၎င်းက အထက်ပါအတိုင်း ပြန်လည် ဖြေကြားသွားခြင်း ဖြစ်သည်။
မြန်မာအစိုးရနှင့် မြစ်ဆုံစီမံကိန်း အကောင်အထည်ဖော်မည့် China Power Investment (CPI) ကုမ္ပဏီတို့အကြား ချုပ်ဆိုထားသည့် ဧရာဝတီ မြစ်ဆုံစီမံကိန်း စာချုပ်ကို ရပ်ဆိုင်းခြင်း၊ မရပ်ဆိုင်းခြင်း ကိစ္စများသည် ယင်းကုမ္ပဏီကသာ ဆောင်ရွက်ရမည့် ကိစ္စဖြစ်ပြီး နှစ်ဖက်အစိုးရက ဆက်လက် အကောင်အထည်ဖော်ရန် သဘောတူညီမှု မရလျှင် စီမံကိန်းကို အပြီးတိုင် ရပ်ဆိုင်းနိုင်ကြောင်း တရုတ်ကောင်စစ် ဝန်ချုပ်က ပြတ်သားစွာ ပြောဆိုသည်။
“ဒီစီမံကိန်းကို ကန့်ကွက်နေတာက သဘာဝပတ်ဝန်းကျင် ထိခိုက်မှာ စိုးတဲ့အတွက် ကန့်ကွက်နေတာလို့ သိထားတယ်။ ဒီစီမံကိန်း အကောင်အထည် ဖော်နိုင်ရင် အနည်းဆုံး မန္တလေးမှာ မီးမပျက်တော့ဘူး” ဟု ၎င်းကဆိုသည်။
အဆိုပါ မြစ်ဆုံစီမံကိန်းကို ဆက်လက် အကောင်အထည်ဖော်မည် ဆိုပါက မြစ်ဆုံ ဝန်းကျင်တွင် ရေလွှမ်းဧရိယာ ကျယ်ပြန့်သွားမည် ဖြစ်သဖြင့် သဘာဝပတ်ဝန်းကျင်နှင့် အဏုဇီဝများ ပျက်စီးဆုံးရှုံးနိုင်ခြင်း၊ ကချင်ဒေသ တစ်ခုလုံး ထိခိုက် ပျက်စီးသွားနိုင်ပြီး ဧရာဝတီ မြစ်ရိုးတစ်လျှောက် သဘာဝ ပတ်ဝန်းကျင်ဆိုင်ရာ ပြဿနာများ ဆင့်ကဲဆင့်ကဲ ဖြစ်ပေါ်လာနိုင်ကြောင်း အမျိုးသားဒီမိုကရေစီ အင်အားစုပါတီ ဥက္ကဋ္ဌ ဦးခင်မောင်ဆွေက ပြောကြားသည်။
“ဒီစာချုပ်ကို အစိုးရနှစ်ဖက်က သဘောမတူလို့ အပြီးတိုင် ဖျက်သိမ်းလို့သာ ရတယ်ဆိုရင် ဒါဟာ မင်္ဂလာသတင်းပါပဲ။ ဘယ်လိုနည်းနဲ့ပဲ ဖြစ်ဖြစ် မြစ်ဆုံစီမံကိန်းကို ရပ်ဆိုင်းသွားဖို့သာ အဓိကပါ” ဟု မန္တလေးမြို့အခြေစိုက် စိမ်းရောင်စို သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးအဖွဲ့ အတွင်းရေးမှူး ဦးမောင်မောင်ဦးက ဆိုသည်။
ဧရာဝတီ မြစ်ဆုံစီမံကိန်းကို တပ်မတော်အစိုးရက ရေးဆွဲခဲ့သည့် ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံ ဥပဒေအရ တက်ရောက်လာသည့် အရပ်သားအစိုးရက ပထမအကြိမ် ပြည်သူ့လွှတ်တော် အစည်းအဝေးတွင် မြစ်ဆုံစီမံကိန်း ရပ်ဆိုင်းကြောင်း သဝဏ်လွှာ ပေးပို့ခြင်း ဖြစ်ကြောင်း လွှတ်တော် ကိုယ်စားလှယ်များထံမှ စုံစမ်းသိရှိရသည်။
မြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကို CPI နှင့် အမှတ် (၁) လျှပ်စစ်စွမ်းအား ဝန်ကြီးဌာနတို့ ၂၀၀၆ ခုနှစ် ဒီဇင်ဘာလက လက်မှတ်ရေးထိုးခဲ့ခြင်း ဖြစ်ပြီး လူထု၏ ကန့်ကွက်မှုကြောင့် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က လက်ရှိအစိုးရ လက်ထက်တွင် စီမံကိန်း ရပ်ဆိုင်းထားမည် ဖြစ်ကြောင်း ၂၀၁၁ ခုနှစ် စက်တင်ဘာလ ၃၀ ရက်နေ့တွင် ကြေညာခဲ့သည်။
ဧရာဝတီမြစ်ဆုံတွင် ရေအားလျှပ်စစ် စီမံကိန်းကို ၂၀၁၅ ခုနှစ်တွင် ပြန်လည် အကောင်အထည် မဖော်လိုရေး ကန့်ကွက်ဆန္ဒပြမှုများကို တရားဝင် လုပ်ဆောင်နိုင်ရန်အတွက် မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားဟောင်းများ အစည်းအရုံးအဖြစ် မှတ်ပုံတင်မည် ဖြစ်ကြောင်း အဆိုပါ အစည်းအရုံး အထွေထွေအတွင်းရေးမှူး ဦးရဲထွဋ်ခေါင်က မေလ ၂၂ ရက်နေ့တွင် ပြောကြားထားသည်။
The Voice Weekly
တရားဝင် အလုပ်ချိန် သတ်မှတ်ပေးခြင်း မရှိသေးသည့် KTV နှင့် Club များတွင် လုပ်ကိုင်နေသည့် အလုပ်သမားများအတွက် အလုပ်ချိန်များကို တရားဝင် သတ်မှတ်ပေးရန် ၁၉၅၁ ဆိုင်များနှင့် အလုပ်ဌာနများ ဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်းတွင် ထည့်သွင်းထားကြောင်း အလုပ်ရုံနှင့် အလုပ်သမား ဥပဒေ စစ်ဆေးရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးဝင်းရှိန်က ပြောကြားသည်။
၁၉၅၁ ဆိုင်များနှင့် အလုပ်ဌာနများ ဥပဒေတွင် ယခင်က ထည့်သွင်းထားခြင်း မရှိသည့် ကာရာအိုကေခန်းမ (KTV)၊ Club များအပြင် ကိုယ်ခန္ဓာ ကျန်းမာရေးနှင့် အလှပြုပြင်ရေးဆိုင်များ၊ မိတ္တူကူးခြင်းလုပ်ငန်း၊ ကုန်သွယ်ရေး အလုပ်ဌာနများ၊ ဗီဒီယိုပြသရေး၊ ကွန်ပျူတာနှင့် အီလက်ထရွန်နစ် အဆင့်မြင့် ကိရိယာများကို ပြုလုပ်တပ်ဆင်ခြင်း စသည့် အလုပ်များကို ဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်းတွင် ထည့်သွင်းထားကြောင်း ၎င်းကဆိုသည်။
၁၉၅၁ ဆိုင်များနှင့် အလုပ်ဌာနများ ဥပဒေကို ပြဋ္ဌာန်းစဉ်က လုပ်ကိုင်နေကြသည့် လုပ်ငန်းများကိုသာ ယင်းဥပဒေတွင် ထည့်သွင်းခဲ့ခြင်း ဖြစ်ပြီး ယခုအချိန်တွင် ခေတ်နှင့် လျော်ညီခြင်း မရှိတော့သဖြင့် အလုပ်အကိုင် အမျိုးစားအသစ်များကို ထပ်တိုး ထည့်သွင်းခြင်း ဖြစ်ကြောင်း ဦးဝင်းရှိန်က ရှင်းပြသည်။
အလုပ်သမားများသည် တစ်ရက်အလုပ်ချိန် ရှစ်နာရီ လုပ်ကိုင်ရမည် ဖြစ်ပြီး ရက်သတ္တတစ်ပတ်လျှင် တစ်ရက်နားခွင့် ရမည်ဖြစ်ကြောင်း၊ အချိန်ပို ခိုင်းစေရာတွင်လည်း အလုပ်သမား သဘောတူမှသာ ခိုင်းစေရမည် ဖြစ်ပြီး ဆိုင်များတွင် တစ်ပတ်လျှင် အချိန်ပို ၁၂ နာရီသာ ခိုင်းစေခွင့် ရရှိမည်ဟု ဥပဒေကြမ်းတွင် ထည့်သွင်းထားကြောင်း ၎င်းကဆိုသည်။
KTV ဆိုင် လုပ်ငန်းရှင် သူဌေးက နေစရိတ်၊ စားစရိတ်ငြိမ်းဖြင့် အကုန်စီစဉ်ပေးကြောင်း၊ အလုပ်ချိန်မှာ ဧည့်သည်ပေါ် မူတည်ကာ နံနက် ၉ နာရီခန့်မှ ည ၁၁ နာရီခန့်အထိ ဖြစ်ကြောင်း မန္တလေးမြို့ရှိ KTV ဆိုင်တွင် လာရောက် အလုပ်လုပ်ကိုင်လျက် ရှိသည့် မြစ်ကြီးနားမှ အသက် ၂၂ ခန့်ရှိ အမျိုးသမီးတစ်ဦးက ပြောကြားသည်။
“လခတော့ နည်းတယ်။ လေးသောင်းလောက်ပဲ ရတယ်။ One Section ဝင်မယ်ဆိုရင် အခန်းဝင်တဲ့သူက ကောင်မလေး ခေါ်ချင်ရင် spy တစ်လုံး မှာရတယ်။ ညီမတို့က ၅၀၀ ရတယ်။ ပြီးတော့ One Section ကို ၁၀၀၀ ရတယ်။ နာမည်ကြီး KTV တွေမှာ လုပ်နေတဲ့ ကောင်မလေးတွေက ရာခိုင်နှုန်းနဲ့ ရတယ်။ တချို့ဆိုင်တွေဆို ၁ သောင်းကို ၁၀၀၀ ပြန်ပေးတယ်” ဟု ကချင်တိုင်းရင်းသူလည်း ဖြစ်သူ ၎င်းကဆိုသည်။
အလုပ်ခိုင်းစေရာတွင် အသက်အနည်းဆုံး ၁၃ နှစ် ပြည့်ပြီးသူများကိုသာ ခိုင်းစေခွင့် ရှိကာ ၎င်းတို့ကို ခိုင်းစေရာတွင် ဆရာဝန်၏ ဆေးထောက်ခံချက်ဖြင့် ခိုင်းစေခွင့် ရရှိမည်ဖြစ်ပြီး အလုပ်သမားများကို လစာ ထုတ်ပေးရာတွင်လည်း လဆန်း ၇ ရက်နေ့ထက် နောက်မကျဘဲ ထုတ်ပေးရမည် ဆိုသည့် အချက်များလည်း ထည့်သွင်းထားကြောင်း ဦးဝင်းရှိန်က ပြောကြားသည်။
၁၉၅၁ ဆိုင်များနှင့် အလုပ်ဌာနများ ဥပဒေကို ပြင်ဆင်ရန် ၂၀၁၂ ခုနှစ်မှ စတင်ကာ အလုပ်သမား၊ အလုပ်ရှင် ကိုယ်စားလှယ်များ၊ ILO ကိုယ်စားလှယ်များနှင့်ပါ ဆွေးနွေးနေခြင်း ဖြစ်ကြောင်း အလုပ်ရုံနှင့် အလုပ်သမား ဥပဒေ စစ်ဆေးရေး ဦးစီးဌာနထံမှ သိရသည်။
The Voice Weekly
မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း၏ ဆက်သွယ်ရေးဝန်ဆောင်မှုစင်တာများ ဆက်လက်ပေါ်ပေါက်လာဖွယ်ရှိ
မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းသည် ၎င်းတို့၏ ဝန်ဆောင်မှုကို အသုံးပြုသူများအတွက် အခက်အခဲများ ပြန်လည်ဖြေရှင်းပေးရန် ဆက်သွယ်ရေးဝန်ဆောင်မှုစင်တာများ ဆက်လက်ဖွင့်လှစ်သွားရန် အစီအစဉ်ရှိသည်ဟု သိရသည်။
ယခုတစ်ပတ်အတွင်း မန္တလေးမြို့၌ တိုင်းဒေသကြီးအစီအစဉ်ဖြင့် ဆက်သွယ်ရေး ဝန်ဆောင်မှုစင်တာတစ်ခုကို ဖွင့်လှစ်ခဲ့ကြောင်း၊ ရန်ကုန်မြို့၌လည်း မြန်မာ့စီးပွားရေး ကော်ပိုရေးရှင်း၏ မိုဘိုင်းဖုန်းလိုင်းများနှင့် ပတ်သက်၍ ဝန်ဆောင်မှုစင်တာကို ကြေးနန်းရုံးအတွင်းဖွင့် လှစ်ခဲ့ပြီးဖြစ်ကြောင်း သိရသည်။
“မန္တလေးမှာဖွင့်တဲ့ စင်တာကတော့ ဝန်ဆောင်မှုပေးနေတဲ့ အင်တာနက်လိုင်းတွေ၊ ဖုန်းလိုင်းတွေ အကုန်လုံးနဲ့ပတ်သက်ပြီး စုံစမ်းလို့လည်းရတယ်၊ တိုင်ကြားလို့လည်းရတယ်။ ရန်ကုန်မှာ ဖွင့်ထားတာကတော့ MEC ဖုန်းလိုင်းအတွက် သီးသန့်လိုပဲဖြစ်နေတယ်” ဟု သတင်းအချက်အလက်နှင့် နည်းပညာဌာနမှ အင်ဂျင်နီယာချုပ် ဦးမျိုးဆွေကပြောသည်။
လက်ရှိအချိန်၌ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းသည် ဂျပန်အခြေစိုက် ဆက်သွယ်ရေး အော်ပရေတာတစ်ခုနှင့် လုပ်ငန်းပူးပေါင်းဆောင်ရွက်ရန် ဆွေးနွေးလျှက်ရှိပြီး ပူးပေါင်းဆောင်ရွက်မှု လုပ်ငန်းများစတင်သည့်အခါ ယခုကဲ့သို့ Customer Care Center (ဝန်ဆောင်မှုစင်တာ) များကို Plan ရေးဆွဲ၍ ဦးစားပေး ဆောင်ရွက်သွားရန်ရှိသည်ဟု သိရသည်။
