14 Nov 2014

ဘ၀မှာ ရောဂါကင်းကင်းနဲ့ အသက်ရှည်ရှည် နေထိုင်နိုင်ရေး အတွက် ဘဝနေနည်း (၁ဝ) ချက်



ဘဝမှာ ရောဂါကင်းကင်းနဲ့ သက်သောင့်သက်သာ အသက်ရှည်ရှည် နေထိုင်ဖို့ အတွက် လိုက်နာရမယ့် ဘဝနေနည်း (၁ဝ) မျိုးရှိပါတယ်။ အဲဒီ (၁ဝ) မျိုးကို လိုက်နာခဲ့မယ်ဆိုရင် အသက်ထက်ဆုံး ပျော်ရွှင်စွာ နေထိုင်နိုင်လိမ့်ပါမယ်။


(၁) နေ့စဉ် အားကစား နာရီဝက်လုပ်ပါ

နေ့စဉ် ရုံးအလုပ်၊ ဆိုင်အလုပ်တွေကြောင့် ပင်ပန်းငြီးငွေ့လို့ ရေချိုးတော့မယ် ဆိုရင် တစ်ခုတော့ သတိရလိုက်ပါ။ ခန္ဓာကိုယ်ကို ချွေးထွက်အောင် အပြေး၊ လမ်းလျှောက်၊ စက်ဘီးစီး လေ့ကျင့်ခန်း နာရီဝက်လောက် တစ်ခုခု ကစားပေးပါ။ အဲဒီအခါ ခန္ဓာကိုယ် ပေါ့ပါးလန်းဆန်း လာပါလိမ့်မယ်။ အဆီပိုတွေ လောင်ကျွမ်းပြီး ခန္ဓာကိုယ် အလေးချိန် ဆီအမ်အိုင် (၁၈ ဒသမ ၉-၂၄ ဒသမ ၉) ရှိနေဖို့ အားကစားကိုလုပ်သင့်ပါတယ်။


(၂) ဆေးလိပ်ဖြတ်ပါ

ဆေးလိပ်သောက်ခြင်းဖြင့် ခန္ဓာကိုယ် အတွင်းမှာ ကာဗွန်ဒိုင် အောက်ဆိုက်များပြီး နုံးခွေစေပါတယ်။ တစ်နေ့ကို ဆေးလိပ်အလိပ် ၂ဝ နဲ့ အထက် သောက်တဲ့သူတွေဟာ သွေးကြောများ ရုတ်တရက် ပိတ်ဆို့ခြင်း၊ နှလုံးကို ရုတ်တရက် အတိုက်ခံရခြင်း၊ ဦးနှောက် ရုတ်တရက် အတိုက်ခံရခြင်း၊ လေဖြတ်ခြင်း တို့ကို ဖြစ်နိုင်ပါတယ်။ အသက်ရှည်ရှည် နေချင်ရင်တော့ ဆေးလိပ်ကို ဖြတ်ကိုဖြတ်ရပါလိမ့်မယ်။


(၃) ကိုယ်အလေးချိန်လျှော့ပါ

ခန္ဓာကိုယ်ရဲ့ အလေးချိန်ဟာ ပုံမှန်ထက် ပိုနေရင် အသည်းအဆီ ဖုံးရောဂါ၊ အဝလွန်ရောဂါ၊ သွေးထဲမှာ ကိုလက်စထရောမြင့်တဲ့ ရောဂါ၊ သွေးထဲမှာ အငန်ဓာတ် များခြင်း၊ သွေးတိုးနဲ့ လေသင်တုန်း ဖြတ်ခြင်းတို့ ဖြစ်နိုင်ပါတယ်။ လူတိုင်းလက်ရှိ ခန္ဓာကိုယ် အလေးချိန် ဆီအမ်အိုင်(၁၈ ဒသမ ၉- ၂၄ ဒသမ ၉) အတွင်း ရှိရပါမယ်။


(၄) အငန်ဓာတ်လျှော့စားပါ

ခန္ဓာကိုယ်ထဲမှာ အငန်ဓာတ်များရင် သွေးတိုးရောဂါ ခံစားရတတ်ပါတယ်။ ဖြစ်နိုင်ရင် သွေးပေါင်ကို နေ့စဉ်ချိန်ပါ၊ သွေးအတွင်းမှာ ဆားဓာတ် များစေတဲ့ အခြေအနေက ရှောင်ကြဉ်ပါ။ တတ်နိုင်ရင် ဆားအပိုစားခြင်းကို ရှောင်သင့်ပါတယ်။


