18 Aug 2014

ဘယ် Data Plan ကို ရွေးချယ်မလဲ


ယခုဖော်ပြမည့် အကြောင်းအရာသည် စမတ်ဖုန်းကို data plan ဖြင့် အသုံးပြုသည့်အခါ တစ်လလျှင် မိမိသုံးစွဲသည့် data ပမာဏ မည်မျှ ကုန်ကျမည်ကို ခန့်မှန်းသိရှိနိုင်စေရန် အထောက်အကူ ဖြစ်စေနိုင်မည်ဖြစ် သည်။ Data plan ပမာဏ မည်မျှ ကုန်ကျမည်ကို မတွက်ချက်ဘဲ data plan တစ်ခုကို မှားယွင်း ရွေးချယ်မိသည့်အခါ ငွေကြေး အလဟဿ ကုန်ကျမှုများ ဖြစ်ပေါ်နိုင်သည်။ ထို့ကြောင့် သုံးစွဲသည့် data ပမာဏနှင့် ကိုက်ညီမည့် data plan ကို ရွေးချယ်နိုင်စေရန် ဖော်ပြလိုက်ပါသည်။


Email
Email သည် စမတ်ဖုန်းများပေါ်တွင် အသုံးပြုမှုအများဆုံး feature တစ်ခုဖြစ်သည်။ သို့သော်လည်း ၎င်း၏ data သုံးစွဲမှုမှာ နည်းပါးသည်။ ဓာတ်ပုံ၊ ဗီဒီယိုနှင့် အခြား attachment များ မပါသည့် email မြောက်များစွာ ကို data သုံးစွဲမှု အနည်းငယ်ဖြင့် ပေးပို့နိုင်သည်။ ဥပမာ အနေဖြင့် တစ်လလျှင် email အစောင်ရေ ၅,၀၀၀ ပေးပို့သည့်အခါ data 100MB သာ ကုန်ကျမည်ဖြစ်သည်။ သို့သော်လည်း attachment ပါသည့် email နှင့် attachment မပါသည့် email တို့၏ data သုံးစွဲမှု ပမာဏ အလွန် ကွာခြားသည်။ တစ်လလျှင် ဓာတ်ပုံတစ်ပုံ ပါဝင်သည့် email အစောင်ရေ ၅,၀၀၀ ကို ပေးပို့သည့်အခါ data သုံးစွဲမှု 2GB ကျသင့်မည် ဖြစ်သည်။


Web browsing
Email ပေးပို့ခြင်း ကဲ့သို့ပင် အင်တာနက် အသုံးပြုခြင်းသည်လည်း စမတ်ဖုန်းတိုင်းတွင် လိုအပ်သည့် feature တစ်ခု ဖြစ်သည်။ သုံးစွဲသူ အနေဖြင့် လည်ပတ် ကြည့်ရှုသည့် ဝက်ဘ်စာမျက်နှာ (webpage) များအပေါ်မူတည်ပြီး data သုံးစွဲမှု ကွာခြားမည် ဖြစ်သည်။ ထို့အပြင် ဝက်ဘ်ဆိုက် (website) တစ်ခုနှင့် တစ်ခုက မတူညီသောကြောင့် multimedia feature အများအပြား ပါဝင်သော page များကို လည်ပတ် အသုံးပြုသည့်အခါ data ပိုမို ကုန်ကျမည် ဖြစ်သည်။ Multimedia feature အနည်းငယ်သာ ပါဝင်သည့် ဝက်ဘ်ဆိုက်များကို အသုံးပြုသည့်အခါ တစ်လလျှင် 100MB သာ ကုန်ကျနိုင်သည်။ Data-heavy ဆိုက်များကို အသုံးပြုသည့်အခါ 1GB အထိ ကုန်ကျနိုင်သည်။