မြန်မာ့ဆက်သွယ်ရေး၏ မိုဘိုင်းဖုန်းဝန်ဆောင်မှုကို အသုံးပြုသူများသည် ပျောက်ဆုံးခြင်း၊ ပျက်စီးခြင်းများနှင့် ပတ်သက်၍ အခြေစိုက်ရုံးများဆီသို့သွားရောက် ဆက်သွယ်ကြသော်လည်း အများအားဖြင့် အဆင်မပြေမှုများနှင့် ကြုံတွေ့နေကြောင်း ယခုကဲ့သို့ သီးခြားဝန်ဆောင်မှု စင်တာများကို တိုးချဲ့ဖွင့်လှစ်နိုင်ပါက အသုံးပြုသူများ၏ ယုံကြည်မှုကို ပိုမိုရရှိလာမည်ဖြစ်ကြောင်း မိုဘိုင်းဖုန်း အကျိုးဆောင်အဖြစ် လုပ်ကိုင်ခဲ့ဖူးသူတစ်ဦးက ပြောသည်။
အလားတူ အင်တာနက်လိုင်းများ ပြတ်တောက်ခြင်း၊ အင်တာနက်လိုင်းများနှင့် ပတ်သက်၍ စုံစမ်းလိုခြင်းများ ရှိခဲ့ပါကလည်း တစ်နေရာတည်းနှင့် ဖြေရှင်းပေးနိုင်သည့် နေရာ၊ ဝန်ဆောင်မှုပေးအပ်နိုင်သည့်နေရာများ ယခင်က မရှိခဲ့ဖူးကြောင်း သိရသည်။
မြင့်ကျော်လှိုင်
Internet Journal
ပြည်တွင်းမိုဘိုင်းဖုန်း အသုံးပြုသူအရေအတွက် ရှစ်သန်းအထိရှိလာ
မြန်မာနိုင်ငံတွင် မိုဘိုင်းဖုန်းအသုံးပြုသူ ရှစ်သန်းအထိရှိလာပြီး ယင်းအနက်မှ မိုဘိုင်းဖုန်းဖြင့် အင်တာနက် အသုံးပြုသူအရေအတွက်သည် လေးသန်းဝန်းကျင် ရှိနေပြီဖြစ်ကြောင်း ဆက်သွယ်ရေးနှင့် သတင်းအချက်အလက် ဝန်ကြီးဌာနမှ စုံစမ်းသိရသည်။
၂၀၁၀ ခုနှစ်ဝန်းကျင်က မိုဘိုင်းဖုန်းအသုံးပြုသူ စုစုပေါင်းအရေအတွက်၏ ဆယ်ရာခိုင်နှုန်းခန့်သာ အင်တာနက် အသုံးပြုနိုင်ခဲ့သော်လည်း ကျပ်တစ်ထောင့်ငါးရာဟု သတ်မှတ်ထားသည့် မြန်မာ့ဆက်သွယ်ရေး၏ ဆင်းမ်ကတ်များ ဈေးကွက်အတွင်း စတင်ရောက်ရှိပြီးနောက်ပိုင်း မြန်မာနိုင်ငံ၏ မိုဘိုင်းဖုန်းဖြင့် အင်တာနက်သုံးစွဲမှု သိသိသာသာတိုးတက်လာခြင်းဖြစ်ကြောင်း အထက်ပါဝန်ကြီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။
ပြည်တွင်း၌ မိုဘိုင်းဖုန်းအသုံးပြုသူ အရေအတွက်သည် နေ့စဉ်မှန်မှန် တိုးတက်လျက်ရှိပြီး တစ်နိုင်ငံလုံး မိုဘိုင်းဖုန်း အသုံးပြုနေသူအရေအတွက်၏ ထက်ဝက်ကျော်ခန့်ပမာဏသည် အင်တာနက် သုံးစွဲနေသူများဖြစ်သည်ဟု ဆက်သွယ်ရေးနှင့် သတင်းအချက်အလက် ဝန်ကြီးဌာနမှ ဒုတိယဝန်ကြီး ဦးသောင်းတင်က ပြီးခဲ့ရက်အနည်းငယ်က နေပြည်တော်တွင် ပြုလုပ်ခဲ့သည့် အာဆီယံထိပ်သီးအစည်းအဝေးတွင်  ပြည်တွင်းမီဒီယာများသို့ ပြောကြားခဲ့သည်။
“မိုဘိုင်းဖုန်းအသုံးပြုသူနဲ့ အင်တာနက်အသုံးပြုတဲ့နှုန်းက အရမ်းတက်လာတယ်။ နောက်ကနေ တိုးတက်လာတဲ့နှုန်းကို ထောက်ပံ့ပေးဖို့တွေ လိုအပ်ပါတယ်။ လောလောဆယ်တော့ ကျွန်တော်တို့ဘက်က သုံးစွဲသူတွေရဲ့ လိုအပ်ချက်တွေကို ထပ်ပြီးဖြည့်စွက်ပေးဖို့တွေကို လုပ်ပေးမှာပါ” ဟု အထက်ပါတာဝန်ရှိသူကပြောသည်။မိုဘိုင်းဖုန်းဖြင့် အင်တာနက်အသုံးပြုသူ လေးသန်းကျော်တွင် လူမှုကွန်ရက်စာမျက်နှာဖြစ်သည့် Facebook ကို သုံးစွဲသူမှာ အရေအတွက် တစ်သန်းရှိနေပြီဖြစ်သည်။
“အဓိကအချက်က Facebook သုံးစွဲသူများလာလို့ မိုဘိုင်းအင်တာနက် သုံးတဲ့သူများလာတယ်လို့ပဲ ထင်ပါတယ်။ စမတ်ဖုန်းကိုင်နေတဲ့ သူအများစုက သုံးနေကြတာက မိုဘိုင်းဖုန်းနဲ့ အင်တာနက်သုံးတဲ့သူကို ပိုပြီးတိုးတက်လာစေတယ်လို့ ပြောနိုင်ပါတယ်” ဟု ရန်ကုန်မြို့နေ မိုဘိုင်းဖုန်းဖြင့် အင်တာနက်အသုံးပြုသူ လူငယ်တစ်ဦးက ဆိုသည်။
ယခုကဲ့သို့ ပြည်တွင်း၏ မိုဘိုင်းဖုန်းအသုံးပြုသူနှင့် မိုဘိုင်းအင်တာနက်သုံးစွဲသူအရေအတွက် အလျင်အမြန် တိုးတက်လာခြင်းကြောင့် အင်တာနက် ဆက်သွယ်မှုမြန်နှုန်းများ ယခင်ကထက် ပိုမိုဆိုးရွားစွာကျဆင်းလာပြီး မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းကလည်း ယင်းပြဿနာနှင့်ပတ်သက်ပြီး လိုအပ်သည့် ဆက်သွယ်ရေးဆိုင်ရာ တည်ဆောက်မှုများကို ပြုလုပ်ပေးရန် စီစဉ်နေကြောင်း  အထက်ပါ ဝန်ကြီးဌာနမှ စုံစမ်းသိရသည်။
ယခုလက်ရှိအချိန်တွင် ပြည်တွင်း၌ ဂျီအက်စ်ဖုန်း အသုံးပြုသူအရေအတွက်သည် စီဒီအမ်အေဆင်းမ်ကတ် အသုံးပြုသူ အရေအတွက် ထက်ပိုမိုများပြားကြောင်း မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ သိရသည်။
ယုဇနကိုကို
Internet Journal
မြန်နှုန်းမြင့် 3G အင်တာနက် ဝန်ဆောင်မှုက ပြည်ပရင်းနှီးမြှုပ်နှံမှုများ ပိုမိုဝင်ရောက်လာရန် အထောက်အကူပြုမည်ဟု Ooredoo ဆို
အပြည့်အစုံဖတ်ရန် >> http://www.ygnnews.com/2014/05/3g-ooredoo.html
ကာတာဆက်သွယ်ရေး ကုမ္ပဏီက ၎င်းတို့ပေးမည့် မြန်နှုန်းမြင့် 3G အင်တာနက် ဝန်ဆောင်မှုသည် မြန်မာနိုင်ငံသို့ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု အများအပြား ဝင်ရောက်လာအောင် ပံ့ပိုးပေးနိုင်လိမ့်မည်ဟု အပြည့်အဝယုံကြည်ကြောင်း ယခုလတတိယပတ်အတွင်းက ပြည်တွင်းမီဒီယာသို့ ပြောကြားလိုက်သည်။
“ကျွန်တော်တို့ရဲ့ အနာဂတ်မျိုးဆက်သစ်ဖြစ်တဲ့ သရီးဂျီကွန်ရက်က မြန်မာနိုင်ငံမှာ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတွေ ဒီထက်ပိုပြီး ပေါ်ပေါက်လာပြီး တိုင်းပြည်တိုးတက်အောင် ပြောင်းလဲပေးသွားမယ်လို့ အပြည့်အဝ ယုံကြည်ပါတယ်” ဟု Ooredoo Myanmar ၏ အမှုဆောင်အရာရှိချုပ် Mr. Ross Cormack က ပြောကြားသည်။
မြန်မာနိုင်ငံ၏ အင်တာနက်ဆက်သွယ်ရေး ဝန်ဆောင်မှု လက်ရှိထက်ပိုမို အဆင့်မြင့် ကောင်းမွန်လာမည်ဆိုပါက ပြည်တွင်းသို့ဝင်ရောက်မည့် နိုင်ငံခြားစီးပွားရေးလုပ်ငန်းများက အဆင်သင့်ရှိနေသည်ဟု ပြည်ပဆက်သွယ်ရေး အော်ပရေတာများက သုံးသပ်ထားကြသည်။
ယခုလက်ရှိအစိုးရလက်ထက် အချို့သောကဏ္ဍများတွင် ပြုပြင်ပြောင်းလဲမှုများရှိလာသော်လည်း အိုင်စီတီကဏ္ဍမှာမူ အစိုးရဘက်မှ တွန်းအားပေး ပံ့ပိုးပေးမှုအားနည်းလွန်းနေသေးကြောင်း ပြည်တွင်းဆက်သွယ်ရေးကဏ္ဍကို စောင့်ကြည့်လေ့လာနေသူ
အချို့က သုံးသပ်သည်။
ထို့အပြင် မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း၏ အရည်အသွေးနိမ့် ဝန်ဆောင်မှုများကြောင့် ပြည်တွင်း၌ ရင်းနှီးမြှုပ်နှံရန်အတွက် တုံ့ဆိုင်းနေသောနိုင်ငံခြားကုမ္ပဏီများ အများအပြားရှိနေကြောင်း ပြည်တွင်း ကွန်ပျူတာပညာရှင်အချို့က ပြောသည်။
“ကျွန်တော့်ဆီမှာ အင်တာနက်အမျိုးအစား လေးမျိုးလောက်ရှိတယ်။ GSM, WCDMA နဲ့ ဖိုက်ဘာရယ်၊ Red Link ကုမ္ပဏီကရယ်။ တစ်ခုမှသုံးစားမရဘူး။ ဒါတွေကြောင့် ထိခိုက်မှာတွေကအများကြီးပါ” ဟု မြန်မာနိုင်ငံ ကွန်ပျူတာပညာရှင်အသင်းမှ အမှုဆောင်အဖွဲ့ဝင်တစ်ဦးက ပြောကြားသည်။
နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများမှာ ၂၀၁၁ နောက်ပိုင်းတွင် သိသိသာသာဝင်ရောက်မှု များပြားလာသော်လည်း စီးပွားရေးလုပ်ငန်း လည်ပတ်မှုတွင် အဓိကကျသည့် အင်တာနက်ဆက်သွယ်ရေး ဝန်ဆောင်မှုများမှာမူ ဈေးနှုန်းမြင့်မားလာပြီး ကောင်းမွန်ခြင်းမရှိသည့်အတွက် လုပ်ငန်းများလုပ်ကိုင်ရာတွင် အခက်တွေ့နေရသည်ဟု ရန်ကုန်အခြေစိုက် ပြည်ပကုမ္ပဏီအချို့တွင် လုပ်ကိုင်နေသူများထံမှ သိရသည်။
Ooredoo Myanmar ဆက်သွယ်ရေးကုမ္ပဏီသာ မဟုတ်ဘဲ နော်ဝေနိုင်ငံအခြေစိုက် Telenor ကုမ္ပဏီဘက်ကလည်း  မြန်နှုန်းမြင့်ဆက်သွယ်ရေးစနစ်များက မြန်မာနိုင်ငံ၏ နိုင်ငံခြားစီးပွားရေးလုပ်ငန်းများ ရင်းနှီးမြှုနှံမှုကို အထောက်အပံ့ပေးနိုင်မည်ဖြစ်ပြီး ဈေးနှုန်းသက်သာပြီး ကောင်းမွန်သည့် ဝန်ဆောင်မှုဖြင့် ပြည်တွင်းကဏ္ဍပေါင်းစုံ တိုးတက်အောင်ကူညီပေးနိုင်လိမ့်မည်ဟု ၎င်းတို့၏ သတင်းစာရှင်းလင်းပွဲများတွင် မကြာခဏ ကတိပေးပြောကြားခြင်းများ ရှိသည်။
ယခုလက်ရှိ မြန်မာနိုင်ငံတွင် မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းနှင့် ပုဂ္ဂလိကအင်တာနက် ဝန်ဆောင်မှုလုပ်ငန်းများ၏ ဈေးနှုန်းမြင့်မားပြီး အရည်အသွေးမပြည့်သည့် အင်တာနက်ဝန်ဆောင်မှုများကိုသာ ကာလကြာရှည်သုံးစွဲနေကြရပြီး သုံးစွဲသူများအနေဖြင့် လာမည့်လအနည်းငယ်အတွင်းတွင် ပြည်ပဆက်သွယ်ရေး အော်ပရေတာများ၏ ဝန်ဆောင်မှုများကိုအသုံးပြုရန် စောင့်ဆိုင်းနေကြသည်ဟု သိရသည်။
ယုဇနကိုကို
Internet Journal
ကလေးငယ်များတွင် ဖြစ်တတ်သော အရေပြားရောဂါများ ကာကွယ်ရန်နည်းလမ်း
ကလေးငယ်များ၏ အရေပြားမှာ အလွန်နူးညံ့သိမ်မွေ့ပြီး အနည်းငယ်ပွန်းမိ၊ ခြစ်မိရုံမျှဖြင့် (သို့မဟုတ်) အဖုအပိမ့်လေးများ ပေါက်လာရုံဖြင့် ၎င်းတို့ကို အလွန်ယားယံစေသည်။
မွေးကင်းစကလေးငယ်များတွင် အဖုအပိမ့်များ မကြာခဏပေါက်လေ့ရှိသော်လည်း အဖုအပိမ့်အများစုမှာ အန္တရာယ်မရှိဘဲ ရက်အနည်းအငယ်အတွင်း အလိုလိုပျောက်သွားလေ့ရှိသည်။ ကလေးငယ်များအတွက် သေးခံအသုံးပြုရာတွင် အလွန်တင်းကျပ်စွာ မ၀တ်ပေးမိရန် အရေးကြီးသည်။ သေးခံဝတ်ထားသော နေရာတစ်ဝိုက်ကို မကြာခဏစစ်ဆေးပါ။ ယင်းနေရာတစ်ဝိုက် အနီရောင်သမ်းနေခြင်း၊ အဖုအပိမ့်လေးများ ထွက်လာခြင်းတို့ကို တွေ့ရှိပါက အရေပြားယားယံခြင်းကို ပျောက်စေသော လိမ်းဆေးလိမ်းပေးပြီး ယင်းနေရာကို ဖွင့်ထားပါ။ တတ်နိုင်သမျှ ခြောက်သွေ့အောင်ထားပါ။ လိုအပ်သည်ထင်တိုင်း သေးခံမကြာမကြာလဲပေးပါ။ ညဘက်တွင်လည်း သေးခံအနည်းဆုံးတစ်ကြိမ် (သို့မဟုတ်) နှစ်ကြိမ်လဲပေးပါ။