(၅) နည်းစနစ်မှန်တဲ့ အားကစားလုပ်ပါ

နည်းစနစ်မှန်ဖို့ ဘော်လီဘော၊ ဘောလုံး၊ ရေကူး စတဲ့ နည်းစနစ် များနဲ့ သေသေချာချာ သင်ကြားစေချင်ပါတယ်။ နည်းစနစ် မှန်ခဲ့ရင် ဒီထက်မက စွမ်းဆောင်နိုင်စွမ်း ရှိကြောင်း၊ မိမိရဲ့စံချိန်များ ရေးမှတ်ထားရင် အားကစားလည်း တိုးတက်ပြီး အားကစား တစ်ရပ်ရပ်မှာ ထူးချွန်ထက်မြက် လာနိုင်ပါတယ်။


(၆) အဆီလျှော့စားပါ

အဆီဆိုတဲ့နေရာမှာ တိရစ္ဆာန်အဆီ၊ ပြည့်ဝဆီ၊ နှစ်ခါပြန်ကြော် ဆီတွေကို မစားသင့်ပါဘူး။ မပြည့်ဝဆီ၊ နှမ်းဆီ၊ မြေပဲဆီ၊ နေကြာဆီတွေ ကို အသုံးပြုနိုင်သလို ဆီပြန်ဟင်းဆိုရင် အဆီမပါစေဘဲ အသားခပ်ယူပြီး စားသုံးနိုင်ပါတယ်။


(၇) စိတ်ဖိစီးမှုလျှော့ချပါ

စိတ်ဖိစီးမှု လျှော့ချပါဆိုရာမှာ တတ်နိုင်သလောက် စိတ်လှုပ်ရှားမှု၊ အိပ်မပျော်မှု၊ စိုးရိမ်ပူပန်မှုတွေ လျှော့ပစ်ဖို့လိုပါတယ်။ ဒီထက်ဆိုးလာရင် တတ်ကျွမ်းတဲ့ ဆရာဝန်နဲ့ ပြသပြီး စိတ်ဖိစီးမှု လျော့စေတဲ့ ကုသနည်းကို သုံးပါ၊ ဒါမှမဟုတ် ဘာသာရေး လိုက်စားပြီး ကျင့်စဉ်တို့ သမာပတ်၊ ဝိပဿနာ တို့ကို ကျင့်ကြံ ဆောင်ရွက်နိုင်ပါတယ်။


(၈) ပြည့်ဝဆီရှောင်ပါ

ပြည့်ဝဆီတွေဟာ ခန္ဓာကိုယ်ထဲ ရောက်တဲ့အခါ အဆီအဖြစ် ပြောင်းလဲပြီး ကိုလက်စထရော အနေနဲ့ စုဆောင်း နေမိတတ်ပါတယ်။ နှစ်ကြာလို့ အဆီပြင်အဖြစ် ပြောင်းလဲသွားရင် ဆေးနဲ့ပဲဖြစ်ဖြစ်၊ အားကစား လုပ်လို့ ပဲဖြစ်ဖြစ် အဆီ မကျတော့ပါဘူး။ ဒီအခါမှာ မလိုလားအပ်ဘဲ ခွဲစိတ်ဖယ်ရှားတာတွေ လုပ်ရတယ်။ ဒီအတွက် အဆီပြင် မဖြစ်ခင်ကတည်းက အဆီ (ပြည့်ဝဆီ)ကို ရှောင်သင့်ပါတယ်။


(၉) အရက်လျှော့ပါ

အရက်လျှော့ပါ ဆိုတာက လူတိုင်းအတွက် ပြောရရင် အရက်ဟာ ကိုလက်စထရောကို မြင့်စေပြီး သွေးထဲမှာ ကိုလက်စထရော များလာပြီးတော့ ရုတ်တရက် နှလုံးတိုက်ခိုက် ခံရခြင်း၊ ရုတ်တရက် ဦးနှောက်အတိုက် ခိုက်ခံရခြင်း၊ လေဖြတ်ခြင်း ဖြစ်တတ်ရုံသာ မက နှလုံးသွေးတိုး ရောဂါ တို့ကို ဖြစ်စေပါတယ်။ အတိုင်းထက် အလွန် အရက်စွဲ ရောဂါဖြစ်လာတဲ့ အခါမှာ စိတ်မူမမှန်ခြင်း၊ ဦးနှောက်အာရုံကြော ရောဂါဖြစ်ခြင်း စတဲ့ဆိုးကျိုး တွေကို ခံစားရမှာ ဖြစ်တယ်။