Social Media
Twitter နှင့် Facebook ကဲ့သို့သော လူမှုရေး မီဒီယာများသည်လည်း data သုံးစွဲမှုမြင့်မားစေသည်။ အဆိုပါ လူမှုရေး ကွန်ရက်များပေါ်တွင် ဓာတ်ပုံ အများအပြားကို မတင်ဘဲ အသုံးပြုပါက တစ်လလျှင် data သုံးစွဲမှု 100MB သာရှိနိုင်သည်။ Facebook တွင် တစ်နေ့ကို ဓာတ်ပုံ ၁၀ ပုံတင်ပါက တစ်လလျှင် data သုံးစွဲမှု 400MB ခန့်ရှိနိုင်သည်။


Downloading Apps/Games/Songs
Download ပြုလုပ်ခြင်းသည်လည်း data သုံးစွဲမှု မြင့်မားစေသည့် အချက်ဖြစ်သည်။ သီချင်း တစ်ပုဒ်ကို နေ့စဉ် download ပြုလုပ်သူသည် data သုံးစွဲမှု တစ်လလျှင် 100MB အထိ ရှိနိုင်သည်။ App များကို download ပြုလုပ်ခြင်းနှင့် app များကို update ပြုလုပ်ခြင်းသည် data သုံးစွဲမှုနှုန်းကို များပြားစေသည်။ ထို့ကြောင့် app download ပြုလုပ်ခြင်းနှင့် update ပြုလုပ်ခြင်းတို့ကို Wi-Fi ပေါ်တွင်သာ ပြုလုပ်သင့်သည်။


Viber
Viber ဖြင့် ဖုန်းခေါ်ဆိုမှုသည် တစ်မိနစ်လျှင် 240KB ဝန်းကျင်သာရှိသည်။ တစ်နာရီ ခေါ်ဆိုရာတွင် 14MB ဝန်းကျင်သာရှိသည်။ Viber ဖြင့် message ပေးပို့ရာတွင် အင်္ဂလိပ် အက္ခရာစာလုံး ၅၀၀ လျှင် 828bytes ရှိသည်။ 1KB သည် meesage အတို ၅ စောင် ပေးပို့ခြင်းနှင့် ညီမျှသည်။ Viber app ကို background တွင် ဖွင့်ထားသည့်အခါ data သုံးစွဲမှု အနည်းငယ်သာရှိသည်။


Streaming Audio
သီချင်းများကို အင်တာနက်ပေါ်တွင် နားဆင်ခြင်းသည်လည်း data သုံးစွဲမှု ပမာဏကို မြင့်မားစေသည်။ ရုံးချိန်အတွင်း အင်တာနက်ပေါ်မှ သီချင်းနားထောင်ခြင်းကို နေ့စဉ်ပြုလုပ်ပါက တစ်လလျှင် data 6GB ကျော် အထိ ကုန်ကျနိုင်သည်။ တစ်နေ့ကို ပျှမ်းမျှ တစ်နာရီ နားထောင်ပါက တစ်လလျှင် 1GB နီးပါး ကျသင့်မည် ဖြစ်သည်။ ထို့ကြောင့် အွန်လိုင်းပေါ်မှ သီချင်းနားထောင်ခြင်းကို Wi-Fi ဖြင့်သာ ပြုလုပ်သင့်သည်။


Streaming Video
အင်တာနက်ပေါ်တွင် ဗီဒီယို ကြည့်ရှုခြင်းသည်လည်း data သုံးစွဲမှု မြင့်မားစေသည်။ Netflix တွင် မိနစ် ၃၀ စာ တီဗီအစီအစဉ်ကို နေ့စဉ် ကြည့်ရှုပါက တစ်လလျှင် data 2GB နီးပါး ကုန်ကျနိုင်သည်။ နေ့စဉ် ရုပ်ရှင် ဇာတ်ကား တစ်ကားစီ ကြည့်ရှုပါက တစ်လလျှင် 5GB အထိ ကုန်ကျနိုင်သည်။ ထို့ကြောင့် ပမာဏများပြားသည့် data plan ကို မဝယ်ယူထားပါက အွန်လိုင်းပေါ်မှ ဗီဒီယိုကြည့်ရှုခြင်းကိုလည်း အွန်လိုင်းပေါ်မှ သီချင်း နားထောင်ခြင်းကဲ့သို့ပင် Wi-Fi ဖြင့်သာ ပြုလုပ်သင့်သည်။
 
Ref: DigitalTrends

 http://internetjournal.com