ပေါင်ဒါမှုန့်လိမ်းပေးခြင်း ရှောင်ပါ။ ပေါင်ဒါမှုန့်လိမ်းပေးချိန်တွင် ပေါင်ဒါမှုန့်များ ကလေးငယ်၏ နှာခေါင်းမှတစ်ဆင့် ရှူသွင်းမိလေ့ရှိ သဖြင့် ကလေးငယ်ကို မသက်မသာ ဖြစ်စေနိုင်သည်။ အကောင်းဆုံးနည်းမှာ ကလေးငယ်အနည်းဆုံး လေးလအရွယ်မှ ခြောက်လအရွယ်အထိ ပေါင်ဒါမှုန့်မသုံးပါနှင့်။ ကလေးငယ်၏ အ၀တ်အစားများ ချောင်ချောင်ချိချိ ရှိနေရန် လိုအပ်သည်။
ကလေးငယ်၏ လျှော်ဖွပ်ဆေးကြောစရာများ အားလုံးအတွက် အလွန်နူးညံ့သော ဆပ်ပြာမှုန့်သုံးပါ။ ခေါင်းအုံးစွပ်၊ အိပ်ရာခင်း၊ စောင်နှင့်တဘက်စသည်တို့ကို နှံ့စပ်အောင် လျှော်ဖွပ်ပါ။
ဆိုးဆေး၊ အမွှေးနံ့၊ နူးညံ့စေသော ဓာတုဒြပ်ပေါင်းများ၊ ကြာရှည်ခံစေသော ဓာတုပစ္စည်းများမပါသည့် ကလေးအရေပြားကာကွယ်ရေးထုတ်ကုန်များကို ရွေးချယ်သုံးစွဲပါ။
ကလေးငယ်များကို ရေချိုးပေးချိန်တွင် ရေနွေးငွေ့ဖြင့် ချိုးပါ။ ရေချိုးပြီးချိန်တွင် ညင်ညင်သာသာ နှံ့နှံ့စပ်စပ် ခြောက်သွေ့အောင် သုတ်ပေးပြီး အစိုဓာတ်ရှိနေဆဲအချိန်တွင် လိုးရှင်းလိမ်းပေးပါ။ မွေးကင်းစကလေးငယ်များကို ဆီဖြင့် ညင်သာစွာ နှိပ်နယ်ပေးခြင်းမှာ ကလေးငယ်ကို သက်သောင့်သက်သာရှိစေရုံသာ မဟုတ်ဘဲ အသားအရေကျန်းမာစေပြီး ကောင်းစွာအိပ်စက်စေကြောင်း လေ့လာမှုအသစ်တစ်ရပ်က ဖော်ပြသည်။
7Day Daily
ခရီးသွားတဲ့အခါ ကိုယ့်ပစ္စည်းတွေကို လွယ်ကူလျှင်မြန်စွာ ထုပ်ပိုးနိုင်ဖို့ သိထားရမယ့် အချက်(၁၅ ) ချက်
မေသော် on 2014-05-26 13:35  
ကိုယ်က အလုပ်ကိစ္စကြောင့်  ဒါမှမဟုတ် ၀ါသနာပါလို့ကို ခရီးခဏခဏ ထွက်ရတဲ့သူ၊ ထွက်တတ်တဲ့သူမျိုးလား။ ဒီလိုလူမျိုး မဟုတ်ပဲ ခရီးစဉ်တစ်ခုကို အချိန်နီးမှ သိလိုက်ရလို့ ဘာတွေယူဆောင်သွားရမှန်း မသိတော့ပဲ ဗျာများနေရတဲ့ သူမျိုးလား။ ဘယ်လိုပဲဖြစ်ဖြစ် ခရီးသွားတော့မယ်ဆိုတာနဲ့ လိုအပ်တဲ့ပစ္စည်တွေကို အချိန်တိုအတွင်း မမေ့မလျော့ထုပ်ပိုးနိုင်မယ့် ထိရောက်တဲ့ နည်းလမ်းလေးတွေ သိရမယ်ဆိုရင် အရင်ကထက်တော့ ထုပ်ပိုးတဲ့အခါ ပိုမိုမြန်ဆန်သွားမှာပဲလေ။
၁။ပထမဆုံးအနေနဲ့ သယ်သွားရယ့် ပစ္စည်းစာရင်းလုပ်ပါ။
လူတော်တော်များများက ဒီအချက်ကို အရေးမကြီးဘူးလို့ ထင်တတ်ပါတယ်။ မေ့ရင်လည်း မေ့နေတတ်ကြပါလိမ့်မယ်။ အမှန်တော့ ခရီးတစ်ခုသွားတော့မယ်ဆိုရင် ပစ္စည်းထုပ်ပိုးမှုအတွက် အချိန်ကုန်လည်း သက်သာစေပြီး ဘာပစ္စည်းမှ မေ့မကျန်ခဲ့အောင် ဒီအချက်လေးက ကူညီနိုင်ပါတယ်။
၂။ဓာတ်ပုံလေးတွေရဲ့ အကူအညီကို ယူပါ။
ခုနောက်ပိုင်း ဘယ်သူမဆို selfie ဓာတ်ပုံလေးတွေ ရိုက်တတ်ကြပါတယ်။ ဘယ်အင်္ကျံယူရမလဲဆိုတာကို ဗီရိုရှေ့ထိုင်စဉ်းစားနေတာထက် ဓာတ်ပုံတွေ ပြန်ကြည့်ပြီး ဘယ်ဟာယူရင် အဆင်ပြေမလဲတွေးပြီး ပစ္စည်းထည့်တာက ပိုမြန်ပါတယ်။
၃။ကိုယ့်လက်ကိုင်အိတ်ထဲမှာ ဖိနပ်တစ်ရံ ထည့်ထားပါ။
သွားမယ့် ခရီးအတွက် ဖိနပ်သုံးရံလောက် ယူသွားမယ်လို့ ဆုံးဖြတ်ထားရင် လက်ဆွဲအိတ်ထဲမှာ အခြားအ၀တ်အစားတွေနဲ့ ပစ္စည်းတွေအတွက် နေရာပှိုဆံ့အောင် ဖိနပ်သုံးရံထဲက တစ်ရံကို ကိုယ်နဲ့အတူပါမယ့် လက်ကိုင်အိတ်အကြီးထဲ ထည့်သယ်သွားပါ။
၎။ဂျင်းဘောင်းဘီတစ်ထည်ကိုလည်း လက်ကိုင်အိတ်ထဲမှာပဲ သယ်သွားပါ။
လက်ကိုင်အိတ်ကတော့ ခပ်ကြီးကြီးဖြစ်ဖို့ လိုတာပေါ့နော်။ အရေးပေါ် လိုလာတဲ့အခါ ၀တ်ဖို့အတွက် ကိုယ်နဲ့အတူရှိမယ့် လက်ကိုင်အိတ်ထဲမှာပဲ ဂျင်းဘောင်းဘီတစ်ထည်လောက်ကိုလည်း ထည့်ထားပါ။ ဒါဆို ဟိုဘက်က ခရီးဆောင် အိတ်မှာလည်း အလေး သက်သာသွားပါလိမ့်မယ်။
၅။လက်ကိုင်အိတ်ထဲမှာ မျက်နှာအတွက် မရှိမဖြစ်လိုအပ်မယ့် Two Way လိုမျိုးအရာတွေ ပါနေပါစေ။
တစ်ခါတစ်လေ လေယာဉ်နဲ့သွားတဲ့အခါ ကိုယ့်ရဲ့ခရီးဆောင်အိတ်ထုတ်ဖို့အတွက် စောင့်နေရတဲ့အခါ မျက်နှာမှာ အဆီပြန်နေတာမျိုးတွေ၊ နှုတ်ခမ်းနီ ပျက်နေတာမျိုးတွေ မဖြစ်အောင် အလှကုန်နည်းနည်းကိုလည်း လက်ကိုင်အိတ်ထဲ ထည့်သယ်လာခဲ့ပါ။
၆။နောက်ထပ် အင်္ကျံခပ်ပါးပါးတစ်ထည်ကိုလည်း လက်ကိုင်အိတ်ထဲ သယ်ဖို့လိုတာပါပဲ။
လိုရမယ်ရ အချိန်မျိုးတွေအတွက် ကိုယ့်လက်ကိုင်အိတ်ထဲမှာ ၀တ်စုံတစ်စုံပါနေတော့ ကောင်းတာပေါ့။
၇။ကိုယ်သွားမယ့်နိုင်ငံ၊ အရပ်ဒေသရဲ့ အခြေအနေကိုကြည့်ပြီး အ၀တ်အစားကို ထည့်ပါ။
ကိုယ်သွားမယ့်နေရာက သိပ်ပူလွန်းတယ်ဆိုရင်တော့ boot ဖိနပ်တွေထက်စာရင် flat လေးတွေ၊ ဒါမှမဟုတ် slipper လေးတွေကိုသာ ယူသွားရပါလိ့မ်မယ်။ ဒီလိုပါပဲ။ အ၀တ်အစားကိုလည်း အထူကြီးတွေရှောင်ပြီး ပေါ့ပါးမယ့် ဒီဇိုင်းလေးတွေချည်း ရှာထည့်သွားလိုက်ပါ။
၈။အိတ်ထဲနေရာပိုအောင် စဉ်းစားထည့်ပါ။
ခြေစွပ်တွေကို ဖိနပ်တွေထဲ ထည့်သယ်သွားနိုင်သလို၊ အောက်ခံဘောင်းဘီတွေကိုလည်း ဘရာစီယာအုံခွက်လေးထဲ ထည့်သယ်လို့ရတယ်ဆိုတာ မမေ့ပါနဲ့။
၉။ဖိနပ်တွေကို ၀တ်စုံနဲ့အညီ အားလုံးသယ်မသွားပါနဲ့။
ဒီဝတ်စုံက ဒီဖိနပ်နဲ့မှ လိုက်မယ်ဆိုပြီး သယ်သမျှ ၀တ်စုံတိုင်းအတွက် ဖိနပ်တွေ အရံများစွာ သယ်သွားဖို့မလိုပါဘူး။ ကိုယ်သယ်မယ့် ၀တ်စုံနဲ့ များသောအားဖြင့် လိုက်ဖက်မှုရှိနိုင်မယ့် ဖိနပ်မျိုးတွေကိုသာ ရွေးသယ်ပါ။
၁၀။ခရီးသွားတဲ့အခါ ကိုယ်သွားတဲ့နေရာကနေ ပြန်သယ်လာတဲ့ ပစ္စည်းတွေအတွက် နေရာစဉ်းစားသွားပါ။
ကိုယ်အလည်အပတ်သွားမယ့် နေရာမှာ ရှော့ပင်လုပ်မှာလား၊ ဟိုဝယ် ဒီဝယ်အတွက် ကိုယ့်အိတ်က ဘယ်လောက်နေရာပိုဦးမလဲ စဉ်းစားပါ။ အဲ့ဒီ ပြန်သယ်လာရမယ့် ပစ္စည်းတွေအတွက် နေရာစဉ်းစားထားပါ။
၁၁။ယိုစိမ့်နိုင်တဲ့အရာတွေအတွက် ပလတ်စတစ်အိတ်ဆောင်ထားပါ။
တစ်ခါတစ်လေ အလှကုန်ပစ္စည်းတွေ၊ ဘော်ဒီလိုရှင်းလိုအရာမျိုးတွေ၊ အရည်ပါတဲ့ ပစ္စည်းတွေကို သယ်မယ်ဆိုရင် ပလတ်စတစ်အိတ်နဲ့ ပတ်ပြီးတော့မှသာ ယူဆောင်သွားပါ။
၁၂။ပေကျံစေမယ့်အရာတွေကို အိတ်တစ်ခုထဲသပ်သပ်ထည့်ပြီး သယ်ဆောင်ပါ။
ခရီးဆောင်အိတ်ထဲမှာ အကုန်ရောပြီး ပစ္စည်းတွေ ထည့်လိုက်တဲ့အခါ ဖိနပ်တွေနဲ့ အ၀တ်အစားတွေ ရောမသွားအောင်လို့ ဖိနပ်ကို အိတ်သပ်သပ်နဲ့ထည့်သယ်တာမျိုးလုပ်ပါ။
၁၃။ခရီးအစဉ်အတွက် မရှိမဖြစ်လိုအပ်မယ့် အရာတွေကို ပိုက်ဆံအိတ်ထဲ ထည့်ဖို့မမေ့ပါနဲ့။
မှတ်ပုံတင်၊ ပတ်စ်ပို့ ၊ လက်မှတ်စတာတွေကို ပိုက်ဆံအိတ်ထဲ သေသေချာချာထည့်သယ်ဖို့ မမေ့ပါနဲ့။
၁၄။လက်ဝတ်ရတနာတွေကိုလည်း အိတ်ခွဲပြီးထည့်သယ်ပါ။
လက်ဝတ်ရတနာတွေနဲ့ ကိုယ့်အ၀တ်အစားတွေနဲ့ ဟိုငြိဒီငြိဖြစ်တတ်တာမို့ လက်ဝတ်ရတနာထည့်တဲ့ အိတ်လေးတစ်အိတ်ရှာပြီး ထည့်သယ်ပါ။
၁၅။ဝတ်ပြီးသား အ၀တ်အစားတွေ ပြန်ထည့်သယ်နိုင်ဖို့  အိတ်ယူသွားပါ။
ခရီးစဉ်အတွင်း ၀တ်ပြီးသား အ၀တ်အစားတွေကို လျှော်ဖွပ်ဖို့ မလွယ်ပါဘူး။ ဒါ့ကြောင့် ၀တ်ပြီးသားအ၀တ်အစားတွေကို အသစ်တွေနဲ့ ခွဲထားနိုင်ဖို့ အိတ်သပ်သပ်တစ်လုံး ယူထားပါ။ ၀တ်ပြီးသားတွေကို အိတ်ထဲခွဲထည့်ပြီးမှ ခရီးဆောင်အိတ်ထဲ ထည့်လိုက်ပါ။
Ref:luckymag.com
trend myanmar
ဘရာဇီးမှာ တွေ့ရှိတဲ့ ဧရာမ အနာကွန်ဒါ မြွေ
တောင်အမေရိက အပူပိုင်း ဒေသ မှာ ရှင်သန် ပေါက်ဖွားလေ့ ရှိတဲ့ အနာကွန်ဒါ (anaconda) မြွေဟာ ကမ္ဘာ့ အကြီးဆုံး မြွေများထဲမှ မျိုးစိတ် တစ်ခု ဖြစ်ပြီး အမေရိကမှာ အကြီးဆုံး မြွေ ဖြစ်ပါတယ်။ သူဟာ အဆိပ်ဖြင့် ရန်ပြုတတ်တဲ့ မြွေ မဟုတ်ပေမယ့် သားကောင်ကို အရိုးကြေမွ သွားအောင် အချိန် ခဏအတွင်း တိုက်ခိုက် နိုင်တဲ့ မြွေမျိုး ဖြစ်ပါတယ်။
ဘရာဇီးနိုင်ငံ အမေဇုန် တော အတွင်းသို့ Animal Planet အဖွဲ့ သွားရောက်ပြီး ရိုက်ကူးရေး ပြုလုပ်ရာ မမျော်လင့်ပဲ ပေ ၂၀ ကျော် ရှည်တဲ့ အနာကွန်ဒါ မြွေ တစ်ကောင်နဲ့ ထိပ်တိုက် တိုးခဲ့ ပါတယ်။ မြစ်ရေအောက် တစ်နေရာမှာ တွေ့ရှိခြင်း ဖြစ်ပြီး ရိုက်ကူးရေး အဖွဲ့ဟာ အသက်ဘေးက လွတ်မြောက်ခဲ့ ပါတယ်။ ယင်း ဒေသမှာ မြွေရစ်ပတ်မှု ကြောင့် အရိုးကြေ သေဆုံး သူ အချိ့ ရှိနေပြီး ယင်းအတွက် စုံစမ်းမှုကိုလည်း ပြုလုပ် လျက် ရှိပါတယ်။ ဒီအတွက် တရားခံဟာ အနာကွန်ဒါ မြွေ ဖြစ်တယ် ဆိုတာကို သိပေမယ့် ဘယ်သူမှ ယခုလို မျက်စိရှေ့ တပ်အပ် မမြင်ခဲ့ကြ ပါဘူး။
မမျော်လင့်ပဲ တွေ့ရှိချိန် မကြောက်မရွဲ့ ဓာတ်ပုံရိုက်၊ ဗီဒီယိုရိုက် မှတ်တမ်း တင်ခဲ့ သူများ ကတော့ အသက် ၅၈ နှစ် အရွယ် ရှိပြီ ဖြစ်တဲ့ Jeremy Wade နဲ့ Animal Planet ရုပ်သံ အဖွဲ့သားများ ဖြစ်ပါတယ်။
.