(၁ဝ) သင့်တင့်စွာ စားပါ

လူတိုင်း မိမိခန္ဓာကိုယ် အလေးချိန် ဆီအမ်အိုင် (၁၈ ဒသမ ၉- ၂၄ ဒသမ ၉) ထက် မပိုသင့်ပါဘူး။ ချက်ပြုတ်စရာ မလိုဘဲ အသင့် အမြန်စားသုံးဖို့ ပြုလုပ်ထားတဲ့ အစာမှာ အချို၊ အငန်၊ အဆီကဲ့သို့ ခန္ဓာကိုယ်တွင်းကို ဆားဓာတ်၊ အဆီဓာတ် ရောက်တတ်တဲ့ ရယ်ဒီမိတ် အစားအစာကို စားမယ်ဆိုရင် အဝလွန်ခြင်း ဖြစ်စေတဲ့အပြင် ရောဂါများ ရစေပါတယ်။


အထက်ပါ အချက်များကို လိုက်နာခြင်းဖြင့် အသက်ရှည်ပြီး အနာမဲ့စွာ နေထိုင်နိုင်မှာဖြစ်ပါတယ်။

ကိုးကား မြ၀တီ ကျန်းမာရေး

 

အမေရိကန်နိုင်ငံ ရဲ့ ၄၄ ယောက်မြောက် သမ္မတ အိုဘားမား စီးတဲ့ကား'The Beast'



ကျနော့်အမြင်ကတော့ ကားလို့မခေါ်ပဲ 'တင့်ကား' လို့ခေါ်ရင်ပိုပြီး ကောင်းမလားပဲ.. ဘာရယ်တော့မဟုတ်ပါဘူး.. စိတ်ဝင်စားတဲ့သူတွေအတွက် ဗဟုသုတ အနေ နဲ့ 'The Beast' အကြောင်း နည်းနည်းပြောကြည့်ရအောင်လားနော်...။


'The Beast' ရဲ့ အရှည်ဟာ 18 ft ရှိပါတယ်..။ အမြင့်ကတော့ 5ft 10 inch ရှိပြီး အင်ဂျင်ကတော့ 6.5 litre diesel engine ဖြစ်ပါတယ်..။ အမြန်ဆုံးမောင်းနှင်နိုင်တဲ့ မြန်နှုန်းကတော့ 60MPH and 0-6mph – 15secs ဖြစ်ပြီး ဆီစားနှုန်းအနေနဲ့ ၈ မိုင် ကို တစ်ဂါလံဖြစ်ပါသတဲ့..။ ထုတ်လုပ်ပေးတဲ့ ကုပ္မဏီကတော့ GM ဖြစ်ပါတယ်..။ သမ္မတ အပါအ၀င် ၇ ယောက်စီးနင်းလိုက်ပါ နိုင်ပါတယ်..။ ကားရဲ့တန်ဖိုးကိုတော့ £ 300,000 လို့ရေးထားပါတယ်..။ ကားကိုမောင်းနှင်တဲ့ ယာဉ်မောင်းကို အမေရိကန် စီအိုင်အေ ထောက်လှမ်းရေးအဖွဲ့က အထူး လေ့ကျင့်ပေးထားပါတယ်..။ ၅ လက်မ အထူရှိတဲ့ တိုက်တေနီယမ် ဘော်ဒီ နဲ့ ကျည်ကာမှန်တွေဟာ သေနတ် ပစ်ခတ်မှုကို ခံနိုင်ရည်ရှိတဲ့ အပြင် စီးနင်းလိုက်ပါလာသူတွေကို ရိုင်ဖယ်သေနတ်၊ ပစ္စတိုသေနတ် စတဲ့ စစ်သုံးအသေးစား လက်နက်မျိုးစုံ ပစ်ခတ်မှုကို ကာကွယ်ပေးနိုင်ပါတယ်..။ ဒါ့အပြင် ကားထဲက စီးနင်းသူများကို လက်ပစ်ဗုံးဆန်များ လောင်ချာများ ထိမှန်ခြင်းကနေလည်း ကာကွယ်ပေးနိုင်ပါတယ်..။


