27 Aug 2014

မလေးရှားနိုင်ငံတွင် မြန်မာအလုပ်သမားများ ကားမီးရှို့မှုကျူးလွန်ဟုဆို


ရန်ကုန် သြဂုတ် ၂၆
မလေးရှားနိုင်ငံ ဂျိုဟိုပြည်နယ်ရှိ မြို့ငယ်တစ်မြို့ဖြစ်သော Keleta Sawit တွင် ယနေ့နံနက်ပိုင်းက မြန်မာ အလုပ်သမား များသည် မော်တော် ကားတစ်စီးကို မီးရှို့မှုကျူးလွန်ခဲ့ပြီး ၄င်းတို့ အလုပ်လုပ်သော စက်ရုံတွင် ပဋိပက္ခများ ဖြစ်ပွားခဲ့ကြောင်း New Straits Times သတင်းစာက ဖော်ပြ သည်။


 မြန်မာ အလုပ်သမား များသည် ယနေ့ဒေသစံတော်ချိန် နံနက် ၁၁ နာရီ ၂ဝမိနစ်တွင် စီမံခန့်ခွဲမှုဆိုင်ရာ နားလည်မှုလွဲမှားခြင်းကြောင့် အလုပ် သမားအုပ်စုများကြားတွင်အဓိကရုဏ်းများစတင်ဖြစ်ပွားခဲ့သည်ဟု ကနဦး စုံစမ်းစစ်ဆေးမှုအစီရင်ခံစာများတွင်ဖော်ပြသည်။


ပဋိပက္ခ စတင်ဖြစ်ပွား ပြီး နောက် မြန်မာအလုပ်သမားများသည် စက်ရုံအတွင်း၌ရပ်ထားသော မော်တော်ကားတစ်စီးကိုမီးရှို့ခဲ့ခြင်းကြောင့် အဆိုပါ မော်တော်ကားမှာ ပျက်စီးသွားခဲ့ပြီး စက်ရုံရှေ့ပိုင်းရှိနေရာအချို့ကို မီးစွဲလောင်ခဲ့ခြင်းကြောင့် ဒေသခံမီးသတ်တပ်ဖွဲ့မှလာရောက်
မီးငြှိမ်းသတ်ခဲ့ရသည်ဟုသိရသည်။


 ဒေသခံမီးသတ်တပ်ဖွဲ့၏ သတင်းထုတ်ပြန်ချက်အရ ဒေသစံတော်ချိန် နံနက် ၁၁နာရီ ၃၈မိနစ်တွင် မီးငြိမ်းသွားခဲ့ပြီး စက်ရုံရှေ့ပိုင်းရှိနေရာ အချို့ ပျက်စီးသွားခဲ့သည်ဟုသိရသည်။ အခင်းဖြစ်စဉ်နှင့်ပတ်သက်၍ စုံစမ်းစစ်ဆေးမှုများ ဆက်လက်ပြုလုပ်လျက်ရှိသည်ဟုဖော်ပြသည်။

ပြည့်ဖြိုးနိုင်
The Union Daily