Ref: dailymail
အောင်ခမ်း (ရိုးရာလေး)
အခြေခံဥပဒေပြင်ရေး လူထုဆန္ဒ လက်မှတ်တွေ ရက်၅၀ကျော်ကြာ ကောက်မယ်
အခြေခံ ဥပဒေ ပြင်ဆင်ရေးကို လူထုအားနဲ့ တောင်းဆိုဖို့ အရှိန်အဟုန်မြှင့် ဆောင်ရွက်လာ
 ၂၀ဝ၈ အခြေခံ ဥပဒေ ပြင်ဆင်ရေး လူထုသဘောထား လက်မှတ် ကောက်ယူမှုတွေကို NLD အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်နဲ့ ၈၈မျိုးဆက် ငြိမ်းချမ်းရေးနဲ့ ပွင့်လင်း လူ့အဖွဲ့အစည်းတို့ ပူးပေါင်းပြီး မေလ ၂၇ရက်နေ့က စလို့ ဇူလိုင်လ ၁၉ ရက်နေ့အထိ ၅၃ ရက်ကြာ နိုင်ငံတဝှမ်း ကျင်းပသွားဖို့ စီစဉ်ထားပါတယ်။
NLD ဗဟို ရုံးချုပ်နဲ့ ၈၈မျိုးဆက် ငြိမ်းချမ်းရေးနဲ့ ပွင့်လင်း လူ့အဖွဲ့အစည်း ရုံးချုပ်တို့မှာ မနက် ၉နာရီကစလို့ လက်မှတ်တွေ ကောက်ခံသွားမှာ ဖြစ်ပါတယ်။
အခြေခံ ဥပဒေ ပြင်ဆင်ရေးမှာ တပ်မတော်သားတွေ၊ တပ်မတော်သား မိသားစုဝင်တွေလည်း ပါဝင် လက်မှတ် ရေးထိုးကြမယ်လို့ မျှော်လင့်ထားကြောင်းနဲ့ သူတို့ လက်မှတ် ရေးထိုးနိုင်အောင် သီးခြား စုဝေးရာ နေရာတွေ လုပ်ပေးဖို့ စီစဉ်ထားကြောင်းကိုလည်း ၈၈မျိုးဆက် ငြိမ်းချမ်းရေးနဲ့ ပွင့်လင်း လူ့အဖွဲ့အစည်းက ကိုဌေးကြွယ်က ဘီဘီစီကို ပြောပြပါတယ်။
အခြေခံ ဥပဒေ ပြင်ဆင်နိုင်ရေးမှာ အခရာ ကျတဲ့ ပုဒ်မ ၄၃၆ကို စတင် ပြောင်းလဲဖို့ NLD နဲ့ ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနဲ့ ပွင့်လင်း လူ့အဖွဲ့အစည်းတို့ ပူးပေါင်းပြီး လူထုလှုပ်ရှားမှုတွေ ပြုလုပ်လာနေတာ ဖြစ်ပါတယ်။
အခြေခံ ဥပဒေ ပြင်ဆင်ရေး အကောင်အထည်ဖော်မှု လွှတ်တော် ကော်မတီ ကလည်း ပြီးခဲ့တဲ့ မေ ၁၅ ရက်နေ့က စလို့ လွှတ်တော်တွင်းမှာ အစည်းအဝေး ခေါ်ယူ ဆွေးနွေး နေကြပါတယ်။
ဒါပေမယ့်လည်း အခြေခံ ဥပဒေ ပြင်ဆင်ရေး လူထု ဟောပြောပွဲတွေမှာ တပ်မတော်သား လွှတ်တော် ကိုယ်စားလှယ်တွေကို ဒေါ်အောင်ဆန်း စုကြည်က စိန်ခေါ်ပြောဆိုမှုတွေ လုပ်ခဲ့တာဟာ အခြေခံ ဥပဒေက ခွင့်ပြုထားတဲ့ ဘောင်ကို ကျော်လွန်ရာ ရောက်တယ် ဆိုပြီး ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်က မေလ ၂၂ရက်နေ့ ရက်စွဲနဲ့ အကြောင်းကြားစာ တစောင် ပေးပို့ထားပါတယ်။
ဘီဘီစီ (မြန်မာပိုင်း)
ဖွဲ့စည်းပုံပြင်ဆင်ခြင်းကို ကန့်ကွက်ငြင်းဆန်သည့် လွှတ်တော်ကိုယ်စားလှယ်များကို ပြည်သူလူထု ကဖြုတ်ချသင့်ဟုဆို
ရန်ကုန်၊ မေ ၂၅- လွှတ်တော်အ တွင်း၂၀၀၈အခြေခံဥပဒေနှင့်ပတ် သက်ပြီး ဆွေးနွေးသည့်အခါတွင် ပြည်သူလူထု ၏ဆန္ဒကိုဆန့်ကျင်ပြီး ဖွဲ့စည်းပုံပြင်ဆင်ခြင်းကို ကန့်ကွက် ငြင်းဆန်သည့် လွှတ်တော်ကိုယ်စား လှယ်များကို ပြည်သူလူ ထုအနေဖြင့် ဖြုတ်ချသင့်ကြောင်း အမျိုးသားလွှတ် တော်ကိုယ်စားလှယ် ဦးအောင်သူက လူထုကို ထုတ်ဖော်ပြောကြား လိုက် ကြောင်း သိရသည်။
ဒေါပုံမြို့နယ် အားကစားကွင်း ၌ မေ၂၅ရက်ကပြုလုပ်သော ရန်ကုန် တိုင်းဒေသကြီးအရှေ့ပိုင်းခရိုင် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံ ဥပဒေပြင်ဆင်ရေး ဆန္ဒထုတ်ဖော်ပွဲနှင့် ဟောပြောပွဲတွင် တက်ရောက်လာသော လူထုအား ဟောပြော ခဲ့ခြင်းဖြစ်သည်။
''ဒီနေရာမှာ ပြောရရင် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ပတ်သက် ပြီး လွှတ်တော်ထဲမှာ မကြာခင်ဆွေး နွေးတော့မယ်။ အဲဒီအခါမှာလူထုက ဘယ်လွှတ်တော်ကိုယ်စားလှယ်က အခြေခံဥပဒေ ပြင်ဆင်ပြောင်းလဲဖို့ ဘယ်လောက်ထိ တင်ပြဆွေးနွေး တယ်၊ ကြိုးစားနေတယ်ဆိုတာ နားစွင့်နေဖို့ လိုတယ်၊ စောင့်ကြည့်ဖို့လိုတယ်။အဲ ဒီလိုပြည်သူ့ဆန္ဒနဲ့ဆန့် ကျင်ပြီး ပြင် ဆင်ဖို့ကို ကန့်ကွက်ငြင်းဆန်တဲ့ ကိုယ် စားလှယ်ကို နောင်တစ်ချိန်ရွေးကောက် ပွဲမှာ အဲဒီပုဂ္ဂိုလ်ကို ဖြုတ်ချပိုင်ခွင့် ပြည်သူလူထုမှာ တာဝန်ရှိတယ်''ဟု ဖျာပုံနှင့် ဒေးဒရဲမှ အမျိုးသားလွှတ် တော်ကိုယ်စားလှယ်ဦးအောင်သူက ပြောကြားခဲ့သည်။
အဆိုပါဟောပြောပွဲတွင် ကိုဒီ ငြိမ်းလင်းမှ ဒီမိုကရက်တစ်တက်ကြွ လှုပ်ရှားသူများကွန်ရက်၏သဘော ထား ကြေညာချက်ကို ဖတ်ကြားခဲ့ပြီး Generation Wave မှ ကိုမိုးသွေး၊ ကချင်ငြိမ်းချမ်းရေးကွန်ရက်မှ ဒေါ်ခွန် ဂျာ၊ မြန်မာနိုင်ငံကဗျာဆရာသမဂ္ဂ ဥက္ကဋ္ဌ ဆရာသစ္စာနီ၊ ရန်ကုန် နိုင်ငံ ရေး သိပ္ပံကျောင်းမှ ဦးမြတ်သူ၊ ၈၈မျိုး ဆက်(ငြိမ်း/ပွင့်)မှ ဦးဌေးကြွယ်၊ ရန် ကုန် အရှေ့ပိုင်းခရိုင်မှ ဦးကြည်လင်း၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးအောင်သူ၊ တေးသံရှင် အနဂ္ဂတို့မှ ဟောပြောခဲ့ကြသည်။
ဒီမိုကရက်တစ် တက်ကြွလှုပ်ရှား သူများကွန်ရက်၏ သဘောထား ထုတ်ပြန်ချက် တွင် မြန်မာနိုင်ငံတွင် တိုင်းရင်းသားလူမျိုးများ အတူယှဉ်တွဲ နေထိုင် သည့် အတွက် ငြိမ်းချမ်းစွာအ တူယှဉ်တွဲ နေထိုင်နိုင်ရေး အတွက် တန်းတူညီမျှမှုနှင့် တိုင်းရင်းသားလူ မျိုးများ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ကို အာ မခံပေးမည့် ဖက်ဒရယ်ပြည်ထောင် စုစနစ်သာ မှန်ကန်သောဖြေရှင်းချက် ဖြစ်ကြောင်း၊
အစိုးရ အနေဖြင့် အမျိုး သားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်း ချမ်းရေးကို အမှန်တကယ် လိုလားပြီး ဒီမိုကရေစီအသွင်ကူးပြောင်းရေးကို အစစ်အမှန်ဖော်ဆောင်နေ သည်ဟု ကြွေးကြော်လိုပါက ၂၀၀၈ဖွဲ့စည်းပုံ အခြေခံဥပဒေအား ပြည်သူ့ဆန္ဒကို ထင်ဟပ်စေ မည့်ပြင်ဆင်ချက်များဖြင့် ပြင်ဆင်ရန်လိုအပ်ကြောင်း တိုက် တွန်းတောင်းဆိုထားသည်။
Generation Wave ကိုမိုးသွေး က ''ကျွန်တော်တို့ဟာ အခုချိန်မှာ လူမှန်နေရာမှန်မဟုတ်ပါဘူး။ မအုပ် ချုပ်သင့်တဲ့သူက အုပ်ချုပ်နေပြီး အုပ် ချုပ်မခံသင့်တဲ့သူက အုပ်ချုပ်ခံနေရ ပါတယ်။ တပ်မတော်အနေနဲ့ ကိုယ့် နေရာကိုနေမယ်ဆိုရင် ကျွန်တော်တို့ ကလဲ အတိတ်ကိုအတိတ်မှာပဲ ထားခဲ့ မှာပါ''ဟု လူထုအားပြောကြားခဲ့သည်။
တေးသံရှင်အနဂ္ဂကလည်း တက် ရောက်လာသော ပြည်သူများအား ၂၀၀၈ဖွဲ့စည်းပုံ အခြေခံဥပဒေနှင့်ပတ် သက်၍ ဆန္ဒပြုလက်မှတ်ရေး ထိုးရန် တောင်းဆိုခဲ့ပြီး ၂၀၀၈ဖွဲ့စည်းပုံအခြေ ခံဥပဒေသည် တပ်မတော်အတွက် သာ သီးသန့်ရေး ဆွဲထားသော ဖွဲ့ စည်းပုံဟု ပြည်သူများအားပြောဆိုခဲ့ သည်။
တရားဝင်ခွင့်ပြုချက်ဖြင့် ပြု လုပ်သော ရန်ကုန်တိုင်းဒေသကြီး အရှေ့ပိုင်းခရိုင် ၂၀၀၈ဖွဲ့စည်းပုံအ ခြေခံဥပဒေပြင်ဆင်ရေး ဆန္ဒထုတ် ဖော်ပွဲနှင့် ဟောပြောပွဲတွင် လူဦးရေ မှာ ဘောလုံးကွင်းထက်ဝက်ခန့်တက် ရောက်ခဲ့ကြပြီး တက်ရောက် လာသူ များက ပုဒ်မ ၄၃၆ပြင်ဆင်ပေးရန်ကြွေး ကြော် တောင်း ဆိုခဲ့ကြကြောင်း သိ ရသည်။
SYMZ [--Democracy today Daily Newspaper--]
Yangon Media Group
အာဏာသိမ်းတာပျော်စရာလားဗျာ
 ထိုင်းနိုင်ငံမှာတော့ စစ်တပ် ကအာဏာသိမ်းလိုက်ပြီတဲ့ဗျ။ ဖြစ်မှဖြစ်ရလေဗျာ။ ကျုပ်တို့ရွှေပြည်ကြီးအစိုးရက အာဆီယံမှာ ဥက္ကဋ္ဌဒုလ္လဘတက်ဖြစ်တဲ့နှစ်ကျမှ အာဆီယံနိုင်ငံတစ်နိုင်ငံမှာ အာဏာသိမ်းတဲ့အမှုက တက်ရတယ်လို့။ နောက်ပြီး တစ်ခါဒီသတင်းကြားတဲ့အခါ ကျုပ်ဖြင့်ကြက်သီးမွေးညင်းလည်းထသဗျ။ မထခံနိုင်မလားဗျာ။ ထိုင်းနဲ့မြန်မာက အိမ်နီးချင်းမဟုတ်လား။ တော်ကြာအတုမြင်အတတ်သင်ဆိုတာလို သူများတွေတောင် အာဏာသိမ်းနေတာတို့များ တစ်ခေါက် တစ်ခါအာဏာပြန်သိမ်းဦးမဟလို့ ကျုပ်တို့ဆီကတပ်မတော်ရဲ့ ကြီးကြီးမာစတာများက စိတ်ပြန်လည်သွားကြရင် ဘယ့်နှယ်လုပ်မတုံး။