ကားတာယာများဟာလည်း ပေါက်နေသည့်တိုင် မောင်းလို့ရတဲ့ တာယာတွေဖြစ်တဲ့အတွက် တိုက်ခိုက်ခံရတဲ့ နေရာကနေ ကားကို အမြန်မောင်းထွက်နိုင်ပါသတဲ့...။ ကားတွင်းမှာ တပ်ဆင်ထားတဲ့ နောက်ဆုံးပေါ် ဆက်သွယ်ရေးအချက်အလက်တွေ ကွန်ပြူတာပိုင်းဆိုင်ရာ တွေအနေနဲ့တော့ အထူးပြောစရာမလိုလောက်အောင် ကို ပြည့်စုံပြီးဖြစ်မယ်ဆိုတာ အားလုံးသိပြီးဖြစ်မှာမို့ မပြောတော့ပါဘူး..။ အထူးကိရိယာ တွေထဲမှာ အရေးပေါ် လေသန့်ထုတ်ပေးတဲ့စနစ် ပါဝင်ပါတယ်..။ ဓာတုလက်နက် နဲ့ တိုက်ခိုက်ခြင်းခံရပါက ကားတွင်းမှာ အရေးပေါ် လေသန့်ထုတ်ပေးနိုင်တဲ့ စနစ်ပါဝင် ပါတယ်..။ အပြင်ကနေ မျက်ရည်ယိုဗုံး အဆိပ်ဓာတ်ငွေ့ စတာတွေကို ကားတွင်းမှာတပ်ဆင်ထားတဲ့ ဆင်ဆာက အာရုံခံမိတာနဲ့ ကားထဲရှိ လေအေးပေး စနစ်ဟာ ပြင်ပက လေ၀င်ရောက်မှုကို အလိုအလျောက် ပိတ်လိုက်မှာဖြစ်ပါတယ်..။ 
 
 
အရေးပေါ်အခြေအနေမှာ ကားတွင်းက ပုဂ္ဂိုလ်များ ကားနောက်ဘက် (အံဖုံးနောက်တံခါး)က ထွက်လိုပါက ကားတွင်းရှိ ခလုတ်တစ်ခုကို ဆွဲလိုက်တာနဲ့ ထွက်နိုင်အောင်လည်း စီမံထားပါတယ်..။ ကားရဲ့ ဆီတိုင်ကီဟာလည်း တစ်စုံတစ်ရာကြောင့် ပေါက်သွားပါက အလိုအလျောက် ပြန်ပိတ်နိုင်တဲ့အထိ စီမံထားပါတယ်..။ ကားနောက်မှာတပ်ထားတဲ့ ကင်မရာက ကားနောက်ပိုင်း အခြေအနေကို မျက်ခြည်မပြတ် စောင့်ကြည့်နေပါတယ်..။ ညပိုင်းမောင်းနှင်တဲ့ အခါ ထိခိုက်မှုနည်းပါးစေဖို့ ရှေ့မြင်ကွင်းကို 'အင်ဖရာရက်' ရောင်ခြည်သုံး မီးလုံးများနဲ့ ထိုးထားပါတယ်..။ ကားလေကာမှန်ဘေးမှာ တပ်ဆင်ထားတဲ့ 'အင်ဖရာရက် ကင်မရာ' က လမ်းပေါ်မှ ထင်လာတဲ့ ပုံရိပ်များကို ကားတွင်းရှိ ထိန်းချုပ်ဖန်သားပြင်ကို ပို့ပေးပါတယ်..။ ကားရဲ့ ဘရိတ်စနစ်ဟာ ရေဒါသုံး ဘရိတ်စနစ် နဲ့ ဖွဲ့စည်းထားပါတယ်..။ ရှေ့ကား နဲ့ နီးလာပြီဆိုရင် အလိုအလျောက် သတိပေးတယ်.. ကားချင်းတိုက်တော့မယ့် အခြေအနေရောက်ပြီဆိုရင် ဘရိတ်ကို ဘယ်လောက်အတိုင်းအတာ ထိ အုပ်ရမယ်ဆိုတာကို အလိုအလျောက်တွက်ချက် ထိန်းပေးနိုင်တဲ့အတွက် ကားမောင်းသူက လိုသလောက် ဘရိတ် မအုပ်မိ ခဲ့ရင်လည်း ဒီရေဒါသုံး ဘရိတ်စနစ်က လိုသလောက် အလိုလို ဘရိတ်အုပ်ပေးနိုင်တယ်လို့ ဆိုထားပါတယ်...။


မူရင်းရေးသားသူအား ခရက်ဒစ်ပေးပါတယ်။
 
 


သမ္မတဖြစ်ရေး နဲ့ သားသမီး အရေး ဆက်စပ်မှု အိုဘားမား ဝေဖန်


 
အမေရိကန်သမ္မတ Barak Obama က မြန်မာ့ ပြုပြင် ပြောင်းလဲရေး ရေချိန်ကို ၂၀၁၅ ရွေးကောက်ပွဲကို လွတ်လပ်မျှတစွာ ကျင်းပရေး၊ ဖွဲ့စည်းပုံ ပြင်ဆင်ရေး မှာလည်း ကန့်သတ်ချက်တွေ အစား အများပါဝင်နိုင်အောင် ဆောင်ရွက်ပေးရေး စတာတွေနဲ့ တိုင်းတာ စောင့်ကြည့်မှာဖြစ်တယ်လို့ သမ္မတ ဦးသိန်းစိန်နဲ့ တွေ့ဆုံစဉ် မှာ တိုက်တွန်းနိုင်ခဲ့တယ်လို့ပြောဆိုလိုက်ပါတယ်။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌဒေါ်အောင်ဆန်းစုကြည်ကတော့ လွှတ်တော်မှာ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်က လူနည်းစု အနေနဲ့ ဖြစ်ပေမဲ့လည်း PR အချိုးကျ ကိုယ်စားပြစံနစ်ကို ကန့်ကွက်တာ အထမြောက်ခဲ့ကြောင်း၊ ဒါ့ကြောင့် ဖွဲ့စည်းပုံပြင်ဆင်ရေး ကိုလည်း ပြည်သူ လူထုဆန္ဒနဲ့ အညီပြင်ဆင်ရေး ဇွဲမလျှော့ဘဲ ဥပဒေဘောင် အတွင်းက ဆက်လက် ကြိုးစားသွားမယ်လို့ ပြောဆို လိုက်ပါတယ်။ အပြည့်အစုံကို ရန်ကုန်ဗွီအိုအေရုံးခွဲ တာဝန်ခံ ဒေါ်ခင်စိုးဝင်း ကပြောပြပေးမှာပါ။


မြန်မာနိုင်ငံကို ရောက်ရှိနေတဲ့ အမေရိကန်သမ္မတ ဘားရက်အိုဘားမားက ဒီကနေ့ ရန်ကုန်မြို့ကို ရောက်ရှိချိန်မှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် ကို သူ့ရဲ့နေအိမ်မှာ တစ်နာရီကြာ သွားရောက် တွေ့ဆုံပြီးတော့ ပူးတွဲ သတင်းစာရှင်းလင်းပွဲ ပြုလုပ်ခဲ့ပါတယ်။


"သမ္မတဦးသိန်းစိန်နဲ့ တွေ့တုံးက ပြုပြင်ပြောင်းလဲရေး ဘယ်လောက်အထိ အပြည့်အ၀ အကောင်အထည်ဖေါ်ပြီးပြီလဲဆိုတာကို ကျနော်တို့ ဘယ်အချက်တွေနဲ့ ဘယ်လို တိုင်းတာမလဲ ဆိုတာကို အတိအကျ ပြောဖြစ်ခဲ့ပါတယ်။ နံပါတ်တစ် အချက် ကတော့ ရွေးကောက်ပွဲကို သတ်မှတ်ရက်အတိုင်း ကျင်းပပေးဖို့ ၊ နောက် ကျနှောင့်နှေး တာကို ကျနော်တို့ မတွေ့ချင်ပါဘူး။ လွတ်လပ်ပြီး တရား မျှတတဲ့၊ ပွင့်လင်းမြင်သာတဲ့ ရွေးကောက်ပွဲကနေတဆင့် ပြည်သူတွေရဲ့ ဆန္ဒကိုကြားသိရဖို့ အချိန်တန်နေလို့ဘဲဖြစ်ပါတယ်။"


မြန်မာ့ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်မှာ နိုင်ငံရေးအကျဉ်းသားတွေကို လွှတ်ပေးခဲ့တာ၊ စစ်တပ်က ကလေးစစ်သားတွေ လွှတ်ပေးနေတာ၊ သတင်းစာလွတ်လပ်စွာ ထုတ်ဝေခွင့်ပေးနေတာ စတဲ့ တိုးတက်မှုတွေကို တွေ့နေရပေမဲ့ နောက်ထပ် ဆောင်ရွက်စရာတွေ အများကြီး ကျန်နေသေးတဲ့ အကြောင်းနဲ့ ဖွဲ့စည်းပုံပြင်ဆင်ရေး လိုအပ်ချက် တွေနဲ့ ပတ်သက်လို့လည်း သမ္မတ အိုဘားမားက အခုလို ထောက်ပြလိုက်ပါတယ်။