ကျုပ်တို့ပြည်သူတွေထဲမှာ လည်း တချို့သူများဟာ ခပ်ဆန်း ဆန်းရယ်ခင်ဗျ။ ထိုင်းမှာစစ်တပ် ကအာဏာမသိမ်းခင် နှစ်ရက် အလိုမှာ မာရှယ်လောဆိုတဲ့စစ် အုပ်ချုပ်ရေးအမိန့်ကို ထုတ်လိုက် တာ ကိုယ့်လူတို့လည်းသတိထား မိမှာပေါ့။ အဲဒီအခါတုန်းက ကျုပ် တို့ဆီက တချို့သောမောင်များ ကဆိုရှယ်မီဒီယာခေါ်ဖေ့စ်ဘွတ်ခ်ပေါ်မှာ ချော်တောငေါ့နေတာတွေ့သမို့လား။  ထိုင်းမှာ စစ်တပ်က မာရှယ်လောထုတ်တာ ပျော်စရာကြီးပါတဲ့ဗျာ။
အောင်မယ် . . .စစ်အုပ်ချုပ် ရေးအမိန့်ထုတ်ပြီး ငြိမ်ဝပ်ပိပြား အောင်လုပ်ဆောင်နေကြတဲ့ ထိုင်းတပ်မတော်သားတွေကိုလည်း ချီး ကျူးကြသေးခင်ဗျ။ သေနတ်ကြီး တကားကားနဲ့ ထိုင်းစစ်သားတွေ အကြားက ဖြတ်သွားကြတဲ့လှပျို ဖြူကလေးများရဲ့ဓာတ်ပုံတွေကို လည်း ပလူပျံအောင်ရှယ်ယာလုပ် ကြပါရဲ့။ ဒါတင်မက ဘွားတော် တချို့က ထိုင်းစစ်သားတွေကို ရေ ပူရေချမ်းကမ်းပြီး တပ်နဲ့ပြည်သူ ချစ်ကြည်ဖြူနေကြတဲ့ ဓာတ်ပုံများ ကိုကြည့်ပြီးသကာလ စစ်သားတွေကိုဝိုင်းပြီးထောမနာလိုက်ကြ တာ။
နောက်ပြီးတစ်ခါ ထိုင်းစစ် တပ်နဲ့မြန်မာစစ်တပ်ကိုနှိုင်းယှဉ် ချက်ထုတ်ကြသေးတယ်။ ထိုင်း တပ်မတော်ဟာ မြန်မာတပ်မ တော်လိုမဟုတ်ဘူး။ အာဏာ သိမ်းတယ်ဆိုရင်လည်း ခဏပဲ။ ပြီးရင် ရွေးကောက်ပွဲတွေလုပ်ပြီး အရပ်သားလက်ထဲကို အာဏာ ဝကွက်အပ်တာပဲတဲ့။ အဲ . . . ကျုပ်တို့ရဲ့တပ်မတော်ကြီးကတော့အာဏာတစ်ခါသိမ်းပြီးရင် တစ်သက်ပဲတဲ့ဗျာ။ ကျုပ်ဖြင့် ဖေ့စ်ဘွတ်ခ်ပေါ်က မှတ်ချက်များကိုဖတ်ပြီးသကာလ မြန်မာ့တပ်မတော်အတွက် မျက်နှာတောင်ပူတယ်။ မြန်မာစစ်တပ်ကို ပြောရက်လိုက်လေခြင်းပေါ့။ စစ်တပ်ချင်းတူတာတောင်မှ အသက်ရှူချင်းကွာသေးသဗျလို့လည်း သဘောပေါက်ရတယ်။
 နို့ပေတဲ့ ကျားဆိုတဲ့အမျိုး ဟာ ဘယ်တောကကျားပဲဖြစ်ဖြစ် သက်သတ်လွတ်စားကြတာမှ မဟုတ်တာရယ်။ အလားတူစစ် တပ်ဆိုတာမျိုးဟာလည်း အဲသလိုပဲခင်ဗျ။ သူတို့ကိုဥပဒေနဲ့ပိုင်ပိုင် နိုင်နိုင်မချုပ်ကိုင်ထားနိုင်မချင်း ဘယ်နိုင်ငံမှာမဆို စစ်တပ်ဟာ အာဏာသိမ်းနိုင်ခြေရှိတာပဲဗျာ။ အထက်မှာ ကျုပ်တို့ဆိုခဲ့သလို ထိုင်းတပ်မတော်ကိုချီးမွမ်းထော မနာဝိုင်းပေးကြပြီးတဲ့နောက် ဘာမှမကြာလိုက်ပါဘူး။ နောက်တစ် ရက်လည်းနေရော ထိုင်းစစ်တပ် ဟာ နိုင်ငံတော်အာဏာကိုသိမ်း ယူလိုက်ပြီဖြစ်တဲ့အကြောင်း ကြေညာလိုက်ပါရောလားဗျာ။
ကနဦးမှာ ထိုင်းစစ်တပ်ကို ဟိမဝန္တာ  ချီးမွမ်းခန်းဖွင့်ကြတဲ့ ကျုပ်တို့ရဲ့ဖေ့စ်ဘွတ်ခ်ပေါ်က ဆွေ သဟာများလည်း အဲဒီသတင်း ကြားတဲ့အခါ ကြက်ကြီးလည်လိမ် ဖြစ်သွားတယ်ထင်ပါ့။  ခေတ်စကားနဲ့ပြောရရင်တော့ ‘နင်’ကုန် ကြတယ်ဆိုရမှာပေါ့ခင်ဗျာ။ အနှီ သူတို့ဟာ ထိုင်းစစ်တပ်ကအာ ဏာသိမ်းပြီဆိုတော့ကာ ဘာမှ ပြန်မပြောနိုင်ကြတော့ဘူးခင်ဗျ။ ဒါကြောင့် ကျုပ်တို့ကပြောနေရ တာ။ စစ်တပ်ကိုပုံပြီးမယုံပါနဲ့လို့။
ဆိုချင်တာကတော့ဗျာ။ စစ် တပ်ကအာဏာသိမ်းပြီဆိုတာနဲ့ အာဏာသိမ်းစစ်တပ်ရဲ့အလုပ် ကိုလုပ်တော့တာပဲဗျ။ သိတဲ့ အတိုင်းပဲ။ ပထမဆုံးနိုင်ငံမှာဖြစ်နေတဲ့အရပ်ရပ်အခြေအနေကို ထိန်းလိုတယ်ဆိုတဲ့အကြောင်းပြချက်နဲ့ နေဝင်မီးငြိမ်းလို့ဆိုနိုင်တဲ့ စစ်အုပ်ချုပ်ရေးအမိန့်ထုတ်တယ်။ ဒါနဲ့ ရပ်နေတာတင်မဟုတ်ဘူး။ တစ်ဆင့်တက်ပြီး လတ်တလော အုပ်ချုပ်နေတဲ့နိုင်ငံအကြီးအကဲတွေကို ထိန်းသိမ်းတယ်။ လွှတ်တော်ဒါမှမဟုတ် ပါလီမန်ကို ဖျက်သိမ်းမယ်။ နောက်ပြီး စာနယ်ဇင်းတွေကိုထိန်းချုပ်မယ်။ စစ်တပ်ရဲ့အာဏာသိမ်းဖော်နည်းကားဆိုပါစို့ရဲ့။
 အခုထိုင်းမှာလည်း ဒီအတိုင်းပဲဗျာ။ ပထမတော့ လမ်း ပေါ်မှာမငြိမ်မသက်နဲ့လှုပ်လှုပ် ခတ်ခတ်ဖြစ်နေတာတွေကို ရပ် ရွာစိုးမိုးရေးအတွက် ထိန်းသိမ်း မယ့်ပုံနဲ့ မာရှယ်လောထုတ်လိုက် တယ်။ ပထမတော့ ကောင်းပြီ ကောင်းရဲ့လို့ သူတို့ဆီကလူထုက လည်း ထင်နေပုံပါပဲ။ ဒါကြောင့် လည်း ရေပူရေချမ်းကမ်းတာပေါ့။ သို့ပေတဲ့ နှစ်ရက်အကြာမှာ ဇာတိက ပြတော့တာကိုး။
 စစ်တပ်ကအာဏာသိမ်း ကြောင်း ကြေညာလိုက်တယ်။ အာဏာသိမ်း စစ်ဗိုလ်ချုပ်က လည်း သူ့ကိုယ်သူတော့ဖြင့် ဘာ တဲ့ဗျာ။ ယာယီဝန်ကြီးချုပ်ဆိုလား ပဲ။ လူထုဆန္ဒမဲနဲ့တက်လာတဲ့ ယင်လပ်ရှင်နာဝပ်ဆိုတဲ့ အရပ် သားဝန်ကြီးချုပ်နဲ့ သူ့ရဲ့အပေါင်း ပါတွေကိုကျတော့ဖမ်းဟယ်ချုပ် ဟယ်လုပ်တယ်။ပြီးတော့ အထက်လွှတ်တော်ကိုဖျက်သိမ်းတယ်ဗျာ။ စာနယ်ဇင်းတွေ၊ ရုပ်သံလိုင်းတချို့ ကိုလည်းဖြတ်တောက်တယ်။ သတင်းသမားတွေ သတင်းယူခွင့်ကိုကန့်သတ်တယ်။
ကျုပ်ဖြင့် သတင်းတွေထိုင် ကြည့်ရင်းနဲ့ စစ်သားတွေလက် နက်ကိုယ်စီနဲ့ နေးရှင်းသတင်းစာ တိုက်ထဲဝင်လာတဲ့ပုံတွေ့ရတော့ ရင်ထဲမှာမွန်းကျပ်ခံပြင်းရသဗျ။ သတင်းခန်းထဲ သေနတ်နဲ့ဝင်တာ ရိုင်းစိုင်းတယ်လို့လည်းခံစားရ တယ်။  စစ်သားတွေသေနတ် တကားကားနဲ့ လူမြင်ကွင်းမှာ လမ်းသလားနေတာဟာ ဟောဒီ ရွှေပြည်ကြီးမှာ မမြင်ချင်မှအဆုံးရယ်ဟာ။ ဘယ့်နှာကြောင့် ကျုပ်ကတထူးတဆန်းလုပ်နေရသတုံးလို့ကိုယ့်လူတို့မေးလာရင်လည်း ခံရမှာပဲဗျာ။ ကျုပ်ကတော့ စစ်သားတွေ သေနတ်တပြပြနဲ့ အရပ်သားလူထုကို အမိန့်ပေးနေတာ လူအချင်းချင်းခံပြင်းတာတော့ အမှန်ဗျို့။
ကြားထဲကကျုပ်က ရွပိုးထိုး ပြီးမခံချင်ဖြစ်နေပေတဲ့ထိုင်းလူထု ကတော့ စစ်တပ်ရဲ့ဒီအချိုးကို ရိုး နေပြီထင်ပါရဲ့။ သိတော်မူကြတဲ့ အတိုင်း ထိုင်းစစ်တပ်က အာဏာ သိမ်းတာ ဒီတစ်ကြိမ်ပထမဆုံးမှ မဟုတ်တာ။ ဒါပါနဲ့ဆိုရင် ထိုင်း မှာစစ်တပ်ကအာဏာသိမ်းတာ ၁၉ ကြိမ်တောင်ရှိပြီတဲ့ခင်ဗျ။ အဲ . . . ၁၂ ကြိမ်က အာဏာတကယ် သိမ်းတာဖြစ်ပြီး ကျန်တဲ့ခုနစ်ကြိမ် က စစ်တပ်ကအာဏာသိမ်းဖို့ကြံ စည်ခဲ့တာဆိုပဲ။
ကျုပ်တို့ပြောခဲ့သလိုပါပဲဗျာ။ ခဏပဲသိမ်းသိမ်း၊ အကြာကြီးပဲ သိမ်းသိမ်း ဒီမိုကရေစီစည်းမျဉ်း ကိုဖျက်ပြီး စစ်တပ်ကအာဏာ သိမ်းတယ်ဆိုတာ ယဉ်ကျေးတဲ့လူ သားကမ္ဘာကဘယ်သူမှလက်မခံ နိုင်တဲ့ကိစ္စဖြစ်တယ်ခင်ဗျာ။ အခု ဆိုရင် ထိုင်းမှာလည်း သူ့နိုင်ငံသား တွေဟာ စစ်အာဏာသိမ်းတာကို ဆန့်ကျင်ကန့်ကွက်နေကြသဗျ။ စစ်တပ်ကလည်း ဘယ်လောက်ပဲ သိမ်မွေ့ပါတယ်ပြောပြော လမ်း ပေါ်ထွက်ဆန္ဒပြတဲ့လူထုကို လက်မရွံ့တမ်း ဖမ်းဟယ်ဆီးဟယ်နဲ့နှိမ် နင်းတော်မူနေတာပဲခင်ဗျ။ အဲဒါ များထိုင်းမှာစစ်တပ်အာဏာသိမ်း တာမဆိုးလှပါကလားဆိုပြီး အလံရှူးချင်ကြတဲ့သူများကလည်းရှိ သေးရဲ့။ သူ့နိုင်ငံသားများက လက်မခံနိုင်သလို ဒီမိုကရေစီကိုတန်ဖိုး ထားတဲ့နိုင်ငံများကလည်း ထိုင်းရဲ့အာဏာသိမ်းကိစ္စအပေါ်မှာ မကျေလည်ကြဘူးခင်ဗျ။ နိုင်ငံအများအပြားကခေါင်းဆောင်များက ကန့်ကွက်နေကြတယ်။ အမေရိကန်ဆိုရင် ထိုင်းကိုပေးစရာရှိတဲ့ အကူအညီများကိုတောင်မှ ရပ် ဆိုင်းလိုက်ပြီဗျ။ အဲ . . . အာဆီယံ မှာ ပူပူနွေးနွေးဥက္ကဋ္ဌဖြစ်ထားတဲ့ ကျုပ်တို့ ရွှေပြည်ကြီးအစိုးရက တော့ ထိုင်းအာဏာသိမ်းမှုနဲ့ပတ် သက်ပြီး ဘာတစ်ခွန်းမှမဟသေး ဘူးခင်ဗျ။