"ဖွဲ့စည်းပုံပြင်ဆင်ရေး ဟာလည်း ဟိုလူမပါရဘူး၊ ဒီလူမပါရဘူး ဆိုတာထက် အားလုံး ပါဝင်နိုင်ရေးကို ထင်ဟပ်ဖို့လိုတယ်လို့လည်း သမ္မတ ဦးသိန်းစိန်ကို ကျနော်ပြောပြခဲ့ ပါတယ်။ မြန်မာ့ဖွဲ့စည်းပုံ အခြေခံဥပဒေမှာ ပါတဲ့အချက်တချို့ဟာ သိပ်အဓိပ္ပါယ်မရှိဘူး လို့ ယူဆပါတယ်။ ဒါပေမဲ့ နောက်ဆုံးမှာ ဘယ်လိုပြင်ဆင်မယ် ဆိုတာ ကတော့ မြန်မာပြည်သူလူထုပေါ်မှာဘဲ မူတည်ပါတယ်။ ဥပမာ ကျနော်နားမလည်တဲ့ ဖွဲ့စည်းပုံမှာ ပါတဲ့ အချက်တခုက သားသမီးတွေက ဘယ်သူတွေလဲ၊ အဲဒီသားသမီးတွေကြောင့် သမ္မတအဖြစ် အရွေးခံခွင့်မရှိဘူး ဆိုတာကတော့ ကျနော့်အတွက် သိပ်အဓိပ္ပါယ်မရှိလှပါဘူး။"


ဒေါ်အောင်ဆန်းစုကြည်ကတော့ ဖွဲ့စည်းပုံ ပြင်ဆင်ရေး ပြည်သူ့ဆန္ဒနဲ့အညီ ဆက်လက်ကြိုးစားနေတယ်နေတယ်ဆိုတဲ့အကြောင်း အခုလိုပြောဆိုသွားပါတယ်။


"ကျမတို့ဟာ ဖွဲ့စည်းပုံပြင်ဆင်ရေးနဲ့ ပတ်သက်ပြီး လွှတ်တော်မှာ နေ့ဝက်လောက်ဘဲ အပြန်အလှန် ဆွေးနွေးခဲ့ရသေးတာပါ။ တချို့လည်းကြားပြီးဖြစ်မှာပါ။ PR လို့ခေါ်တဲ့ အချိုးကျ ကိုယ်စားပြုစံနစ်ကို ကျင့်သုံးဖို့ မဖြစ်နိုင်တော့ပါဘူး။ ဒီကိစ္စ စပြီးဆွေးနွေးကြတုံး က ပြောကြပါတယ်။ NLD ဟာ လွှတ်တော်မှာ လူနည်းစုဖြစ် တာကြောင့် ကန့်ကွက်လို့ရမှာ မဟုတ်ဘူးလို့ ထင်ခဲ့ကြတာပါ။ နိုင်ငံရဲ့ အနာဂတ် အတွက် ကျမတို့ မားမားမတ်မတ်ရပ်ပြီး ဆောင်ရွက်တာဖြစ်ပါတယ်။ အနိုင်ယူလိုတဲ့ စိတ်နဲ့ မဟုတ်ပါဘူး။ အခုလည်း ပြည်သူတွေရဲ့ ဆန္ဒနဲ့ အညီ ဖွဲ့စည်းပုံ အခြေခံဥပဒေပါ ပြင်ဆင်သင့်တဲ့အချက်တွေကို ပြင်ဆင်ဖို့ ဆက်ပြီး ကြိုးစားသွားမှာဖြစ်ပါတယ်။"


မြန်မာနိုင်ငံမှာ သတင်းသမားတွေ အဖမ်းခံနေရတာ၊ အသတ်ခံနေရတာတွေနဲ့ ပတ်သက်ပြီးတော့ သမ္မတဦးသိန်းစိန်နဲ့ တွေ့ဆုံစဉ်မှာ တဦးချင်း တယောက်ချင်း အကြောင်းကို မပြောဖြစ်ခဲ့ပေမဲ့လို့ သတင်းလွတ်လပ်ခွင့် အခြေခံမူတွေနဲ့ပတ်သက်လို့ ဆွေးနွေးနိုင်ခဲ့တယ်လို့ သမ္မတ အိုဘားမားက ဆိုပါတယ်။