 အစမှာကျုပ်ပြောခဲ့သလို ပေါ့ဗျာ။ ကျုပ်တို့အစိုးရအာဆီယံ ဥက္ကဋ္ဌဖြစ်တဲ့နှစ်ကျမှ အာဏာ သိမ်းကိစ္စတွေပေါ်လာတာဟာကံ ဆိုးတယ်လို့။ ဥက္ကဋ္ဌကိုယ်တိုင်က လည်း စစ်တစ်ပိုင်းအစိုးရဖြစ်နေ လေတော့ ဒေသတွင်းမှာစစ်အာ ဏာသိမ်းမှုတွေဖြစ်လာတဲ့အခါ ဘယ်လိုရပ်တည်မလဲဆိုတာ ကျုပ်တို့တင်မက နိုင်ငံတကာက လည်းစောင့်ကြည့်နေတာဗျ။ ဒါ ကြောင့်ခွတော့ဖြင့်ခပ်ကျကျရယ်။
အကယ်၍များ ထိုင်းမှာစစ် တပ်က  အာဏာသိမ်းတာဟာ မကောင်းပါလို့ ဥက္ကဋ္ဌကြီးကတက် ထောင်မောင်းနင်း ကန့်ကွက်ခြင်း ပြုမယ်ဆိုရင်လည်း တခြားသူ တွေအပထား၊ ထိုင်းစစ်တပ်ကိုယ် တိုင်က ဥက္ကဋ္ဌအစိုးရကို ပြန်ပြီး လက်ညှိုးထိုးလာလိမ့်မယ်။
သူများကို အာဏာသိမ်းတာမကောင်းဘူးပြောရအောင် ကိုယ့်ကိုယ်ကို ယ်လည်းပြန်ကြည့်ပါဦးဗျာလို့ ထိုင်းဗိုလ်ချုပ်တွေက စကားနာထိုးလာနိုင်တယ်မဟုတ်လား။ ဒီလိုမဟုတ်လို့ထိုင်းမှာ စစ်အာဏာသိမ်းတာ ကောင်းတယ်ဗျာလို့ထောက်ခံလိုက်ရင်လည်း နိုင်ငံတကာကအာဆီယံဥက္ကဋ္ဌကပါ အလိုတူအလိုပါဆိုပြီး ယိုးစွပ်တာကိုလည်းခံရဖွယ်ရှိတယ်။
လူဆိုတာကလည်း သူများ ကိုစောဒနာဖို့ဆိုတာ ကိုယ်တိုင် က အကျင့်စရဏကောင်းမွန်မှ ဖြစ်တာမို့လားဗျာ။ အခုအချိန်မှာ ဥက္ကဋ္ဌကိုယ်တိုင်ကလည်း မနည်း သိက္ခာဆည်နေရရှာတာကလား။ ဒါကြောင့်မို့ ထိုင်းမှာအာဏာသိမ်း တဲ့အမှုနဲ့ပတ်သက်ပြီး ကျုပ်တို့ရဲ့ ရွှေပြည်ကြီးအစိုးရပူပူနွေးနွေး အာဆီယံဥက္ကဋ္ဌဟာ ဘယ်လိုရပ် တည်ကိုင်တွယ်မလဲဆိုတာ စိတ် ဝင်စားစရာ ဖြစ်လာနေပြီဗျ။ အတည်မပြုနိုင်ပေတဲ့အရပ်ထဲမှာ တိုးတိုးသဲ့သဲ့ကြားတာကတော့ မြန်မာအစိုးရဟာ ထိုင်းစစ်တပ် အာဏာသိမ်းတာကို ထောက်ခံ တယ်ဆိုလားပဲ။ ပြောခွင့်ရသူကြီး ကတော့ ဘာတစ်ခုမှအစိုးရမှာ ထုတ်ပြန်ပြောဖို့ရာမရှိသေးပါဘူး တဲ့။
  ဘာပဲဖြစ်ဖြစ် အာဆီယံ ဥက္ကဋ္ဌဟာ ထိုင်းအာဏာသိမ်းကိစ္စ မှာ နှာခေါင်းကျည်ပွေ့မတွေ့ပါ စေနဲ့လို့ပဲ ကျုပ်တို့ကဆုတောင်း ပါသဗျ။ ပြောသာပြောရတာပါ။ ဥက္ကဋ္ဌကြီးဟာ ထိုင်းမှာခဏခဏ အာဏာသိမ်းနေတဲ့ မလိမ်မိုး မလိမ်မာလေးတွေကို နေပြည် တော်ခေါ်ပြီး ရွှေပြည်ကြီးကနည်း လမ်းတွေ သင်တန်းပေးနေရင် လည်းအခက်။ သိတယ်ဟုတ်။ ရွှေပြည်ကြီးရဲ့နည်းက ထိုင်းမှာ လိုစစ်တပ်က အာဏာမကြာခဏ သိမ်းနေစရာမလိုဘူး။ ခဏခဏ အာဏာသိမ်းစရာမလိုဘဲနဲ့ ရာ သက်ပန်အာဏာမြဲနေစေရမယ့် နည်းက ရွှေပြည်ကြီးရဲ့မူပိုင်ဖော် မြူလာ။ သိချင်ရင် ၂၀၀၈ ဖွဲ့စည်း အုပ်ချုပ်ပုံထဲမှာရှာ။
ထိုင်းကဗိုလ်ချုပ်တွေက ကျုပ်တို့ဆီက ကြီးကြီးမာစတာ များ နဲ့ယှဉ်ရင် နုပါသေးတယ်။ အာ ဏာသိမ်းတယ်ဆိုတာ အပျော် လုပ်စရာများမှတ်နေလားမသိဘူး။ ခဏခဏသိမ်းတော့ ခဏခဏ စစ်တပ်နာမည်ပျက်တာပေါ့။ ဘာလုပ်မှာလဲ။ ကျုပ်တို့ဆီမှာဆိုရင် တစ်ခါသိမ်းလိုက်တာ နှစ်(၆၀) လောက်ကြာတယ်။ ဒါကြောင့် ထိုင်းနဲ့မြန်မာဟာ အာဏာသိမ်း အစဉ်အလာမှာတူပေတဲ့ သမ္ဘာ မှာတော့ကွာတယ်ဗျ။ အာဏာ သိမ်းရာမှာ ကျုပ်တို့ကဆရာပဲ။ သို့ပေတဲ့ အခုတော့ အရင်လို မဟုတ်တော့ပါဘူး။ ထိုင်းနဲ့ကွာ သွားတာက ကျုပ်တို့ဆီမှာ စည်း ကမ်းဥပဒေကို တပ်မတော်ဟာ ဘယ်လောက်အလေးထားလာပြီ လဲဆို အာဏာသိမ်းမယ်ဆိုရင် တောင် နည်းဥပဒေတွေဘာတွေ နဲ့။
(ဖော်ပြပါ သရော်စာသည် စာရေးသူ ဘစီ၏ အာဘော်သာဖြစ်သည်)
Author: ဘစီ
7Day Daily
နာရေးကူညီမှုအသင်းရဲ့ဂုဏ်ထူးဆောင်အသင်းသား ဖြစ်လာနိုင်တဲ့ သင်ဇာဝင့်ကျော်
ရုပ်ရှင်သရုပ်ဆောင် သင်ဇာဝင့်ကျော်သည် မေလ ၂၂ ရက်နေ့က နာရေး ကူညီမှု အသင်း (ရန်ကုန်)မှာ လုပ်အားဒါန ပေးဆပ်မှုပြုခဲ့ကြောင်း သိရသည်။ ၄င်းသည် အဆိုပါနေ့ က ဒဂုံမြို့သစ် အရှေ့ပိုင်းနေ ကွယ်လွန်သူ ဦးမြမန်း အသက် (၈၇)နှစ် ၏ ဈာပနလမ်းကြောင်းကို ကူညီဖေးမ ဆောင်ရွက်ခဲ့ခြင်း ဖြစ်ပြီး နာရေးကူညီမှု ဈာပန လမ်းကြောင်း များသို့ သင်ဇာဝင့်ကျော်၏ လိုက်ပါပေးဆပ် ဆောင်ရွက် မှုများမှာ သင်္ကြန် မတိုင်မီ မတ်လ ကတည်း ကစတင်ခဲ့ပြီး တစ်လလျှင် နှစ်ရက်မျှ ပုံမှန် လာရောက် လုပ်အားဒါနပြုလေ့ရှိကြောင်း နာရေး ကူညီမှု
အသင်း (ရန်ကုန်)က ဆိုပါသည်။
နာရေး ကူညီမှုအသင်း (ရန်ကုန်)၌ ရုပ်ရှင်၊ဂီတ နယ်မှ အနုပညာရှင်များ လာရောက် လုပ်အားပေး လုပ်ဆောင်လေ့ ရှိပြီး ဂုဏ်ထူး ဆောင် အသင်းသား များအဖြစ် ဂီတ အနုပညာရှင်များ ထဲမှ ဦးရဲလွင်၊ ဆောင်းဦးလှိုင်၊ ကိုသားထွေး တို့အား သတ်မှတ်ထားကြောင်း သိရသည့်အတွက် ရုပ်ရှင်အနုပညာရှင် များထဲမှလည်း ဂုဏ်ထူးဆောင် အသင်းသား အဖြစ် ဂုဏ် ပြု သတ်မှတ်ရန် ရှိ၊ မရှိကို နာရေးကူညီမှု အသင်း(ရန်ကုန်) သို့ ဆက်သွယ်မေး မြန်းရာ ဥက္ကဋ္ဌ ဦးကျော်သူက “သင်ဇာဝင့်ကျော် အနေဖြင့် အခု လို ပုံမှန်လုပ် အားပေး
ပေးဆပ်မှု ရှိမယ် ဆိုရင်တော့ ဂုဏ်ထူးဆောင်အသင်းသား အဖြစ် သတ်မှတ်ပေးနိုင် လိမ့်မယ်လို့ မျှော်လင့်ပါတယ်”ဟုဖြေကြားပါသည်။
ခိုင်ဝေလွင်
Popular Journal
ပြည်သူ့လည်ပင်းဝထိ စီးမျိုလာသော မီတာခများ
သူ့လက်ထဲကို ရောက်လာတဲ့ စာရွက်ကြောင့် ဒေါ်တူး အတော်လန့် သွားခဲ့ရသည်။ အဲ့ဒါကတော့ အခြားမဟုတ် ဓာတ်အားခ တောင်းခံလွှာပင်၊ မိမိတို့မိသားစုတွင် မီတာခမှာလည်း အတော်ကို စိတ်ဆင်းရဲစရာ ကောင်းသော ဖိအားတစ်ခုလို ဖြစ်နေသည်။ဒေါ်တူးတို့ မိသားစုအတွက်တော့ မီတာခမှာ အိမ်လခ ကဲ့သို့ပင် မရရအောင် စုဆောင်းပြီး ပေးနေရသော တာဝန် တစ်ခုဖြစ်သလို နေ့စဉ် အိမ်စရိတ်တွင် နေရေးနှင့် စားသောက်ရေး အပါဝင် မီတာခကိုလည်း ထည့်တွက်ကာ ရှာဖွေရသည်က သိပ်တော့ မလွယ်ကူလှ။
“ကျမတို့အိမ်မှာ မီတာတွေ အရမ်းကျမှာစိုးလို့ မီးပူတိုက် တာမျိုးလဲ မလုပ်ဘူး၊ ရေခဲသေတ္တာနဲ့ အ၀တ်လျှော်စက်လည်း မသုံးဘူး၊ ထမင်းဟင်းကိုတော့ လျှပ်စစ်မီးဖို သုံးပါတယ်၊ ညပိုင်း မီးဖွင့်တယ်၊ တီဗီကြည့်တယ်၊ ဒီလောက်ပါပဲ၊ အဲ့ဒါ တစ်လ တစ်လကို တစ်သောင်းကျော် အမြဲကျတယ်၊ ကျမတို့ထက် လျှပ်စစ်ဓာတ်အား အများကြီး သုံးတဲ့သူတွေတောင် ကျမတို့လောက် မီတာခ မကျဘူး၊ ဘာမှားနေလဲတော့ မသိပါဘူး၊ တော်တော်ကို ကြာနေပါပြီ၊”ဟု ပြောပြသူကတော့ (၄၈)ရပ်ကွက် မြောက်ဒဂုံနေသူ ဒေါ်တူးတူးပဲ ဖြစ်ပါတယ်။
မြန်မာနိုင်ငံတွင် ယခုနှစ် ဧပြီလမှ စတင်တိုးမြှင့် ကောက်ခံခဲ့သော မီတာခများအား ယခု မေလ ဒုတိယပတ် မီတာတွင် စတင် ရောက်ရှိလာပြီဖြစ်ကာ ဓာတ်အားခ တောင်းခံလွှာမှ မီတာခများမှာလည်း အခြေခံ လူတန်းစားများ အတွက် ပိုမို ၀န်ပိလာသော ပြဿနာ တစ်ခု ဖြစ်လာနေသည်။
“အခုက မီတာစာရွက်တွေ ရောက်လာနေပြီလေ၊ မီတာခ အများကြီး မတိုးလောက်ဘူးလို့ ထင်ထားပေမယ့် စာရွက်ထွက်လာတော့ တော်တော်များနေတာ တွေ့ရတယ်၊ အခုက အိမ်ငှားခက တစ်လ ငါးသောင်း မီတာခက နှစ်သောင်းနီးပါး၊ ကြာရင်သေမှာပဲ၊ ဘယ်လို ရှာဖွေရမယ်တောင် မသိတော့ပါဘူး၊ မသုံးလို့ကလည်းမရ၊ သုံးမှတော့ သူတို့ တောင်းသလောက် မပေးရင်လည်း မီးကဖြတ်မှာ၊ ဘယ်လိုမှ မတတ်နိုင်တဲ့ အနေထားတွေပါပဲ”ဟု (၃၅) ရပ်ကွက်နေသူ အိမ်ငှားတစ်ဦးက ပြောပြခဲ့သည်။
မီတာခများအား တိုးမြှင့်ကောက်ခံရာတွင် မီတာအိမ်သုံး ယူနစ် ၁၀၀ အထိ ၁ ယူနစ်ကို ၃၅ ကျပ်၊ ယူနစ် ၂၀၀ အထိ ကျပ် ၄၀၊ ယူနစ် ၂၀၀ အထက် ကျပ် ၅၀ နှုန်း စက်မှုနဲ့ စီးပွားရေး လုပ်ငန်းသုံး မီတာတွေ အတွက် ယူနစ် ၅၀၀ အထိ ၇၅ ကျပ်၊ ယူနစ် ၁ သောင်းအထိ ၁၀၀ ကျပ်၊ ယူနစ် ၅ သောင်းအထိ ၁၂၅ ကျပ်၊ ယူနစ် ၂ သိန်း အထိ ၁၅၀ ကျပ်နဲ့ ယူနစ် ၂ သိန်းကနေ ၃ သိန်းအထိ ၁၂၅ ကျပ် အဖြစ် ကောက်ခံနေကြောင်းလည်း သိရသည်။
မီတာခများ တိုးမြှင့် ကောက်ခံမှုများနှင့် ပတ်သတ်၍ သဘောထား ကွဲပြားမှု များစွာရှိနေကာ ယင်းကဲ့သို့ တိုးမြှင့်ကောက်ခံနိုင်ရန် အတွက် မေလ တတိယပတ် အတွင်းမှာပင် လွှတ်တော်ထဲ၌ မဲခွဲဆုံးဖြတ်ခဲ့ရာ ကန့်ကွက်သူ (၁၈)ဦးခန့်သာ ရှိခဲ့ခြင်းကြောင့် အဆိုပါ တိုးမြှင့်ကောက်ခံမှုမှာ အတည် ဖြစ်ခဲ့ရကြောင်းလည်း သိရသည်။
ယင်းသို့ တိုးမြှင့်ကောက်ခံမှုမှာ ပြည်ပ နိုင်ငံများနှင့် နှိုင်းယှဉ်ပါက နည်းနေသေးကြောင်း စသည်ဖြင့် သုံးသပ်မှုများ ရှိနေကာ အစိုးရ အနေဖြင့် ယင်းသို့ တိုးမြှင့်ထားခြင်းသည်ပင် အရင်း မကျေသေးပဲ ၁ ယူနစ်ကို ၅၂ ပြား၊ ဆုံးရှုံးနေရကာ ၁ နှစ်လျှင် ကျပ်ငွေ သန်း၇၇၀ ရှုံးနေရသေးကြောင်းလည်း လွှတ်တော်တွင် တရားဝင် ထွက်ဆိုခဲ့ကြသည်။
“အိမ်နီးချင်း နိုင်ငံတွေနဲ့ မနှိုင်းယှဉ်နဲ့လေ အိမ်နီးချင်း နိုင်ငံတွေက အဲ့ဒီလို လျှပ်စစ်ဓာတ်အားခတွေ ပေးနိုင်မှာပေါ့ သူတို့မှာ ပေးနိုင်တဲ့ ၀င်ငွေ တစ်ခုရှိနေတာကိုး၊ ဒီမှာက လက်လုပ် လက်စားတွေလေ၊ သူတို့လောက် ၀င်ငွေ မရှိပဲ၊ သူတို့လို ဆောင်ရရင်တော့ တောင်းရမ်းပြီး စားဖို့ပဲ ကျန်တယ်”ဟု ဒေါ်တူးတူးက စိတ်ဆိုးစွာ ပြောပြခဲ့သည်။
မြန်မာနိုင်ငံတွင် လျှပ်စစ်ဓါတ်အားခ (မီတာခ)များ တိုးမြင့်လာခြင်းမှာ အခြေခံ လက်လုပ်လက်စားများ၊ အိမ်ငှား နေထိုင်နေရသူများ အတွက် အခက်ခဲများစွာ ဖြစ်ပေါ်လာစေနိုင်ကြောင်းနှင့် ယင်းအခက်ခဲများအား အခြေခံ လူတန်းစားများ မှလွဲ၍ ကျန်လူတန်းစားများ နားလည်နိုင်လိမ့်မည် မဟုတ်ကြောင်း၊ ယင်းကဲ့သို့ အခြေနေများစွာ ကွာခြားမှုများကြောင့် အခြေခံ လူတန်းစားများနှင့် အုပ်ချုပ်သူများ အကြားတွင် အမြဲလို ပြဿနာများစွာ နှင့် အယူဆကွဲလွဲမှု များစွာ ဖြစ်နေရကြောင်းလည်း ပြည်ပရောက် နိုင်ငံရေး အကျဉ်းသား ဟောင်းတစ်ဦးက သုံးသပ် ပြောကြားခဲ့သည်။
အခြေခံ လူတန်းစား တစ်ဦးအတွက် ပျမ်းမျှ လစာငွေမှာ တစ်လလျှင် (၈၀၀၀၀)ကျပ် ၀န်းကျင်ခန့်ရှိကာ မိသားစု ခြောက်ယောက်ခန့်ရှိသော အခြေခံ လူတန်းစား မိသားစုအတွင်းတွင် ယင်းဝင်ငွေ ပုံမှန်ရှိသော အလုပ်သမား နှစ်ယောက်ခန့် ရှိသော်လည်း အလုပ် မလုပ်ကိုင်နိုင်သော၊ ၀င်ငွေ မရှိသော သက်ကြီးရွယ်အိုနှင့် ကလေးငယ်များ အတွက် လက်ကျန်ငွေများမှာ မငတ်ရုံ တမယ် စားသောက်ကြရသော ၀င်ငွေ တစ်ရပ်ဖြစ်ရာ ယင်းသို့ မိသားစု အတွင်း သောင်းနှင့်ချီ ကုန်ကျလာတော့မည့် မီတာခမှာ အခြေခံ လူတန်းစားများ အတွက် မထင်မှတ်လောက်အောင် များပြား လွန်းလှသည်။
“ကျမတို့လို ၀င်ငွေ တစ်သိန်းကျော်ရှိတဲ့ လူလတ်တန်းစား အတွက်တောင် မီတာခက တစ်ကယ် ၀န်ပိစေပါတယ်၊ အိမ်သုံး ဆိုပေမယ့်လည်း ပြောရရင် ဘယ်သူမှ (၁၀၀)ယူနစ်အောက် သုံးသူမရှိပါဘူး၊ နှစ်ရာ ယူနစ် သုံးသူတွေ အတွက်(၅)ကျပ်ပဲ တတ်တာလို့ လွှတ်တော် ကိုယ်စားလှယ်က ပြောနေပေမယ့် တစ်ကယ်တမ်း ကျမတို့ ဆောင်နေရတာက အဲ့ဒီလို ငါးကျပ်လောက် တတ်တဲ့နှုန်းကို မဟုတ်ပါဘူး၊ တစ်ချို့ နေရာတွေမှာ မီတာတွေက မတရား လည်နေတယ်၊ အကြိမ်ကြိမ် လာစစ်ဆေးဖို့ ပြောပြီး လာကြည့်ပေးတဲ့ လူကို ပိုက်ဆံ တစ်သောင်းလောက် ပေးလိုက်မှ ပုံမှန်အတိုင်း သူများမီတာ လည်နှုန်း ပြန်ဖြစ်ပြီး မီတာခတွေ ပြန်ငြိမ်သွားတာမျိုးတွေက ဘာလုပ် တာလဲ၊ ဒီလိုမျိုးတွေ တွေ့နေရတာ အစိုးရရဲ့ မသေချာ မရေရာမှုလို့ ပြောရမလား၊ ပြည်သူဆီက ငွေတွေ ညာယူနေတယ် ပြောရမလား၊ မီတာပုံးရဲ့ စနစ်မကျမှုလို့ ပြောရမှာလား၊ အဲ့ဒီလိုပေါ့နော် အစိုးရ အနေနဲ့ သူတို့ဘက်ကနေ တစ်ခုခုဆို ၀န်ဆောင်မှု ပေးဖို့တွေ၊ တာဝန်ယူမှု မရှိပဲ၊ တစ်ခုခုဆို ပြည်သူကပဲ အားလုံးထမ်းပြီး ဆောင်ဖို့ လုပ်တာကတော့ အင်မတန်မှကို ရုပ်ပျက်တယ်လို့ ခံစားရတယ်” ဟု ဈေးကွက် ၀န်ဆောင်မှု လုပ်ငန်းများ ဆောင်ရွက်နေသော မမိငယ်က ပြောခဲ့သည်။
အဆိုပါ မီတာခများမှာ အစိုးရ အတွက် ကာမိစေရန်ပင်မရှိပဲ တစ်နှစ်လျှင် ကျပ်ငွေ သန်း ၇၇၀ ရှုံးနေ ရဦးမည်ဟုလည်း ဆိုသည်။ မည်သို့ပင်ဆိုစေကာမူ ယခုချိန်မှာတော့ မီတာတိုးမြှင့်ကောက်ခံဖို့ လွှတ်တော်မှ သဘောတူထားသည့် အတိုင်း တိုးမြင့်လာသော မီတာခများကို ပြည်သူ အများ မရမက ရအောင် ရှာဖွေရင်း၊ စားမည့်ထဲမှ မီးဖိုးချန်ကာ မီတာခများ ဆောင်နေပေဦးမည်... ဆောင်ကြရပေဦးမည်။ ဒီလိုပါပဲ အခြေခံ လူတန်းစား မိသားစုဝင် ဒေါ်တူးတူးမှာလည်း မီတာစာရွက်လေး ကိုင်ကာ စိတ်မသက်စွာဖြင့်ပင် ဘာလုပ်ရမှန်းမသိ၊ နောက်ဆုံးတော့ မကြာမှီ အလုပ်မှ ပြန်လာမည့် သားသမီးတွေ ရောက်သည်နှင့် သေသေချာချာ မြင်သာစေမည့် ပြတင်း တံခါးလေးတွင် မီတာစာရွက်ကလေးကို အားနာနာနှင့်ပင် ညှပ်ထားလိုက်ရင်း ယင်းမီတာစာရွက် မြင်ချိန်တွင် တစ်ယောက် တစ်ပေါက် ပြောဆိုကြတော့မည့် သားသမီးများ အသံကို ကြိုတင် ကြားယောင်ကာ သက်ပြင်းမောကိုသာ ချလိုက်မိပါတော့သည်။ ။
Tomorrow
အွန်လိုင်း အောင်ဘာလေထီဖွင့်နိုင်ရန် စတင်စီစဉ်ဆောင်ရွက်နေ
ဂျွန်ချစ်ငြိမ်း| တနင်္လာနေ့၊ မေလ ၂၆ ရက် ၂၀၁၄ ခုနှစ်
မြန်မာနိုင်ငံတွင် လက်ရှိအောင်ဘာလေထီစနစ်ကို e Lottery (အွန် လိုင်းထီ)စနစ်ဖြင့် တိုးချဲ့ကာ အကောင်အထည်ဖော်နိုင်ရန် စတင်ဆောင်ရွက်နေကြောင်း ပြည်တွင်းအခွန်များ ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမင်းထွဋ်က ပြောဆိုလိုက်သည်။
တောင်ကြီးမြို့၊ မြို့တော်ခန်းမတွင် မေ၂၄ ရက်က ပြုလုပ်ခဲ့သည့် အခွန်အကောက်ဆိုင်ရာ ဆပ်ကော်မတီ ကိစ္စရပ်များ တွေ့ဆုံပွဲတွင် ထုတ်ဖော်ပြောဆိုခဲ့ခြင်းဖြစ်သည်။
“e Lottery စနစ်နဲ့ ပတ်သက်တဲ့ နည်းဥပဒေကိုလည်း ရေးဆွဲပြီးတော့ ပြည်ထောင်စုဥပဒေချုပ်ထံ တင်ပြ ထား ပြီးဖြစ်ပါတယ်” ဟု ပြည်တွင်းအခွန်များ ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမင်းထွဋ်က ပြောသည်။
သို့သော် မည်သည့်အချိန်တွင် စတင်နိုင်မည်ကို ထုတ်ဖော်ပြောဆိုခြင်း မရှိဘဲ e Lottery စနစ်ကျင့် သုံးသွားပါကလည်း လက်ရှိ Paper Lottery အောင်ဘာလေ ထီလက်မှတ်စနစ်ကို ဖျက်သိမ်းသွားမည် မဟုတ်ပေ။
e Lottery စနစ် လုပ်ကိုင်လိုသည့် ကုမ္မဏီများသည် မြို့နယ်အလိုက် လျှောက်လွှာတင်ကာ အခွန်ဦးစီးဌာန ၏ ဘဏ်ငွေစာရင်းတွင်Deposite တင် ထားရမည်ဖြစ်ပြီး စာရင်းရှိ ငွေကြေး ပမာဏအလိုက် ထီထိုးကံ စမ်းသွားနိုင် မည်ဖြစ်သည်။
လက်ရှိတွင် အောင်ဘာလေထီ လက်မှတ်တစ်စောင်၏ အစိုးရရောင်း ဈေးမှာ ၂၀၀ ကျပ်ဖြစ်သည်။
အောင် ဘာလေထီပေါက်စဉ်ကိုwww.myanmarelottery.com မှ တစ်ဆင့်တိုက်နိုင်သည်။
Mizzima Burmese
မြန်မာပြည်သူ ၆သောင်းကို ၂နှစ်အတွင်းကျန်းမာရေး စောင့်ရှောက်ပေးမည်ဟု Ooredoo ကြေညာ
မြန်မာနိုင်ငံမှာ ရင်ခုန်စိတ်လှုပ်ရှားဖွယ်ရာတွေ ပေါ်ပေါက်နေပြီဆိုတဲ့ သတင်းစကားနဲ့ 3G ကွန်ရက် မိုဘိုင်းဖုန်း ဝန်ဆောင်မှုကို ဇူလိုင်လထဲမှာ စတင်တော့မယ်လို့ သတင်းထွက်နေတဲ့ Ooredoo က မိုဘိုင်းကျန်းမာရေးစနစ်ကို တိုးချဲ့ဖို့ ပြင်ဆင်နေပါပြီ။