"သတင်းလွတ်လပ်ခွင့်ဆိုတာ ဒီမိုကရေစီရဲ့ အုတ်မြစ်ဖြစ်တယ်ဆိုတဲ့ အခြေခံမူကိုတော့ ပြောပြဖြစ်ပါတယ်။ အစိုးရရဲ့ လုပ်ဆောင်ချက်တွေကို လူထုကို ရှင်းလင်းတင်ပြဖို့ သတင်းထောက်ကို အားထားရတာဖြစ်ပါတယ်။ အစိုးရက သတင်းထောက်တွေကို ထိန်းချုပ်နေမယ်ဆိုရင်တော့ အစိုးရရဲ့ တာဝန်ခံမှု၊ တာဝန်ယူမှုတွေကို သိရှိနိုင်ဖို့ လူထုအတွက်ခက်ခဲမှာဖြစ်ပါတယ်။ သတင်းသမားတွေဟာ လိုအပ်တဲ့ ပေါင်းကူးဖြစ်ပါတယ်။ ဒါတွေအတွက် အသွင်ကူးပြောင်းရေးလုပ်နေကြတဲ့ ကာလလို့ယူဆပါတယ်။ အရင်တခေါက်လာတုံးကထက် ပိုပြီး တက်ကြွစွာဆွေးနွေးနေကြပုံရပါတယ်။


ဒါပေမဲ့ ဒီလောက်နဲ့ဘဲ ကျေနပ်နှစ်သိမ့်နေလို့မရပါဘူး။ သတင်းသမားတွေ ထောင်ကျနေ တယ်၊ အဖမ်းခံရတယ်၊ အသတ်ခံရ တယ်၊ နှောက်ယှက်ခံနေရတယ်၊ ပြစ်ဒဏ်ပေးခံရတယ် စသဖြင့်ကြားနေရရင်တော့ အဲဒီ အစိုးရဟာ ဒုက္ခရောက်နေလို့ပါဘဲ။ ဒီအစိုးရနဲ့ဘဲဖြစ်ဖြစ် ဘယ်အစိုးရနဲ့ ဘဲဖြစ်ဖြစ် သတင်းသမားတွေ ဒုက္ခရောက်နေတယ်ကြားရင် ကျနော်တို့က ထောက်ပြပြောဆိုမှာဘဲဖြစ်ပါတယ်။"


နေပြည်တော်ကနေ ရန်ကုန်မြို့ကို ရောက်ရှိလာတဲ့ သမ္မတ အိုဘားမားဟာ ခရီးရောက်မဆိုက်ဆိုသလိုပဲ ရန်ကုန်မြို့လည်က အတွင်းဝန်များ ရုံးဟောင်းကို သွားရောက်လေ့လာခဲ့ပါတယ်။ အဲ့ဒီ့ကနေ ဆူးလေဘုရားတဝိုက်မှာ ရှိတဲ့ ခရစ်ယာန် ဘုရားရှိခိုးကျောင်းနဲ့ ဗလီကျောင်းတွေကို ကားနဲ့ လှည့်ပတ်လေ့ လာပြီးမှ ဒေါ်အောင်ဆန်းစုကြည် အိမ်ကို ရောက်ရှိလာခဲ့တာဖြစ်ပါတယ်။


ဒေါ်ခင်စိုးဝင်း / ဗွီအိုအေ (မြန်မာပိုင်း)
 

ဘန်ကီမွန်းရဲ့ ရိုဟင်ဂျာ အသုံးအနှုန်း ပြည်ထောင်စုလွှတ်တော် ကန့်ကွက်


 
ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ် မစ္စတာ ဘန်ကီမွန်းက ပြီးခဲ့တဲ့ နိုဝင်ဘာလ ၁၂ ရက်နေ့မှာ ပြုလုပ်တဲ့ သတင်းစာ ရှင်းလင်းပွဲမှာ ရခိုင်ပြည်နယ်မှာ ရှိတဲ့ မွတ်စလင်တွေကို "ရိုဟင်ဂျာ"လို့ ခေါ်ဝေါ်သုံးစွဲခဲ့တာကို ကန့်ကွက်ကြောင်း ပြည်ထောင်စု လွှတ်တော်က ဒီကနေ့ ကြေညာခဲ့ပါတယ်။