အရပ်ဖက်အဖွဲ့အစည်း ၂ခုနဲ့ ပူးပေါင်းပြီး Ooredoo ဟာ ကျန်းမာရေးလှုပ်ရှားမှုတွေကို ရန်ကုန်နဲ့ မန္တလေးမှာ လုပ်ဆောင်မှာဖြစ်သလို ၄၄ဦးဆန့်တဲ့ ဆေးခန်းကား ၂စီးနဲ့ တစ်နှစ်ကို လူနာ ၃သောင်းကျော် ကုသပေးသွားမယ်လို့ ပြောဆိုလိုက်ပါတယ်။
မန္တလေး၊ မကွေးနဲ့ စစ်ကိုင်းက ရွာပေါင်း နှစ်ထောင်နီးပါးက ဒေသခံ ပြည်သူ ၆သောင်းကျော်ကို ၂နှစ်အတွင်း ကျန်းမာရေးကုသမှုတွေလုပ်ဖို့ ကားအသေး ၆စီးကို မိခင်နဲ့ကလေးကျန်းမာရေး၊ အာဟာရဖွံ့ဖြိုးရေးနဲ့ ရောဂါရှာဖွေရေးတွေမှာ အသုံးချသွားမယ်လို့ ရှန်ဂရီလာဟိုတယ်မှာ မေလ ၂၅ရက်နေ့က ကျင်းပတဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုခဲ့ပါတယ်။
3G ကွန်ရက်ကို စတင်ဖို့ ရန်ကုန်၊ မန္တလေးမြို့မှာ Data Center တွေ စမ်းသပ်တည်ဆောက်ခဲ့ပြီး တကယ်စတင်ချိန်ကျမှ အချိန်ကပ်ပြီး ကြေညာသွားမှာဖြစ်တယ်လို့ ဆိုပါတယ်။ Ooredoo ရဲ့ ဆက်သွယ်ရေး ဝန်ဆောင်မှုအပေါ် လူအုပ်စုတစ်ခုက ဝေဖန်တိုက်ခိုက်နေမှုတွေကို ရှုတ်ချပြစ်တင်ခဲ့ပြီး သူတို့ကုမ္ပဏီဟာ ကမ္ဘာ့နိုင်ငံအသီးသီးမှာ အစုစပ်လုပ်ငန်းအဖြစ် ရပ်တည်နေတာလို့ ပြောဆိုခဲ့ပါတယ်။
Kamayut Media
နေ့စဉ် ၇ မိနစ်စာ လေ့ကျင့်ခန်း
မိမိရဲ့ ကိုယ်ခန္ဓာ ကျန်းကျန်းမာမာ ရှိနေဖို့ အတွက် အားကစား အနည်းဆုံး တစ်ခု ကတော့ ပုံမှန် လိုက်စား သင့်ပါတယ်။ အကယ်၍ မအားလပ်လို့ နေ့တိုင်း အားကစား မလုပ်နိုင်ဘူး ဆိုရင်တောင် ပုံမှာ ပြထားတဲ့ လေ့ကျင့်ခန်း လေးတော့ ပုံမှန်လေး ပြုလုပ်သင့် ပါတယ်။
တစ်ခါ လုပ်ရင် ၇ နှစ်သာ ကြာတဲ့ ပုံတွင် ပြထားတဲ့ လေကျင့်ခန်းဟာ လူတိုင်း ပြုလုပ် နိုင်ပါဘူး။ ခြေလက်၊ ခါး၊ ကြော၊ ရင်ဘက်၊ ဦးခေါင်း၊ လည်ပင်း အစရှိသဖြင့် စုံစုံလင်လင် ပြုလုပ်ပေးနိုင်တဲ့ ယင်း လေ့ကျင့်ခန်းဟာ ထိုင်ခုံ တစ်လုံး ရှိရုံနဲ့ တစ်နေရာတည်းမှာ လွယ်တကူ ပြုလုပ် နိုင်ပါတယ်။
မနက်တိုင်း သို့မဟုတ်၊ ညနေ တိုင်း ပြုလုပ် သင့်ပြီး ရုံးမှာ အလုပ်လုပ် နေတုန်း အကြော ကိုက်ခဲလာရင် ယင်းထဲမှာ နည်းလမ်း တစ်မျိုးမျိုး နဲ့ ဖြေရှင်း နိုင်ပါတယ်။
.
Ref: dynkow
အောင်ခမ်း
အချိန်လွန် နောင်တ
ပညာသင်ယူခြင်းဆိုတာ မိမိဘ၀ကို မိမိကိုယ်တိုင် တည်ဆောက်ပုံဖော်နေခြင်းလို့ ကျောင်းသူ ကျောင်းသားတိုင်း လေးလေးနက်နက် နားလည်သဘောပေါက်ဖို့ လိုပါတယ်၊
ဒါကြောင့် ပညာသင်ယူဆဲ ကျောင်းသူ ကျောင်းသားတိုင်းဟာ လက်ရှိအချိန်ကို အလေးအနက်ထားပြီး ကိုယ့်ဘ၀ကို အကောင်းဆုံး တည်ဆောက်သင့်ပါတယ်၊ မိဘတို့ရဲ့ မျှော်လင့်ချက်ကို အဆုံးရှုံးမခံဘဲ အသိပညာရှင်၊ အတတ်ပညာရှင်တွေဖြစ်အောင် ရည်ရွယ်ချက် ရည်မှန်းချက် ခိုင်ခိုင်မာမာတည်ဆောက်ပြီး ကိုယ့်အနာဂတ် လှပအောင် ဖန်တီးကြပါလို့ တိုက်တွန်းချင်ပါတယ်။
ဦးဌေးအောင် ( ရုက္ခဗေဒ )
ကျား (၂) ကောင် နဲ့ အမျိုးသမီး
အေသင်အောင်
အမေရိကန်ပြည်ထောင်စု၊ ဖလော်ရီဒါပြည်နယ်ရှိ ဒါဗင်ပို့တ်မြို့မှာ နေထိုင်တဲ့ ဂျာနီစီဟာလီအမည်ရ အမျိုးသမီးတစ်ဦးဟာ သူ့ရဲ့နေအိမ်ခြံဝန်း အတွင်းမှာ ပေါင် (၆၀၀) ခန့်ရှိတဲ့ ကျားကြီးနှစ်ကောင်ကို မွေးမြူထားတယ်လို့ သိရပါတယ်။
                ဒီကျားနှစ်ကောင်ရဲ့အစွယ်တွေဟာ ခြောက်လက်မအထိ ရှိနေပေမယ့် ဂျာနီစီကတော့ မကြောက်မရွံ့ နေအိမ်ခြံဝန်း အတွင်းမှာ မွေးမြူထားလို့ အံ့အားသင့်စရာဖြစ်ခဲ့ရပါတယ်။ ဂျာနီစီဟာပြီးခဲ့တဲ့ နှစ်တွေတုန်းက ဒေသတွင်း သတင်းစာတွေမှာ ကျားတွေကို လေ့ကျင့်သင်ကြား ပေးမယ်ဆိုတဲ့ ကြော်ငြာတစ်ခု ထည့်သွင်းခဲ့ပါတယ်။ အဲဒီနောက် ကျားတစ်ကောင် ရောက်ရှိလာခဲ့ပါတယ်။ ၂၀၀၂ မှာတော့ ဂျာနီစီဟာ ဂျန်ဒါ အမည်ရ ကျားတစ်ကောင် ကို ၀ယ်ယူခဲ့ပါတယ်။ ဂျန်ဒါဟာ အခုဆိုရင် အသက် (၁၂)နှစ်ရှိ နေပြီဖြစ်ပါတယ်။ ဂျာနီစီ ပထမဆုံး မွေးမြူခဲ့တဲ့ ကျားကလေးဟာ၂၀၀၇ မှာ သေဆုံး သွားခဲ့ပါတယ်။ ဂျာနီစီက ကျွန်မဟာကျားတွေကို မွေးမြူရာမှာ အလွန်ကျွမ်းကျင်သူဖြစ်ပါတယ်။ ကျားတွေနဲ့ ရင်းနှီးစွာ နေထိုင်နိုင်စွမ်းလည်း ရှိပါတယ်။ ကျားတွေဟာ သူတို့ရဲ့ပါးစပ်တွေနဲ့ ကျွန်မကို နမ်းလေ့ရှိပါတယ်။ နောက်ပြီး ကြီးမားလှတဲ့  ခန္ဓာကိုယ်တွေနဲ့ ကျွန်မကိုဖမ်းယူလေ့ရှိပါတယ် လို့  ဖွင့်ဟ ပြောကြားသွားခဲ့ပါတယ်။
                ဂျာနီစီ နဲ့ ခင်ပွန်းဖြစ်သူ ဒေးဗစ်တို့ဟာ ကျားတွေကိုကောင်းစွာပြုစု စောင့်ရှောက်ထားပြီး  လုံလောက်တဲ့ အစာရေ စာကျွေးမှုတွေကိုလည်း   ပြုလုပ်ခဲ့ပါတယ်။ ဂျာနီစီကနေအိမ် ခြံဝန်းထဲမှာ ကျားတွေ မွေးထားခြင်းအပေါ် အချို့သူတွေက နှစ်သက်ကြခြင်းမရှိကြောင်း၊ သို့သော်လည်း ကျားတွေ ဟာ အန္တရာယ်ပေးတဲ့ သတ္တ၀ါတွေ မဟုတ်ကြောင်း၊ ကျားတွေနဲ့ ရင်းနှီးတဲ့ဆက်ဆံရေးရရှိစေဖို့ လှောင်အိမ်ထဲမှာ မမွေးဘဲ ခြံဝန်းထဲမှာ မွေးဖို့ ဆုံးဖြတ် ခဲ့ခြင်းဖြစ်ကြောင်း ပြောကြားသွားခဲ့ပါတယ်။
messenger
တပ်မတော်ကို စိန်ခေါ်ပြောဆို မှုများနှင့် ပတ်သက်၍ ဒေါ်အောင်ဆန်းစုကြည်အား ကော်မရှင်သတိပေး
ရန်ကုန်မြို့ ဗိုလ်စိန်မှန်အားကစားကွင်း အတွင်းပြုလုပ်သော အခြေခံဥပဒေပြင်ဆင်ရေး လူထုဟောပြောပွဲတွင် မိန့်ခွန်းပြောနေသည့် ဒေါ်အောင်ဆန်းစုကြည် (ဓာတ်ပုံ- နစ်ကီ)
ရန်ကုန်
အခြေခံ ဥပဒေ ပြင်ဆင်ရေးအတွက် လူထုဟောပြောပွဲများ ပြုလုပ်ရာတွင် ဒေါ်အောင်ဆန်းစုကြည် အနေဖြင့် တပ်မတော်ကို စိန်ခေါ်ပြောဆို မှုများသည် အခြေခံ ဥပဒေက ခွင့်ပြုထားသည့် အတိုင်းအတာကို ကျော်လွန်နေသည့် အတွက် သတိပြု ဆောင်ရွက်ရန်လိုကြောင်း ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က ဒေါ်အောင်ဆန်းစုကြည်အား သတိပေး အကြောင်းကြားစာ ပေးပို့လိုက်သည်။
လွှတ်တော်တွင်း တပ်မတော်သား ကိုယ်စားလှယ်များ ပါဝင်နေခြင်းသည်အခြေခံ ဥပဒေပါ ပြဋ္ဌာန်းချက်များအရ ပါဝင်နေရခြင်းဖြစ်ပြီး မေလ ၁၈ရက်တွင် မန္တလေးမြို့၌ ပြုလုပ်ခဲ့သည့် လူထုဟောပြောပွဲတွင် ဒေါ်အောင်ဆန်းစုကြည်က တပ်မတော်ကို စိန်ခေါ်သည့်အသုံးအနှုန်းများ သုံးနှုန်းပြောဆိုခြင်းသည် အခြေခံဥပဒေက ခွင့်ပြုထား သည့်ဘောင်ကို ကျော်လွန်ရာရောက်ကြောင်း မေလ ၂၂ရက် ရက်စွဲဖြင့် ပေးပို့သည့် သတိပေးအကြောင်းကြားစာတွင်ဖော်ပြထားခြင်းဖြစ်သည်။
Author: မင်းဟိန်းကျော်
7Day Daily
နည်းပညာ ရှုထောင့်အရ အမျိုးသမီး ၇ မျိုး - ဟာသ
၁။ Hard Disk လေဒီ
ဘယ်အရာ မဆို သေးသေး ကြီးကြီး အားလုံး စိတ်ထဲ တေးမှတ် ထားတတ်သူ
၂။ RAM လေဒီ
ပြောတုန်း ခဏသာ မှတ်မိပြီး နောင်တစ်ချိန်ကျ မေ့သွားတတ်သူ
၃။ Screen saver လေဒီ
ကြည့်ရှုရန် သက်သက်သာ
၎။ အင်တာနက် လေဒီ
အသုံးပြုရန်၊ ဝင်ရောက်ရန် ခက်ခဲလှသူ
၅။ Server လေဒီ
လိုအပ်ချိန်ကျ အမြဲ အလုပ်များ မအားပဲ ရှိတတ်သူ
၆။ Multimedia လေဒီ
အမြင်အားဖြင့် လှသည်။ သို့သော် မြင်ရန် ကြည့်ရန် သက်သက်သာ
၇။ ဗိုင်းရက်စ် လေဒီ
Wife ဟု ပြောစမှတ်ပြုပြီး System တစ်ခုလုံးကို ဝင်ရောက် မွေတတ် သောကြောင့် Format ချမှ စိတ်အေးရသည်။
Just for fun!
Ref: comfreak
အောင်ခမ်း (ရိုးရာလေး)