မစ္စတာ ဘန်ကီမွန်းက မြန်မာနိုင်ငံမှာ အသိအမှတ်မပြုထားတဲ့ ရိုဟင်ဂျာလူမျိုးလို့ သုံးစွဲခဲ့တဲ့အပေါ် ကန့်ကွက်ကြောင်းနဲ့ မစ္စတာ ဘန်ကီမွန်းအနေနဲ့ မြန်မာနိုင်ငံရဲ့ အချုပ်အခြာအာဏာကို လေးစားဖို့ တိုက်တွန်းကြောင်း သင်္ဃန်းကျွန်းမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးသိန်းညွန့်က ပြည်ထောင်စုလွှတ်တော်မှာ အခုလို အဆိုတင်သွင်းခဲ့တာဖြစ်ပါတယ်။


"ကုလသမဂ္ဂ အထွေအထွေ အတွင်းရေးမှူးချုပ် မစ္စတာ ဘန်ကီမွန်းက ရိုဟင်ဂျာဆိုတဲ့ အသုံးအနှုန်းကို သုံးလိုက်ခြင်းဟာ ကျနော်တို့ နိုင်ငံတော်သမ္မတနဲ့ ကျနော်တို့ လူဦးရေ ၅၁ သန်းပေါ်မှာ ထိပါးရာရောက်ပါတယ်၊ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်ရဲ့ အချုပ်အခြာအာဏာကို ထိပါးခြင်းဖြစ်တဲ့ ကုလသမဂ္ဂ အထွေအထွေ အတွင်းရေးမှူးချုပ် မစ္စတာ ဘန်ကီမွန်းရဲ့ ရိုဟင်ဂျာ အသုံးအနှုန်းအား ပြည်ထာင်စုလွှတ်တော်မှ ကန့်ကွက်ကြောင်းနှင့် မြန်မာနိုင်ငံရဲ့ အချုပ်အခြာအာဏာကို လေးစားဖို့ ပြည်ထောင်စုလွှတ်တော်ကနေ ကုလသမဂ္ဂ အထွေအထွေ အတွင်းရေးမှူးချုပ် မစ္စတာ ဘန်ကီမွန်းအား တိုက်တွန်းကြောင်းအဆိုကို မြန်မာနိုင်ငံရဲ့ အချုပ်အခြာအာဏာကို ကာကွယ်ရပ်တည်ချက်ဖြင့် ကျနော် ပြည်ထောင်စု လွှတ်တော်ကြီးအား လေးလေးစားစား အရေးတကြီးအဆိုဖြင့် တင်သွင်းရခြင်းဖြစ်ပါတယ်"


ရသေ့တောင်မြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်ခင်စောဝေကလည်း ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ် မစ္စတာ ဘန်ကီမွန်းအနေနဲ့ ရိုဟင်ဂျာလို့ တရားဝင်သုံးစွဲခဲ့တဲ့အတွက် ရခိုင်ပြည်နယ်ရဲ့ တည်ငြိမ်မှုကို ထိခိုက်နိုင်ကြောင်း ထောက်ခံဆွေးနွေးခဲ့ပါတယ်။


အဲဒီအဆိုကို ကန့်ကွက်သူမရှိတဲ့အတွက် ပြည်ထောင်စုလွှတ်တော်က အတည်ပြုလိုက်ပါတယ်။


နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယ၀န်ကြီး ဦးသန့်ကျော်ကလည်း ရိုဟင်ဂျာလို့ ဘန်ကီမွန်းက ခေါ်ဝေါ်သုံးစွဲခဲ့တာကို လက်မခံကြောင်းနဲ့ ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးမောင်မောင်အုန်းကလည်း မစ္စတာ ဘန်ကီမွန်းထံ ကန့်ကွက်ကြောင်း မနေ့က စာပေးပို့ခဲ့ပါတယ်။


ရခိုင်အမျိုးသားပါတီနဲ့ အမျိုးသား ဒီမိုကရေစီအင်အားစုပါတီ တို့ကလည်း မစ္စတာဘန်ကီမွန်းရဲ့ ရိုဟင်ဂျာလို့ သုံးနှုန်းမှုအပေါ် ကန့်ကွက်ကြောင်း ကြေညာချက်တွေ ထုတ်ခဲ့ပါတယ်။


RFA Burmese